မဟောသဓဇာတ်တော်ကြီး/ကျမ်းပြီးနိဂုံး

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
ကျမ်းပြီးနိဂုံး

“ရဋ္ဌေ သူနာပရန္တမှိ၊ စကုဘိဓာနနဂရေ။

သိရိပရိသပုဏ္ဏတ္တာ၊ မင်းပူးတိလဒ္ဓဝှါယကော။”

“အထဝါ စ နမန္တဂ္ဂ၊ ဝိလာသဋ္ဌာန ဘာဝတော။

ပုရတ္ထိမေ စ ဧရာဝတီ၊ လောဏဝတီ စ ဒက္ခိဏေ။

ပစ္ဆိမေ ပဉ္စိသိပဗ္ဘာ၊ နမန္တာပိ စ ဥတ္တရေ။”

“ဝါရိတော တေဟိယော တသ္မိံ၊ ထူပါရာမာဒိသောဘိတေ။

လေသာဘိဓေယျလဉ္ဆမှိ၊ လီနတ္ထမေသိဌာနတော။”

“သောတာလယပဝါရမှိ၊ ကပ္ပရုက္ခုပမာလယေ။

တိဘူမကေ မနောရမ္မေ၊ ကူဋာဂါရာဒိမဏ္ဍိတေ။”

“ဝသန္တော ဂန္ထကာရော စ၊ သိဿာနံ ပီတိဝဍ္ဎနော။

ပိဋကေသု နိရာသင်္ကော၊ သာသနေသု ဝိရာလယော။”

“ဝိသုဒ္ဓေါ သုဒ္ဓသိဿေဟိ၊ သောဘန္တော စန္ဒိမာ ယထာ။

ပါသာဒိကော စ နိပုဏော၊ သဗ္ဗရဋ္ဌေ သုပါကဋော။”

“တဿာစရိယသေဋ္ဌဿ၊ သိဿေနိဒံ မယာ ကတံ။

သုတေသီနံ ဟိတတ္ထာယ၊ ဥပနိဓာဝှယာစိတော။”

“ပုဗ္ဗာပရသုဝီသဒံ၊ သောတာလင်္ကာရဝူပမံ။

ဖုလ္လရိဇေ သသာသိသေ၊ ပိယဝါစေ ယုဝါနကေ။”

“အမရပုရိန္ဒဘူပါလ၊ ရာဇကာလေဝ သမ္ပတ္တေ။

ကာဠပက္ခေ စ ကတ္တိကေ၊ ပုဏ္ဏေ ဒွိကေပိ သုက္ကာဟေ။”

“စန္ဒိမေ ပြိဿရာသိမှိ၊ ကတ္တိကာယ နိယုတ္တေ စ။

မိန္နေလဂ္ဂန သမ္ပတ္တေ၊ နိဋ္ဌင်္ဂတံဝ သမ္ပုဏ္ဏံ။”

“ဝါကျာနုသန္ဓိမယုတ္တံ၊ မိနေတွေတ္ထ မနုဿုယာ။

ဝဏ္ဏိတာ သုတသမ္ပန္နာ၊ သဇ္ဇနာ သဇ္ဇန္တု ပဏ္ဍိတာ။”

“တေန ပုညေန သံသာရေ၊ ဘဝါမဟံ တိဟေတုကော။

ဂဏ္ဌိပဉှေသု ပညာတော၊ ကုဟကေသွာဘိဘူ သမ္မာ။”

“သဗ္ဗကိစ္စေသု သံမိတ္တော၊ ကူဋမန္တေသု ပါကဋော။

ဘီသနုပဒ္ဒဝါပန္နေ၊ ဉာဏဗ္ဗလေန နိဗ္ဗုဒေါ။”

“ဒုလ္လဘေ သွစ္ဆိတေ ဌိတေ၊ ဓမ္မေန သုခဂါဟကော။

ပိယာယိကော ပစ္စာမိတ္တေ၊ မမ ဝါစာယ ဓမ္မတော။”

“ဉာဏဗ္ဗလံ ပရေသမ္ပိ၊ မမ ဉာဏာနုယာယိကော။

သာမိကဿ ယထာ ဒါသော၊ သဗ္ဗေသမ္ပိ သုခါဝဟော။”

“ဉာတိမိတ္တေသွဝိရောဓော၊ သဗ္ဗဋ္ဌာနေ ဝိသာရဒေါ။

ကတဝေဒီ ပဋိက္ကာရော၊ အဘေဇ္ဇ ဝုဒ္ဓိ ဘောဂဝါ။”

“ကလျာဏမိတ္တသမာနေဟိ၊ သမာဂမော အနာကုလော။

ဉာဏံ ဝဍ္ဎေတွာ ဝရံ လဘေ၊ ပစ္ဆိမေ မဟောသဓော ယထာ။”

(ပတ္ထနာ ဂါထာပေါင်း ၁၇-ဖြင့် ကမ္ပည်းချုပ်လိုက်သည်။)

သူနာပရန္တမှိ ရဋ္ဌေ၊ သူနာပရန္တတိုင်းဖြစ်သော။ စကုဘိဓာန နဂရေ၊ စကုမြို့၏ နယ်အတွင်း၌။ ပုရတ္ထိမေ၊ အရှေ့မျက်နှာ၌။ ဧရာဝတီ စ၊ ဧရာဝတီ အမည်ရှိသောမြစ်သည်လည်းကောင်း။ ဒက္ခိဏေ၊ တောင်မျက်နှာ၌။ လောဏဝတီ စ၊ ဆားပွတ်တောင်သို့ညွတ်၍ စီးရာဖြစ်သော ချောင်းမကြီးသည်လည်းကောင်း။ ပစ္ဆိမေ၊ အနောက်မျက်နှာ၌။ ပဉ္စိသိပဗ္ဘာ စ၊ ဘုရားမပွင့်မီက ဈာနလာဘီရှင်ရသေ့ ၅-ဦးတို့ နေရာဖြစ်သော တောင်လျဉ်တောင်ဝှမ်းတို့သည်လည်းကောင်း။ ဥတ္တရေ၊ မြောက်မျက်နှာ၌။ နမန္တာ စ၊ မန်းမြစ်သည်လည်းကောင်း။ တေဟိ၊ ထိုမြစ်ငယ်, မြစ်ကြီး, ချောင်းကြီး, တောင်လျဉ်တို့ဖြင့်။ ဝါရိတော၊ ၄-ရပ်မျက်နှာ ဆီးကာဝန်းလည်၍ တည်ထသော။ သိရိပရိသပုဏ္ဏတ္တာ စ၊ ကောင်းမြတ်သော ကျက်သရေအိမ်ခြေပရိသတ်တို့နှင့် ပြည်စုံသည်၏ အဖြစ်ကြောင့်လည်းကောင်း။

အထဝါ၊ တစ်နည်းသော်ကား။ နမန္တဂ္ဂဝိလာသဌာနဘာဝတော စ၊ မြစ်မသို့ပေါင်းဆုံရာ မန်းမြစ်၏ အညွန့်အဖူး၌ တင့်တယ်စွာတည်ထောင်အပ်သော အရပ်ဖြစ်သောကြောင့်လည်းကောင်း။ မင်းပူးတိလဒ္ဓဝှါယကော၊ မင်းပူးဟု ရအပ်သောအမည် ရှိထသော။ ယော ဂါမော၊ အကြင်ရွာသည်။ အတ္ထိ၊ ရှိ၏။ တသ္မိံ ဂါမေ၊ ထိုမင်းပူးရွာ၌။ ထူပါရာမာဒိသောဘိတေ၊ ရွှေစေတီ,ဆုတောင်းပြည့် ရွှေတန်းဆာ အစရှိသော စေတီလိုဏ်နန်းတို့၏တည်ရာ စေတီယတောင်စသည့်တို့ဖြင့် တင့်တယ်ထသော။ မနောရမ္မေ၊ နှလုံးမွေ့လျော်ဖွယ်လည်းရှိထသော။ တိဘူမကေ၊ ဘုံ ၃-ဆင့်လည်း ရှိထသော။ ကုဋာဂါရာဒိမဏ္ဍိတေ၊ မုခ် မှန်ကင်း အမွှန်းတန်ဆာ စသည်တို့ဖြင့် ဆင်အပ်ထသော။

သောတာလယပဝါရမှိ၊ စာသင်သားတို့၏ဆန္ဒကို ဖိတ်မန်ရာလည်း ဖြစ်ထသော။ ဝါ၊ စာသင်ကျောင်းတို့၏ ခြံရံဝန်းအပ်ထသော။ လီနတ္ထံ၊ ပါဠိအဋ္ဌကထာ, ဋီကာတို့၌ ကွယ်ဝှက်ခက်ခဲသောအနက်ကို။ ဧသိဌာနတော၊ စာသင်သားတို့၏ ရှာမှီးရာဖြစ်သောကြောင့်။ လေသာဘိဓေယျလဉ္ဆမှိ၊ လေသာဟူ၍ဟောအပ်သော အမည်တံဆိပ်လည်း ရှိထသော။ ကပ္ပရုက္ခုပမာလယေ၊ သဒ္ဓါ,သီလ, သုတ အစရှိသော သူတောင်ကောင်းဥစ္စာ ရတနာမြတ် ၇-ရပ်ကို ပရိသတ်တို့ဆွတ်ယူရာ ပဒေသာပင်သဖွယ်ဖြစ်သော ကျောင်းမြတ်၌။

ဝသန္တော၊ နေတော်မူထသော။ ဂန္ထကာရော၊ ကျမ်းပို့,ကျမ်းပြုဆရာလည်း ဖြစ်ထသော။ သိဿာနံ၊ တပည့်အပေါင်းတို့၏။ ပီတိဝဍ္ဎနော၊ နှစ်သက်ခြင်းကိုလည်း ပွားစေတတ်ထသော။ ပိဋကေသု၊ ပိဋကတ်တို့၌။ နိရာသင်္ကော၊ ရွံ့ရှားခြင်းလည်း ကင်းတော်မူထသော။ သာသနေသု၊ ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ သာသနာတော်တို့၌။ ဝိရာလယော၊ အားထုတ်တော်မူလေ့ရှိထသော။

ဝိသုဒ္ဓေါ၊ စတုပါရိသုဒ္ဓိသီလ , အာစာရ, ဂေါစရ စသည်တို့၌ အညစ်အကြေးမတင် ဖြူစင်တော်မူလျက်။ တာရကဂဏေဟိ၊ ကြယ်အပေါင်းတို့ဖြင့်။ သောဘန္တော၊ တင့်တယ်သော။ စန္ဒိမာ ယထာ၊ လပြည့်ဝန်းကဲ့သို့။ သုဒ္ဓသိဿေဟိ၊ စင်ကြယ်စွာကုန်သော တပည့်အပေါင်းတို့ဖြင့်။ သောဘန္တော၊ တင့်တယ်တော်မူသည်ဖြစ်၍။ သဗ္ဗရဋ္ဌေ၊ အလုံးစုံသော မြန်မာတိုင်းနိုင်ငံ၌။ သုပါကဋော၊ ကောင်းစွာထင်ရှားထသော။ ပါသာဒိကော၊ ကိုယ်အင်္ဂါဖြင့်လည်း ကြည်ညိုဖွယ် ရှိထသော။ နိပုဏော၊ သိမ်မွေ့နူးညံ့သော နှလုံးတော်လည်း ရှိထသော။ ယော အာစရိယသေဋ္ဌော၊ အကြင်ဆရာမြတ်သည်။ အတ္ထိ၊ ရှိ၏။

တဿ အာစရိယသေဋ္ဌဿ၊ ထိုကျေးဇူးတော်ရှင်ဘုရား၏။ သိဿေန၊ လက်ရင်းငယ်တပည့်လည်းဖြစ်ထသော။ ယုဝါနကေ-ယုဝေန၊ ပထမအစု ပျိုနုသောအရွယ်လည်း ဖြစ်ထသော။ ပိယဝါစေ-ပိယဝါကျေန၊ ချစ်ဖွယ်သောစကားကိုလည်း ဆိုတတ်ထသော။ သသာသိသေ-သဒ္ဓမ္မအာသိသေန၊ သူတော်ကောင်းတရားကိုလည်း တောင့်တလေ့ရှိထသော။ ဖုလ္လရိဇေ ဝိကသိတဝါရိဇေန၊ အခါသင့်၍ပွင့်သော ကုမုဒြာကြာကဲ့သို့ ဆရာမြတ်မှရအပ်သော နည်းဥပဒေသဖြင့် ပွင့်လန်းသောပညာလည်း ရှိထသော။

မယာ၊ “သြဘာသ”အမည်ရှိသော ငါသည်။ သုတေသီနံ၊ သုတပညာကို ရှာကုန်သောသူတို့၏။ ဟိတတ္ထာယ၊ အစီးအပွားအလို့ငှာ။ ပုဗ္ဗာပရသုဝိသဒံ၊ ရှေ့နောက်စကား အထားအနေ သေခွေကျစ်လစ် ပြေပြစ်သန့်ရှင်းထသော။ သောတာလင်္ကာရဝူပမံ၊ သုတကို ရှာကုန်သောသူတို့၏ ဆင်သောတန်ဆာသဖွယ်လည်း ဖြစ်ထသော။ ဣဒံ ဇာတကဝတ္ထု၊ ဤမဟောသဓပဏ္ဍိတ ဇာတ်ဝတ္ထုကို။ ဥပါနိဓာဝှယာစိတော၊ “မောင်ထောက်” အမည်ရှိသောသူသည် ရိုသေစွာ တောင်းပန်အပ်သည်ဖြစ်၍။ မြန်မာဘာသာယ၊ မြန်မာဘာသာ သိသာမှတ်လွယ် အဓိပ္ပာယ်ထုတ်ဖွေ စကားပြေဖြင့်။ ကတံ၊ စီကုံးအပ်ပြီ။

တံဇာတကတ္ထု၊ ထိုမဟောသဓာသုခမိန် ဇာတ်ဝတ္ထုသည်။ အမရပူရိန္ဒဘူပါလရာဇကာလေ၊ အမရပူရအမည်ရှိသော ရာဇဌာနီ မင်းနေပြည်ကြီးကိုတည်ထောင်၍ ထီးနန်းကိုစိုးစံတော်မူဦးဖြစ်သော ရေမြေ့သခင် မဟာဓမ္မရာဇ် မင်းလက်ထက်၌။ သသာသိသေ၊ သာသနာတော်သည်။ ဖုလ္လရိဇေ၊ ၂၃၂၈-ခုနှစ်သို့။ ယုဝါနကေ၊ လူတို့၏အသက်ကို ရေတွက်ကြောင်းဖြစ်သော ကောဇာသက္ကရာဇ်ရှည်သည်။ ပိယဝါစေ၊ ၁၁၄၆-ခုသို့။ သမ္ပတ္တေ၊ ရောက်သည်ရှိသော်။ ကတ္တိကေ၊ တန်ဆောင်မုန်းလဖြစ်သော။ ကာလပက္ခေ၊ လဆုတ်ပက္ခ၌။ ပုဏ္ဏေ၊ တိထီအားဖြင့် ၁၅-လုံးပြည့်သော။ ဒွိကေ၊ ဝေါဟာရရက်အားဖြင့် လပြည့်ကျော် ၂-ရက်ဖြစ်သော။ သုက္ကာဟေ၊ သောကြာနေ့၌။

စန္ဒိမေ၊ လပြည့်ဝန်းသည်။ ပြိဿရာသိမှိ၊ ပြိဿရာသီ၌။ ကတ္တိကာယ၊ ကြတ္တိကာနက္ခတ်နှင့်။ နိယုတ္တေ၊ ယှဉ်သွားစဉ်။ မိန္နေ၊ မိန်ရာသီသို့။ လဂ္ဂနသမ္ပတ္တေ၊ လဂ်ရောက်သည်ရှိသော်။ သမ္ပုဏ္ဏံ၊ ဆိုဖွယ်စကား အပြည့်အစုံသည်။ နိဋ္ဌင်္ဂတံဝ၊ အပြီးသို့ ရောက်သည်သာလျှင်တည်း။

အနုဿုယာ၊ သူတစ်ပါးတို့အား ငြူစုချုပ်ချယ်ခြင်း မရှိကုန်ထသော။ ဝဏ္ဏိတာ၊ ပညာရှိတို့သည် ချီးမွမ်းအပ်ကုန်ထသော။ သုတသမ္ပန္နော၊ သုတနှင့် ပြည့်စုံကုန်ထသော။ သဇ္ဇနာ၊ သူတော်ကောင်းစင်စစ် ဖြစ်ကုန်ထသော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဧတ္ထ၊ ဤအကျွန်ုပ်ရေးစီရင်အပ်သော ဝတ္ထု၌။ ဝါကျာနုသန္ဓိံ၊ ရှေ့နောက်စကား အထားအသို အဆိုအမြွက် အဆက်အဟပ် အစပ်အဆော်ကို။ မိနေတွာ၊ ပညာဖြင့် နှိုင်းချိန်၍။ သစေ အယုတ္တံ၊ အကယ်၍ မသင့်သောအရာ ထင်အံ့။ တံ၊ ထိုမသင့်သောအရာကို။ သဇ္ဇန္တု၊ လောင်းနုတ်စီရင်, ပြင်ဆင်တော်မူစေကုန်သတည်း။

အဟံ၊ ငါသည်။ တေန ပုညေန၊ ထိုမဟောသဓဝတ္ထုကို ရေးစီရင်ရသော ကောင်းမှုကြောင့်။ သံသာရေ၊ သံသရာ၌။ သံသရန္တော၊ ကျင်လည်ရသည်ရှိသော်။ တိဟေတုကော၊ မဟောသဓသုခမိန်ကဲ့သို့ တိဟိတ်ပဋိသန္ဓေ နေရခြင်းသည်။ ဘဝါမိ၊ ဖြစ်ရလို၏။ ဂဏ္ဌိပဉှေသု၊ အနက်အားဖြင့် လျှို့ဝှက်ခက်ခဲသော ပြဿနာတို့၌။ ပညာတော၊ မဟောသဓသုခမိန် ပညာတော်ကဲ့သို့ လျင်မြန်စွာသိနိုင်သည်။ ဘဝါမိ၊ ဖြစ်ရပါလို၏။ ကုဟကေသု၊ သေနကအမတ် အစရှိသည်တို့ကဲ့သို့ ယုတ်မာသောဂုဏ်မာန်ဖြင့် ထောင်လွှားဖက်ပြိုင်လာသောသူတို့ကို။ သမ္မာ၊ ကောင်းစွာ။ အဘိဘူ၊ မဟောသဓာ သုခမိန်ကဲ့သို့ အဆိပ်အတောက်မာန်စွယ်ကို နုတ်ပယ်နှိပ်နင်းနိုင်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။

သဗ္ဗကိစ္စေသု၊ ခပ်သိမ်းသော အမှုကြီးငယ်တို့၌။ သံမိတ္တော၊ မဟောသဓသုခမိန်အား ဖွားဖက်တစ်ထောင်, အမရာဒေဝီ, ဥဒုမ္ဗရဒေဝီ, ထီးချက်စောင့်နတ်သမီး, ကျေးသား, အနုကေဝဋ်တို့ကဲ့သို့ ငါ့အား အမှုဆောင်ရွက် ညီညာဖော် အဆွေခင်ပွန်းကောင်းကို ရသည်။ ဘဝါမိ၊ ဖြစ်ရလို၏။ ကုဋမန္တေသု၊ သေနကအစရှိသော အမတ် ၄-ယောက်, စူဠနီမင်း, ကေဝဋ်အမတ်တို့ကဲသို့ အကောက်တိုင်ပင်၍ မကောင်းကြံဆောင်ကုန်သော သူတစ်ပါးတို့၏ အတိုင်အပင် အကြံအစည်တို့၌။ ပါကဋော၊ မဟောသဓသုခမိန်ကဲ့သို့ ထင်ရှားသိအောင် ပြုနိုင်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။ ဘီသနုပဒ္ဒဝေ၊ စူဠနီမင်းစစ်သည် ဝန်းရံသကဲ့သို့ ကြောက်မက်ဖွယ်သော ဘေးရန်သည်။ အာပန္နေပိ၊ ရောက်လတ်သော်လည်း။ ဉာဏဗ္ဗလေန၊ ငါ၏ပညာအစွမ်းဖြင့်။ နိဗ္ဗုဒေါ၊ မဟောသဓာသုခမိန်ကဲ့သို့ သူခပ်သိမ်းတို့အား ဘေးမဲ့ပေးနိုင်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။

ဒုလ္လဘေသု၊ ကိုယ်ရံဝန်းကျင် အစောင့်အရှောက် မြို့နန်းအဆီးအကာနှင့် ပဉ္စာလရာဇ်နန်းတော်ကဲ့သို့ လုံခြုံစွာရနိုင်ခဲကုန်သော အရပ်တို့၌။ ဌိတေ၊ တည်ကုန်သော။ ဣစ္ဆိတေ၊ ပဉ္စာလစန္ဒီ မင်းသမီးကဲ့သို့ အလိုရှိအပ်သော ဝတ္ထုတို့ကို။ ဓမ္မေန၊ တရားသဖြင့်။ သုခဂါဟကော၊ မဟောသဓာသုခမိန်ကဲ့သို့ အလွယ်တကူ ဆောင်ယူနိုင်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။ ပစ္စာမိတ္တေ၊ စူဠနီမင်းကဲ့သို့ ရန်သူပြု၍ နှိပ်စက်အံ့သောငှာ အားထုတ်ကုန်သောသူတို့ကို။ မမဝါစာယ၊ သာယာချိုမြွက် နှစ်သက်ဖွယ်သော ငါ၏စကားဖြင့်။ ဓမ္မတော၊ သဘောဖြောင့်ဖြောင့်။ ပိယာယိကော၊ မဟောသဓသုခမိန်ကဲ့သို့ ချစ်မြတ်နိုးစေနိုင်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။

သာမိကဿ၊ အရှင်၏။ အနုယာယိကော၊ နောက်သို့ အစဉ်လိုက်တတ်သော။ ဒါသော ယထာ၊ ကျွန်ကဲ့သို့။ ပရေသမ္ပိ၊ သူတစ်ပါးတို့၏လည်း။ ဉာဏဗ္ဗလံ၊ ပညာအစွမ်းကို၊ မမဉာဏာနုယာယိကော၊ ငါ၏ ပညာအစွမ်းသို့သာလျှင် အစဉ်တစိုက် လိုက်စေနိုင်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။ သဗ္ဗေသမ္ပိ၊ ခပ်သိမ်းကုန်သော သူအပေါင်းတို့သည်လည်း။ သုခါဝဟော၊ ကိုယ်,စိတ်ချမ်းသာခြင်းကို ဆောင်ရွက်နိုင်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။

ဉာတိမိတ္တေသု၊ မိမျိုးဖမျိုး,အဆွေခင်ပွန်းစစ် ချစ်နှစ်လိုအပ်ကုန်သော သူတို့၌။ အဝိရောဓော၊ တစ်ရံတစ်ဆစ်မျှ မကြည်မဖြူမရှိ ချစ်မိသောမေတ္တာ မပျက်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။ သဗ္ဗဌာနေ၊ ကိုယ်ဖြင့်ဆောင်အပ်သော အမှု၊ အကြံအစည် အတိုင်အပင်ဖြင့် ဆောင်အပ်သော အမှု အစုစုအရေး အထွေးအရှုပ်ကို သုတ်သင်ခြင်းတို့၌။ ဝိသာရဒေါ၊ မဟောသဓသုခမိန်ကဲ့သို့ တွန့်တိုရွံရှာခြင်းမရှိ ရဲရင့်သည်။ ဘဝါမိ၊ ဖြစ်ရလို၏။ ကတဝေဒီ စ၊ ကြီးကြီးငယ်ငယ် တင်ပေဖူးသောသူတို့ကျေးဇူးကို မဟောသဓသုခမိန်ကဲ့သို့ သိတတ်သည်လည်းကောင်း။ ပဋိကာရော စ၊ သူတစ်ပါးတို့ကျေးဇူးကို သိသည်နှင့်လျော်စွာ မဟောသဓသုခမိန်ကဲ့သို့ ကျေးဇူးတုံ့ဆပ်နိုင်ခြင်းသည်လည်းကောင်း။ အဘေဇ္ဇဝုဒ္ဓိဘောဂဝါ စ၊ မဟောသဓ သုခမိန်ကဲ့သို့ ရန်သူ ၅-ပါးတို့ မဖျက်ဆီးနိုင်သဖြင့် ကြီးကျယ်ပြန့်ပွား များမြတ်သောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းသည်လည်းကောင်း။ ဘဝါမိ၊ ဖြစ်ရလို၏။

ကလျာဏမိတ္တသမာနေဟိ၊ အမရာဒေဝီ, ဘေရီပရိဗိုဇ်မ, စူဠနီဗြဟ္မဒတ်မင်းတို့ကဲ့သို့ တူမျှသောစိတ်ရှိကုန်သော အဆွေခင်ပွန်းကောင်းတို့နှင့်။ သမာဂတော စ၊ မဟောသဓသုခမိန်ကဲ့သို့ ရွှင်လန်းကြည်ဖြူ အတူတကွ ပေါင်းဖက်ရခြင်းသည်လည်းကောင်း။ အနာကုလော စ၊ ကေဝဋ်အမတ်, နန္ဒာဒေဝီတို့ မနှောင့်ယှက်နိုင်သော ဘုရားလောင်းကဲ့သို့ ငါ့အား သူတစ်ပါးတို့ မနှောင့်ယှက်နိုင်ခြင်းသည် လည်းကောင်း။ ဘဝါမိ၊ ဖြစ်ရလို၏။ ပစ္ဆိမေ၊ အဆုံးစွန်သော ကိုယ်၏အဖြစ်၌။ မဟောသဓော၊ မဟောသဓသုခမိန်သည်။ ဝရံ၊ အမြတ်ဆုံးဖြစ်သော သဗ္ဗညုတဉာဏ်ကို။ လဘေ-လဘတိ ယထာ၊ ရလေသကဲ့သို့။ တထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ ဉာဏံ၊ ပညာပါရမီဉာဏ်ကို။ ဝဍ္ဎေတွ၊ ပွားစေ၍။ ပစ္ဆိမေ၊ အဆုံးစွန်သောဘဝ၌။ ဝရံ၊ မြတ်လှစွာသော သဗ္ဗညုတဉာဏ်ကို။ လဘေ-လဘာမိ၊ ရလို၏။