မဟောသဓဇာတ်တော်ကြီး/အခန်း-၃၇

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၇။ အောင်သေသောက်မည့် စီမံခန်း

စူဠနီဗြဟ္မဒတ်သည်လည်း ပဉ္စာလရာဇ်နေပြည်တော်သို့ ရောက်သောအခါ ကေဝဋ်အမတ်အား အမိန့်ရှိတော်မူသည်မှာ “ဆရာအမတ်ကြီး၊ ယခုနေပြည်တော်သို့ ရောက်ကြပြီ။ အဘယ်အမှုကိုပြုရသော် ကောင်းအံ့နည်း”ဟု တိုင်ပင်မေးမြန်း၏။ ထိုအခါ ကေဝဋ်အမတ်သည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ အောင်ပွဲသဘင်ခံ၍ ဥယျာဉ်တော်၌ အထက်လျှောက်ထားရင်းအတိုင်း ၉-ကျိပ် ၉-ယောက်သောမင်းတို့နှင့် အောင်သေသောက်ခြင်း မင်္ဂလာကို ဆောင်တော်မူလော့”ဟု လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်အမတ်စကားကိုကြားလျှင် “ကောင်းပြီ”ဟု ဝန်ခံ၍ “အောင်သေသောက်ခြင်းမင်္ဂလာကို ဆောင်တော်မူအံ့”ဟု ဥယျာဉ်တော်ကို အထူးထူးအပြားပြား များမြတ်ဆန်းကြယ်စွာ တန်ဆာဆင်စေပြီးသော်၊ ဆိုင်ရာအမတ်တို့အား “ငါ၏ဥယျာဉ်တော်၌ အရာအထောင်မက များစွာသောအိုးစရည်းတို့ကို သေအရက်အပြည့်စီထည့်၍ တည်ထားစေ။ အထူးထူးအပြားပြား များမြတ်ကောင်းမွန်စွာ ငါးအမဲစသော ဘောဇဉ်ခဲဖွယ်တို့ကိုလည်း စီရင်ကျင်းပ၍ တည်ထားစေ။ ၁၀၀-သောမင်းတို့၏နေရာ ထီးဖြူတစ်ခုစီစိုက်လျက် မိမိတို့နှင့်ထိုက်သော ရာဇပလ္လင် ၁၀၀ကိုလည်း အဆင်သင့် စီရင်ခင်းကျင်းစေ”ဟု အလုံးစုံပြုဖွယ်ကိစ္စကို ခန့်ထားစီရင်စေ၏။

မဟောသဓသုခမိန်၏ သူလျှိုအမတ်သည် ထိုအကြောင်းကို မဟောသဓထံသို့ “အရှင်သုခမိန်။ ယခုစူဠနီဗြဟ္မဒတ်မင်းကြီးသည် ၁၀၀-သောမင်းတို့နှင့် အောင်သေသောက်ခြင်းမင်္ဂလာကို ဆောင်အံ့ဟု ဥယျာဉ်၌ တန်ဆာဆင်ခြင်း, သေအရက်တည်ထားခြင်း, ခဲဖွယ်စားဖွယ်စီရင်ခြင်း, မင်းတို့၏နေရာ ထီးဖြူတစ်ခုစီနှင့်တကွ အဆင်သင့်ပြင်ဆင်စေခြင်း စသည်တို့ကို ခန့်ထားစီရင်သည်။ အကြောင်း မည်သို့ မသိနိုင်ပါ”ဟု လျှောက်စာနှင့် စေလွှတ်လိုက်၏။

ထိုသူလျှိုအမတ်ကား စူဠနီဗြဟ္မဒတ်မင်းနှင့် ကေဝဋ်ပုရောဟိတ်တို့၏ အထက်တိုင်ပင်ရင်း အကြံအစည်ကို မကြားမသိ။ မဟောသဓသုခမိန်မူကား ကျေးသားကိုစေလွှတ်သဖြင့် ထိုမင်းအမတ်တို့၏ အတိုင်အပင်အလုံးစုံကို ကြားသိပြီးသည်ဖြစ်၍ သူလျှိုအမတ် လျှောက်စာစကားကိုကြားလျှင် “အချင်းအမတ်။ စူဠနီဗြဟ္မဒတ်မင်းသည် မည်သည့်နေ့ရက်၌ အောင်သေသောက်ခြင်းမင်္ဂလာကို ဆောင်မည်ဟု ချိန်းချက်သည့်နေ့ရက်ကို အတပ်သိသာ အောင်ပြု၍ စေလွှတ်လိုက်ရမည်”ဟု စာပြန်လိုက်၏။

သူလျှိုအမတ်သည်လည်း အောင်သေသောက်သော နေ့ရက်ကို အတပ်သိအောင်ပြုသဖြင့် “အရှင်သုခမိန်။ စူဠနီဗြဟ္မဒတ်မင်းသည် မည်သည်နေ့ရက်ရောက်လျှင် အောင်သေသောက်ခြင်းမင်္ဂလာကို ဆောင်အံ့ဟု နေ့ရက်ချိန်းချက်ကြပါသည်”ဟု မဟောသဓထံသို့ တစ်ဖန် လျှောက်စေပြန်၏။

မဟောသဓသုခမိန်လည်း နေ့ရက်အချိန်းအချက်ကို သိပြီးသော် “ငါသို့သော သုခမိန်ထင်ရှားရှိလျက် ထိုမင်းအပေါင်းတို့သည် ကိုးကွယ်ရာမဲ့ မသေထိုက်။ ငါသည် ထိုမင်းတို့ကိုးကွယ်ရာပြု၍ အသက်ကို ချမ်းသာစေအံ့”ဟုကြံပြီးလျှင်၊ ဖွားဖက်သူရဲကောင်း ၁၀၀၀-တို့ကို ခေါ်တော်မူ၍၊ “အချင်းတို့။ ငါကြားရသည်ကား ဥတ္တရပဉ္စာလရာဇ်ပြည်၌ စူဠနီဗြဟ္မဒတ်မင်းသည် ဥယျာဉ်ကိုတန်ဆာဆင်ပြီးသော် ထီးဆောင်းမင်းအပေါင်းခြံရံလျက် “အောင်သေ သောက်ခြင်းမင်္ဂလာကို ပြုအံ့”ဟုကြားရ၏။ ထိုပဉ္စာလရာဇ်ပြည်သို့ ယခုပင် သင်တို့ သွားချေ။ ထိုပြည်၌ သင်တို့ ဆောင်ရမည့်အမှုမှာ စူဠနီဗြဟ္မဒတ်မင်း ဥယျာဉ်သို့မထွက်မီ ၁၀၀-သော မင်းတို့၏နေရာကို အသီးအသီး စီရင်ခင်းကျင်းကြစဉ် ဥယျာဉ်သို့ဝင်ပြီးလျှင် စူဠနီဗြဟ္မဒတ်မင်း၏နေရာနှင့် အခြားမရှိ ယှဉ်လျက်ခင်းသော နေရာကြီး နေရာမြတ်ကို “ငါတို့ဝိဒေဟရာဇ်မင်းကြီး နေရာဖြစ်သည်။ ပေးလော့”ဟုဆို၍ လုယူကြလေ။

ထိုသို့ လုယူသောအခါ ထိုနေရာရှင်မင်းတို့၏ မင်းအချင်းတို့သည် “သင်တို့ကား အဘယ်ကနည်း။ ဤပဉ္စာလရာဇ်မင်းမြတ်သည် ၇-နှစ် ၇-လ ၇-ရက်ပတ်လုံး ဇဗ္ဗူဒိပ်ကျွန်းအပြင်ဝယ် ၁၀၀-သောထီးဆောင်းမင်းတို့ကို သိမ်းယူတော်မူသည်ဖြစ်လျက်လည်း ဝိဒေဟရာဇ်မင်းဟု ငါတို့ မမြင်မကြား စဖူးတကား။ မထင်ရှားသော သင်တို့ဝိဒေဟရာဇ်မင်း၏နေရာကို ဤတွင် မခင်းထိုက်။ သင်တို့အလိုရှိလျှင် အဆုံးဖြစ်သောနေရာကိုသော် ယူချေလော့”ဟုဆို၍ ခိုက်ရန်ငြင်းခုံခြင်းကို ပြုလတ္တံ့။ ထိုသို့ပြုလျှင် သင်တို့သည် “ငါတို့၏သခင် ဝိဒေဟရာဇ်မင်းကြီးထက် ဗြဟ္မဒတ်မင်းကြီးတစ်ပါးသာ မြတ်သည်ဖြစ်၍ ဤနေရာ၌သာ ငါတို့သခင် ဝိဒေဟရာဇ်မင်းကြီး နေတော်မူခြင်းငှာ ထိုက်၏။ ဤနေရာကို အကယ်၍ သင်တို့ မပေးသည်ရှိသော် ဤသေအရက်,ငါးအမဲ, စားဖွယ်သောက်ဖွယ်တို့ကိုလည်း ပျက်စီးစေအံ့”ဟုဆို၍ ပြင်းစွာသောအသံဖြင့် တညီတည်းဟစ်အော်လျက် ဆောက်ပုတ်, တုတ်, ကျောက်, အုတ်ခဲ စသည်တို့ဖြင့် သေအိုးအရက်အိုးတို့ကို ရိုက်နှက်ဖောက်ခွဲ ကြဲလွှင့်ဖျက်ဆီးပြီးလျှင် တာဝတိံသာ နတ်စစ်သည်တွင်းသို့ဝင်သော အသူရာကဲ့သို့ ရွံရှာကြောက်ရွံ့ခြင်းကင်းသဖြင့် ထိုဗိုလ်ပါသူရဲကောင်းတို့ကိုဖောက်ထွင်း၍၊ “ငါတို့ကား မိထိလာပြည် မဟောသဓသုခမိန်၏ သူရဲကောင်း ၁၀၀၀-တို့တည်း။ သင်တို့ ဖမ်းဝံ့လျှင် ဖမ်းလှည့်ကုန်။ ငါတို့၏အကြောင်းကို သင်တို့ မသိသည်ဖြစ်၍ သိစေခြင်းငှာ ယခု ငါတို့လာ၏”ဟု ခြင်္သေ့ကဲ့သို့ ရွံ့ရှာခြင်းကင်းသောအသံဖြင့် ကြွေးကြော်လျက် ပြန်လာကြကုန်”ဟု မှာထား၍ စေလွှတ်လိုက်၏။

သူရဲကောင်း ၁၀၀၀-တို့သည်လည်း မဟောသဓသုခမိန်ဆိုတိုင်း “ကောင်းပါပြီ” ဝန်ခံ၍၊ ဓား, လှံ, လေး, မြား, ကာ, ဆောက်ပုတ်၊ လက်နက် ၅-ပါးစီစွဲလျက် ပဉ္စာလရာဇ်ပြည်သို့ ထွက်သွားကြလေသဖြင့်၊ ရောက်လတ်သော် တာဝတိံသာနတ်ပြည် နန္ဒဝန်ဥယျာဉ်ကဲ့သို့ တန်ဆာဆင်အပ်သော ပဉ္စာလရာဇ်မင်း၏ဥယျာဉ်သို့ဝင်ပြီးလျှင် မဟောသဓသုခမိန်မှာလိုက်တိုင်း အလုံးစုံပြုပြီး၍ မိထိလာပြည်သို့ ပြန်ခဲ့ကြကုန်၏။