မဟောသဓဇာတ်တော်ကြီး/အခန်း-၃၆

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၆။ စူဠနီဗြဟ္မဒတ်မင်း မင်းအများကို သိမ်းယူခန်း

ပဉ္စာလရာဇ်ပြည်ကိုအစိုးရသော စူဠနီဗြဟ္မဒတ်မင်းသည်လည်း ကေဝဋ်အမတ်ကြီး တိုင်ပင်လျှောက်ဆိုတိုင်း နာယူသဖြင့် များစွာသော စစ်သည်ဗိုလ်ပါအပေါင်းခြံရံလျက် ထွက်ချီ၍ တစ်ခုသောမင်းနေပြည်ကို ဝန်းရံပြီးလျှင် ကေဝဋ်အမတ်ကြီးသည် တံခါးငယ်ဖြင့်ဝင်၍ ထိုပြည့်ရှင်မင်းအား ဤသို့ ဖြားယောင်းပြောဆို၏။

“အရှင်မင်းကြီး။ ဆင်မြင်းစစ်သည် ဗိုလ်ပါသူရဲကောင်းတို့ဖြင့် တစ်စုံတစ်ယောက်သောမင်းမျှ ရည်တူမနှုန်းနိုင်သော အကျွန်ုပ်တို့သခင် အရှင့်ဘုန်းတော်ရှိန်သည် ဝဇိရစိန် စက်သွားရွယ်ရာ ကွယ်ကာပိတ်ဆီးခြင်းမရှိသကဲ့သို့ အမြို့မြို့ အပြည်ပြည် အတည်တည်သောထီးဆောင်းမင်းအပေါင်းတို့သည် ရန်တင်းမထောင်ထားဝံ့သဖြင့် လက်နက်ကိုချ၍ ထိုက်လျောက်ရာ ပဏ္ဏာလက်ဆောင်နှင့် ပျပ်ဝပ်ကျိုးနွံ “ကျွန်တော်ခံလိုပါသည်”ဟု လျှောက်ထားလျှင် အကျွန်ုပ်တို့သခင် အရှင်ဧကရာဇ်မင်းမြတ်က ခပ်သိမ်းသော လူအပေါင်းတို့အား သနားခြင်းကရုဏာတော်ရှိသဖြင့် စည်းစိမ်, အသက် မပျက်စေဘဲ ငြိမ်ဝပ်ချမ်းသာစွာ သိမ်းအုပ်စိုးယူတော်မူ၍ လက်နက်နိုင်ငံ ပြုတော်မူသည်။

“အရှင်မင်းမြတ်လည်း ထိုသို့သော ပြည့်ရှင်မင်းတို့ကဲ့သို့ လက်နက်ကိုချ၍ တုပ်ဝပ်ကျိုးနွံလျှင် ပြည်သူပြည်သားလည်း ထိတ်လန့်ပင်ပန်းခြင်းမရှိသဖြင့် ငြိမ်ဝပ်ချမ်းသာစွာ စည်းစိမ်အသက် မပျက်မစီးဖြစ်ရာသည်။ ယခု အကျွန်ုပ်လျှောက်ချက်အတိုင်း နာယူတော်မမူဘဲ ထောင်ထားဆီးဆို့မည် အကြံတော်ရှိလျှင် လိုအင်လည်း မပြည့်ရာ။ များစွာသောပြည်သူလူအပေါင်းလည်း အသောင်းအသိန်းမက လက်နက်ဒဏ်ဖြင့် အန္တရာယ်ရောက်၍ ဖောက်လွဲဖောက်ပြန် နိုင်ငံမြို့ပြည် မတည်မရပ်နိုင် ရှိတော့မည်။ အသာအကြည် ဝင်စားကျိုးနွံလိုသော နှလုံးရှိပါလျှင် အကျွန်ုပ်ပင် အရှင်မင်းကြီးရှေ့ဆောင်ပြု၍ ဧကရာဇ်မင်းမြတ်အား လျှောက်ထားပါမည်။ အကျွန်ုပ်တို့သခင် အရှင်ဧကရာဇ်မင်းမြတ်သည် သိမ်မွေ့နူးညံ့သော နှလုံးတော်မြတ် ရှိသည်နှင့်အညီ လက်နက်ကိုချ၍ “ချမ်းသာစွာ ဝင်လိုပါသည်”ဟု လျှောက်ထားလျှင် အကျွန်ုပ်စကားကို ပယ်တော်မမူ ယူတော်မူမြဲဖြစ်သည်။ အရှင်မင်းကြီးမှစ၍ မှူးမတ်ပြည်သူ လူအပေါင်းတို့ ဆင်းရဲပင်ပန်းစွာ အန္တရာယ်ပင်ရောက်မည်ကိုမြင်၍ ချမ်းသာငြိမ်ဝပ်စေလိုသော စိတ်ရှိသဖြင့် ယခုအကျွန်ုပ် အရှင်မင်းကြီးထံလာ၍ အကြောင်းကို လျှောက်ထားပြောဆိုပါသည်။ အကြံတော် မည်သို့ရှိမည်ကို သိသာအောင် အမိန့်ရှိလိုက်ပါ”ဟု ခြိမ်းခြောက်စကားနှင့် ဖြားယောင်းပြောဆို၏။

ထိုပြည့်ရှင်မင်းလည်း ကေဝဋ်အမတ်စကားကိုကြားလျှင် ထိတ်လန့်ကြောက်ရွံ့ခြင်းရှိသဖြင့် လက်နက်ကိုချ၍ ထိုက်လျောက်ရာ ပဏ္ဏာလက်ဆောင်နှင့် စူဠနီဗြဟ္မဒဏ်မင်းကြီးအထံသို့ တုပ်ဝပ်ဝင်စားလေ၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း ဗိုလ်ပါသူရဲကောင်းနှင့်တကွ ထိုပြည့်ရှင်မင်းကို တစ်ဗိုလ်တစ်တပ် ခန့်ထားခေါ်ခဲ့၍ တစ်ခုသောမင်းနေပြည်ကို ဝန်းရံသဖြင့် ရှေးနည်းအတူ ကေဝဋ်အမတ်သည် ဖြားယောင်းပြောဆို၍ လက်နက်နိုင်ငံ ပြုပြန်၏။

ဤသို့သောနည်းဖြင့် စူဠနီဗြဟ္မဒတ်မင်းသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ဝိဒေဟရာဇ်တိုင်းမှတစ်ပါး တစ်ခုယုတ် ၁၀၀-သောမင်းနေပြည်တို့ကို ကေဝဋ်အမတ်ကြီး၏အစီအရင်အတိုင်း ၇-နှစ် ၇-လ ၇-ရက် လှည့်လည်ဝန်းရံ၍ သိမ်းယူစိုးအုပ်မိလေသည်။

ပဉ္စာလရာဇ်မင်းကြီးထံ၌ မဟောသဓသုခမိန်က သူလျှိုထားသော အမတ်သည်လည်း “အရှင်သုခမိန်။ ယခု စူဠနီဗြဟ္မဒတ်မင်းသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထီးဆောင်းမင်းအပေါင်းတို့ကို လက်နက်နိုင်ငံပြု၍ သိမ်းယူမိချေပြီ။ ဝိဒေဟရာဇ် တိုင်းတစ်ခုသာလျှင် ကျန်ချေတော့သည်။ မည်သို့မသိနိုင်၊ မမေ့မလျော့ သတိထား၍ လုံ့လပြုတော်မူပါ”ဟု မဟောသဓသုခမိန်သို့ လျှောက်ထားစေလွှတ်လိုက်၏။ မဟောသဓသုခမိန်ကလည်း “ငါ၏ကိုယ်,စိတ်ကဲ့သို့ ယုံမှားအပ်သော အချင်းအမတ်။ သင်က အကြောင်းရှိလျှင် မှားထားစေလွှတ်လိုက်ပေသည်ဖြစ်၍ ငါလည်း အကြောင်းမျိုးကိုသိရသဖြင့် နေ့ညဉ့်မပြတ် လုံ့လသတိ ရှိလျက်နေ၏။ သင်သည်လည်း ငါကဲ့သို့ ကျေးဇူးသစ္စာကိုစောင့်ထိန်း၍ မပြတ် လုံ့လသတိ ရှိလျက်နေလေ”ဟု သူလျှိုအမတ်ထံ တစ်ဖန်ပြန်၍ မှာထားလိုက်သတည်း။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း တစ်ခုယုတ် ၁၀၀-ကုန်သော မင်းနေပြည်တို့ကို ၇-နှစ် ၇-လ ၇-ရက်ပတ်လုံး အစဉ်အတိုင်းသိမ်းယူ၍ လက်နက်နိုင်ငံဖြစ်စေပြီးသော် ကေဝဋ်အမတ်ကြီးအား “ဆရာပုရောဟိတ်။ ယခုအပြည်ပြည် မင်းတို့ကိုသိမ်းယူ၍ လက်နက်နိုင်ငံဖြစ်ပြီ၊ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်တစ်ခုသာ ကျန်သေး၏။ ထိုမိထိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီးကို ယခု သိမ်းယူရသော် မကောင်းလော”ဟု တိုင်ပင်မေးမြန်း၏။ မင်းကြီးမိန့်တော်မူသော စကားကို ကေဝဋ်အမတ်ကြီးကြားလျှင် ရှေ့နောက်အရေးကို တွေးခေါ်မြော်မြင်တတ်သော ပုရောဟိတ်ဖြစ်သည်နှင့်အညီ မဟောသဓသုခမိန်၏ ပညာရှိကြောင်းကိုကြားသိသဖြင့် “မဟောသဓ၏ ပညာစွမ်းကြောင့် နောင်အရေးမလှရှိခဲ့သော် မင်းပရိသတ်တို့အလယ်၌ အရှက်ရမည်ဖြစ်ရာ၏”ဟုကြံ၍ မင်းကြီးအား လျှောက်ထားသည်မှာ “အရှင်မင်းကြီး။ ဝိဒေဟရာဇ်ပြည်၌ မဟောသဓအမည်ရှိသောစစ်သူကြီးသည် အထူးထူးအပြားပြား ဆန်းကြယ်စွာသော ပညာအကြံအစည်နှင့်လည်း ပြည့်စုံ၏။ ဝေဝုစ်ပရိယာယ် ဥပါယ်တံမျဉ်၌လည်း လိမ္မာ၏။ ရွှေဂူ, ပတ္တမြားဂူတို့၌စောင့်နေသော ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်းလည်း ပြည့်စုံ၏။ ထို့ကြောင့် မဟောသဓနေသော ဝိဒေဟရာဇ်တိုင်း မိထိလာပြည်ကို မသိမ်းမယူစေချင်ပါသေး။ ဤမိထိလာပြည် အနည်းငယ်မျှကို မရသည်ဟူ၍လည်း ၁၀၀-သောတိုင်းကြီးသခင် ဖြစ်တော်မူသည်ကို ဧကရာဇ်မင်းမဟုတ်ဟု မဆိုထိုက်။ ထိုဝိဒေဟရာဇ်တိုင်း မိထိလာပြည်သည် ဘုန်းတော်ရှိန်ကြောင့် တရွေ့ရွေ့ ကျဉ်းမြောင်းခြင်းသို့ ရောက်သဖြင့် လက်နက်နိုင်ငံ ဖြစ်ပါလိမ့်မည်။ သည်းခံတော်မူဦးလော့”ဟု ကေဝဋ်အမတ်သည် လစက်ဝန်းကိုလှမ်းယူ၍ လက်ဝါးပြင်၌တင်ကာ ပြသကဲ့သို့ မဟောသဓသုခမိန်၏ ပညာကျေးဇူးကို အထူးထူးအပြားပြား များစွာချီးမြှောက်၍ မင်းကြီးအားလျှောက်၏။

ထို၉-ကျိပ် ၉-ယောက်ကုန်သော မင်းတို့သည်လည်း မိမိတို့၏ အန္တရာယ်ရောက်လတ္တံ့သည်ကို မသိခြင်းကြောင့် “ယခုပင် ငါတို့သည် မိထိလာပြည်ကိုသိမ်းယူ၍ အရှင်ဧကရာဇ်မင်းကြီးအား ဆက်ပြီးလျှင် ကြီးစွာသောအောင်ပွဲကိုခံလျက် အောင်သေကို သောက်ကုန်အံ့”ဟု ကြုံးပပြောဆိုကြကုန်၏။

ကေဝဋ်အမတ်သည် ထို၉-ကျိပ် ၉-ယောက်သော မင်းတို့အားလည်း “မင်းကြီးတို့ ဤမိထိလာပြည် အနည်းငယ်ကို အဘယ့်ကြောင့် အပန်းတကြီး အလိုရှိတော်မူကြသနည်း။ မသိမ်းမယူဘဲပင် ဝိဒေဟရာဇ်မင်းကြီးသည် ဘုန်းတော်ကိုမခံဝံ့သဖြင့် အရှင်ရှိရာ အလိုအလျောက်လာ၍ တုံ့ဝပ်ကျိုးနွံလာလတ္တံ့။ မစိုးရိမ်ကြနှင့်”ဟု တားမြစ်ပြီးလျှင် စူဠနီဗြဟ္မဒတ်မင်းအားလည်း “အရှင်မင်းကြီး။ ယခု နေပြည်တော်သို့ပြန်တော်မူ၍ ထီးဆောင်းမင်းအပေါင်းတို့ခြံရံလျက် အောင်ပွဲသဘင်၌ အောင်သေသောက်ခြင်းမင်္ဂလာကို ပြုတော်မူဦးလော့”ဟု လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းသည် ကေဝဋ်အမတ် လျှောက်ထားတိုင်း စစ်သည်ဗိုလ်ပါတို့ကိုသိမ်းဆည်း၍ ၉-ကျိပ် ၉-ယောက်သော ထီးဆောင်းမင်းအပေါင်းတို့ဖြင့် ခြံရံလျက် ပဉ္စာလရာဇ်နေပြည်တော်သို့ ပြန်လည်လေ၏။

မဟောသဓသုခမိန်က သူလျှိုထားသောအမတ်သည် “အရှင်မဟောသဓသုခမိန်၊ ပဉ္စာလရာဇ်မင်းကြီးသည် တစ်ပါးသော တိုင်းနိုင်ငံတို့ကို သိမ်းယူပြီး၍ ဝိဒေဟရာဇ်မင်းကြီးပြည်ကို သိမ်းယူအံ့သောငှာ များစွာသော ဗိုလ်ပါတပ်နှင့် မိထိလာပြည်ကို ရှေးရှုလာစဉ် ကေဝဋ်အမတ်က အရှင်သုခမိန်၏ပညာဂုဏ်ကိုချီးမွမ်း၍ လျှောက်ထားသောကြောင့် မိထိလာပြည်ကို ယခု မသိမ်းမယူသေးဘဲ ပဉ္စာလရာဇ်နေပြည်တော်သို့ ပြန်လည်တော်မူဦးမှ သင့်ပါမည်အကြောင်းနှင့် လျှောက်ထားသောကြောင့် စူဠနီဗြဟ္မဒတ်မင်းသည် ယခုနေပြည်တော်သို့ ပြန်လည်လေပြီ။ နောင်အရေးကိုသာ မည်သို့မသိပါ”ဟု အလျှောက်အထား စေလွှတ်လိုက်၏။

မဟောသဓသုခမိန်ကလည်း “ငါ ယုံမှတ်သည်နှင့်အညီ အခွင့်ကုန်အောင် ရွက်ဆောင်ပေသောအမတ်။ သင်က မှာထားစေလွှတ်လိုက်ပေသောကြောင့် အကြောင်းမျိုးစုံကို ငါ ကြားသိရပေသည်။ သင်လည်း ကျေးဇူးသစ္စာကို စောင့်ထိန်းသဖြင့် ဤနေ့မှစ၍ မင်းအမတ်တို့၏အမူအရာ အကြံအစည်ကို သိအောင် လုံ့လမပြတ်ပြုလေလော့”ဟု စာပြန်လိုက်၏။