မဟောသဓဇာတ်တော်ကြီး/အခန်း-၀၉

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၉။ မယားခိုးတရား စီရင်ခန်း

မယားခိုးတရားဟူသည်ကား ဂေါတကာဠ အမည်ရှိသော ယောက်ျားတစ်ယောက်သည် မိမိနေသောရွာ၏ မနီးမဝေးဖြစ်သော ရွာတစ်ခု၌ လယ်လုပ်သမီး ဒီဃတာလာအမည်ရှိသောမိန်းမကို ရည်ငံစိတ်ရှိသည်ဖြစ်၍၊ ထိုဒီဃတာလာ သတို့သမီး၏မိဘအိမ်၌ သမီးအလို့ငှာ အမှုလုပ်ကျွန် ၇-နှစ်ပတ်လုံးခံပြီးမှ ဒီဃတာလာနှင့် မိဘတို့ ပေးထိမ်းမြားသတည်း။

(ထိုယောက်ျားသည် “ဂေါတကာဠ”အမည်တွင်သည်ကား “ဂေါတော စ သော ကာဠော စာတိ ဂေါတကာဠော” ဟူသော ကမ္မဓာရည်းသမာသ်ဝိဂြိုဟ်နှင့်အညီ ကွလည်း ကွ, မည်းလည်း မည်းသောကြောင့် ဂေါတကာဠဟု မာဂဓဘာသာ၌ ခေါ်ဝေါ်ကုန်သတည်း။ မြန်မာဘာသာ၌ကား “ငမည်းကွ”ဟု ခေါ်ဝေါ်၏။ ထိုဂေါတကာ၏မယားကို “ဒီဃတာလာ”အမည် ခေါ်ဝေါ်သည်ကား “တာလော ဝိယ ဒီဃော ကာယော ယဿာတိ ဒီဃတာလာ”ဟူသော ဗဟုဗ္ဗီဟိသမာသ် ဝိဂြိုဟ်နှင့်အညီ ထန်းပင်သည် အထင်အားဖြင့် မြင့်ရာထင်သကဲ့သို့ မြင့်သွယ်သောကိုယ်ဟန် သဏ္ဌာန်ရှိသောကြောင့် ဒီဃတာလာဟု မာဂဓဘာသာ၌ ခေါ်ဝေါ်ကုန်သတည်း။ မြန်မာဘာသာကား အိမ်, ထန်းပင်ဟု ခေါ်ဝေါ်ကုန်၏။

ထိုဝိဂြိုဟ်တို့၏အနက်ကား- ဂေါတော စ၊ ကွသည်လည်း။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူကွသည်။ ကာဠော စ၊ မည်းနက်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထိုအနက် ၂-ပါးကြောင့်။ ဂေါတကာဠော၊ ဂေါတကာဠ မည်၏။ ယဿာ၊ အကြင်မိန်းမအား။ တာလော ဝိယ၊ ထန်းပင်ကဲ့သို့။ ဒီဃော၊ မြင့်ရာထင်သော။ ကာယော၊ ကိုယ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထိုသို့ ထန်းပင်ကဲ့သို့ ကိုယ်သဏ္ဌာန်မြင့်ရာထင်ခြင်းကြောင့်။ သာ၊ ထိုမိန်းမသည်။ ဒီဃာတာလာ၊ ဒီဃတာလာ မည်၏။)

ထိုဂေါတကာဠသည် မိမိယောက္ခမအိမ်၌နေပြီး၍ တစ်နေ့သ၌ ယောက္ခမအိမ်တွင် မနေချင်သောစိတ်ရှိသဖြင့် မိမိမယား ဒီဃတာလာကို “အဘယ်။ ငါသည် သင့်မိဘအိမ်၌နေသဖြင့် ငါ့မိဘအိမ်သို့ မရောက်သည် ကြာပြီ။ ငါ့မိဘအိမ်၌ သွား၍ နေကြကုန်အံ့။ မိဘတို့အား ကန်တော့ရန် လက်ဆောင်ပဏ္ဏာ, ခရီးရိက္ခာ, စားဖွယ်ဘောဇဉ်တို့ကို ပြင်ဆင်လော့။ ယခု သွားကုန်အံ့”ဟု ဆို၏။ ဒီဃတာလာသည် မသွားမပြောင်းရမည့်အကြောင်း ကောင်းမွန်သာယာစွာသောစကားဖြင့် ၃-ကြိမ်တိုင်အောင် မြစ်တားသော်လည်း “မနေလို။ ယခုသွားမည်။ ပြင်သာပြင်”ဟု ဆို၍၊ လက်ဆောင်ပဏ္ဏာနှင့်တကွ ခရီးစာ ဘောဇဉ်ခဲဖွယ်ပြင်၍ပြီးသော်၊ ဂေါတကာဠသည် လက်ဆောင်ပဏ္ဏာ ခရီးရိက္ခာစာနှင့်တကွ မိမိမယား ဒီဃတာလာကိုခေါ်၍ မိဘအိမ်သို့ သွားလေသောအခါ ခရီးအကြား၌ တိမ်သောရေအလျဉ်ရှိသော တစ်ခုသောမြစ်ငယ်နားသို့ ရောက်လေ၏။

ထိုသူလင်မယား ၂-ယောက်လုံးပင်လျှင် ကျေးတောရွာ လယ်လုပ်သား, လယ်လုပ်သမီးဖြစ်၍ ရေကို အလွန်ကြောက်တတ်ကြကုန်သဖြင့် မြစ်ကိုမကူးဝံ့ဘဲ ကမ်းနား၌သာ ထိုမှာဘက်ကို မျှော်လျက်နေလတ်ကုန်၏။ထိုအခါ ဒီဃပိဋ္ဌိမည်သော သူဆင်းရဲတစ်ယောက်သည် ခရီးလှည့်လည် သွားလာလေသော် ထိုသူလင်မယား ၂-ယောက်နှင့် အသင့်တွေ့ကြုံလေ၏။

(ဤယောက်ျားကို ဒီဃပိဋ္ဌိ ခေါ်ဝေါ်သည်ကား “ဒီဃာ ပိဋ္ဌိ ယဿာတိ ဒီဃပိဋ္ဌ”ဟူသော ဗဟုဗ္ဗီဟိသမာသ် ဝိဂြိုဟ်နှင့်အညီ ကျောက်ကုန်းရှည်သောကြောင့် ဒီဃပိဋ္ဌိဟု မာဂဓဘာသာ၌ ခေါ်ဝေါ်သတည်း။ မြန်မာဘာသာကား “ငကျောက်ရှည်”ဟု ခေါ်ဝေါ်ကုန်၏။ ယဿ၊ အကြင်သူအား။ ဒီဃာ၊ ရှည်သော။ ပိဋ္ဌိ၊ ကျောက်ကုန်းသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထိုသို့ ကျောက်ကုန်းရှည်သောကြောင့်။ သော၊ ထိုသူသည်။ ဒီဃပိဋ္ဌိ၊ ဒီဃပိဋ္ဌိမည်၏။)

ထိုအခါ ဂေါတကာဠသည် ဒီဃပိဋ္ဌိကိုမြင်လေသော် “အဆွေ။ ဤမြစ်သည် ရေနက်သလော, တိမ်သလော”ဟု မေး၏။ ဒီဃပိဋ္ဌိသည် ရေကို ထိုသူလင်မယား ၂-ယောက်တို့ ကြောက်မှန်းသိလျှင် “အဆွေ။ ဤမြစ်ကား အလွန်ပင် ရေနက်၏။ ငါး, လိပ်, မကန်း, မိကျောင်း, လပိုင်တို့လည်း များစွာရှိကုန်၏”ဟုဆို၏။

ထိုစကားကိုကြားလျှင် ဂေါတကာဠသည် “အဆွေ။ ဤမြစ်သည် သင်ဆိုတိုင်း မိကျောင်း, လပိုင် ရဲသည်မှန်သော် သင်ကား အဘယ်သို့ ကူးလိမ့်မည်နည်း”ဟု မေး၏။ ဒီဃပိဋ္ဌိသည် “အဆွေ။ ငါမူကား ဤမြစ်၌ ကျင်လည်သည်ဖြစ်သောကြောင့် မိကျောင်း, လပိုင်တို့နှင့် အဆွေခင်ပွန်း အကျွမ်းဝင်သည်ဖြစ်၏။ ထို့ကြောင့် ငါ့ကို မိကျောင်း,လပိုင်တို့ မညှဉ်းဆဲကုန်”ဟု ဆို၏။

“အဆွေ။ ထိုသို့တပြီးကား ငါတို့လင်မယားကိုလည်း ထိုမှာဘက်သို့ ပို့စေချင်ပါသည်”ဟု ဆို၏။ ဒီဃပိဋ္ဌိလည်း “ကောင်းပြီ။ ပို့အံ့”ဟုဆိုလတ်သော် ဂေါတကာဠသည် ဒီဃပိဋ္ဌိကို “အဆွေ။ ထမင်းဟင်းလျာ အချိုအချဉ် ငါတို့မှာ ပါ၏။ စားလှည့်”ဟု ခေါ်၍ ဘောဇဉ်ခဲဖွယ် ကျွေးမွေး၏။

ဒီဃပိဋ္ဌိလည်း ထမင်းစားပြီးသော် “သင်တို့ ၂-ယောက်တွင် အဘယ်သူကို အလျင် ပို့ရမည်နည်း”ဟု မေး၏။ ဂေါတကာဠလည်း မိမိမယားကို အလျင်ပို့စေလိုသောကြောင့် “အဆွေ။ သင့်အဆွေမကို အလျင်ပို့ပြီးလျှင် နောက်မှ ငါ့ကိုပို့ပါလော့”ဟု ဆို၏။ ဒီဃပိဋ္ဌိသည် “ကောင်းပြီ”ဟု ဝန်ခံပြီးသော်၊ ဒီဃတာလာကို ပခုံးပေါ်၌ထမ်းလျက် အိမ်ကပါလာသမျှသော အဝတ်တန်ဆာ, မျိုးရိက္ခာ, ပဏ္ဏာလက်ဆောင်တို့ကိုလည်းယူ၍ မြစ်သို့ဆင်းသက်ပြီးလျှင် အတန်ငယ်ပြကတေ့အတိုင်း သွားပြီးမှ ဆောင့်ကြောင့်ထိုင်လျက် မြစ်တစ်ဘက်ကို ကူးလေ၏။

ဂေါတကာဠလည်း ကမ်းနား၌ ရပ်နေမျှော်ကြည့်လျက် “ဤမြစ်သည် အလွန်နက်စွာ၏။ ဤသို့သောလူမြင့်မှ ဤမျှလောက်နစ်လျှင် ငါကဲ့သို့လူပုများမှာ သျှောင်ဖျားမျှ ပေါ်ဖွယ်မရှိပြီ”ဟု ကြံ၏။

ဒီဃပိဋ္ဌိသည် ကူး၍ မြစ်လယ်လောက်ရောက်လျှင် ဒီဃတာလာကို “အဘယ်။ သင်သည် အဘယ့်ကြောင့် ဤလူကွနှင့် နေပါဘိသနည်း။ ဤသင်၏လင် လူကွသည် အဆင်းသဏ္ဌာန်အားဖြင့်လည်း တစ်စုံတစ်ခုမျှ နှစ်သက်ဖွယ် မရှိ၊ အမျိုးစည်းစိမ်လည်း ရှိမည်မထင်။ သင်သည် ဤလင်နှင့်နေ၍ အဘယ်အကျိုး ရှိပါအံ့နည်း။ သင်ကား မြင့်မြင့်သွယ်သွယ် ရှုဖွယ်သောကိုယ်ဟန် ရှိ၏။ သင့်လင်ကား မည်းမည်းကွကွ။ သင့်၏ရှေ့ကသွားသည်ကို သူတစ်ပါးမြင်လျှင် အပြစ်တင်ကျီစယ် ပြက်ရယ်ပြု၍ ရှက်မှုကြောက်ရန် အတန်တန်နှောင့်ယှက်လျက် တစ်သက်တွင် လင်မနေဘဲ အိုသေရသလောက်မျှ မကောင်းဟန်တကား။ ရှေ့သွားနောက်လိုက် ထိုက်လျော်စွာ ငါတို့များနှယ်ကို ချစ်ကြင်နာပါတပြီး စိတ်ရှိတိုင်းသော အဝတ်တန်ဆာကို အခါခါအလဲလဲ မမွဲမနွမ်းခင်ဖြစ်စေ၍ နှစ်သက်ဖွယ်သောစည်းစိမ်ဖြင့် အိမ်ရှင်နှင်းပြီးလျှင် ကျွန်သမီး, ကျွန်ယောက်ျား ခစားခြွေရံနှင့် စံမငြီး ပျော်ရအံ့။ သင် ငါ့စကားကို နားထောင်ပါလျှင် ယခုပင် ကြံဆောင်ပါမည်”ဟု ဆို၍ သူ့ထမင်းကိုစားလျက် သူ့မယားကို အားမျှမနာ ဖြားယောင်းဖျက်ဆီးဘိ၏။

ဒီဃပိဋ္ဌိစကားကိုကြားလျှင် ဒီဃတာလာသည် ၇-နှစ်ပတ်လုံး အိမ်၌ အစေအပါးခံရရှာသော မိမိလင် ဂေါတကာဠကို ခဏချင်းစည်းစိမ်သံနှင့် တစ်ရံတွေ့သူ ဖြားယောင်းသည့်စကားကို နားဝင်၍ လင်မျှမမှတ် ချစ်ခြင်းပြတ်လျက် နေရပ်ကိုမျှမသိဘဲ ဒီဃပိဋ္ဌိကိုသာ ကြည်ညိုချစ်ခင် ကြင်နာသဖြင့် “အရှင့်သား။ အကျွန်ုပ်ကို မယားမှတ်မှတ် ချစ်ခင်ကြင်နာပါလျှင် အရှင့်စကားကို လိုက်နာအံ့”ဟု လတ်တလောပင် သဘောတူမျှလေ၏။ ဒီဃပိဋ္ဌိသည် ဒီဃတာလာစကားကိုကြားလျှင် “အဘယ်။ သင် အသို့ဆိုသနည်း။ မစိုးရိမ်လင့်”ဟုဆိုလျက် မြစ်တစ်ဘက်သို့ ရောက်လေ၏။

ထိုဒီဃပိဋ္ဌိ, ဒီဃတာလာတို့သည် ကမ်းတစ်ဘက်သို့ရောက်လေသော် ဂေါတကာဠကို “သင် ခဏမျှ နေလင့်ဦး” ဟုဆိုလျက် ဝမ်းမြောက်ဝမ်းသာ အိမ်ပါဘောဇဉ်ခဲဖွယ်များကို စားကြပြီးလျှင် ဂေါတကာဠမြင်စဉ်ပင် လိုရာအရပ်သို့ သွားကြလေ၏။

ဂေါတကာဠသည် မြစ်တစ်ဘက်ကနေလျက် ဒီဃပဋ္ဌိတို့ အတူတကွသွားကြသည်ကိုမြင်လျှင် “ဤသူသည် ငါ့မယားကိုခိုးယူ၍ သွားသည်တကား”ဟု မယားကြောင့် စိတ်နောက်၍ ပေါက်ယောင်ခုန်ယောင် တောင်ပြေးမြောက်ပြေးပြုလျက် “ယခု ငါသေအောင် ရေပင်နစ်သော်လည်း နစ်စေ”ဟု မြစ်သို့ အတန်ငယ်ဆင်းမိလျှင် တင်းမာသောစိတ်ပျောက်၍ ကြောက်စိတ်နှင့်တစ်ဖန် တက်ပြန်ချည်, ဆင်းပြန်ချည် မတည်မရပ်နိုင်ဖြစ်သဖြင့် အပြစ်အကျိုးကိုမမြင်သော ဒေါသစိတ်ဖုံးလွှမ်း၍ မြစ်ကမ်းထိပ်က စိတ်ဗျာပါဝိတက်ကြောင့် “အသက်ရှင်လိုလည်း ရှင်စေ၊ သေလိုလည်း သေစေ”ဟု ရေထဲသို့ခုန်ဆင်းလေသော် ရေတိမ်မှန်းသိ၍ အလျင်တဆောကူးလျက် ကမ်းတစ်ဘက်သို့တက်သွားသဖြင့် “မယားခိုး၊ မယားခိုး”ဟု ငြိုးစိတ်နှင့်ဆို၍ လိုက်လေသော်၊ မသူတော် ၂-ယောက်ကိုမီလေလျှင်၊ “ဟယ်၊ သူယုတ်သား။ ငါ့မယားကို အဘယ်သို့ ခိုးယူသွားမည်နည်း”ဟု ဆို၏။ ဒီဃပိဋ္ဌိလည်း ဂေါတကာဠကို “ဟယ်၊ သူယုတ်သား။ ငကွ။ နင့်မယား အဘယ်မှာရှိသနည်း။ ငါ့မယားနှင့်ငါ ခရီးသွားရာ သူမြင်၍ မလျောက်ပတ်အောင် အဘယ့်ကြောင့် မယားခိုး ယိုးစွပ်ဘိသနည်း”ဟုဆိုပြီးလျှင်၊ လည်ကိုကိုင်ညှစ်၍ တွန်းပစ်လိုက်သဖြင့် မြေ၌လဲလေ၏။

ဒီဃပိဋ္ဌိသည် ဒီဃတာလာလက်ကိုဆွဲ၍ သွားလေလျှင် ဂေါတကာလည်း လဲရာမှထပြီးလျှင် “ဟယ်၊ သူယုတ်သား။ ငါသည် ဤမိန်းမကို မိဘထံ၌ ၇-နှစ် အမှုလုပ် အစေအပါးခံပြီးမှ မိဘ ၂-ပါးစုံ ပေးထိမ်းမြား၍ရ၏။ ထိုသို့ ဆင်းရဲသဖြင့်ရသော ငါ့မယားကို အဘယ်သို့ ခိုးယူသွားမည်နည်း”ဟု မနီးမကမ်းက ဆိုမြည်လျက်လိုက်၏။

ဤသို့ ဒီဃပိဋ္ဌိ ဂေါတကာဠတို့သည် ခိုက်ရန်အငြင်းအခုံနှင့် သွားကြလေသော် ဘုရားလောင်းကစားရာ ဇရပ်တံခါးဝ ခရီးမသို့ ရောက်ကြလေ၏။ ရွာသူရွာသားအပေါင်းတို့သည်လည်း များစွာစုရုံး၍ ကြည့်ကြကုန်၏။

ထိုအခါ ဘုရားလောင်းသည် ထိုသူ၃-ယောက်တို့ကို ဆိုအပ်ပြီးသောနည်းဖြင့် ခေါ်စေ၍ရောက်လျှင် “အဘယ့်ကြောင့် ခိုက်ရန်ဖြစ်ကြသနည်း”ဟု မေး၏။ ဂေါတကာဠလည်း ၇-နှစ်ပတ်လုံး ကျွန်ခံမှရကြောင်းနှင့် ဒီဃပိဋ္ဌိ ခိုးယူသည်တိုင်အောင် စကားအလုံးစုံကို ပြန်ကြား၏။ ဒီဃပိဋ္ဌိလည်း မဟုတ်မမှန်သောစကားဖြင့် မိမိမယား ဖြစ်ကြောင်းကို ဆို၏။

ဒီဃတာလာကလည်း “ဤလူကွကို ကျွန်မ မသိ။ ဤသူသည်သာလျှင် မိဘထိမ်းမြားသော လင်တည်း”ဟု ဒီဃပိဋ္ဌိကိုသာ လင်အမှတ်ဖြင့် မဟုတ်မမှန်သောစကားကို ဆို၏။

မဟောသဓသုခမိန်သည် သူတို့စကားကို ကြားပြီးသော် “သင်တို့ ငါ၏အဆုံးအဖြတ်၌ တည်ကြမည်လော”ဟု မေး၏။ ထိုသူ ၃-ယောက်တို့လည်း “တည်ပါမည်”ဟု ဝန်ခံကြလတ်သော်၊ “ဤလူ၃-ယောက်တို့ကို အသီးအသီး သင့်ရာနေစေ”ဟု တခြားစီခွဲ၍ထားပြီးလျှင်၊ ရှေးဦးစွာ ဒီဃပိဋ္ဌိကိုခေါ်စေ၍ “သင်၏အမည် အသူခေါ်သနည်း”ဟုမေး၏။ “အရှင့်သား။ အကျွန်ုပ်၏အမည်ကို ဒီဃပိဋ္ဌိ ခေါကုန်၏”ဟု ဆိုသော်၊ “သင့်မယား၏အမည်ကို အသူခေါ်သနည်း”ဟုမေး၏။ ဒီဃပိဋ္ဌိလည်း ဒီဃတာလာ၏အမည်ကို မသိခြင်းကြောင့် တော်ဆ၍ တစ်ပါးသောအမည်ကို ပြော၏။ “သင်၏မိဘ အဘယ်ရွာနေ, အဘယ်အမည်ရှိသနည်း” ဟုမေးပြန်သော်၊ ဒီဃပိဋ္ဌိလည်း ကျွန်ုပ်မိဘ “ဤရွာနေ၊ ဤအမည် ရှိ၏”ဟုပြော၏။ “သင့်မယား၏မိဘကား အဘယ်ရွာနေ, အဘယ်အမည်ရှိသနည်း”ဟု မေးပြန်၏။ ဒီဃပိဋ္ဌိလည်း နေရပ်အမည်ကို မသိခြင်းကြောင့် ရမ်းဆ၍ “ဤရွာနေ၊ ဤအမည် ရှိ၏”ဟု မဟုတ်သောအမည်ကို ဆို၏။

ဤသို့ ဒီဃပိဋ္ဌိကို စစ်မေးပြီးသော် ထိုသူ၏စကားကို ပရိသတ်တို့အား မှတ်သားစေပြီးလျှင်၊ ဒီဃပိဋ္ဌိကို ဖယ်ရှားစေ၍၊ ဂေါတကာဠကို ခေါ်ပြီးသော် ရှေးနည်းဖြင့် မိမိအမည်, မိဘအမည်ကိုလည်းကောင်း၊ မယား၏အမည်, မယား၏မိဘ, နေရပ်အမည်ကိုလည်းကောင်း မေး၏။ ဂေါတကာဠသည် သိသောအလျောက် မဖောက်မပြန် ဟုတ်မှန်တိုင်း အလုံးစုံသောအမည် နေရပ်ကို ပြော၏။

ဤသို့ ဂေါတကာဠကို စစ်မေးပြီးလျှင် ထိုသူစကားကိုလည်း ပရိသတ်တို့အား မှတ်သားစေပြီးလျှင်၊ ဂေါတကာဠကိုဖယ်စေ၍၊ ဒီဃတာလာကို ခေါ်ပြန်သဖြင့် “သင်၏အမည်ကား အဘယ်နည်း”ဟုမေး၏။ “အရှင့်သား။ အကျွန်ုပ်အမည်ကား ဒီဃတာလာတည်း”ဟုဆို၏။ “သင်၏မိဘကား အဘယ်ရွာနေ အဘယ်အမည် ရှိသနည်း”ဟုမေး၏။ “အကျွန်ုပ်မိဘကား ဤအမည်သော ရွာနေ၊ ဤအမည် ရှိ၏”ဟုဆို၏။ “သင်၏လင်ကား အဘယ်အမည် ရှိသနည်း”ဟုမေးလတ်သော် ဒီဃပိဋ္ဌိဟူသောအမည်ကို မသိခြင်းကြောင့် ရမ်းဆ၍ “ဤအမည်ရှိ၏”ဟု တစ်ပါးသောအမည်ကို ပြော၏။

ဤသို့ ဒီဃတာလာကို စစ်မေးပြီးသော် ထိုသူ၏စကားကိုလည်း ပရိသတ်တို့အား မှတ်သားစေပြီးလျှင် ဂေါတကာဠ, ဒီဃပိဋ္ဌိတို့ကို ခေါ်စေ၍၊ ပရိသတ်တို့အား “အချင်းတို့ ဤမိန်းမ ထွက်ဆိုသောစကားသည် ဤလူမြင့်စကားနှင့် ညီသလော။ ယင်းသို့မဟုတ်မူ ဤလူပုစကားနှင့်တည်း ညီသလော”ဟု ဘုရားလောင်း မေး၏။

ပရိသတ်တို့လည်း “အရှင့်သားသုခမိန်။ ဤမိန်းမစကားသည် ဤလူကွစကားနှင့်သာ ညီ၏။ ဤလူမြင့်စကားနှင့် မညီ”ဟုဆိုကြလတ်သော်၊ ဘုရားလောင်းသည် “အချင်းတို့။ ထိုသို့တပြီးကား အဘယ်သူသည် မယားခိုးဖြစ်မည်နည်း”ဟု မေး၏။ ပရိသတ်တို့လည်း “အရှင့်သား။ ဤလူကွသည် ဤမိန်းမ၏လင်တည်း။ ဤလူမြင့်ကား မယားခိုးတည်း”ဟု ဆိုကြကုန်၏။

ထိုအခါ မဟောသဓသုခမိန်သည် ဒီဃပိဋ္ဌိကို “အချင်းယောက်ျား။ ဤမိန်းမကား “ဒီဃတာလာ အမည်ရှိ၏”ဟု လူကွနှုတ်ထွက်အတိုင်း ညီ၏။ သင့်နှုတ်ထွက်မယားကား ဤမိန်းမမဟုတ်။ အမည်တခြား ဖြစ်ခဲ့၏။ သင် အသို့နည်း။ လျှို့ဝှက်သောအမှုကို တစ်ခုမကျန် သိမြင်တတ်၏ဟု ငါ၏သတင်းကျေးဇူးကို မကြားဘူးသလော။ ဤမိန်းမကို သင် ခိုးမိချေသည် မဟုတ်လော”ဟု မေး၏။ ဒီဃပိဋ္ဌိသည် မလွှဲမဖယ်သာသောကြောင့် “အရှင့်သား။ ခိုးမိပချေ၏”ဟု ဝန်ခံ၏။

ဂေါတကာဠလည်း မိမိမယားဒီဃတာလာကို ယူဆောင်၍ ဘုရားလောင်းအား ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းပြီးလျှင် မိမိ၏မိဘအိမ်သို့ သွားလေ၏။ ဘုရားလောင်းသည် ဒီဃပိဋ္ဌိအား နောင် မပြုမကျင့်စိမ့်သောငှာ အဆုံးအမပေး၏။ ဖွားဖက်တော် သူငယ်၁၀၀၀-တို့သည်လည်း ထိုဒီဃပိဋ္ဌိကို ခြေဖြင့်ယမ်းခတ်ခြင်း, လက်ဖြင့်ထောင်းထုခြင်း စသည်ဖြင့် နာကျင်စွာဒဏ်ပေး၍ လွှတ်လိုက်ကုန်၏။

ဤအကြောင်းကို အမတ်သိလျှင် အလုံးစုံကို လျှောက်စာတင်၍ ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ကြားစေ၏။ မင်းကြီးလည်း ထိုစကားကိုကြားလျှင် သေနကအမတ်ကြီးအား ပြန်ကြားတိုင်ပင်ပြန်သဖြင့်၊ သေနကအမတ်ကြီး မြစ်တားပြန်လတ်လျှင် စိတ်လျစ်လျူဖြစ်၍ “စုံစမ်းလေဦး”ဟု အမတ်ထံသို့ စေလိုက်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်ခြင်းတည်း။