မဟောသဓဇာတ်တော်ကြီး/အခန်း-၀၈

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၈။ သားတရား စီရင်ခန်း

သားတရားဟူသည်ကား တစ်နေ့သ၌ မိန်းမတစ်ယောက်သည် မိမိသားကိုပိုက်ချီလျက် ရေချိုးအံ့သောငှာ မဟောသဓသုခမိန် စီရင်သောရေကန်သို့ လာလတ်၍၊ ထိုရေကန်၌ သားငယ်ကိုရေချိုးပြီးသော် မိမိရေချိုးအံ့သောငှာ သားငယ်ကို အဝတ်ပေါ်၌ သိပ်ထားပြီးလျှင် ရေကန်နားသို့ ဆင်းသက်လေ၏။

ထိုအခါ ဘီလူးမတစ်ယောက်သည် ထိုသူငယ်ကိုမြင်လျှင် စားချင်သောစိတ်ရှိသဖြင့် မိန်းမအသွင်ဖန်ဆင်းလျက် လာလတ်၍ “အဆွေမ။ ဤသူငယ်သည် ချစ်ဖွယ် သနားဖွယ်ရှိ၏။ သင့်သားပေလော”ဟု မေး၏။ သူငယ်အမိလည်း “အဆွေမ။ ကျွန်ုပ်သားပင်တည်း”ဟု ဆိုလတ်သော် ဘီလူးမသည် “သူငယ်ကိုချီ၍ နို့တိုက်စမ်းပါရစေ”ဟု ဆို၏။

သူငယ်အမိလည်း သဘောရိုးထင်၍ “တိုက်ပါတော့”ဟုဆိုလျှင် ဘီလူးမသည် သူငယ်ကိုပိုက်၍ နို့တိုက်ယောင်ဟန် အတန်ငယ်ရွှင်စေ၍ ဆောင်ယူပြေးလေ၏။ သူငယ်အမိလည်း “ငါ့သားကိုယူ၍ အဘယ်သို့ သွားမည်နည်း”ဟု လိုက်လျက် ဘီလူးမကို ကိုင်ဆွဲ၏။ ဘီလူးမသည်လည်း “သင့်သား အဘယ်မှာရှိသနည်း။ ဤသူငယ်ကား ငါ့သားတည်း”ဟုဆို၏။ ဤသို့ငြင်းခုံကြလျက် ဘုရားလောင်းကစားရာ ဇရပ်တံခါးဝသို့ ရောက်ကြလေ၏။

ဘုရားလောင်းသုခမိန်သည် ဆိုခဲ့ပြီးသောနည်းဖြင့် မေးမြန်းပြီးလျှင် ထိုမိန်းမ ၂-ယောက်ကိုခေါ်စေ၍ ရောက်သောအခါ “သင်တို့ အဘယ့်ကြောင့် ခိုက်ရန်ဖြစ်ကြသနည်း”ဟု မေး၏။ ဘီလူးမသည် “အရှင့်သား။ ကျွန်ုပ်သားကို ကျွန်ုပ်ရင်၌ပိုက်ချီ၍ အလိုအလျောက် ခရီးသွားပါသည်။ ဤမိန်းမသည် ကျွန်ုပ်ကိုမျှ မသိမကျွမ်းပါဘဲလျက် သူ့သားကို ယူဘိသည်ဟု ယိုးစွပ်ခဲ့သည်”ဟု ဆို၏။ သူငယ်အမိကလည်း “အရှင့်သား။ ထိုသို့မဟုတ်ပါ”ဟုဆို၍ အလုံးစုံကို ဟုတ်တိုင်းပြန်ကြားလေ၏။

ဘုရားလောင်းသည် စကား ၂-ရပ်ကိုကြားပြီး၍ ထိုမိန်းမတို့ အမူအရာ လက္ခဏာကို ဆင်ခြင်လတ်သော် “ဤမိန်းမကား မျက်တောင်လည်းမခတ်၊ မျက်ထောင့်လည်း နီ၏။ ရဲလည်း ရဲရင့်၏။ ဘီလူးမတည်း။ ဤမိန်းမကား သူငယ်အမိတည်း”ဟု အဟုတ်အမှန်သိပြီး၍ “သင်တို့ ငါ့အဆုံးအဖြတ်၌ တည်ကြအံ့လော” ဟုမေး၏။ “အရှင့်သား။ တည်ပါမည်”ဟု ၂-ဦးလုံးဝန်ခံကြလျှင် မဟောသဓသုခမိန်သည် မြေ၌ စည်းသားပြီးသော် စည်းပေါ်၌ သူငယ်ကိုသိပ်ထား၍ ဘီလူးမကို သူငယ်၏လက်တို့၌, သူငယ်၏အမိကို ခြေတို့၌ကိုင်စေပြီးလျှင် “သင်တို့ ၂-ယောက် လုကြကုန်၊ လုနိုင်သသူ သားရှင် ဖြစ်စေ”ဟု ဆို၏။

ထိုမိန်းမ ၂-ယောက်တို့လည်း ဘုရားလောင်းဆိုတိုင်း လုကြလတ်သော် သူငယ်သည် အလွန်နာကျင်သည်ဖြစ်၍ သည်းစွာငိုလတ်လျှင် အမိသည် မိမိနှလုံးကွဲအံ့သကဲ့သို့ ပြင်းစွာပင်ပန်းသည်ဖြစ်၍ သူငယ့်ခြေမှ လက်ကိုလွှတ်ပြီးလျှင် ရပ်လျက်ညှိုးငယ်စွာနေ၏။

ထိုအခါ မဟောသဓသုခမိန်သည် ပရိသတ်အပေါင်းတို့အား “အချင်းတို့။ သူငယ်တို့ကို မိခင်တည်းသာ၍ ချစ်သလော။ အမိမဟုတ်သောသူတည်း သာ၍ချစ်သလော”ဟု မေး၏။ လူအပေါင်းတို့လည်း “အရှင့်သား။ အမိသည်သာ သားတို့၌ လွန်စွာချစ်၏”ဟု ဆိုကြလတ်သော်၊ ဘုရားလောင်းသည် “အချင်းတို့။ ယခု သူငယ်ကို လုယူနိုင်သောမိန်းမတည်း ထိုသူငယ်၏မိခင်လော။ မလုနိုင် မှိုင်၍နေသောမိန်းမတည်း ထိုသူငယ်၏ မိခင်လော။ သင်တို့ အသို့ထင်ကြသနည်း”ဟုမေး၏။ ပရိသတ်တို့သည် “အရှင့်သား။ သူငယ်၏နာကျင်ခြင်းဖြင့် သည်းမခံနိုင်၍ လွှတ်လိုက်သောမိန်းမသည်သာ သူငယ်၏မိခင်ဖြစ်မည်ဟု ကျွန်ုပ်တို့ထင်သည်”ဟု ဆိုကြကုန်၏။ ဘုရားလောင်းသည် “အချင်းတို့။ ထိုသူငယ်ကို ခိုးယူသောမိန်းမကို သင်တို့ သိကြကုန်၏လော”ဟု မေး၏။ “အရှင့်သား။ ကျွန်ုပ်တို့ မသိကြကုန်”ဟု ဆိုကြလတ်သော်၊ “အချင်းတို့ ဤမိန်းမကား လူ မဟုတ်။ ဘီလူးမတည်း။ ဤသူငယ်ကိုစားလို၍ ခိုးယူသည်”ဟု ဘုရားလောင်းဆို၏။

ပရိသတ်တို့လည်း “အရှင့်သား။ အဘယ့်ကြောင့် သိသနည်း”ဟု မေးကြလတ်လျှင်၊ “အချင်းတို့။ ဤသားခိုးမကို သင်တို့ ရှုလော့။ မျက်တောင်လည်း မခတ်, မျက်ထောင့်လည်း နီ၏။ သူငယ်၌ သနားချစ်ခင်ခြင်းလည်း အလျဉ်းမရှိ။ ထိုသို့သောအကြောင်းတို့ကြောင့် ဘီလူးမ ဟု သိရသတည်း”ဟုဆို၏။

ဤသို့ ပရိသတ်တို့နှင့် ပြောဆိုပြီးလျှင် မဟောသဓသုခမိန်သည် ဘီလူးမကို “သင် အဘယ်သူနည်း။ မှန်တိုင်းပြောလော့”ဟု မေး၏။ ဘီလူးမသည် “အရှင့်သား၊ အကျွန်ုပ် ဘီလူးမပင် မှန်ပေ၏”ဟု ဝန်ခံလတ်သော် “အဘယ့်ကြောင့် ဤသူငယ်ကို အသင် ဖမ်းသနည်း”ဟု မေး၏။ ဘီလူးမလည်း “အရှင့်သား။ ဤသူငယ်ကို အကျွန်ုပ် စားလို၍ ဖမ်းသည်”ဟု ဆိုလတ်လျှင်၊ ဘုရားလောင်းသည် “ဟယ်၊ ဘီလူးမ။ သင်သည် ရှေးသံသရာဒီက မလိမ္မာ မိုက်စွာသောအလျောက် သူ့အသက်ကိုသတ်ခြင်း အစရှိသောမကောင်းမှုကို ပြုကျင့်မိဖူးသောကြောင့် ယုတ်မာစွာသော ဤဘီလူး, ဖုတ်, ပြိတ္တာမျိုး၌ဖြစ်လျက် ထိတ်လန့်ခြင်းကိုမျှ မရ။ ယခုတစ်ဖန် မကောင်းမှုကို ပြုကျင့်ပြန်သည်ကား သင်၏အမိုက်သည် အလွန်အံ့သြဖွယ် ရှိပေစွ”ဟုဆိုပြီးလျှင်၊ ဘီလူးမအား “နောင် ဤကဲ့သို့ မကောင်းမှုကို မပြုလေနှင့်”ဟု ၅-ပါးသီလ၌တည်စေလျက် လွှတ်လိုက်၏။

သူငယ့်အမိလည်း “အရှင့်သား။ အကျွန်ုပ်မွေးသောအသက်သည် ဤသူငယ်တွင် မရှိပြီ။ အရှင့်သားပေးသောအသက်သာ ရှိတော့သည်”ဟု ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းပြီးလျှင်၊ “အရှင့်သားသည် အာယုကပ်ပတ်လုံး အသက်တော် ရှည်စေသတည်း”ဟု ဆုတောင်းဆုယူပြုလျက် သားငယ်ကိုပိုက်ချီ၍ မိမိအိမ်သို့ သွားလေ၏။

ဤသို့သောအခြင်းအရာကို လျှောက်စာတင်၍ အမတ်သည် မင်းကြီးအား လျှောက်ထားစေပြန်၏။ ဝိဒေဟရာဇ်မင်းကြီးလည်း ရှေးနည်းအတူလျှင် သေနကအမတ်ကြီးနှင့်တိုင်ပင်၍၊ သေနကအမတ်ကြီး ဟန့်တားပြန်လျှင် စိတ်လစ်လျူဖြစ်သဖြင့် “စုံစမ်းလေဦး”ဟု အမတ်ထံသို့ စေလိုက်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်ခြင်းတည်း။