မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဒဏ္ဍဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၇။ မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု
324997ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဒဏ္ဍဝဂ် — ၇။ မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၇။ ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထု

ယော ဒဏ္ဍေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်မဟာမောဂ္ဂလာန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မဟာမောဂ္ဂလာန်ကို လုပ်ကြံရန်

တစ်ပါးသောအခါ၌ တိတ္ထိတို့သည် စည်းဝေးကြကုန်လျက် “ငါ့ရှင်တို့- အဘယ်အကြောင်းကြောင့် ရဟန်းကြီးဂေါတမအား လာဘ်ပူဇော်သက္ကာရ များစွာဖြစ်ဘိသနည်း၊ သိကြကုန်၏လော”ဟု မေးမြန်းပြောဆိုသဖြင့် “ငါတို့ကား မသိကုန်၊ သင်တို့ကား သိကြပါသလား”ဟု ပြန်၍ မေးလတ်သော် “ဪ.. သိကြပါကုန်၏။ ရှင်မဟာမောဂ္ဂလာန်မည်သော မထေရ်တစ်ပါးကို မှီ၍ဖြစ်၏၊ ထိုရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်သို့သွား၍ နတ်တို့ပြုအပ်သော ကုသိုလ်ကံကို မေးပြီးလျှင် ပြန်လာ၍ လူတို့အား “ဤမည်သော ကုသိုက်ကံကို ပြုခြင်းကြောင့် ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာကို ခံစားကြရကုန်၏”ဟု ပြောဟောလေ၏၊ ငရဲပြည်၌ဖြစ်သော သူတို့၏လည်း အကုသိုလ်ကံကို မေးပြီးလျှင် ပြန်လာ၍ လူတို့အား “ဤမည်သော အကုသိုလ်ကံကို ပြုခြင်းကြောင့် ဤသို့သဘောရှိသော ဆင်းရဲကို ခံစားကြရကုန်၏”ဟု ပြောဟောလေ၏။ လူတို့သည် ထိုရှင်မဟာမောဂ္ဂလာန်၏စကားကို ကြားရလျှင် များစွာသော လာဘ်ပူဇော်သက္ကာရကို ရှေးရှုဆောင်ကြကုန်၏။ ထိုရှင်မဟာမောဂ္ဂလာန်ကို သတ်အံ့သောငှာ အကယ်၍ ငါတို့ တတ်နိုင်ကုန်သည်ဖြစ်အံ့၊ ထိုလာဘ်ပူဇော်သက္ကာရသည် ငါတို့အား ဖြစ်လတ္တံ့”ဟု ကြံစည်တိုင်ပင်ကြလေကုန်၏၊ ထိုတိတ္ထိတို့သည် “ဤအကြောင်းကား ရှိ၏”ဟု အလုံးစုံ တူသောဆန္ဒ ရှိကြကုန်သည်ဖြစ်၍ “အမှတ်မရှိ တစ်ခုခုကို ပြုလျက် ထိုရှင်မဟာမောဂ္ဂလာန်ကို သတ်ကြကုန်စို့အံ့”ဟု မိမိ၏အလုပ်အကျွေးဖြစ်သောသူတို့ကို တိုက်တွန်း နှိုးဆော်သဖြင့် အသပြာတစ်ထောင်ကို ရသည်ရှိသော် လူသတ်အမှုကိုပြု၍ လှည့်လည်သွားလာကုန်သော ခိုးသူတို့ကိုခေါ်စေ၍ “အရှင်မဟာမောဂ္ဂလာန်မည်သော မထေရ်သည် ကာလသိလာမည်သောအရပ်၌ (ရာဇဂြိုဟ်ပြည်အနီး ဣသိဂိလိတောင်၏နံပါး ကာလမည်သော ကျောက်ဖျာ ဖြစ်၏) နေ၏။ ထိုအရပ်သို့သွား၍ ထိုမထေရ်ကို သတ်ကြကုန်လော့”ဟု ခိုးသူတို့အား အသပြာတို့ကို ပေးကြလေကုန်၏။

ရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံခြင်း

ခိုးသူတို့သည် ဥစ္စာ၌ တပ်မက်မောသဖြင့် ဝန်ခံပြီးလျှင် “မထေရ်ကို သတ်ကုန်အံ့”ဟု သွား၍ ထိုမထေရ်၏ နေရာအရပ်ကို ဝန်းရံကြကုန်၏။ မထေရ်လည်း ခိုးသူတို့ ဝန်းရံသည့်အဖြစ်ကို သိတော်မူလျှင် သံကောက်ပေါက်ဖြင့် ထွက်၍ ဖဲသွားလေ၏။ ထိုခိုးသူတို့သည် ထိုနေ့၌ မထေရ်ကို မမြင်ရခြင်းကြောင့် တစ်ဖန် နောက်တနေ့၌ သွား၍ ဝန်းရံကြပြန်၏။ မထေရ်လည်း သိတော်မူသဖြင့် အထွတ်ချက်ဝန်းကို ဖောက်ခွဲ၍ ကောင်းကင်သို့ ပျံတက်ကြွသွားတော်မူလေ၏။ ဤသို့လျှင် ခိုးသူတို့သည် ရှေးဦးစွာသောလ၌လည်းကောင်း၊ အလယ်ဖြစ်သော လ၌လည်းကောင်း ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ဖမ်းယူအံ့သောငှာ မတတ်နိုင်ကြကုန်၊ နောက်ဆုံးဖြစ်သောလသည် ရောက်လတ်သည်ရှိသော် မထေရ်မြတ်သည် မိမိပြုအပ်သော မကောင်းမှုကံ၏ ဆွဲငင်သောအဖြစ်ကို သိတော်မူ၍ ဖဲကြွတော်မမူဘဲ နေလေ၏၊ ခိုးသူတို့သည် သွား၍ ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ဖမ်းပြီးလျှင် ဆန်ကွဲတို့မျှလောက်ကဲ့သို့ အရိုးတို့ကိုပြုကုန်လျက် ချိုးဖဲ့ကြလေကုန်၏၊ ထိုအခါ မထေရ်ကို “သေပြီ”ဟူသော အမှတ်ဖြင့် တစ်ခုသော ချုံနောက်ဖေး၌ ပစ်ထား၍ ဖဲသွားကြလေကုန်၏။ မထေရ်မြတ်သည်လည်း “မြတ်စွာဘုရားကို ဖူးမြင်ပြီးမှသာလျှင် ပရိနိဗ္ဗာန်ပြုပေအံ့”ဟု အတ္တဘောကို ဈာန်၏ရစ်ပတ်ခြင်းဖြင့် ရစ်ပတ်၍ မြဲမြံခိုင်ခံ့အောင် ပြုပြီးလျှင် ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရားအထံတော်သို့သွား၍ ဘုရားရှင်ကိုရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော် ပရိနိဗ္ဗာန်ပြုပါတော့မည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သား မောဂ္ဂလာန်- သင် ပရိနိဗ္ဗာန်ပြုတော့မည်လော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ပြုပါတော့မည်ဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်အရပ်သို့သွား၍ ပရိနိဗ္ဗာန်ပြုမည်နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ကာလသိလာမည်သော အရပ်သို့သွား၍ ပြုပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားမောဂ္ဂလာန်- ထိုသို့ဖြစ်မူ ငါဘုရားအား တရားဟောပြီးမှ သွားလော့၊ သင်ကဲ့သို့ သဘောရှိသော ငါဘုရား၏တပည့်သာဝကကို ယခုအခါ မြင်တွေ့ဖွယ်ရာ မရှိပြီ”ဟု မိန့်တော်မူလျှင် ထိုရှင်မဟာမောဂ္ဂလာန်မထေရ်သည် “မြတ်စွာဘုရား- ဤသို့ မိန့်တော်မူတိုင်း ပြုပါမည်ဘုရား”ဟု မြတ်စွာဘုရားကို ရှိခိုးလျက် ကောင်းကင်သို့ပျံတက်ပြီးလျှင် ပရိနိဗ္ဗာန်စံတော်မူအံ့သောနေ့၌ ရှင်သာရိပုတြာမထေရ်ပြုသကဲ့သို့ ထိုရှင်မဟာမောဂ္ဂလာန်မထေရ်သည် အထူးထူးအပြားပြားရှိကုန်သော တန်ခိုးတို့ကိုပြသဖြင့် တရားဟောပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ ကာလသိလာအရပ်၏ တောအုပ်သို့ကြွသွား၍ ပရိနိဗ္ဗာန်ပြုတော်မူလေ၏။

သူသတ်ခိုးသူနှင့် တိတ္ထိတို့ကို မီးလောင်တိုက်သွင်းခြင်း

“ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ခိုးသူတို့သည် သတ်ကုန်သတတ်”ဟူသော ဤစကားသည်လည်း ဇမ္ဗူဒိပ်ကျွန်း တစ်ကျွန်းလုံး ပျံ့နှံ့လေ၏။ အဇာတသတ်မင်းသည် ခိုးသူတို့ကို ရှာဖွေအံ့သောအကျိုးငှာ သူလျှိုယောက်ျားတို့ကို စေလွှတ်လေ၏။ ထိုခိုးသူတို့သည်လည်း သေတင်းကုပ်၌ သေသောက်ကြကုန်သည်ရှိသော် တစ်ယောက်သောသူသည် တစ်ယောက်သောသူ၏ ကျောက်ကုန်းကို ရိုက်နှက်ကာ ပုတ်ခတ်လေ၏။ ထိုပုတ်ခတ်ခံရသော ယောက်ျားသည် ပုတ်ခတ်သောယောက်ျားကို ကြိမ်းမောင်းလျက် “ဟယ် ဆုံးမခက်သော သူယုတ်မာ- နင် အဘယ့်ကြောင့် ငါ့ကျောက်ကုန်းကို ပုတ်ခတ်ဘိသနည်း”ဟု ဆိုလေ၏။ “ဟယ် ခိုးသူပျက်- အသို့နည်း၊ နင်သည် ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ရှေးဦးစွာ ပုတ်ခတ်ဘိ၏လော”ဟု မေးလျှင် “အသို့နည်း၊ ငါပုတ်ခတ်သောအဖြစ်ကို နင်မသိလေသလော”ဟု ဆိုလေ၏။ ဤသို့လျှင် “ငါပုတ်ခတ်သည်၊ ငါပုတ်ခတ်သည်”ဟု ဆိုကုန်သော ခိုးသူတို့၏စကားကို ကြားရလျှင် ထိုသူလျှိုယောက်ျားတို့သည် အလုံးစုံသော ထိုခိုးသူတို့ကိုဖမ်း၍ အဇာတသတ်မင်းကြီးအား လျှောက်ကြားကြလေကုန်၏။ အဇာတသတ် မင်းကြီးသည်လည်း ခိုးသူတို့ကို ခေါ်စေပြီးလျှင် “သင်တို့သည် ရှင်မဟာမောဂ္ဂလာန် မထေရ်ကို သတ်မိလေသလော”ဟု မေးစစ်တော်မူလေ၏။ “အရှင်မင်းကြီး- သတ်မိသည်မှန်လှပါ၏”ဟု လျှောက်တင်လေသော် “အဘယ်သူသည် သင်တို့ကို တိုက်တွန်း စေခိုင်းအပ်ကုန်သနည်း”ဟု မေးစစ်ပြန်လေ၏။ “အရှင်မင်းကြီး- အစေလက တိတ္ထိတက္ကတွန်းတို့သည် တိုက်တွန်းစေခိုင်းအပ်ပါကုန်၏”ဟု လျှောက်တင်လတ်သော် အဇာတသတ်မင်းသည် ယင်းတက္ကတွန်း ငါးရာတို့ကိုဖမ်းစေ၍ ခိုးသူငါးရာတို့နှင့် အတူတကွ မင်းရင်ပြင်၌ ချက်အတိုင်းအရှည်ရှိကုန်သော တွင်းတို့၌ စိုက်ထောင်မတ်တတ် မြှုပ်နှံစေပြီးလျှင် ကောက်ရိုးတို့ဖြင့် ဖုံးလွှမ်းစေသဖြင့် မီးတိုက်စေလေ၏။ ထိုအခါ ထိုတိတ္ထိတို့နှင့် ခိုးသူတို့၏ မီးလောင်သောအဖြစ်ကိုသိလျှင် သံထွန်ဖြင့်ထွန်စေလျက် အားလုံးတို့ကို အပိုင်းပိုင်းပြုစေလေ၏။

ရဟန်းတို့သည်လည်း တရားသဘင်၌ “ရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိမိအား မလျောက်ပတ်သည်သာလျှင်ဖြစ်သော သေခြင်းသို့ ရောက်တော်မူရ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား လာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် ဤအတ္တဘောအားသာလျှင် မိမိနှင့် မလျောက်ပတ်သော သေခြင်းသို့ ရောက်ရ၏၊ ရှေးဘဝ၌ ထိုမောဂ္ဂလာန်ပြုအပ်သော မကောင်းမှုကံနှင့်သော်ကား လျောက်ပတ်သောသေခြင်းကို ရလေ၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုရှင်မောဂ္ဂလာန်၏ ရှေး၌ပြုအပ်သော မကောင်းမှုကံသည်ကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်အပ်သည်ဖြစ်ရကား အကျယ်ချဲ့၍ ဟောကြားတော်မူလေ၏။

ရှင်မောဂ္ဂလာန်၏ အတိတ်ကံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌နေသော တစ်ယောက်သော အမျိုးကောင်းသားသည် ကိုယ်တိုင်သာလျှင် မောင်းထောင်းခြင်း, ထမင်းချက်ခြင်း အစရှိသော အမှုတို့ကိုပြုလျက် မိခင်ဖခင်တို့ကို လုပ်ကျွေးသတတ်။ ထိုအခါ ထိုအမျိုးကောင်းသား၏ မိခင်ဖခင်တို့သည် ထိုအမျိုးကောင်းသားကို “ချစ်သား- သင်သည် တစ်ယောက်တည်းသာလျှင် အိမ်၌လည်းကောင်း, တော၌လည်းကောင်း အမှုကိုပြုရသဖြင့် ပင်ပန်းလှ၏။ သင့်အား တစ်ယောက်သော သတို့သမီးကို ဆောင်ယူကြကုန်အံ့”ဟု ဆိုလေလျှင် အမျိုးကောင်းသားသည် “မိခင်ဖခင်တို့- ကျွန်တော်အား ဤသို့ အိမ်ရာထောင်ခြင်းသဘောဖြင့် အလိုမရှိသေးပါ၊ ကျွန်တော်သည် သင်-မိခင်ဖခင်တို့ အသက်ရှည်သမျှကာလပတ်လုံး သင်-မိခင်ဖခင်တို့အား မိမိလက်ဖြင့် လုပ်ကျွေးပါမည်”ဟု ဆို၍ အမျိုးကောင်းသား ပယ်ရှားအပ်ကုန်ရကား အဖန်တလဲလဲ ထိုအမျိုးကောင်းသားကို တောင်းပန်၍ သတို့သမီးကို ဆောင်ယူထိမ်းမြားကြကုန်၏။ ထိုသတို့သမီးသည် နှစ်ရက်,သုံးရက်မျှပတ်လုံးသာလျှင် ထိုမိခင်ဖခင်တို့ကို ကောင်းစွာလုပ်ကျွေးသဖြင့် နောက်အဖို့၌ ထိုမိခင်ဖခင်တို့အား မြင်ခြင်းကိုမျှလည်း အလိုမရှိလတ်သည်ဖြစ်၍ “သင်၏ မိခင်ဖခင်တို့နှင့် အတူတကွ တစ်ခုတည်းသောအရပ်၌ နေခြင်းငှာ မတတ်နိုင်”ဟု စောင်းမြောင်းပြောဆိုလေရာ ထိုအမျိုးကောင်းသားသည် မိမိ၏စကားကို မယူသည်ရှိသော် ထိုအမျိုးကောင်းသား ပြင်ပသို့ သွားသောအခါ၌ သင်ပေါင်းလျှော်အပိုင်း အမှိုက်တို့ကိုလည်းကောင်း၊ ယာဂုမြှုပ်ကိုလည်းကောင်း ယူ၍ ထိုထိုအရပ်၌ကြဲလျက် ထိုအမျိုးကောင်းသား ပြန်ရောက်လာသဖြင့် “ဤအမှုကား အဘယ်အမှုနည်း”ဟု မေးအပ်သည်ရှိသော် “ထိုအမှုသည် ဤမျက်မမြင် အသက်ကြီးတို့၏ အမှုတည်း၊ အလုံးစုံသောအိမ်ကို ညစ်နွမ်းသည်ကိုပြုလျက် လှည့်လည်ကြကုန်၏။ ဤသက်ကြီး မျက်မမြင်တို့နှင့် အတူတကွ တစ်ခုတည်းသောအရပ်၌ နေခြင်းငှာ မတတ်နိုင်”ဟု ထိုမယားသည် အမျိုးကောင်းသားကို အဖန်တလဲလဲ ဆိုလေသည်ရှိသော် ဤသို့သဘောရှိသော ဖြည့်ဆည်းဖူးအပ်ပြီးသော အဂ္ဂသာဝက ပါရမီရှိသော အမျိုးကောင်းသားသော်မှလည်း မိခင်ဖခင်တို့နှင့် အတူတကွ ချစ်ခင်မြတ်နိုးသော မိတ်၏အဖြစ်သည် ပျက်စီးခဲ့လေသတည်း။

မိဘနှစ်ပါးကို ရိုက်နှက်သတ်ဖြတ်ခဲ့မှု

ထိုအမျိုးကောင်းသားသည် “ဤအတိုင်းဖြစ်ပါစေ၊ ထိုသက်ကြီး မျက်မမြင်တို့အား ပြုအပ်သောအမှုကို သိရပေတော့လတ္တံ့”ဟု ဆို၍ မိခင်ဖခင်တို့ကို ထမင်းကျွေးမွေးပြီးလျှင် “မိခင်ဖခင်တို့ ဤမည်သောအရပ်၌ သင်-မိခင်ဖခင်တို့၏ အဆွေအမျိုးတို့သည် လာရောက်ခြင်းကို တောင့်တကြပါကုန်၏။ ထိုအရပ်သို့ သွားကြကုန်အံ့”ဟု ဆို၍ မိဘတို့ကို ယာဉ်ထက်၌တင်ကာ ဆောင်ယူသွားသည်ရှိသော် တောအုပ်အလယ်သို့ ရောက်သောကာလ “ဖခင်- ကြိုးတို့ကို ကိုင်ထားကြပါ၊ နွားတို့သည် လှံတံအမှတ်ဖြင့် သွားကုန်လတ္တံ့၊ ဤအရပ်၌ ခိုးသူတို့သည် နေကုန်၏။ ကျွန်တော် သက်ဆင်းဦးအံ့”ဟု ဆို၍ ဖခင်၏လက်၌ ကြိုးတို့ကိုပေးသဖြင့် သက်ဆင်းကာသွားလျက် အသံကို ပြောင်းလွဲပြီးလျှင် ခိုးသူတို့ထသောအသံကို ပြုလ၏။ သက်ရွယ်ကြီးပြင်း အလင်းမရ မိနှင့်ဘတို့သည် အသံကိုကြားရလျှင် ခိုးယူတို့ထပြီဟူသော အမှတ်ဖြင့် “ငါတို့သားချစ်- ငါတို့ကား အိုမင်းပြီ၊ သင်သည် မိမိကိုယ်ကိုသာလျှင် စောင့်ရှောက်လေလော့”ဟု ဆိုကြလေကုန်၏။ ထိုအမျိုးကောင်းသားသည် မိခင်ဖခင်တို့ ထိုသို့သော အခြင်းအရာဖြင့် မြည်တမ်းကြကုန်သော်လည်း ခိုးသူသံကိုပြုလျက် ထောင်းထုရိုက်နှက်၍ သတ်ဖြတ်ပြီးလျှင် တောအုပ်၌ စွန့်ပစ်ပြီးမှ ပြန်လာခဲ့လေ၏။ မြတ်စွာဘုရားသည် ထိုရှင်မောဂ္ဂလာန်၏ ရှေး၌ပြုအပ်သော မကောင်းမှုကံကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် ဤမျှလောက်သော အကုသိုလ်ကံကိုပြုသောကြောင့် အသိန်းမက များပြားလှစွာသော နှစ်တို့ပတ်လုံး ငရဲ၌ကျက်ပြီးမှ အကျိုးကြွင်းအားဖြင့် အရာသော ကိုယ်၏အဖြစ်၌ ဤအတူသာလျှင် ထောင်းထုရိုက်နှက်ခြင်းကြောင့် မှုန့်မှုန့်ညက်ညက်ကြေလျက် သေခြင်းကိုရလေပြီ။ ဤသို့လျှင် မောဂ္ဂလာန်သည် မိမိကံအား လျော်စွာသာလျှင်ဖြစ်သော သေခြင်းကို ရအပ်ပြီ။ ငါးရာသော ခိုးသူတို့နှင့်တကွ ငါးရာသော တိတ္ထိတို့သည် မပြစ်မှားအပ်သော ငါ့သားတော် မောဂ္ဂလာန်၌ ပြစ်မှားမိခြင်းကြောင့် လျော်စွာသာလျှင်ဖြစ်သော သေခြင်းကို ရကြလေကုန်၏။ မပြစ်မှားအပ်သော၊ ဝါ၊ ပြစ်မှားခြင်းမရှိသောသူအား ပြစ်မှားသောသူသည် ဆယ်ပါးသော အကြောင်းတို့ဖြင့် အကျိုးမရှိသော ပျက်စီးခြင်းသို့ ရောက်ရသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

မပြစ်မှားသင့်သူ ပြစ်မှားက ဒဏ် ၁၀-ပါးထိနိုင်

[၁၃၇] ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။

[၁၃၈] ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပံဝ ပါပုဏေ။

[၁၃၉] ရာဇတော ဝါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ။
ပရိက္ခယံဝ ဉာတီနံ၊ ဘောဂါနံဝ ပဘင်္ဂုနံ။

[၁၄၀] အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

ယော၊ အကြင်သူသည်။ အဒဏ္ဍေသု၊ ကာယဒဏ္ဍ စသည်မှ ကင်းကြကုန်သော။ အပ္ပဋ္ဌေသု၊ ဘယ်သူအားမျှ ပြစ်မှားခြင်းမပြုသော ပုဂ္ဂိုလ်တို့၌။ ဒဏ္ဍေန၊ ကိုယ်ဒဏ်စသည် ပေးခြင်းဖြင့်။ ဒုဿတိ၊ ပြစ်မှား၏။ သော၊ ထိုသူသည်။ ဒသန္နံ ဌာနာနံ၊ ဆယ်ပါးသော ဒုက္ခရောက်ကြောင်း ဒဏ်သင့်ခြင်းတို့တွင်။ အညတရံ၊ တစ်ပါးပါးသော။ ဌာနံ၊ ဒဏ်သင့်ခြင်းသို့။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်တတ်၏။

ဖရုသံ၊ ကြမ်းကြုတ်သော။ ဝေဒနံ၊ ဦးခေါင်းနာစသော ဆင်းရဲဝေဒနာသို့လည်းကောင်း။ ဇာနိံ၊ ငြိုငြင်စွာရအပ်သော ဥစ္စာ၏ ဆုံးရှုံးခြင်းသို့လည်းကောင်း။ သရီရဿ၊ လက်,ခြေစသော ကိုယ်၏။ ဘေဒနံ ဝါ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ဂရုကံ၊ ကြီးလေးသော။ အာဗာဓံ ဝါပိ၊ ခြေလက်ကွေးခြင်း, ဆွံ့ခြင်းစသော အနာနှိပ်စက်ခြင်းသို့လည်းကောင်း။ စိတ္တက္ခေပံ ဝါ၊ စိတ်ပျံ့လွင့်၍ ရူးသွပ်ခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။

ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံ ဝါ၊ စည်းစိမ်ပျက်ချော ရာထူးလျောခြင်းစသော ဘေးသို့လည်းကောင်း။ ဒါရုဏံ၊ ကြမ်းကြုတ်သော။ အဗ္ဘက္ခာနံ ဝါ၊ သမုတ်တလွဲ စွပ်စွဲခံရခြင်းသို့လည်းကောင်း။ ဉာတီနံ၊ အားထားလောက်သော ဆွေမျိုးတို့၏။ ပရိက္ခယံ ဝါ၊ ကုန်ပျောက်ပြုန်းတီး ပျက်စီးခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ ပစ္စည်း ဥစ္စာတို့၏။ ပဘင်္ဂုနံ ဝါ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။

အထ၊ ထိုမှတစ်ပါး။ အဿ၊ ထိုသူ၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ ဝါ၊ ပကတိမီး, မိုးကြိုးမီးသည်လည်းကောင်း။ ပါဝကော၊ အလိုလိုထလောင်သော မီးသည်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာမရှိသော။ သော၊ ထိုဒဏ်ဆယ်ပါး တစ်ပါးပါးသင့်ပြီးသောသူသည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝါ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ကျရောက်တတ် ဖြစ်တတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထုပြီး၏။