ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဒဏ္ဍဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၈။ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု
324998ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဒဏ္ဍဝဂ် — ၈။ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၈။ ဗဟုဘဏ္ဍိကရဟန်းဝတ္ထု

န နဂ္ဂစရိယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များသော အသုံးအဆောင် ဘဏ္ဍာရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူကြွယ်ရဟန်း ကိုယ်ရုံစွန့်၍ အရွဲ့တိုက်နေပုံ

သာဝတ္ထိပြည်၌နေသော တစ်ယောက်သောသူကြွယ်သည် မယားသေလွန်သည့်အဖြစ်ကြောင့် ရဟန်းပြုသတတ်။ ထိုသူကြွယ်သည် ရဟန်းပြုလိုလတ်သည်ရှိသော် မိမိ၏နေစရာ ကျောင်းပရိဝုဏ်ကိုလည်းကောင်း၊ မီးတင်းကုပ်ကိုလည်းကောင်း၊ ဘဏ္ဍာတိုက်ကိုလည်းကောင်း ပြုစေပြီးလျှင် ဘဏ္ဍာတိုက်တစ်ခုလုံးကိုလည်း ဆီ,ထောပတ် အစရှိသည်တို့ဖြင့် ပြည့်စေပြီးမှ ရဟန်းပြုလေ၏။ ရဟန်းပြုပြီးသော်ကား မိမိ၏ကျေးကျွန်တို့ကို ခေါ်စေပြီးလျှင် အလိုရှိတိုင်း အစာအာဟာရကို ချက်စေ၍ သုံးဆောင်လေ၏။ များသော အသုံးအဆောင် ဘဏ္ဍာလည်းရှိ၏။ များသော ပရိက္ခရာလည်းရှိ၏။ ညဉ့်၌ ဝတ်ရုံသောသင်္ကန်း တခြားဖြစ်၏။ နေ့၌ ဝတ်ရုံသောသင်္ကန်း တခြားဖြစ်၏။ နေ့အခါ အသီးအခြား အစွန်အဖျားဖြစ်သောကျောင်း၌ နေ၏။ တစ်နေ့သ၌ ထိုဗဟုဘဏ္ဍိကရဟန်း၏ သင်္ကန်း,အိပ်ရာခင်းတို့ကို နေပူလှန်းစဉ် ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကြကုန်သော ရဟန်းတို့သည် မြင်ရလျှင် “ငါ့ရှင်တို့- ဤသင်္ကန်း အိပ်ရာခင်းတို့ကား အဘယ်သူ၏ သင်္ကန်း အိပ်ရာခင်းတို့နည်း”ဟု မေးသောကြောင့် “တပည့်တော်၏သင်္ကန်း အိပ်ရာခင်းတို့ပါတည်း”ဟု ဆိုသည်ရှိသော် “ငါ့ရှင်- မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်တို့ကို ခွင့်ပြုတော်မူအပ်ကုန်၏။ သင်သည် အလိုနည်းသော ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြုလျက် ဤသို့သော ပရိက္ခရာရှိသည်ဖြစ်ဘိ၏”ဟု ဆို၍ ထိုဗဟုဘဏ္ဍိက ရဟန်းကို မြတ်စွာဘုရား၏အထံတော်သို့ ခေါ်ဆောင်၍ “မြတ်စွာဘုရား- ဤရဟန်းသည် အလွန်များသော ဘဏ္ဍာရှိပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း “ချစ်သားရဟန်း- သင်သည် အဘယ့်ကြောင့် ငါ့ဘုရား အလိုနည်းစေခြင်းငှာ တရားဟောအပ်လျက် ဤသို့ များသောဘဏ္ဍာရှိသည် ဖြစ်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ ထိုဗဟုဘဏ္ဍိက ရဟန်းသည် ထိုမျှလောက်ဖြင့် အမျက်ထွက်သည်ဖြစ်၍ “ယခုအခါ ဤသို့သောနည်းဖြင့် ကျင့်ပါတော့မည် ဘုရား”ဟု ဆိုလျက် ကိုယ်ရုံသင်္ကန်းကိုစွန့်၍ ပရိသတ်အလယ်၌ တစ်ထည်သော သင်္ကန်းသာရှိသဖြင့် ရပ်နေလေ၏။ ထိုအခါ ဗဟုဘဏ္ဍိကရဟန်းကို မြတ်စွာဘုရားသည် ထောက်ပံ့တော်မူလျက် “ချစ်သားရဟန်း- သင်သည် ရှေးအခါ၌ ဟိရိဩတ္တပ္ပကို ရှာမှီးဖူး၏။ ရေစောင့်ဘီလူးဖြစ်သော ကာလ၌သော်လည်း ဟိရိဩတ္တပ္ပကို ရှာမီးလျက် တစ်ဆယ့်နှစ်နှစ်တို့ကာလပတ်လုံး နေဖူး၏။ အဘယ့်ကြောင့် ယခုအခါ အလေးအမြတ်ပြုအပ်သော ဘုရားရှင်သာသနာတော်၌ ရဟန်းပြုလျက် ပရိသတ်လေးပါးအလယ်၌ ကိုယ်ရုံသင်္ကန်းကို စွန့်ပစ်သဖြင့် ဟိရိဩတ္တပ္ပကို ပယ်စွန့်လျက် ရပ်နေဘိသနည်း”ဟု မိန့်တော်မူလေ၏။ ထိုဗဟုဘဏ္ဍိကရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားရလျှင် ရှက်ကြောက်ခြင်း ဟိရိဩတ္တပ္ပကို ဖြစ်စေသဖြင့် ထိုသင်္ကန်းကိုရုံ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်ရှားစွာ ဖြစ်စိမ့်သောငှာ မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်ကြကုန်၏။ ဘုရားရှင်သည် လွန်လေပြီးသော အတိတ်ကိုဆောင်၍ ဟောကြားတော်မူလေ၏။

မင်းသားသုံးယောက် တိုင်းပြည်မှ ထွက်သွားရခြင်း

လွန်လေပြီးသောအခါ ဗာရဏသီမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီး ဝမ်းတိုက်၌ ဘုရားအလောင်း ပဋိသန္ဓေတည်နေ စွဲယူလေသတတ်။ ထိုဘုရားလောင်းကို အမည်မှည့်အံ့သောနေ့၌ မဟိံသမင်းသားဟူသောအမည်ကို မှည့်ကြလေကုန်၏။ ထိုမဟိံသမင်းသား၏ ညီတော်သည် စန္ဒမင်းသား အမည်ရှိလေ၏။ ထိုမင်းသားတို့၏မယ်တော် နတ်ရွာလားသည်ရှိသော် မင်းကြီးသည် တစ်ပါးသော မိဖုရားငယ်ကို မိဖုရားကြီးအရာ၌ ထားလေ၏။ ထိုမိဖုရားသည်လည်း သားတော်ကို ဖွားမြင်သန့်စင်လေ၏။ သူရိယမင်းသားဟု ထိုမင်းသား၏အမည်ကို မှည့်ကြလေကုန်၏။ ထိုသူရိယမင်းသားကိုမြင်ရလျှင် မင်းကြီးသည် ကြည်လင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “သင်၏ သားတော်အလို့ငှာ ဆုတော်ကို ငါပေးမည်”ဟု ဆိုလေ၏။ မိဖုရားကြီးသည်လည်း “အရှင်မင်းကြီး- အလိုရှိသောကာလ၌ ယူပါမည်ဘုရား”ဟု လျှောက်တင်၍ အရွယ်သို့ ရောက်သောကာလ၌ မင်းကြီးကို “အရှင်မင်းကြီး- ဘုရားနှမ၏သားတော် ဖွားသန့်စင်သောကာလ၌ ဆုတော်ကို ပေးပါသည်။ ယခုအခါ ဘုရားနှမ၏သားတော်အား ပြည်စည်းစိမ်ကို ပေးတော်မူပါဘုရား”ဟု လျှောက်ကြား သံတော်ဦးတင်လေ၏။ မင်းကြီးသည် “ငါ၏သားတော် နှစ်ယောက်တို့ကား မီးပုံကြီးကဲ့သို့ တောက်ပကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ ထိုသူရိယမင်းသားငယ်အား ပြည်စည်းစိမ်ကို ပေးခြင်းငှာ မတတ်နိုင်”ဟု ဆို၍ ပယ်သော်လည်း ထိုမိဖုရားသည် အဖန်တလဲလဲ တောင်းသည်ကိုသာလျှင် မြင်ရ၍ “ဤမိဖုရားသည် သားတော်ကြီးတို့၏ အကျိုးမရှိခြင်းကိုလည်း ပြုရာ၏”ဟု သားတော်တို့ကို ခေါ်စေ၍ “ချစ်သားတို့- ငါကား သူရိယမင်းသား ဖွားမြင်သောကာလ၌ ဆုတော်ကို ပေးမိ၏။ ယခုအခါ ထိုသူရိယမင်းသား၏ မယ်တော်သည် ပြည်စည်းစိမ်ကို တောင်း၏၊ ငါကား ထိုသူရိယမင်းသားအား ပေးခြင်းငှာ အလိုမရှိ၊ ထိုသူရိယမင်းသား၏ မယ်တော်သည် သင်ချစ်သားတို့၏ အကျိုးမရှိခြင်းကိုလည်း ပြုရာ၏၊ သွားလေကုန်၊ သင်တို့သည် တော၌နေ၍ ငါလွန်သောအခါမှ ပြန်လာသဖြင့် ပြည်စည်းစိမ်ကို ယူရစ်ကြကုန်လော့”ဟု ဆို၍ လွှတ်လိုက်လေ၏။ ထိုမင်းသားတို့သည်လည်း ဖခမည်းတော်ကို ရှိခိုး၍ ပြာသာဒ်မှ ဆင်းသက်သည်ရှိသော် မင်းရင်ပြင်၌ ကစားလျက်နေသော သူရိယမင်းသားသည် မြင်လတ်၍ ထိုအကြောင်းကိုသိလျှင် နောင်တော်တို့နှင့် အတူတကွသာလျှင် ထွက်လိုက်လေ၏။ ထိုမင်းသားတို့ ဟိမဝန္တာသို့ ဝင်သောအခါကာလ၌ ဘုရားလောင်းသည် ခရီးမှဖဲ၍ အမှတ်မရှိသော သစ်ပင်ရင်း၌နေပြီးလျှင် သူရိယမင်းသားကို “အမောင် ညီတော်ချစ်- ဤအိုင်သို့ သွားသဖြင့် ရေချိုး၍လည်းကောင်း၊ သောက်၍လည်းကောင်း ငါတို့အလို့ငှာလည်း ပဒုမာကြာဖက်တို့ဖြင့် ရေကို ဆောင်ခဲ့ချေလော့”ဟု ဆိုလေ၏။

မင်းသားတို့ကို ရေစောင့်ဘီလူးဖမ်းခြင်း

ထိုအိုင်သည်ကား ဝေဿဝဏ်နတ်မင်း၏အထံမှ ရေစောင့်ဘီလူးတစ်ယောက် အပိုင်စားရအပ်သော အိုင်ဖြစ်၏။ ဝေဿဝဏ် နတ်မင်းသည်လည်း ထိုဘီလူးကို “ဒေဝဓမ္မတရားသိကုန်သော သူတို့ကိုသာလျှင် ဖယ်ထား၍ မသိကုန်သော သူတို့သည် ဤရေအိုင်သို့ ဆင်းသက်ကြကုန်သည်ဖြစ်အံ့၊ ထိုသူတို့ကို စားခြင်းငှာ သင်ရ၏”ဟု ဆိုလေ၏။ ထိုအခါမှစ၍ ဘီလူးသည် ထိုအိုင်သို့ ဆင်းကုန်,ဆင်းကုန်သောသူတို့ကို ဒေဝဓမ္မတရားတို့ကို မေးသဖြင့် မသိသောသူတို့ကိုစား၏။ သူရိယမင်းသားသည်လည်း ထိုအိုင်သို့ မစူးစမ်း မဆင်ခြင်မူ၍သာလျှင် ဆင်းသက်မိလေ၏။ ဘီလူးသည် “ဒေဝဓမ္မတရားတို့ကို သင်သိသလော”ဟု မေးအပ်သည်ရှိသော် “ဒေဝဓမ္မတရားမည်သည်ကား လနှင့် နေတည်း”ဟု ဖြေဆိုလေ၏။ ထိုအခါ ထိုသူရိယမင်းသားကို “သင်သည် ဒေဝဓမ္မတရားတို့ကို မသိ”ဟု ရေထဲသို့သွင်း၍ မိမိ၏ဗိမာန်၌ ထားလေ၏။ ဘုရားလောင်း မဟိံသမင်းသားသည်လည်း ထိုသူရိယမင်းသား ကြာမြင့်သည်ကို မြင်သိရလျှင် ညီတော် စန္ဒမင်းသားကို စေပြန်လေ၏။ ထိုစန္ဒမင်းသားကိုလည်း ဘီလူးသည် “ဒေဝဓမ္မတရားတို့ကို သိ၏လော”ဟု မေးပြန်သည်ရှိသော် “ဒေဝဓမ္မတရား မည်သည်ကား အရပ်လေးမျက်နှာတည်း”ဟု ဖြေဆိုလေ၏။ ရေစောင့်ဘီလူးသည်လည်း ထိုစန္ဒမင်းသားကို ရေထဲသို့သွင်း၍ ထို့အတူသာလျှင် ထားလေ၏။ ဘုရားလောင်းသည်လည်း ထိုစန္ဒမင်းသား ကြာမြင့်လတ်သည်ရှိသော် အန္တရာယ်ဖြစ်တန်ရာ၏ဟု ကိုယ်တိုင်သွား၍ နှစ်ယောက်သော ညီတော်တို့၏လည်း သက်ဆင်းသော ခြေရာကိုသာမြင်ရလျှင် “ဤအိုင်ကို ဘီလူးသိမ်းဆည်းအပ်၏”ဟု သိသဖြင့် သန်လျက်ကိုဖွဲ့လျက် ရပ်လေ၏။ ဘီလူးသည် ထိုမဟိံသမင်းသား မသက်ဆင်းသည်ကိုမြင်ရလျှင် တောအမှုလုပ် ယောက်ျားအသွင်ဖြင့် လာလတ်၍ “အိုယောက်ျား- သင်သည် ခရီးပင်ပန်းလျက် အဘယ့်ကြောင့် ဤအိုင်သို့ သက်ဆင်းကာ ရေချိုး၍လည်းကောင်း၊ သောက်၍လည်းကောင်း၊ ကြာစွယ်ကြာရင်းကို စားလျက် ပန်းတို့ကို ပန်ဆင်လျက် မသွားဘိသနည်း”ဟု ဆိုလေ၏။ ဘုရားလောင်းသည် ထိုယောက်ျားကို မြင်ကတည်းက “ဤသူကား ထိုဘီလူးတည်း”ဟု သိသဖြင့် “သင်သည် ငါ၏ညီတော်တို့ကို ဖမ်းယူအပ်သလော”ဟု မေးလေ၏။ “ငါသည် ဖမ်းယူသည်မှန်၏”ဟု ဆိုလတ်သော် “အဘယ့်ကြောင့် ဖမ်းယူသနည်း”ဟု မေးပြန်၏။ “ငါကား ဤအိုင်သို့ဆင်းကုန်သော ဆင်းကုန်သောသူတို့ကို ရ၏”ဟု ဆိုလတ်သော် “အသို့နည်း၊ အလုံးစုံသော သူတို့ကိုပင် သင်ရလေသလော”ဟု မေးပြန်လေ၏။ “ဒေဝဓမ္မတရားတို့ကို သိကုန်သောသူတို့ကို ဖယ်ထား၍ ကြွင်းကုန်သောသူတို့ကို ရ၏”ဟု ဆိုလတ်သော် “သင့်အား ဒေဝဓမ္မတရားတို့ဖြင့် အလိုရှိသလော”ဟု မေးလေ၏။ “အလိုရှိသည် မှန်၏”ဟုဆိုလတ်သော် “ငါဟောကြားပေအံ့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ ဟောပါလော့”ဟု ဆိုလတ်သော် “ညစ်နွမ်းသောကိုယ်ရှိသဖြင့် ဟောခြင်းငှာ မတတ်နိုင်”ဟု ဆိုလေ၏။

ဒေဝဓမ္မတရား

ဘီလူးသည် ဘုရားလောင်းကို ရေချိုးစေ၍ ရေကိုသောက်စေပြီးမှ တန်ဆာဆင်စေ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်အလယ်၌ ပလ္လင်သို့တင်ပြီးလျှင် မိမိသည် ထိုဘုရားလောင်း၏ခြေရင်း၌ နေလေ၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် “ရိုသေစွာ နာလေလော့”ဟု ဆို၍ ဤဂါထာကို ဟောလေ၏။

ဟိရိဩတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။

ဟိရိဩတ္တပ္ပသမ္ပန္နာ၊ အရှက်အကြောက်နှင့် ပြည့်စုံကြကုန်သော။ သုက္ကဓမ္မသမာဟိတာ၊ ဖြူစင်သောတရားကို ဆောက်တည်ကြကုန်သော။ သန္တော၊ ကာယကံမှုစသည် ငြိမ်သက်ကြကုန်သော။ သပ္ပုရိသာ၊ သူတော်ကောင်းတို့ကို။ လောကေ၊ လောကသုံးပါး၌။ ဒေဝဓမ္မာတိ၊ ဒေဝဓမ္မတို့ဟူ၍။ ဝုစ္စရေ၊ ဆိုအပ်ကုန်၏။

ဘုရားလောင်းနှင့် ဘီလူး အပြန်အလှန်ဆွေးနွေး

ဘီလူးသည် ဤတရားဒေသနာကို ကြားနာရလျှင် ကြည်ညိုလှသည်ဖြစ်၍ ဘုရားလောင်းကို “ပညာရှိသုခမိန်- ကျွန်ုပ်သည် သင်သုခမိန်အား နှစ်သက်ကြည်ညိုလှပါ၏။ ညီတော်တစ်ယောက်ကို ပေးပါမည်။ အဘယ်ညီတော်ကို ဆောင်ခဲ့ရပါအံ့နည်း”ဟု မေးလေ၏။ “ညီငယ်ဖြစ်သော သူရိယမင်းသားကို ဆောင်ခဲ့ပါလော့”ဟု ဆိုလျှင် “ပညာရှိသုခမိန်- သင်ကား သက်သက် ဒေဝဓမ္မတရားတို့ကို သိရုံသာသိဘိ၏။ ထိုသို့သိသော်လည်း သင်သည် ဒေဝဓမ္မတရားတို့၌ မကျင့်လတ္တံ့”ဟု ဆိုလေ၏။ “အကြောင်းကား အဘယ်နည်း”ဟု ဆိုသည်ရှိသော် “ညီတော်အကြီးကိုထား၍ ညီတော်အငယ်ကို ဆောင်ယူစေအပ်သော သင်သည် ကြီးသောသူအား အလေးအမြတ်ပြုအပ်သောအမှုကို မပြုဘိ၏”ဟု ဆိုလေ၏။ “ဒကရက္ခိုသ်ဘီလူး- အကျွန်ုပ်သည် ဒေဝဓမ္မတရားတို့ကို သိပါသည်။ ထိုဒေဝဓမ္မတရားတို့၌လည်း ကျင့်ပါသည်”ဟု ဆို၍ “အကျွန်ုပ်တို့သည် ထိုညီတော်အငယ်ကိုမှီ၍ ဤတောသို့ ဝင်လာကြရပါသည်။ ထိုမင်းသား၏အကျိုးငှာ အကျွန်ုပ်တို့၏ ဖခမည်းတော်ကို မင်းသားငယ်၏မယ်တော်သည် ပြည်စည်းစိမ်ကို တောင်းပါသည်။ အကျွန်ုပ်တို့အားလည်း ထိုဆုတော်ကို မပေးမူ၍ အကျွန်ုပ်တို့ကို စောင့်ရှောက်ခြင်းငှာ တော၌နေခြင်းကို ခွင့်ပြုတော်မူပါသည်။ ထိုမင်းသားငယ်သည် မပြန်လည်မူ၍ အကျွန်ုပ်တို့နှင့်အတူတကွ လိုက်ပါလာသည်။ ထိုမင်းသားငယ်ကို တော၌ ဘီလူးတစ်ယောက် စားပြီဟု ဆိုသော်လည်း တစ်စုံတစ်ယောက်သောသူသည် မယုံကြည်ပါလတ္တံ့။ ထို့ကြောင့် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းဘေးမှ ကြောက်လှသောကြောင့် ထိုမင်းသားငယ်ကိုသာလျှင် ဆောင်ယူစေပါ၏”ဟု ဆိုလေ၏။ ဘီလူးသည် ဘုရားလောင်းအား ကြည်ညိုပြန်၍ “ပညာရှိသုခမိန် ကောင်းလှပါပေ၏။ သင်သည်သာလျှင် ဒေဝဓမ္မတရားတို့ကို သိပေ၏”ဟု ဆိုပြီးလျှင် ညီတော်နှစ်ယောက်တို့ကိုဆောင်၍ ပေးလေ၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ဘီလူး၏အဖြစ်၌ အပြစ်ကို ဟောကြားပြောဆို၍ ငါးပါးသီလတို့၌ တည်စေလေ၏။

မင်းဖြစ်သောအခါ ဘီလူးအား ချီးမြှောက်ခြင်း

မဟိံသမင်းသားသည် ထိုရက္ခိုသ်ဘီလူး စီရင်အပ်သော စောင့်ရှောက်ခြင်းရှိသည်ဖြစ်၍ ထိုတော၌သာလျှင်နေလျက် ဖခမည်းတော် နတ်ရွာလားသည်ရှိသော် ဘီလူးကိုခေါ်၍ ဗာရာဏသီပြည်သို့ သွားသဖြင့် ပြည်စည်းစိမ်ကို သိမ်းပိုက်လျက် စန္ဒမင်းသားအား အိမ်ရှေ့မင်းအဖြစ်၊ သူရိယမင်းသားအား စစ်သူကြီးအရာကို ပေးပြီးလျှင် ဘီလူးအား မွေ့လျော်ဖွယ်ဖြစ်သောအရပ်၌ နေရာနတ်ကွန်းကို ဆောက်လုပ်စေ၍ အကြင်အခြင်းအရာဖြင့် ထိုလာဘ်သပ်ပကာ ပြန့်ပြောခြင်းသို့ ရောက်သည်ဖြစ်၏။ ထိုအခြင်းအရာဖြင့် ပြုလေ၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို အောင်တော်မူပြီးလျှင် ထိုအခါ ရေစောင့်ဘီလူးသည် ပရိက္ခရာများသော ရဟန်းဖြစ်လာ၏။ သူရိယမင်းသားသည် အာနန္ဒာဖြစ်လာ၏။ စန္ဒမင်းသားသည် သာရိပုတြာဖြစ်လာ၏၊ မဟိံသမင်းသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူလာ၏ဟု ဇာတ်ကိုပေါင်းတော်မူလေ၏။ ဤသို့လျှင် ဘုရားရှင်သည် (ဧကနိပါတ် ၁-အပဏ္ဏကဝဂ်၌ ၆-ဒေဝဓမ္မ) ဇာတ်တော်ကို ဟောကြားတော်မူ၍ “ချစ်သားရဟန်း- ဤသို့လျှင် သင်သည် ရှေးအခါ၌ ဒေဝဓမ္မတို့ကို ရှာမှီးလျက် အရှက်အကြောက်နှင့် ပြည့်စုံစွာ သွားလာလှည့်လည်ပြီးလျှင် ယခုအခါ ပရိသတ်လေးပါးအလယ်၌ ဤသင်္ကန်းတစ်ထည်ကို ဆောင်သောနည်းဖြင့် ရပ်လျက် ငါဘုရား၏ရှေ့တော်၌ အလိုနည်းသောသူ ဖြစ်ပါတော့မည်ဟုဆိုသော သင်ချစ်သားသည် မသင့်သောအမှုကို ပြုဘိ၏။ အဝတ်သင်္ကန်းကို ပယ်စွန့်ခြင်း အစရှိသည်မျှဖြင့် ရဟန်းမည်သည် မဖြစ်သေး”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၄၁] န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ဝါ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

အဝိတိဏ္ဏကင်္ခံ၊ မကူးမြောက်နိုင်သေးသော ယုံမှားခြင်းရှိသော။ မစ္စံ၊ သတ္တဝါကို။ နဂ္ဂစရိယာ၊ အဝတ်မဆီး အချည်းနှီးကျင့်သော အကျင့်တို့သည်။ န သောဓေန္တိ၊ စင်ကြယ်အောင် မသုတ်သင်နိုင်ကြကုန်။ ဇဋာ၊ ဆံကျစ်တို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ ပင်္ကာ၊ ရွံ့ညွန်အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ အနာသကာ၊ အစာကိုဖြတ်၍ အငတ်ကျင့်ခြင်းတို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ ထဏ္ဍိလသာယိကာ ဝါ၊ မြေ၌အိပ်၍ ကျင့်ခြင်းတို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ ရဇောဇလ္လံ၊ လိမ်းကျံအပ်သော မြူညစ်ကြေးသည်။ န သောဓေတိ၊ မသုတ်သင်နိုင်။ ဥက္ကုဋိကပ္ပဓာနံ၊ ဆောင့်ကြောင့်ထိုင်၍ အားထုတ်ခြင်းသည်။ န သောဓေတိ၊ မသုတ်သင်နိုင်။ (မှားသောအကျင့်ဖြစ်၍ ကိုယ်ပင်ပန်းခြင်းအဖို့သာ ရှိ၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဗဟုဘဏ္ဍိကရဟန်းဝတ္ထု ပြီး၏။