မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁၂) ပါရမီတို့၏ အကျဉ်းချုပ်တရားများ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၂) ပါရမီတို့၏ အကျဉ်းချုပ်တရားများ

၂၃၀

(၁၂) ပါရမီတို့၏ အကျဉ်းချုပ်တရားများ

“ပါရမီတို့၏ အကျဉ်းချုပ်တရားများကား အဘယ်တို့နည်း”ဟု မေးခဲ့သော်-

     အဖြေကား.. ပါရမီအကျယ် အပြားသုံးဆယ်တို့ကို သဘောတူရာ ပေါင်းချုပ်၍ ရေတွက်လျှင်(ဒါနနှင့်စပ်သော ပါရမီသုံးမျိုးကို ဒါနသဘောချင်း တူသောကြောင့်) ဒါနပါရမီ၊ (သီလနှင့်စပ်သော ပါရမီသုံးမျိုးကို သီလသဘောချင်း တူသောကြောင့်) သီလပါရမီ ဤသို့ အစရှိသည်ဖြင့် ဆယ်ပါးသာ သင်္ဂြိုဟ်ရေတွက်ရသကဲ့သို့၊ ထို့အတူ ဒါန သီလ အစရှိသော ပါရမီဆယ်ပါးတို့ကို တဖန်ထပ်၍ သဘောတူရာပေါင်းချုပ် ရေတွက်ပြန်လျှင် ဒါနပါရမီ, သီလပါရမီ, ခန္တီပါရမီ, ဝီရိယပါရမီ, ဈာနပါရမီ, ပညာပါရမီဟူ၍ သဘောရင်း ခြောက်မျိုးသာ အပြားရှိကုန်၏။

ဒါ သီ ခန် ဝီ၊ ဈာန်နှင့် ပည်၊ ခြောက်မည်သင်္ဂဟ။

     သဘောတူရာ ပေါင်းပုံကား.. နေက္ခမ္မဟူသည်မှာ ရဟန်းအဖြစ်ကို၎င်း ဈာန်တရားကို၎င်း ကုသိုလ်တရား သာမညကို၎င်း ခေါ်ဆိုသည်။ ထိုတွင် ရဟန်းအဖြစ်တည်းဟူသော နေက္ခမ္မကို သီလပါရမီဖြင့် သဘောတူ၍ သင်္ဂြိုဟ်ရေတွက်ရာ၏၊ နီဝရဏမှဆိတ်ကင်းသော ဈာန်တရားတည်းဟူသော နေက္ခမ္မမှာ ဈာနပါရမီပင် ဖြစ်ပေ၏၊ ကုသိုလ်တရား သာမညတည်းဟူသော နေက္ခမ္မကိုကား ခြောက်ပါးလုံးဖြင့်ပင် သင်္ဂြိုဟ်ရေတွက်ရာ၏။

     သစ္စာဟူသည်မှာ မှန်ကန်သော စကားတည်းဟူသော ၀စီသစ္စာ, သမ္မာဝါစာ စေတသိက်တည်းဟူသော ဝိရတီသစ္စာ, ပညာစေတသိက် တည်းဟူသော ဉာဏသစ္စာ ဤသုံးပါးကို ခေါ်ဆိုသည်။ (နိဗ္ဗာန်ဟူသော ပရမတ္ထသစ္စာကို ဤ၌ မလိုအပ်။) ထိုတွင် ဝစီသစ္စာနှင့် ဝိရတီသစ္စာတို့ကို သီလပါရမီဖြင့် သဘောတူ၍ သင်္ဂြိုဟ်ရေတွက်ရာ၏၊ ဉာဏသစ္စာကား ပညာစေတသိက်ဖြစ်၍ ပညာပါရမီ၌ ရေတွက်ရာ၏။



၂၃၁

     မေတ္တာပါရမီကို ဈာနပါရမီဖြင့် သဘောတူ၍ သင်္ဂြိုဟ် ရေတွက်ရာ၏။

     ဥပေက္ခာပါရမီဟူသော စကား၌ တတြမဇ္ဈတ္တတာ စေတသိက် ပညာစေတသိက် နှစ်ပါးပင် ပါဝင်လျက်ရှိရာ တတြမဇ္ဈတ္တတာကို ဈာနပါရမီဖြင့် သဘောတူ၍ သင်္ဂြိုဟ်ရေတွက်ရာ၏၊ ပညာစေတသိက် တည်းဟူသော ဉာဏုပေက္ခာကို ပညာပါရမီဖြင့် သင်္ဂြိုဟ်ရေတွက်ရာ၏။

     အဓိဋ္ဌာနပါရမီကိုကား ဒါန, သီလ, ခန္တီ, ဝီရိယ, ဈာန, ပညာ ဤခြောက်ပါးလုံးဖြင့်ပင် သင်္ဂြိုဟ်ရေတွက်ရာ၏။ (ဒါနမှု၌ မတုန်မလှုပ် ကြံ့ကြံ့တည်ခြင်းကို ဒါနပါရမီဖြင့် သင်္ဂြိုဟ်ရေတွက်ရာ၏။ ထို့အတူ သီလမှု, ခန္တီမှု, ဝီရိယမှု, ဈာနမှု, ပညာမှုတို့၌ မတုန်မလှုပ် ကြံ့ကြံ့တည်ခြင်းကို မိမိတို့ဆိုင်ရာ သီလပါရမီ, ခန္တီပါရမီ, ဝီရိယပါရမီ, ဈာနပါရမီ, ပညာပါရမီတို့ဖြင့် သင်္ဂြိုဟ်ရေတွက်ရာ၏။)

ထိုခြောက်ပါးတို့ တွဲစပ်၍ ရရှိသော အကျိုးကျေးဇူးများ

     ဖော်ပြရာပါ ဒါန, သီလ, ခန္တီ, ဝီရိယ, ဈာန, ပညာ တည်းဟူသော အကျဉ်းချုပ်တရား ခြောက်ပါးတို့ကို ဒါနနှင့် သီလ၊ ဒါနနှင့် ခန္တီ၊ ဒါနနှင့် ဝီရိယ၊ ဒါနနှင့် ဈာန၊ ဒါနနှင့် ပညာ။ သီလနှင့် ခန္တီ၊ သီလနှင့် ဝီရိယ၊ သီလနှင့် ဈာန၊ သီလနှင့် ပညာ။ ခန္တီနှင့် ဝီရိယ၊ ခန္တီနှင့် ဈာန၊ ခန္တီနှင့် ပညာ။ ဝီရိယနှင့် ဈာန၊ ဝီရိယနှင့် ပညာ။ ဈာနနှင့် ပညာဟူ၍ နှစ်ပါးတစုစီ (၁၅-စု)ကို ရှေးဦးစွာ မှတ်ယူရာ၏။ ထိုတွင်-

ဘုရားအလောင်းတော်ကြီးများမှာ..

(က) ဒါနနှင့်သီလ နှစ်ပါးအစုံကြောင့် သူတပါး၏ အစီးအပွါးကို ပြုခြင်း, သူတပါး၏ စီးပွါးမဲ့ကို မပြုခြင်းဟူသော ကောင်းမှုအစုံ ပြီးမြောက် ပြည့်စုံသည်။



၂၃၂

(ခ) ဒါနနှင့်ခန္တီ နှစ်ပါးအစုံကြောင့် အလောဘ အဒေါသ ကောင်းမှုအစုံ ပြီးမြောက်ပြည့်စုံသည်။

(ဂ) ဒါနနှင့်ဝီရိယ နှစ်ပါးအစုံကြောင့် စာဂ သုတဟူသော ကောင်းမှုအစုံ ပြီးမြောက်ပြည့်စုံသည်။

(ဃ) ဒါနနှင့် ဈာန နှစ်ပါးအစုံကြောင့် ကာမကို ပယ်ခြင်း, ဒေါသကို ပယ်ခြင်း တည်းဟူသော ကောင်းမှုအစုံ ပြီးမြောက်ပြည့်စုံသည်။

(င) ဒါနနှင့် ပညာ နှစ်ပါးအစုံကြောင့် သမထယာဉ် ဝိပဿနာယာဉ် နှစ်ပါး ပြီးမြောက်ပြည့်စုံသည်။ ပရိယတ္တိအလုပ် ဘာဝနာအလုပ် နှစ်ပါးလည်း ပြီးမြောက်ပြည့်စုံသည်။

(စ) သီလနှင့် ခန္တီ နှစ်ပါးအစုံကြောင့် ကိုယ်နှုတ်တို့ဖြင့် အားထုတ်မှု၏ စင်ကြယ်ခြင်း တည်းဟူသော ပယောဂသုဒ္ဓိ၊ စိတ်နှလုံးအလိုတော်၏ စင်ကြယ်ခြင်းတည်းဟူသော အာသယသုဒ္ဓိ ကောင်းမှုအစုံ ပြီးမြောက် ပြည့်စုံသည်။

(ဆ) သီလနှင့် ဝီရိယ နှစ်ပါးအစုံကြောင့် သမထနှင့် ဝိပဿနာ ဘာဝနာကောင်းမှုအစုံ ပြီးမြောက် ပြည့်စုံသည်။

(ဇ) သီလနှင့် ဈာန နှစ်ပါးအစုံကြောင့် ဝီတိက္ကမကိလေသာကို ပယ်ခြင်း ပရိယုဋ္ဌာနကိလေသာကို ပယ်ခြင်း ကောင်းမှုအစုံ ပြီးမြောက် ပြည့်စုံသည်။ ။(ဝီတိက္ကမ ကိလေသာဟူသည် ကာယကံမှု ၀စီကံမှု ကျူးကျော်ခြင်း ကိုယ်ကျူး နှုတ်ကျွံအမှုကို ပြုတတ်သော ကိလေသာကို ခေါ်သည်၊ ထိုဝီတိက္ကမကိလေသာကို သီလဖြင့်ပယ်သည်။ ပရိယုဋ္ဌာန ကိလေသာဟူသည် ကိုယ်ကျူး နှုတ်ကျွံမှုကို မဖြစ်စေပဲ စိတ်ထဲ၌သာ ထကြွသောင်းကျန်းသော ကိလေသာကို ခေါ်သည်၊ ထိုပရိယုဋ္ဌာန ကိလေသာကို ဈာန်ဖြင့် ပယ်ရှားသည်။)



၂၃၃

(ဈ) သီလနှင့် ပညာ နှစ်ပါးအစုံကြောင့် အဘယဒါန ဓမ္မဒါန နှစ်ပါးအစုံ ပြီးမြောက် ပြည့်စုံသည်။ ။(သီလရှိမှ အဘယဒါနကို ပြုနိုင်သည်၊ ပညာရှိမှ ဓမ္မဒါနကို ပြုနိုင်သည်။)

(ဉ) ခန္တီနှင့်ဝီရိယ နှစ်ပါးအစုံကြောင့် ခံနိုင်ရည်ဂုဏ် ထက်မြက်ခြင်းဂုဏ် နှစ်ပါးအစုံ ပြီးမြောက်ပြည့်စုံသည်။ ။(ခန္တီရှိမှ ကောင်းဆိုးနှစ်တန် လောကဓံကို ခံနိုင်ရည်ရှိသည်၊ ဝီရိယရှိမှ ကုသိုလ်မှု၌ ဇွဲသန်ထက်မြက်သည်။)

(ဋ) ခန္တီနှင့်ဈာန နှစ်ပါးအစုံကြောင့် ဒေါသဖြင့် ဆန့်ကျင်နေမှုကို ပယ်ခြင်း လောဘဖြင့် လိုက်လျောနေမှုကို ပယ်ခြင်း တည်းဟူသော အကျိုးနှစ်ပါး ပြီးမြောက်ပြည့်စုံသည်။ ။(ခန္တီမရှိလျှင် အနိဋ္ဌလောကဓံတို့၌ ဒေါသဖြင့် ဆန့်ကျင်နေတတ်၏၊ ဈာန်မရှိလျှင် ဣဋ္ဌလောကဓံတို့၌ လောဘဖြင့် လိုက်လျော နစ်မျောနေတတ်၏။)

(ဌ) ခန္တီနှင့်ပညာ နှစ်ပါး အစုံကြောင့် ရုပ်နာမ်တရားတို့၏ သတ္တဇီဝသဘောမှ ဆိတ်သုဉ်းမှုကို စူးစူးစိုက်စိုက် ကြည့်ရှုနိုင်ခြင်း (ဓမ္မနိဇ္ဈာနက္ခန္တီကို ဆိုလိုသည်) နိဗ္ဗာန်ကို ထိုးထွင်းသိမြင်နိုင်ခြင်း အကျိုးနှစ်ပါး ပြီးမြောက်ပြည့်စုံသည်။

(ဍ) ဝီရိယနှင့်ဈာန နှစ်ပါးအစုံကြောင့် ချီးမြှောက်ခြင်း ပဂ္ဂဟတရား, မပြန့်လွင့်ခြင်း အဝိက္ခေပတရား နှစ်ပါးတို့ ပြီးမြောက်ပြည့်စုံသည်။

(ဎ) ဝီရိယနှင့်ပညာ နှစ်ပါးအစုံကြောင့် ဝေနေယျတို့၏ ကိုးစားရာဖြစ်ခြင်း, ကိုယ်တော်မြတ်၏ ကိုးစားရာ ဖြစ်ခြင်း အကျိုးနှစ်ပါးစုံ ပြီးမြောက်ပြည့်စုံသည်။ (ဝီရိယကြောင့် ဝေနေယျတို့၏ ကိုးစားရာဖြစ်သည်၊ ပညာကြောင့် ကိုယ်တော်မြတ်၏ ကိုးစားရာဖြစ်သည်ဟု ဆိုလိုသည်။)

(ဏ) ဈာနနှင့်ပညာ နှစ်ပါးအစုံကြောင့် သမထယာဉ် ဝိပဿနာယာဉ် နှစ်ပါးတို့ ပြီးမြောက်ပြည့်စုံသည်။



၂၃၄

သုံးပါးအစုံကြောင့် အကျိုးရပုံ

     ဘုရားအလောင်းတော်ကြီးများမှာ..

(၁) ဒါန, သီလ, ခန္တီ သုံးပါးအစုံကြောင့် လောဘ, ဒေါသ, မောဟ တည်းဟူသော အကုသိုလ်မူလတရား သုံးပါးကို ပယ်ရှားခြင်း အကျိုးသုံးပါးရသည်။ ။(ဒါနဖြင့် လောဘကို ပယ်သည်၊ သီလဖြင့် ဒေါသကို ပယ်သည်၊ ခန္တီဖြင့် မောဟကို ပယ်သည်။)

(၂) ဒါန, သီလ, ဝီရိယ သုံးပါးအစုံကြောင့် စည်းစိမ်ဥစ္စာ၏ အနှစ်ကိုယူခြင်း, ကိုယ်ခန္ဓာ၏ အနှစ်ကိုယူခြင်း, အသက်၏ အနှစ်ကိုယူခြင်း အကျိုးသုံးပါးရသည်။ ။(ရန်သူမျိုးငါးပါးတို့နှင့် ဆက်ဆံနေသောကြောင့် အနှစ်သာရမရှိသော စည်းစိမ်ဥစ္စာ၏ အနှစ်သာရကား ဒါနသာလျှင်ဖြစ်၏၊ များစွာသော အနာရောဂါမျိုးတို့နှင့် ဆက်ဆံနေသောကြောင့် အနှစ်သာရမရှိသော ကိုယ်ခန္ဓာ၏ အနှစ်သာရကား သီလသာလျှင်ဖြစ်၏၊ ပျက်စီးခြင်းလျှင် အဆုံးရှိသောကြောင့် အနှစ်သာရမရှိသော အသက်၏ အနှစ်သာရကား ဝိပဿနာတရား ပွါးများအားထုတ်ခြင်းသာလျှင် ဖြစ်၏။ ဤအကြောင်းကို ဒသကနိပါတ် ကဏှဇာတ် အဋ္ဌကထာ၌ ပြဆို၏။)

(၃) ဒါန, သီလ, ဈာန သုံးပါးအစုံကြောင့် ဒါန, သီလ, ဘာဝနာဟူသော ပုညကိရိယာ (ကောင်းမှုအလုပ်ကိစ္စကြီး)သုံးမျိုး ပြီးမြောက်ခြင်း အကျိုးရသည်။

(၄) ဒါန, သီလ, ပညာ သုံးပါးအစုံကြောင့် အာမိသဒါန, အဘယဒါန, ဓမ္မဒါန သုံးပါး ပြီးမြောက်ခြင်း အကျိုးရသည်။ ။(ဒါနကြောင့် အာမိသဒါန ပြီးမြောက်သည်၊ သီလကြောင့် အဘယဒါန ပြီးမြောက်သည်၊ ပညာကြောင့် ဓမ္မဒါန ပြီးမြောက်သည်။)



၂၃၅

ဤနည်းအတူ ကြွင်းကျန်သော တရားသုံးပါးအစုံ၊ လေးပါးအစုံတို့ကြောင့် အကျိုးသုံးပါး, လေးပါးတို့ ပြီးမြောက်ပုံတို့ကိုလည်း ထိုက်သည်အားလျော်စွာ ယှဉ်စပ် သိမြင်ရာ၏။

ပါရမီခြောက်ပါးတို့ကို တရားလေးပါးတို့ဖြင့် သင်္ဂြိုဟ်ရေတွက်ပုံ

     ဆိုခဲ့ပြီးသည့်အတိုင်း သဘောတူရာကို ပေါင်း၍ ဒါနပါရမီ၊ သီလပါရမီ၊ ခန္တီပါရမီ၊ ဝီရိယပါရမီ၊ ဈာနပါရမီ၊ ပညာပါရမီဟူ၍ ခြောက်မျိုးအပြားရှိသော ပါရမီတို့ကို အဓိဋ္ဌာနတရား လေးပါးတို့ဖြင့် သင်္ဂြိုဟ်ရေတွက်ပုံကိုလည်း သိမှတ်ရာ၏။ မှန်၏.. ပါရမီခြောက်ပါးတို့ကို တဖန်ချုံး၍ စုရုံးရေတွက်ပြန်လျှင် အဓိဋ္ဌာနတရား လေးပါးတို့ ဖြစ်ကုန်၏။

အဓိဋ္ဌာနတရားကြီး လေးပါး

     အလောင်းတော်သူမြတ်တို့၏ ပါရမီဖြည့်တော်မူရာ ဘဝတို့၌၎င်း၊ ဘုရားဖြစ်တော်မူရာ ဘ၀၌၎င်း ထောက်တည်ရပ်နားရာ တရားကြီးလေးမျိုးကို အဓိဋ္ဌာနတရား လေးပါးဟူ၍ ခေါ်သည်။ ထိုအဓိဋ္ဌာနတရား လေးပါးဟူသော်ကား..

     “သစ္စာ စာဂ၊ ဥပသမာ၊ မြတ်ပညာ၊ လေးဖြာ ဓိဋ္ဌာန”..ဟူသောအတိုင်း-

(၁) သစ္စာဓိဋ္ဌာနတရား၊

(၂) စာဂါဓိဋ္ဌာနတရား၊

(၃) ဥပသမာဓိဋ္ဌာနတရား၊

(၄) ပညာဓိဋ္ဌာနတရား-

ဤလေးပါးတို့ ဖြစ်သည်၊ ထိုလေးပါးတို့တွင်-

     (၁) သစ္စာဓိဌာနတရား ဟူသည်ကား.. ပရမတ္ထသစ္စာဖြစ်သော နိဗ္ဗာန်နှင့်တကွ ထိုနိဗ္ဗာန်သို့ ရောက်ကြောင်း



၂၃၆

ရကြောင်းဖြစ်သည့် (ပုဗ္ဗဘာဂပဋိပဒါ) ရှေ့ပိုင်းကာလ အကျင့်ပဋိပတ်ဖြစ်သော ဝစီသစ္စာ= (မှန်ကန်သောစကား) ဝိရတီသစ္စာ= (ဝစီဒုစရိုက်လေးပါးတို့မှ ရှောင်ကြဉ်သော သမ္မာဝါစာစေတသိက်) ဉာဏသစ္စာ= (ပညာစေတသိက်) ဤတရားတို့သည် သစ္စာဓိဋ္ဌာနတရား မည်ကုန်၏။ ။(ပါရမီဖြည့်စဉ်ဘဝ ဘုရားဖြစ်ရာဘဝတို့၌ ထောက်တည်ရပ်နားရာ ဖြစ်သောကြောင့် ဝစီသစ္စာ ဝိရတီသစ္စာ ဉာဏသစ္စာတို့သည် အဓိဋ္ဌာနတရား မည်ကုန်၏။ ဘုရားဖြစ်ရာဘဝ၌ ထောက်တည်ရပ်နားရာ ဖြစ်သောကြောင့် နိဗ္ဗာန်တည်းဟူသော ပရမတ္ထသစ္စာသည် အဓိဋ္ဌာနတရားမည်၏။)

     (၂) စာဂါဓိဋ္ဌာနတရား ဟူသည်ကား.. အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် စွန့်လွှတ်ခြင်း၊ ထိုသို့ စွန့်လွှတ်နိုင်ရန် ရှေ့ပိုင်းကာလ အလောင်းတော်ဘဝတို့၌ ဒါနအစရှိသော ထိုထို ပါရမီတို့ဖြင့် ထိုထို ဝတ္ထုကာမ ကိလေသကာမတို့ကို စွန့်လွှတ်ပယ်ရှားခြင်းတို့သည် စာဂါဓိဋ္ဌာနတရား မည်ကုန်၏။ ။(အလောင်းတော်ဘဝ ပါရမီဖြည့်စဉ်ကာလတို့၌ ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် မစွန့်မပယ်နိုင်သေးရကား ဒါနစသော ပါရမီတို့ဖြင့် ထိုက်သည့်အလျောက် ဝတ္ထုကာမတို့ကို စွန့်လွှတ်ခြင်း၊ ကိလေသကာမတို့ကို တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်အနေဖြင့် ပယ်စွန့်ခြင်းတို့၌သာ အလောင်းတော်ကြီးများ ထောက်တည် ရပ်နားတော်မူကြရသည်။ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ရောက်၍ ဘုရားဖြစ်တော်မူမှသာ အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်စွန့်ခြင်း အပြီးတိုင် ထောက်တည် ရပ်နားတော်မူကြရသည်။ ထို့ကြောင့် အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်စွန့်ခြင်း၊ အလောင်းတော်ဘဝ၌ ဒါနစသော ပါရမီတို့ဖြင့် ထိုထို ဝတ္ထုကာမ ကိလေသကာမတို့ကို တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်အနေဖြင့် ပယ်စွန့်ခြင်းတို့ကို စာဂါဓိဋ္ဌာနတရားဟူ၍ ခေါ်ဆိုသည်။)



၂၃၇

     (၃) ဥပသမာဓိဋ္ဌာနတရား ဟူသည်ကား.. အရဟတ္တမဂ်ဖြင့် ကိလေသာဟူ အပူခပ်သိမ်း အကြွင်းမဲ့ အေးငြိမ်းခြင်း၊ ပရိနိဗ္ဗာနကာလ၌ ဝဋ်ဒုက္ခခပ်သိမ်း အကြွင်းမဲ့ အေးငြိမ်းခြင်း၊ ထိုသို့ အကြွင်းမဲ့ အမြစ်ပြတ် ကိစ္စပြီး အေးငြိမ်းရန် ရှေ့ပိုင်းကာလ အလောင်းတော်ဘဝတို့၌ ဒါနအစရှိသော ထိုထိုပါရမီတို့ဖြင့် လောဘ ဒေါသ မောဟစသော ထိုထို ကိလေသာအပူတို့၏ တဒင်္ဂ ဝိက္ခမ္ဘနအနေဖြင့် အေးငြိမ်းခြင်းသည် ဥပသမာဓိဋ္ဌာနတရား မည်၏။ ။(အလောင်းတော်ဘဝ ပါရမီဖြည့်စဉ်ကာလတို့၌ ကိလေသာအပူ ဝဋ်ဒုက္ခအပူများ အကြွင်းမဲ့ အမြစ်ပြတ် ကိစ္စပြီး မအေးငြိမ်းသေးသဖြင့် ထိုသို့အေးငြိမ်းခြင်း၏ အကြောင်းဖြစ်သော ဒါနအစရှိသည့် ပါရမီတို့ဖြင့် ထိုထို လောဘ ဒေါသ မောဟစသော ကိလေသာတို့၏ တဒင်္ဂ ဝိက္ခမ္ဘနအနေဖြင့် အေးငြိမ်းခြင်း၌သာ အလောင်းတော်ကြီးများသည် အခိုက်အတန့်အားဖြင့် ထောက်တည် ရပ်နားတော်မူကြသည်။ ဘုရားဖြစ်မှသာ ကိလေသာအပူ ဒုက္ခအပူတို့၏ အကြွင်းမဲ့ အမြစ်ပြတ် အေးငြိမ်းခြင်း၌ ကိစ္စပြီး ထောက်တည် ရပ်နားတော်မူကြရသည်။ ထို့ကြောင့် ဆိုအပ်ပြီးသည့် ကိလေသာအပူ ဒုက္ခအပူတို့၏ အေးငြိမ်းခြင်းတို့ကို ဥပသမာဓိဋ္ဌာနတရားဟူ၍ ခေါ်ဆိုသည်။)

     (၄) ပညာဓိဋ္ဌာနတရား ဟူသည်ကား.. အရဟတ္တဖိုလ်ပညာ သဗ္ဗညုတဉာဏ်ပညာတို့နှင့်တကွ ထိုပညာတို့ကို ရရှိကြောင်းဖြစ်သည့် ရှေ့ပိုင်းကာလ အလောင်းတော်ကြီးများသန္တာန်၌ ဖြစ်ပွါးသမျှ ဥပါယကောသလ္လဉာဏ် အစရှိသော ဉာဏ်ပညာအမျိုးမျိုးသည် ပညာဓိဋ္ဌာနတရားမည်၏။ ။(အလောင်းတော်ဘဝ ရှေ့ပိုင်းပညာတို့၌သာ ထောက်တည် ရပ်နားတော်မူကြရသည်။ ဘုရားဖြစ်သောအခါမှ အရဟတ္တဖိုလ်ပညာ သဗ္ဗညုတဉာဏ်ပညာတို့၌ ထောက်တည် ရပ်နားတော်မူကြရသည်။ ထို့ကြောင့် ဆိုအပ်သည့် ဉာဏ်ပညာ အမျိုးမျိုးတို့သည် ပညာဓိဋ္ဌာနတရား မည်ကုန်၏။)



၂၃၈

ပုထုဇန်အန္ဓ မေ့လျော့ကြသောသူတို့မှာ ဝတ္ထုကာမ၌သာ ထောက်တည် ရပ်နားကြသဖြင့် ထိုဝတ္ထုကာမတရားတို့သည် ထိုပုထုဇန်အန္ဓတို့၏ ထောက်တည်ရပ်နားရာ ဖြစ်ကုန်၏။ အလောင်းအလျာ သူမြတ်တို့မှာကား ထိုဝတ္ထုကာမတရားတို့၏ အပြစ်ကို ကောင်းစွာ သိမြင်တော်မူကြသောကြောင့် ထိုဝတ္ထုကာမမှ ထွက်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သည့် သစ္စာ စာဂ ဥပသမ ပညာ ဤတရားလေးပါးတို့၌ ထောက်တည် ရပ်နားတော်မူကြသဖြင့် ထိုတရားလေးပါးတို့သည် အလောင်းတော်ကြီးများ၏ ထောက်တည်ရပ်နားရာ အဓိဋ္ဌာနတရားကြီးတို့ ဖြစ်ကုန်၏။

ဘုရားအလောင်းတော်သန္တာန်၌ အဓိဋ္ဌာနတရား လေးပါးတို့ ဖြစ်ပွါးကြပုံ

     ဘုရားဆုပန် နိယတဗျာဒိတ် ခံတော်မူပြီးသော အလောင်းတော်သူမြတ်သည် ပါရမီပဝိစယဉာဏ်တော်ဖြင့် ပါရမီတော်တို့ကို ဆင်ခြင်ပြီးလျှင် ထိုပါရမီတို့ကို ဘုရားအဖြစ်သို့ တိုင်ရောက်အောင် ဆောက်တည် ဖြည့်ကျင့်တော်မူမည်ဟု ကြံစည် ဝန်ခံတော်မူခဲ့သည့်အတိုင်း ကိုယ်တော်မြတ်၏ ဝစီသစ္စာကို အကောင် အထည်ဖော်သောအနေဖြင့် အလုံးစုံသော ပါရမီတို့ကို ဖြည့်ကျင့်သိမ်းဆည်း အရယူတော်မူလေသည်။ ထို့ကြောင့် အလောင်းတော်၏သန္တာန်၌ သစ္စာဓိဋ္ဌာနတရား ထင်ရှား ဖြစ်ပေါ်နေ၏။

     ပါရမီတို့ကို ဖြည့်ကျင့်သောအခါ ထိုပါရမီတို့၏ ဆန့်ကျင်ဘက်ဖြစ်သည့် ကိလေသာတို့ကို စွန့်ပယ်တော်မူခြင်း ဝတ္ထုကာမတို့ကိုလည်း စွန့်ပယ်တော်မူခြင်းကြောင့် စာဂါဓိဋ္ဌာနတရားလည်း ထင်ရှား ဖြစ်ပေါ်နေ၏။

     ပါရမီကျေးဇူးဂုဏ်တို့ဖြင့် ကိလေသာအပြစ်များ ငြိမ်းအေးခြင်းကြောင့် ဥပသမာဓိဋ္ဌာနတရားလည်း ထင်ရှား ဖြစ်ပေါ်နေ၏။



၂၃၉

     ထိုပါရမီတို့ဖြင့်ပင် သူတပါးတို့၏ စီးပွါးဖြစ်ကြောင်း ဥပါယ်ကောင်း၌ လိမ္မာ ကျွမ်းကျင်တော်မူသောကြောင့် ပညာဓိဋ္ဌာနတရားလည်း ထင်ရှား ဖြစ်ပေါ်နေ၏။

(ပါရမီဆယ်ပါး ပါရမီခြောက်ပါးတို့ကို ဖြည့်တိုင်း ဖြည့်တိုင်း (ဝါ) ပါရမီကောင်းမှု ကုသိုလ်များ ဖြစ်တိုင်း ဖြစ်တိုင်းပင် အလောင်းတော်၏သန္တာန်၌ (၁) ဝန်ခံချက်အတိုင်း မချွတ်မယွင်း အားထုတ်မှုဟူသော သစ္စာဓိဋ္ဌာနတရား..၊ (၂) ပါရမီတို့၏ ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်တရားတို့ကို ပယ်စွန့်မှုဟူသော စာဂါဓိဋ္ဌာနတရား..၊ (၃) ကိလေသာအပြစ်ဘေး ငြိမ်းအေးမှုဟူသော ဥပသမာဓိဋ္ဌာနတရား..၊ (၄) သတ္တဝါတို့၏ စီးပွါးဖြစ်ကြောင်း ဥပါယ်ကောင်း၌ လိမ္မာကျွမ်းကျင်မှုဟူသော ပညာဓိဋ္ဌာနတရားတို့ ထင်ရှား ဖြစ်ပေါ်နေသောကြောင့် ဆိုအပ်ပြီးသည့် ပါရမီခြောက်ပါးတို့ကို တဖန်ထပ်၍ ချုံးပြန်လျှင် သစ္စာ, စာဂ, ဥပသမ, ပညာဟူသော အဓိဋ္ဌာနတရား လေးပါးတို့ ဖြစ်လာ၏ဟု ဆိုလိုသည်။)

     အပြစ်ကင်းသော လောကီစီးပွါးမှု တခုခုကို ပြုလုပ်အားထုတ်သောသူသည် ထိုအလုပ်အတွက် ရည်ရွယ်ချက် အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့ခံစား ရသောအခါ ထိုစီးပွါးမှုကို ထပ်ကာထပ်ကာ တိုး၍တိုး၍ လုံ့လကြိုးကုတ် အားထုတ်ပြုလုပ်လေသည်။ ဤ၌ ရှေးရှေးပြုလုပ် အားထုတ်အပ်သော စီးပွါးမှုအတွက် အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကား အကြောင်း၊ ထိုစီးပွါးမှုကို ထပ်ကာထပ်ကာ တိုး၍တိုး၍ လုံ့လကြိုးကုတ် အားထုတ်ပြုလုပ်သည်ကား အကျိုးဖြစ်လေသည်။

     ထို့အတူပင် အပြစ်ကင်းလှသော ပါရမီကောင်းမှု ကုသိုလ်အလုပ်ကို အားထုတ်တော်မူသော အလောင်းတော်သူမြတ်သည်လည်း ထိုအားထုတ်အပ်သည့် ပါရမီကောင်းမှုအတွက် ၀စီသစ္စာတည်းဟူသော ချိုမြိန်လှစွာသော အရသာ (သစ္စံ ဟဝေ သာဒုတရံ ရသာနံ၊ ယက္ခသံယုတ်ပါဠိ)၊ ဆန့်ကျင်ဘက် ကိလေသာတို့ကို



၂၄၀

ပယ်စွန့်ရခြင်း စာဂ၊ ထိုကိလေသာအပူ ငြိမ်းအေးခြင်း ဥပသမ၊ ဥပါယကောသလ္လ ဉာဏ်ပညာတည်းဟူသော ထောက်တည်ရာ အဓိဋ္ဌာနတရားလေးပါး အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့သုံးဆောင် ခံစားတော်မူရသဖြင့် ထိုပါရမီကောင်းမှုတို့ကို တဘဝထက်တဘဝ ထပ်ကာထပ်ကာ တိုး၍ တိုး၍ လုံ့လကြိုးကုတ် အားထုတ်တော်မူလေသည်။ ယင်းသို့ အားထုတ်တော်မူရာ၌ ရှေးရှေး ပါရမီကောင်းမှုတို့ကို အားထုတ်သောအခါ လက်တွေ့သုံးဆောင် ခံစားရသော အဓိဋ္ဌာနတရားလေးပါး အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကား အကြောင်း၊ နောက်နောက်အခါ ထပ်ကာထပ်ကာ တိုး၍တိုး၍ အားထုတ်အပ်သော ပါရမီကောင်းမှု ကုသိုလ်များကား အကျိုးဖြစ်လေသည်။ ပါရမီကောင်းမှုများ ဖြစ်ပွါးနေသည်ဆိုသည်နှင့် အဓိဋ္ဌာနတရား လေးပါးတို့ ဖြစ်ပွါးနေသည်ဆိုသည်မှာ အသံချင်းသာကွဲ၍ တရားသဘောအားဖြင့် တူနေသည်ကို ဆင်ခြင်သိရှိရာ၏။ အသေးစိတ်အားဖြင့် ဖော်ပြသော်..

     (၁) ဒါနပါရမီကောင်းမှု ဆည်းပူးတော်မူနေဆဲအခါ အလောင်းတော်သူမြတ်သည် (က) အလှူခံကိုမြင်လျှင် လှူပေအံ့ဟု ဝန်ခံကြံစည်ခဲ့သည့်အတိုင်း မချွတ်မယွင်း လှူဒါန်းရခြင်းတည်းဟူသော သစ္စာဓိဌာနတရား၊ (ခ) ဒါန၏ဆန့်ကျင်ဘက် ရန်သူများဖြစ်ကြသည့် မစ္ဆရိယအစရှိသော အကုသိုလ်တရားတို့ကို ပယ်စွန့်ရခြင်းတည်းဟူသော စာဂါဓိဋ္ဌာနတရား၊ (ဂ) လှူဖွယ်ဝတ္ထု၌ တပ်မက်သော လောဘ၊ (မလှူလိုသူတို့အား ဖြစ်ပေါ်တတ်သည့်) အလှူခံပုဂ္ဂိုလ်၌ မုန်းတီးခြင်း ဒေါသ၊ အလှူဒါန၌ တွေဝေခြင်း မောဟ (မလှူလျှင် ဒါန၌တွေဝေခြင်း မောဟဖြစ်တတ်သည်)၊ လှူဖွယ်ဝတ္ထုကို တနည်းနည်းဖြင့် ကုန်ခန်း ပျက်စီးသွားလျှင် မလှူလိုသူတို့အား ဖြစ်ပွါးတတ်သည့် မစားမသောက် မသုံးရမည်ကို ကြောက်ရွံ့ခြင်း ဘယ၊ ဤအကုသိုလ်ဘေးကြီးများ ငြိမ်းအေးမှုတည်းဟူသော ဥပသမာဓိဋ္ဌာနတရား၊ (ဃ) ထိုက်သည် အားလျော်စွာ အခါကာလအလိုက် စီမံရင်းရှိသည့်အတိုင်း



၂၄၁

ဉာဏ်ပညာရှေ့သွားပြုကာ လှူဒါန်းရမှု ယင်းသို့လှူရာ၌ ပညာတရား အကြီးအမြတ်ရှိမှု တည်းဟူသော ပညာဓိဋ္ဌာနတရား ဤလေးပါးသော အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့သုံးဆောင် ခံစားရသောကြောင့် နောက်နောက်အခါခါ ထပ်ကာထပ်ကာ တိုး၍တိုး၍ ဒါနပါရမီတရားကို ပွါးများ ဖြည့်ကျင့်တော်မူလေသည်။

     (၂) ထို့အတူ သီလပါရမီကို ဖြည့်ကျင့် ဆည်းပူးတော်မူသောအခါ အလောင်းတော်သူမြတ်သည် ဆောက်တည်ချက်အတိုင်း သိက္ခာပုဒ်များကို မလွန်ကျူးခြင်းတည်းဟူသော သစ္စာဓိဋ္ဌာနတရား၊ ဒုဿီလျစေတနာဆိုး အကုသိုလ်ဘေးမျိုးကို စွန့်ပယ်ရခြင်း တည်းဟူသော စာဂါဓိဋ္ဌာနတရား၊ ဒုစရိုက်ဘေး ငြိမ်းအေးခြင်း တည်းဟူသော ဥပသမာဓိဋ္ဌာနတရား၊ ပညာဉာဏ် အကြီးအမြတ်ရှိခြင်း တည်းဟူသော ပညာဓိဋ္ဌာနတရား ဤလေးမျိုးသော အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့သုံးဆောင် ခံစားရသောကြောင့် နောက်နောက်အခါ ထပ်ကာထပ်ကာ တိုး၍တိုး၍ သီလပါရမီတရားကို ပွါးများ ဖြည့်ကျင့်တော်မူလေသည်။

     (၃) ခန္တီပါရမီကို ဖြည့်ကျင့် ဆည်းပူးတော် မူသောအခါ အလောင်းတော် သူမြတ်သည် ဝန်ခံတော်မူခဲ့တိုင်း မချွတ်မယွင်း သည်းခံတော်မူရခြင်း တည်းဟူသော သစ္စာဓိဌာနတရား၊ သူတဖက်သားတို့၏ အမှားပြုမူ ပြောဆိုချက်များအတွက် ထွေရာစဉ်းစား အကုသိုလ်များမှုကို ပယ်စွန့်ရခြင်း တည်းဟူသော စာဂါဓိဋ္ဌာနတရား၊ အမျက်ကောဓ ထကြွသောင်းကျန်းမှု၏ ငြိမ်းအေးခြင်း တည်းဟူသော ဥပသမာဓိဋ္ဌာနတရား၊ ပညာဉာဏ် အကြီးအမြတ်ရှိခြင်း တည်းဟူသော ပညာဓိဋ္ဌာနတရား ဤလေးမျိုးသော အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့သုံးဆောင် ခံစားရသောကြောင့် နောက်နောက်အခါ ထပ်ကာထပ်ကာ တိုး၍တိုး၍ ခန္တီပါရမီတရားကို ပွါးများ ဖြည့်ကျင့်တော်မူလေသည်။

     (၄) ဝီရိယပါရမီကို ဖြည့်ကျင့် ဆည်းပူးတော် မူသောအခါ အလောင်းတော် သူမြတ်သည် ဝန်ခံတော်မူခဲ့တိုင်း



၂၄၂

သူတပါး၏ အစီးအပွါးကို ပြုလုပ် အားထုတ်ရခြင်း တည်းဟူသော သစ္စာဓိဋ္ဌာနတရား၊ ရော့ရဲဆုတ်နစ် အစွမ်းညံ့မှုကို စွန့်ပယ်ရခြင်း တည်းဟူသော စာဂါဓိဋ္ဌာနတရား၊ အကုသိုလ်ဘေး ငြိမ်းအေးခြင်းတည်းဟူသော ဥပသမာဓိဋ္ဌာနတရား၊ ပညာဉာဏ် အကြီးအမြတ်ရှိခြင်း တည်းဟူသော ပညာဓိဋ္ဌာနတရား ဤလေးမျိုးသော အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့သုံးဆောင် ခံစားရသောကြောင့် နောက်နောက်အခါ ထပ်ကာထပ်ကာ တိုး၍တိုး၍ ဝီရိယပါရမီတရားကို ပွါးများ ဖြည့်ကျင့်တော်မူလေသည်။

     (၅) ဈာနပါရမီကို ဖြည့်ကျင့် ဆည်းပူးတော်မူသောအခါ အလောင်းတော်သူမြတ်သည် ဝန်ခံတော်မူခဲ့တိုင်း လောက၏အစီးအပွါးကို စိုက်စိုက်စူးစူး ကြံစည်ရှုကြည့်တော်မူရခြင်း တည်းဟူသော သစ္စာဓိဋ္ဌာနတရား၊ နီဝရဏ အကုသိုလ်များကို ပယ်ရှားစွန့်ပစ်ရခြင်း တည်းဟူသော စာဂါဓိဋ္ဌာနတရား၊ စိတ်၏ ငြိမ်းအေးခြင်း တည်းဟူသော ဥပသမာဓိဋ္ဌာနတရား၊ ပညာဉာဏ် အကြီးအမြတ်ရှိခြင်း တည်းဟူသော ပညာဓိဋ္ဌာနတရား ဤလေးမျိုးသော အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့သုံးဆောင် ခံစားရသောကြောင့် နောက်နောက်အခါ ထပ်ကာထပ်ကာ တိုး၍တိုး၍ ဈာနပါရမီတရားကို ပွါးများ ဖြည့်ကျင့်တော်မူလေသည်။

     (၆) ပညာပါရမီကို ဖြည့်ကျင့် ဆည်းပူးတော်မူသောအခါ အလောင်းတော်သူမြတ်သည် ဝန်ခံတော်မူခဲ့တိုင်း သူတပါးတို့ စီးပွါးဖြစ်ကြောင်း ဥပါယ်ကောင်း၌ ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်ရခြင်း တည်းဟူသော သစ္စာဓိဋ္ဌာနတရား၊ လမ်းလွဲလိုက်စား အမှားမှားပြုလုပ်မှုတို့ကို စွန့်ပယ်ရခြင်း တည်းဟူသော စာဂါဓိဋ္ဌာနတရား၊ မသိမလိမ္မာသော အဝိဇ္ဇာကြောင့် ဖြစ်ပွါးသည့် ပူပန်မှုခပ်သိမ်း ငြိမ်းအေးခြင်းတည်းဟူသော ဥပသမာဓိဋ္ဌာနတရား၊ ပညာဉာဏ် အကြီးအမြတ်ရှိခြင်း တည်းဟူသော ပညာဓိဋ္ဌာနတရား ဤလေးမျိုးသော အကျိုးဖြစ်ထွန်း အမြတ်အစွန်းထွက်မှုကို လက်တွေ့သုံးဆောင် ခံစားရသောကြောင့်



၂၄၃

နောက်နောက်အခါ ထပ်ကာထပ်ကာ တိုး၍တိုး၍ ပညာပါရမီတရားကို ပွါးများ ဖြည့်ကျင့်တော်မူလေသည်။

     ဤဆိုအပ်ပြီးသော နည်းအတိုင်း ပါရမီကောင်းမှု ကုသိုလ်တရားဖြစ်ပွါးသည် ဆိုတိုင်းမှာပင် အဓိဋ္ဌာနတရား လေးပါးတို့ ဖြစ်ပွါးနေခြင်းဖြစ်၍ ပါရမီခြောက်ပါးတို့ကို အဓိဋ္ဌာနတရား လေးပါးတို့ဖြင့် သင်္ဂြိုဟ်ရေတွက်ရ၏ဟု ဆိုခြင်းဖြစ်သည်။

အဓိဋ္ဌာနတရားချင်း သင်္ဂြိုဟ်ရေတွက်ပုံ

     ပါရမီခြောက်ပါးတို့ကို အဓိဋ္ဌာနတရား လေးပါးတို့ဖြင့် သင်္ဂြိုဟ် ရေတွက်ရသကဲ့သို့ပင် အဓိဋ္ဌာနတရား လေးပါးတို့တွင်လည်း တပါး တပါးဖြင့် ကျန်သော သုံးပါး သုံးပါးတို့ကို သင်္ဂြိုဟ် ရေတွက်ရ၏။ ပေါင်းစု သင်္ဂြိုဟ်ရေတွက်ပုံမှာ..

     စာဂါဓိဋ္ဌာန ဥပသမာဓိဋ္ဌာန ပညာဓိဌာန တရားတို့မှာ သစ္စာဓိဋ္ဌာနတရားကဲ့သို့ပင် မချွတ်မယွင်း မှန်ကန်ခြင်း ဝန်ခံချက်အတိုင်း စီမံပြုလုပ်ခြင်း သဘောရှိသောကြောင့် သစ္စာဓိဋ္ဌာနတရားဖြင့် စာဂါဓိဋ္ဌာန ဥပသမာဓိဋ္ဌာန ပညာဓိဋ္ဌာန သုံးပါးတို့ကို သိမ်းကျုံး ယူအပ်ကုန်၏။

     သစ္စာဓိဋ္ဌာန ဥပသမာဓိဋ္ဌာန ပညာဓိဋ္ဌာန တရားတို့မှာ စာဂါဓိဋ္ဌာနတရားကဲ့သို့ပင် ဆန့်ကျင်ဘက်ကို ပယ်စွန့်ခြင်း သဘောရှိသောကြောင့်၎င်း အလုံးစုံကို ပယ်စွန့်ခြင်း၏ အကျိုးဖြစ်သောကြောင့်၎င်း စာဂါဓိဋ္ဌာနတရားဖြင့် သစ္စာဓိဋ္ဌာန ဥပသမာဓိဋ္ဌာန ပညာဓိဋ္ဌာန သုံးပါးတို့ကို သိမ်းကျုံး ယူအပ်ကုန်၏။

     သစ္စာဓိဋ္ဌာန စာဂါဓိဋ္ဌာန ပညာဓိဋ္ဌာန တရားတို့မှာ ဥပသမာဓိဋ္ဌာန တရားကဲ့သို့ပင် ကမ္မဝဋ် ကိလေသဝဋ် အပူခပ်သိမ်း ငြိမ်းအေးခြင်း သဘောရှိသောကြောင့် ဥပသမာဓိဋ္ဌာနတရားဖြင့် သစ္စာဓိဋ္ဌာန စာဂါဓိဋ္ဌာန ပညာဓိဋ္ဌာန သုံးပါးတို့ကို သိမ်းကျုံး ယူအပ်ကုန်၏။



၂၄၄

     သစ္စာဓိဋ္ဌာန စာဂါဓိဋ္ဌာန ဥပသမာဓိဋ္ဌာန တရားတို့မှာ ပညာရှေ့သွားရှိ၍ မိမိတို့က ပညာ၏နောက်လိုက်များ ဖြစ်ကြသောကြောင့် ပညာဓိဋ္ဌာနတရားဖြင့် သစ္စာဓိဋ္ဌာန စာဂါဓိဋ္ဌာန ဥပသမာဓိဋ္ဌာန သုံးပါးတို့ကို သိမ်းကျုံး ယူအပ်ကုန်၏။

အဓိဋ္ဌာနတရားတို့၏ ကျေးဇူးပြုပုံများ

     ဤသို့လျှင် ခပ်သိမ်းသော ပါရမီတို့သည် သစ္စာဓိဋ္ဌာနတရားကြောင့် အမွန်အစ လက်ဦးဖြစ်ပေါ်ကြ၍ စာဂါဓိဋ္ဌာနတရားဖြင့် ဗျတ္တိရုပ်သဘောအား ထင်ရှား ဖြစ်ပေါ်ကြပြီးလျှင် ဥပသမာဓိဋ္ဌာနတရားဖြင့် တိုးတက်စည်ပင် ပွါးစီးကြကုန်လျက် ပညာဓိဋ္ဌာနတရားဖြင့် အဆင့်ဆင့် ထက်ဝန်းကျင် ကိလေသာအညစ်အကြေး တို့မှ ဝေးကွာ စင်ကြယ်ကြလေကုန်သည်။

     ထိုမှတပါးလည်း ပါရမီတို့၏ အစပိုင်း၌ သစ္စာဓိဋ္ဌာနတရား ရှေ့ဆောင်ပြဋ္ဌာန်းသည်၊ သစ္စာဓိဋ္ဌာနရှိမှ ပါရမီအလုပ်ကို စတင်အားထုတ်နိုင်လေသည်။ အလယ်ပိုင်း၌ စာဂါဓိဋ္ဌာနတရား ရှေ့ဆောင်ပြဋ္ဌာန်းသည်၊ သစ္စာဓိဋ္ဌာနဖြင့် ပါရမီအလုပ်ကို စတင်အားထုတ်ပြီးနောက် အလယ်ပိုင်း၌ စာဂါဓိဋ္ဌာနဖြင့် သူတပါးအကျိုးအတွက် မိမိ၏ ကိုယ်အသက်ကို ရက်ရက်စွန့်ပစ်ကာ ပါရမီအလုပ်ကို အားထုတ်နိုင်သည်။ အဆုံးပိုင်း၌ ဥပသမာဓိဋ္ဌာနတရား ရှေ့ဆောင်ပြဋ္ဌာန်းသည်၊ အလုံးစုံသော ၀ဋ်ဒုက္ခငြိမ်းအေးမှ ပါရမီအလုပ်ကိစ္စ ပြီးဆုံးသည်။ ပညာဓိဋ္ဌာနတရားကား အစ အလယ် အဆုံး သုံးပိုင်းလုံး၌ပင် ရှေ့ဆောင်ပြဋ္ဌာန်းသည်၊ ပညာရှိမှသာလျှင် စ၍လည်း အားထုတ်နိုင်သည်၊ ကိုယ်အသက်ကိုလည်း ရက်ရက် စွန့်လှူနိုင်သည်၊ ဝဋ်ဒုက္ခခပ်သိမ်း အပြီးတိုင် ငြိမ်းအေးနိုင်သည်။

     ထိုအဓိဋ္ဌာနတရား လေးပါးလုံးပင် အမြဲမပြတ် မိမိသူတပါး နှစ်ဦးသားတို့၏ အစီးအပွါးကို ပြုတတ်ကုန်၏၊ လူခပ်သိမ်းတို့ ကျောက်ထီးတန္တု အလေးပြုအပ်သည့် ပုဂ္ဂိုလ်အဖြစ် ချစ်ခင်လေးမြတ်အပ်သည့် ပုဂ္ဂိုလ်အဖြစ်ကိုလည်း ပြုတတ်ကုန်၏။



၂၄၅

ထိုအဓိဋ္ဌာနတရား လေးပါးတို့တွင် သစ္စာဓိဋ္ဌာန စာဂါဓိဋ္ဌာန တရားနှစ်ပါး လက်ရှိထားတော်မူကြသောကြောင့် အလောင်းတော်ကြီးများသည် လူဝတ်ကြောင်ဘဝ ဖြစ်ရသောအခါ အာမိသဒါနဖြင့် သူတပါးတို့ကို ချီးမြှောက်တော်မူကြသည်။ ဥပသမာဓိဋ္ဌာန ပညာဓိဋ္ဌာန တရားနှစ်ပါး လက်ရှိထားတော်မူကြသောကြောင့် အိမ်ရာမထောင် ရသေ့ရဟန်းဘဝ ဖြစ်ရသောအခါ ဓမ္မဒါနဖြင့် သူတပါးတို့ကို ချီးမြှောက်တော်မူကြသည်။

ဘုရားဖြစ်သည့် နောက်ဆုံး (ပစ္ဆိမ)ဘ၀၌ အဓိဋ္ဌာနတရားလေးပါး အပြီးတိုင် ပြည့်စုံပုံ

     မှာထားချက်။ ။ကျမ်းဂန်တို့၌ အာစရိယဝါဒ (ဆရာအမျိုးမျိုးတို့၏ အယူအဆ အဆိုအမိန့်)ကို ဖော်ပြရာဝယ်.. ကျမ်းရင်းဆရာ၏ ဆရာ့အရာ၌ တင်ထားလောက်သည့် အရည်အချင်းရှိသော ဆရာတို့၏ ဝါဒဖြစ်လျှင် (ဧကေ ၀ဒန္တိ) ဟူ၍သော်၎င်း၊ (အညေ ၀ဒန္တိ) ဟူ၍သော်၎င်း ရေးသား ဖော်ပြလေ့ရှိသည်။ ။ကျမ်းရင်းဆရာနှင့် အရည်အချင်းတူမျှသော ဆရာတို့၏ ဝါဒဖြစ်လျှင် (အပရေ ၀ဒန္တိ)ဟူ၍ ရေးသားဖော်ပြလေ့ ရှိသည်။ ။ကျမ်းရင်းဆရာ့အောက် အရည်အချင်းနိမ့်ကျသော ဆရာတို့၏ ဝါဒဖြစ်လျှင် (ကေစိ ၀ဒန္တိ)ဟူ၍ ရေးသားဖော်ပြလေ့ရှိသည်။

ထို့ကြောင့်-

“ဧကေ အညေ -- ဆရာပေ၊

အပရေမူ -- ကိုယ်ရည်တူ၊

ကေစိမှာမူ -- ကိုယ့်အောက်လူ”-

ဟူ၍ (နိယံ)မှတ်တမ်း ဆရာစဉ်ဆက် ထားတော်မူခဲ့ကြသည်။ ထို့ကြောင့် (ဧကေဆရာ) (အညေဆရာ)ဟုဆိုလျှင် ကျမ်းရင်းဆရာ၏ ဆရာ့အရာ၌တည်ရှိသော ဆရာများဟု မှတ်ယူရာ၏။ (အပရေဆရာ)ဟုဆိုလျှင် ကျမ်းရင်းဆရာနှင့်



၂၄၆

အရည်အချင်းတူသော ဆရာများဟု မှတ်ယူရာ၏။ (ကေစိဆရာ)ဟုဆိုလျှင် ကျမ်းရင်းဆရာ့အောက် အရည်အချင်းနိမ့်ကျသော ဆရာများဟု မှတ်ယူရာ၏။

ဧကေဝါဒ

     ၁။ ဘုရားဖြစ်သည့် နောက်ဆုံး (ပစ္ဆိမ)ဘဝ၌ အဓိဋ္ဌာနတရားလေးပါး အလုံးစုံ အပြီးတိုင် ပြည့်စုံပုံကို (ဧကေဆရာတို့က) ပဋိသန္ဓေ တည်နေသောအခါကပင် အဓိဋ္ဌာနတရားလေးပါး အပြီးတိုင် ပြည့်စုံပြီးဖြစ်၏။ (ပါရမီဖြည့်ခြင်းကိစ္စ အလုံးစုံပြည့်ဝမှ ပစ္ဆိမဘဝ ပဋိသန္ဓေတည်နေခြင်းကဲ့သို့ အဓိဋ္ဌာနတရားလေးပါး အလုံးစုံ အပြီးတိုင်ပြည့်စုံမှ နောက်ဆုံး ပစ္ဆိမဘ၀ ပဋိသန္ဓေ တည်နေသည်)ဟူ၍ ဆိုတော်မူကြ၏။

     ထို ဧကေဆရာတို့၏ ရှင်းလင်းဖော်ပြပုံမှာ.. အလောင်းတော်သူမြတ်သည် ပညာဓိဋ္ဌာနတရား ပြည့်စုံအောင်မြောက်တော်မူပြီး ဖြစ်သောကြောင့် မယ်တော်ဝမ်းတိုက်သို့ သက်သောအခါ မယ်တော်ဝမ်းတိုက်၌ ဆယ်လတည်နေသောအခါ ဖွားမြင်တော်မူသောအခါများ၌ သတိသမ္ပဇဉ်ရှိသူ ဖြစ်ရသည်။

လောကီ လူ သာမန်တို့မှာ အမိဝမ်းသို့ သက်သောအခါကိုလည်း မသိ၊ အမိဝမ်း၌ တည်နေရသောအခါကိုလည်း မသိ၊ အမိဝမ်းမှ ဖွားမြင်သောအခါကိုလည်း မသိကြကုန်။ အသီတိသာဝက အလောင်းအလျာများမှာ အမိဝမ်းသို့ သက်သောအခါကိုသာ သိကြ၍ အမိဝမ်း၌ တည်နေရသောအခါ အမိဝမ်းမှ ဖွားမြင်သောအခါတို့ကိုကား မသိကြကုန်။ အဂ္ဂသာဝကနှစ်ပါး အလောင်းအလျာ ပစ္စေကဗုဒ္ဓါ အလောင်းအလျာတို့မှာ အမိဝမ်းသို့ သက်သောအခါနှင့် အမိဝမ်း၌ တည်နေရသော အခါတို့ကိုသာ သိကြ၍ အမိဝမ်းမှ ဖွားမြင်သောအခါကိုကား မသိကြကုန်။ မှန်၏.. ထိုအဂ္ဂသာဝက အလောင်းအလျာ ပစ္စေကဗုဒ္ဓါ အလောင်းအလျာတို့မှာ ဖွားမြင်ခါနီးကာလ၌



၂၄၇

ကမ္မဇလေတို့က ဦးစိုက်ဂျွမ်းပြန် ဖြစ်စေလျက် အသူအရာနက်လှစွာသော ချောက်ကမ်းပါးထဲ၌ ပစ်ချလိုက်သည့်ပမာ ယောနိဝသို့ ပစ်ချအပ်ရကား သံကောက်ပေါက် (သော့ပေါက်)ဖြင့် ဆင်ပြောင်ကြီး ကြပ်တည်းစွာ ထွက်လာရသကဲ့သို့ ကြပ်တည်းလှစွာသော ယောနိဝဖြင့် ထွက်လာကြရသောကြောင့် ဆင်းရဲဒုက္ခအနန္တ ရောက်ကြရကုန်သည်၊ ထို့ကြောင့် ထိုအဂ္ဂသာဝက အလောင်းအလျာ ပစ္စေကဗုဒ္ဓါ အလောင်းအလျာတို့သည် “ငါတို့သည် အမိဝမ်းမှ ထွက်ကြရကုန်၏”ဟူ၍ မသိနိုင်ကြကုန်။ ဤသို့လျှင် “ပါရမီပြည့်ဝပြီးသည့် ပုဂ္ဂိုလ်တို့အားသော်မှ ဤသို့သောဌာန၌ ဆင်းရဲဒုက္ခကြီးစွာ ရောက်ကြရဘိတကား”ဟု စဉ်းစားဆင်ခြင်၍ အမိဝမ်းခေါင်း ကိန်းအောင်းသန္ဓေ တည်နေရခြင်း၌ သံဝေဂကြီးစွာ ဖြစ်ရာ၏။

ဘုရားအလောင်းတော်များမှာမူ အမိဝမ်းသို့ သက်သောအခါ၊ တည်နေသောအခါ၊ ဖွားမြင်သောအခါ သုံးပါးလုံးကိုပင် သိမြင်တော်မူကြကုန်၏။ ဘုရားအလောင်းတော်များကိုကား ကမ္မဇလေတို့က ဦးစိုက်ဂျွမ်းပြန်ဖြစ်အောင် မပစ်ချနိုင်ကုန်၊ ထို့ကြောင့် ဘုရားအလောင်းတော်များ ဖွားမြင်သောအခါ လက်နှစ်ဖက်ကို ဆန့်တန်း၍ မျက်စိတော်များကိုဖွင့်ကာ ( ဓမ္မာသနပလ္လင်မှ ဓမ္မကထိကအရှင်မြတ် ငြိမ်သက်စွာ သက်ဆင်းသကဲ့သို့) ကြံ့ကြံ့မတ်မတ် ရပ်တည်လျက်သာ မယ်တော်ဝမ်းမှ ထွက်ကြွစမြဲ ဖြစ်ကုန်သည်။ သဗ္ဗညု ဘုရားအလောင်းတော်တို့ကိုထား၍ အခြား မည်သည့်သတ္တဝါမျှ အမိဝမ်းသို့ သက်သောအခါ၊ အမိဝမ်း၌ တည်နေသောအခါ၊ အမိဝမ်းမှ ဖွားမြင်သောအခါ ဤအခါသုံးပါးလုံးကို သိသောသူဟူ၍ တလူမျှ မရှိချေ။ ထို့ကြောင့် ဘုရားအလောင်းတော်များ ပဋ္ဋိသန္ဓေ နေ(အမိဝမ်းသို့သက်)သောအခါ၌၎င်း ဖွားမြင်သောအခါ၌၎င်း စကြဝဠာတိုက်ပေါင်းတသောင်း



၂၄၈

တုန်လှုပ်သည်။ (ဒီဃနိကာယ် အဋ္ဌကထာ တတိယအုပ် မျက်နှာ ၆၉-မှ။)

     အလောင်းတော် သူမြတ်သည် သစ္စာဓိဋ္ဌာန အကြောင်းတရား အပြီးတိုင် ပြည့်စုံပြီး ဖြစ်သောကြောင့် ဖွားပြီးလျှင်ပြီးခြင်း မြောက်အရပ်သို့ ခုနစ်ဖဝါး (ခုနစ်လှမ်း) လှမ်းကြွတော်မူကာ အလုံးစုံသော အရပ်မျက်နှာတို့ကို ရဲရင့်စွာ ကြည့်ရှု၍ သစ္စာသို့ အစဉ်လိုက်သောစကားဖြင့် “အဂ္ဂေါဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ၊ သေဋ္ဌောဟမသ္မိ လောကဿ= သတ္တလောကတွင် ငါ အမြတ်ဆုံး၊ ငါ အကြီးဆုံး၊ ငါ အချီးမွမ်းထိုက်ဆုံး”ဟူ၍ သုံးကြိမ်တိုင်တိုင် ခြင်္သေ့မင်းကဲ့သို့ မရွံ့မကြောက် ရဲရဲတောက် ကြုံးဝါးတော်မူလေသည်။

     ဥပသမာဓိဋ္ဌာန အကြောင်းတရား အပြီးတိုင် ပြည့်စုံပြီး ဖြစ်သောကြောင့် သူအို သူနာ သူသေ ရဟန်း တည်းဟူသော နိမိတ်ကြီးလေးပါးကို မြင်ရသောအခါ ဤခန္ဓာကိုယ်၌ ဇရာတရားနှိပ်စက်ပုံ ဗျာဓိတရားနှိပ်စက်ပုံ မရဏတရားနှိပ်စက်ပုံ စည်းစိမ်ဥစ္စာတို့၌ တဏှာမပြတ်စဲက ထိုတဏှာ၏ စေပါးရာခံ ကျွန်အဖြစ်မှ မလွတ်မြောက်နိုင်ပုံ တည်းဟူသော (ရဋ္ဌပါလသုတ္တန်လာ) ဤဓမ္မုဒ္ဒေသတရား လေးပါးကို နဲနဲနက်နက် သိရှိတော်မူသော အလောင်းတော်၏သန္တာန်၌ ယောဗ္ဗနမာန်= (အရွယ်နုပျိုသည်ကိုစွဲ၍ စိတ်တက်ကြွခြင်း)၊ အာရောဂျမာန်= (ကျန်းမာသည်ကိုစွဲ၍ စိတ်တက်ကြွခြင်း)၊ ဇီဝိတမာန်= (အသက်ရှည်သည်ကိုစွဲ၍ စိတ်တက်ကြွခြင်း)၊ သမ္ပတ္တိမာန်= (စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်ကိုစွဲ၍ စိတ်တက်ကြွခြင်း) ဤမာန်မာနတရားများ ငြိမ်းအေး ကြလေသည်။

     စာဂါဓိဋ္ဌာနအကြောင်းတရား အပြီးတိုင် ပြည့်စုံပြီးဖြစ်သောကြောင့် များစွာသော ဆွေတော်မျိုးတော်အပေါင်းနှင့်တကွ လက်တော်သို့ရောက်ပြီးသော မင်းစည်းစိမ်၊ ရောက်အံ့ဆဲဆဲဖြစ်သော စကြဝတေးမင်းစည်းစိမ်တို့ကို မငဲ့မကွက် ရက်ရက်ကြီး စွန့်တော်မူသည်။



၂၄၉

     ဤကဲ့သို့ ဧကေဆရာတို့က ဖြေရှင်းတော်မူကြသည်။ ဤဧကေ၀ါဒကို အရှင်ဓမ္မပါလ မထေရ်မြတ်သည် တစုံတခု ဝေဖန်မှု စိစစ်မှု မပြုခဲ့ပေ။

ကေစိဝါဒ

     ဒုတိယဌာနဖြစ်သည့် ဘုရားဖြစ်သောအခါ၌ အဓိဋ္ဌာနတရားလေးပါး ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံသည်ဟု ကေစိဆရာတို့ ဆိုကြကုန်၏။

     ထိုကေစိဆရာတို့၏ ရှင်းလင်းဖော်ပြပုံမှာ ဘုရားဖြစ်သောအခါ (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရသောအခါ)၌ ဝန်ခံခဲ့သည့်အတိုင်း ရှေးရှေးဘဝတို့က ဆည်းပူးလေ့လာခဲ့သော သစ္စာဓိဌာန အကြောင်းတရားကြောင့် အရိယသစ္စာလေးပါးကို ပိုင်းခြားသိမြင်တော်မူသည်၊ ထို့ကြောင့်ပင် သစ္စာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ရှေးရှေးဘဝတို့က ဆည်းပူးလေ့လာခဲ့သော စာဂါဓိဋ္ဌာန အကြောင်းတရားကြောင့် အလုံးစုံသော ကိလေသာတို့ကို အမြစ်ပြတ် ပယ်စွန့်နိုင်သည်၊ ထို့ကြောင့်ပင် စာဂါဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ရှေးရှေးဘဝက ဆည်းပူးလေ့လာခဲ့သော ဥပသမာဓိဋ္ဌာန အကြောင်းတရားကြောင့် ဘုရားဖြစ်သောအခါ အလွန့်အလွန် မွန်မြတ်သည့် နိဗ္ဗာန်တည်းဟူသော အငြိမ်းဓာတ်သို့ ဆိုက်ရောက်ခြင်းဖြစ်သည်၊ ထို့ကြောင့်ပင် ဥပသမာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ရှေးရှေးဘဝတို့က ဆည်းပူးလေ့လာခဲ့သော ပညာဓိဋ္ဌာန အကြောင်းတရားကြောင့် ဘုရားဖြစ်သောအခါ အနာဝရဏဉာဏ်= (ဉေယျတရားတို့ကို အပိတ်အပင် အဆီးအတားမရှိ သိတတ်သောဉာဏ်)ကို ရတော်မူသည်၊ ထို့ကြောင့်ပင် ပညာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။

     ဤကဲ့သို့ ကေစိဆရာတို့က ဖြေရှင်းတော်မူကြသည်၊ ဤကေစိဝါဒကို အရှင်ဓမ္မပါလ မထေရ်မြတ်က “တံ အသိဒ္ဓံ၊ အဘိသမ္ဗောဓိယာပိ ပရမတ္ထဘာဝတော”ဟူ၍ ပြည့်စုံ ပြီးပြေပြီဟု



၂၅၀

ဝန်မခံနိုင်ကြောင်း ဖွင့်ပြသည်။ အဓိပ္ပါယ်ကား.. ထိုကေစိဆရာတို့၏ စကားသည် မပြီးစီး မပြည့်စုံသေး၊ အကြောင်းကား အဘိသမ္ဗောဓိခေါ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်က ပရမတ္ထသက်သက် ဖြစ်သောကြောင့်၎င်း ဥပသမာဓိဋ္ဌာန အရကလည်း ဝဋ်ဒုက္ခ၏ မဖြစ်သောချုပ်ခြင်း (မဖြစ်သည်ကိုပင် ချုပ်ခြင်းဟု ခေါ်ရသော ချုပ်ခြင်း) ငြိမ်းခြင်းတိုင်အောင် ကောက်ယူရမည် ဖြစ်သောကြောင့်၎င်း ထို၀ဋ်ဒုက္ခ၏ မဖြစ်သောချုပ်ငြိမ်းခြင်းကလည်း ပရိနိဗ္ဗာန်စံသောကာလမှ ရစကောင်းသောသဘော ဖြစ်သောကြောင့်၎င်း ထိုကေစိဆရာတို့၏ စကားသည် မပြီးစီး မပြည့်စုံသေးချေဟု ဆိုလိုသည်။

အညေဝါဒ

     တတိယဌာနဖြစ်သည့် ဓမ္မစကြာတရားကို ဟောတော်မူသောအခါ (ဒေသနာဉာဏ်ကို ဖြစ်စေသောအခါ)၌ အဓိဋ္ဌာနတရား လေးပါးတို့ ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံသည်ဟု အညေဆရာတို့ ဆိုကြကုန်၏။

     ထိုအညေဆရာတို့၏ ရှင်းလင်းဖော်ပြပုံမှာ ထိုဓမ္မစကြာတရား ဟောကြားတော်မူသောအခါ၌ ရှေးရှေးဘဝတို့က ဆည်းပူးလေ့လာခဲ့သော သစ္စာဓိဋ္ဌာန အခြေခံအကြောင်းတရား ပြည့်စုံတော်မူသော မြတ်စွာဘုရား၏သန္တာန်၌ သစ္စာတပါးတပါးလျှင် သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် သုံးပါးစီ ဝေဖန်ဖော်ပြလျက် အရိယသစ္စာကို ဟောကြားတော်မူခြင်းဖြင့် သစ္စာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ရှေးရှေးဘဝတို့က ဆည်းပူးလေ့လာခဲ့သော စာဂါဓိဋ္ဌာန အခြေခံအကြောင်းတရား ပြည့်စုံတော်မူသော မြတ်စွာဘုရား၏သန္တာန်၌ သူတော်ကောင်းတရားကို ပေးဝေခြင်း သဒ္ဓမ္မမဟာဒါနကို ပြုခြင်းဖြင့် စာဂါဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ရှေးရှေးဘဝတို့က ဆည်းပူးလေ့လာခဲ့သော ဥပသမာဓိဋ္ဌာန အခြေခံအကြောင်းတရား ပြည့်စုံတော်မူသော မြတ်စွာဘုရား၏သန္တာန်၌



၂၅၁

ကိုယ်တော်တိုင်က ကိလေသာအပူ ငြိမ်းအေးပြီးဖြစ်၍ ဝေနေယျတို့ကိုလည်း ကိုယ်တော်နည်းတူ ငြိမ်းအေးစေတော်မူခြင်းဖြင့် ဥပသမာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ရှေးရှေးဘဝတို့က ဆည်းပူးလေ့လာခဲ့သော ပညာဓိဋ္ဌာန အခြေခံအကြောင်းတရား ပြည့်စုံတော်မူသော မြတ်စွာဘုရား၏သန္တာန်၌ ဝေနေယျတို့၏ အာသယ အနုသယ စသည်ကို ပိုင်းခြားကုန်စင် သိမြင်ခြင်းဖြင့် ပညာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံပေသည်။

     ဤကဲ့သို့ အညေဆရာတို့က ဖြေရှင်းတော်မူကြသည်။ ဤအညေဝါဒကိုလည်း အရှင်ဓမ္မပါလ မထေရ်မြတ်က- “တဒပိ အသိဒ္ဓံ၊ အပရိယောသိတတ္တာ ဗုဒ္ဓကိစ္စဿ= ဗုဒ္ဓကိစ္စ ပြီးဆုံးမှသာ အဓိဋ္ဌာနတရားလေးပါး ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံနိုင်သည်။ ဓမ္မစကြာတရား ဟောတော်မူသောအခါမှာ ဗုဒ္ဓကိစ္စကို စ-ရုံသာ စ-ရသေး၍ အပြီးအဆုံးသို့ မရောက်သေးရကား ထိုအညေဆရာတို့၏ ဝါဒစကားလည်း မပြီးစီး မပြည့်စုံသေး”ဟူ၍ ဝေဖန်တော်မူ၏။

အပရေဝါဒ

     အပရေဆရာတို့ကမူ စတုတ္ထဌာနဖြစ်သည့် ပရိနိဗ္ဗာန်စံသောအခါ၌ အဓိဋ္ဌာန်တရားလေးပါး ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံသည်ဟု ဆိုကြ၏။

     ထိုအပရေဆရာတို့၏ ရှင်းလင်းဖော်ပြပုံမှာ.. သစ္စာဓိဋ္ဌာနတရားတို့တွင် အကြီးအမြတ်ဆုံးဖြစ်သည့် နိဗ္ဗာန်တည်းဟူသော ပရမတ္ထသစ္စာဓိဋ္ဌာနတရား၏ အလုပ်ကိစ္စကား အရဟတ္တမဂ်သို့ရောက်၍ ကိလေသပရိနိဗ္ဗာန် စံရုံမျှဖြင့် ကိစ္စမပြီးစီး မပြည့်စုံသေး၊ ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘဝဇာတ်သိမ်းမှသာ အလုပ်ကိစ္စ ပြီးစီးပြည့်စုံသောကြောင့် ထိုပရိနိဗ္ဗာန်စံသာအခါ၌ သစ္စာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ထိုအခါမှာ ကာမုပဓိ ခန္ဓုပဓိ ကိလေသုပဓိ အဘိသင်္ခါရုပဓိ တည်းဟူသော



၂၅၂

ဥပဓိလေးပါးတို့ကို အကြွင်းမဲ့ ပယ်စွန့်ခြင်းကြောင့် စာဂါဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ထိုအခါမှာ အလုံးစုံသော သင်္ခါရတရားတို့ အကြွင်းမဲ့ ချုပ်ငြိမ်းသောကြောင့် ဥပသမာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။ ထိုအခါမှာ ပညာ၏အကျိုးများ အဆုံးရောက် ပြီးမြောက်ခြင်းကြောင့် ပညာဓိဋ္ဌာနတရား ဝန်းကျင်ကုံလုံ အပြီးတိုင် ပြည့်စုံလေသည်။

     ဤကဲ့သို့ အပရေဆရာတို့က ဖြေရှင်းတော်မူကြသည်။ ဤ အပရေဆရာတို့၏ ဝါဒကို အရှင်ဓမ္မပါလ မထေရ်မြတ်သည် ဝေဖန်ပြစ်တင်မှု အလျဉ်းမပြုပဲ ထိုအပရေဝါဒအပေါ်၌ လိုသည်ကိုသာ ထပ်၍ဖြည့်သောအနေဖြင့် မိမိ၏ဝါဒကို “(၁) ဖွားတော်မူသောအခါ သစ္စာဓိဋ္ဌာနတရား အပြီးတိုင် ပြည့်စုံကြောင်း အထူးသဖြင့် ထင်ရှားသည်။ (၂) ဘုရားဖြစ်သောအခါ ပညာဓိဋ္ဌာနတရား အပြီးတိုင်ပြည့်စုံကြောင်း အထူးသဖြင့် ထင်ရှားသည်။ (၃) ဓမ္မစကြာတရား ဟောကြားတော်မူသောအခါ ဓမ္မအလှူကြီး ပေးလှူခြင်းဖြင့် စာဂါဓိဋ္ဌာနတရား အပြီးတိုင် ပြည့်စုံကြောင်း အထူးသဖြင့် ထင်ရှားသည်။ (၄) ပရိနိဗ္ဗာန် စံတော်မူသောအခါ ဥပသမာဓိဋ္ဌာနတရား အပြီးတိုင် ပြည့်စုံကြောင်း အထူးသဖြင့် ထင်ရှားသည်”ဟူ၍ မိန့်ဆိုတော်မူသည်။

ဆရာတို့၏ဝါဒကို အကျဉ်းချုပ် မှတ်ယူလျှင်..

(၁) ဧကေဆရာတို့က ပဌမဌာနဖြစ်သည့် ပစ္ဆိမဘဝ ပဋိသန္ဓေ တည်နေသောကာလ၌ အဓိဋ္ဌာနတရားလေးပါး အဆုံးတိုင်ရောက် ပြီးမြောက်ပြည့်စုံ၏ဟု ဆိုတော်မူကြ၏။

(၂) ကေစိဆရာတို့က ဒုတိယဌာနဖြစ်သည့် ဘုရားဖြစ်သောကာလ၌ အဓိဋ္ဌာနတရားလေးပါး အဆုံးတိုင်ရောက် ပြီးမြောက် ပြည့်စုံ၏ဟု ဆိုတော်မူကြ၏။

(၃) အညေဆရာတို့က တတိယဌာနဖြစ်သည့် ဓမ္မစကြာတရား ဟောကြားသောကာလ၌



၂၅၃

အဓိဋ္ဌာနတရားလေးပါး အဆုံးတိုင်ရောက် ပြီးမြောက် ပြည့်စုံ၏ဟု ဆိုတော်မူကြ၏။

(၄) အပရေဆရာတို့က စတုတ္ထဌာနဖြစ်သည့် ပရိနိဗ္ဗာန်စံသောကာလ၌ အဓိဋ္ဌာနတရားလေးပါး အဆုံးတိုင်ရောက် ပြီးမြောက် ပြည့်စုံ၏ဟု ဆိုတော်မူကြ၏။

(၅) ဤစရိယာပိဋကအဋ္ဌကထာ ကျမ်းပြုဆရာ အရှင်မဟာဓမ္မပါလ မထေရ်မြတ်ကား “ကျမ်းဆရာတို့သည် မိမိနှစ်သက်သည့်ဝါဒကို နောက်ဆုံးပြကြသည်”ဟူသော မှတ်တမ်းအတိုင်း မိမိနှစ်သက်သဖြင့် အပရေဝါဒကို နောက်ဆုံးဖော်ပြပြီးလျှင် အပရေဆရာတို့၏ဝါဒကို ဖြည့်စွက်ချက်ဖြင့် လက်ခံ နှစ်သက်တော်မူသည်။ ဖြည့်စွက် လက်ခံပုံမှာ “အပရေဝါဒအတိုင်း စတုတ္ထဌာနဖြစ်သည့် ပရိနိဗ္ဗာန်စံသောကာလကျမှ အဓိဋ္ဌာနတရားလေးပါး အပြီးရောက် ပြည့်စုံသည်၊ သို့သော် ပဌမဌာန၌ သစ္စာဓိဋ္ဌာနတရား၊ ဒုတိယဌာန၌ ပညာဓိဋ္ဌာနတရား၊ တတိယဌာန၌ စာဂါဓိဋ္ဌာနတရား၊ စတုတ္တဌာန၌ ဥပသမာဓိဋ္ဌာနတရား အပြီးတိုင် ပြည့်စုံကြောင်း အထူးသဖြင့် ထင်ရှားသည်” ဤကဲ့သို့ စကားဖြည့်စွက်၍ လက်ခံတော်မူသည်။

အဓိဋ္ဌာနတရားတို့၏ အကျိုးများ

     သစ္စာဓိဋ္ဌာနကြောင့် သီလဝိသုဒ္ဓိ ပြည့်စုံသည်၊ စာဂါဓိဋ္ဌာနကြောင့် အာဇီဝဝိသုဒ္ဓိ ပြည့်စုံသည်၊ ဥပသမာဓိဋ္ဌာနကြောင့် စိတ္တဝိသုဒ္ဓိ ပြည့်စုံသည်၊ ပညာဓိဋ္ဌာနကြောင့် ဉာဏဝိသုဒ္ဓိ ပြည့်စုံသည်။

     ထိုမှတပါး သစ္စာဓိဋ္ဌာနကြောင့် (မချွတ်မယွင်းစေရကား) ဒေါသာဂတိသို့ မလိုက်ပါ။ စာဂါဓိဋ္ဌာနကြောင့် (ဝတ္ထုကာမတို့၌ မငြိကပ် မတပ်မက်ရကား) ဆန္ဒာဂတိသို့ မလိုက်ပါ၊ ဥပသမာဓိဋ္ဌာနကြောင့် (မိမိ၏ ချွတ်ယွင်းချက် အပြစ်မရှိရကား)



၂၅၄

တစုံတရာ ကြောက်ရွံ့ဖွယ်မရှိ၍ ဘယာဂတိသို့ မလိုက်ပါ၊ ပညာဓိဋ္ဌာနကြောင့် (အမှန်အတိုင်း သိမြင်ရကား) မောဟာဂတိသို့ မလိုက်ပါ။

     ထိုမှတပါးလည်း သစ္စာဓိဋ္ဌာနကြောင့် ဒေါသမထွက်ပဲ အချမ်းအပူ ဆာလောင်မွတ်သိပ်ခြင်း မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်းတို့၏ အတွေ့အထိများ သူတပါးတို့က အခံခက်အောင် ပြောဆိုဆဲရေးသော စကားများ အလွန်ဆင်းရဲသော ဒုက္ခဝေဒနာများကို သည်းခံတော်မူနိုင်၏၊ စာဂါဓိဋ္ဌာနကြောင့် လောဘဖြင့် မတပ်မက်ပဲ သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ကို မှီဝဲတော်မူ၏၊ ဥပသမာဓိဋ္ဌာန်ကြောင့် ကြောက်လန့်ခြင်း (ဆုတ်နစ်သည့်ဒေါသ) အလျဉ်းမရှိပဲ ဆင်ကြမ်း မြင်းကြမ်း နွားကြမ်း ခွေးကြမ်း အစရှိသည့် ဘေးရန်များကို ရှောင်ကြဉ်တော်မူ၏။ ပညာဓိဋ္ဌာနကြောင့် တွေဝေခြင်း (မောဟ) အလျဉ်းမရှိပဲ ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက် တည်းဟူသော မိစ္ဆာဝိတက်သုံးပါးတို့နှင့်တကွ အကုသိုလ်တရားတို့ကို ပယ်ရှားတော်မူ၏။

     သစ္စာဓိဋ္ဌာနကြောင့် နေက္ခမ္မချမ်းသာကို ရတော်မူ၏၊ စာဂါဓိဋ္ဌာနကြောင့် ပဝိဝေကချမ်းသာကို ရတော်မူ၏၊ ဥပသမာဓိဋ္ဌာနကြောင့် ဥပသမချမ်းသာကို ရတော်မူ၏၊ ပညာမိဠာနကြောင့် မဂ်ဉာဏ်လေးပါးနှင့်ယှဉ်သော ချမ်းသာကို ရတော်မူ၏။

     သစ္စာဓိဋ္ဌာနကြောင့် ပဌမဈာန်ချမ်းသာ၊ စာဂါဓိဋ္ဌာနကြောင့် ဒုတိယဈာန်ချမ်းသာ၊ ဥပသမာဓိဋ္ဌာနကြောင့် တတိယဈာန်ချမ်းသာ၊ ပညာဓိဋ္ဌာနကြောင့် စတုတ္ထဈာန်ချမ်းသာကို ရတော်မူ၏။

     ဤသို့လျှင် များစွာသော ဂုဏ်ကျေးဇူး အကျိုးတရားတို့ နောက်လိုက်ရှိကြသည့် အဓိဋ္ဌာနတရား လေးပါးတို့ဖြင့် အလုံးစုံသော ပါရမီတို့ကို စုပေါင်းသင်္ဂြိုဟ် ရေတွက်ပုံကို သိရာ၏။



၂၅၅

ခပ်သိမ်းသော ပါရမီတို့ကို တရားနှစ်ပါးဖြင့် သင်္ဂြိုဟ်ရေတွက်ရပုံ

     အဓိဋ္ဌာနတရား လေးပါးတို့ဖြင့် ခပ်သိမ်းသော ပါရမီတို့ကို သင်္ဂြိုဟ်ရေတွက်ရသကဲ့သို့၊ ထို့အတူ ကရုဏာ ပညာ နှစ်ပါးတို့ဖြင့်လည်း ခပ်သိမ်းသော ပါရမီတို့ကို သင်္ဂြိုဟ်ရေတွက်ရ၏။ မှန်၏.. ကရုဏာ ပညာ နှစ်ပါးတို့ဖြင့် သိမ်းဆည်းအပ်သည့် (ကရုဏာ ပညာ နှစ်ပါး အခြေခံအကြောင်းရင်းရှိ၍ ပြုအပ်သည့်) ဒါနအစရှိသော ဂုဏ်ကျေးဇူးတို့သည်သာလျှင် သမ္မာသမ္ဗောဓိဉာဏ်၏ အဆောက်အဦများ ဖြစ်ကြပြီးလျှင် သဗ္ဗညုဘုရားအဖြစ်ရောက်အောင် အကျိုးပေးကြကုန်၏။

(ဤကား ပါရမီတို့၏ အကျဉ်းချုပ် တရားများတည်း။)

ဤအခဏ်း၌-

ပါရမီအကျယ် သုံးဆယ်တို့ကို ပါရမီဆယ်ပါးဖြင့် ချုံး၍ပြသည်၊ တဖန် ထိုဆယ်ပါးတို့ကို ဒါန, သီလ, ခန္တီ, ဝီရိယ, ဈာန, ပညာဟူသော ပါရမီခြောက်ပါးဖြင့် ချုံး၍ပြသည်။ တဖန် ထိုခြောက်ပါးတို့ကို သစ္စာ, စာဂ, ဥပသမ, ပညာဟူသော အဓိဋ္ဌာနတရား လေးပါးတို့ဖြင့် ချုံး၍ပြသည်။ တဖန် အလုံးစုံသော ပါရမီတို့ကို ကရုဏာ, ပညာ နှစ်ပါးဖြင့် ချုံး၍ပြသည်ဟု အကျဉ်းချုပ် မှတ်ယူရာ၏။

**********