မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁၁) ပါရမီတို့၏ အပြား

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၁) ပါရမီတို့၏ အပြား

(၁၁) ပါရမီတို့၏ အပြား

“ထိုဆိုအပ်ပြီးသော ပါရမီတို့၏ အပြားကား မည်မျှရှိသနည်း”ဟု မေးခဲ့သော်-

     ထိုပါရမီတို့၏ အပြားကား ပါရမီဆယ်ပါး ဥပပါရမီဆယ်ပါး ပရမတ္ထပါရမီဆယ်ပါးဟူ၍ အပြားသုံးဆယ် ရှိကုန်၏ဟု အကျဉ်းချုပ် ဖြေဆိုရာ၏။

(ဒါနနှင့်စပ်၍ ဒါနပါရမီ, ဒါနဥပပါရမီ, ဒါနပရမတ္ထပါရမီဟူ၍ သုံးပါးပြား၏။ ထို့အတူ သီလ, နေက္ခမ္မ အစရှိသော ကျန်ကိုးပါးတို့နှင့် စပ်၍လည်း တပါးတပါးလျှင် သီလပါရမီ, သီလဥပပါရမီ, သီလပရမတ္ထပါရမီ အစရှိသည်ဖြင့် သုံးပါးစီ သုံးပါးစီ ပြားရကား ပါရမီဆယ်ပါး အကျယ်ပွါးက အပြားသုံးဆယ် ဖြစ်လေသည်။)



၂၂၇

ပါရမီ ဥပပါရမီ ပရမတ္ထပါရမီ သုံးပါးအထူး

     အဘယ်ကို ပါရမီခေါ်သနည်း၊ အဘယ်ကို ဥပပါရမီခေါ်သနည်း၊ အဘယ်ကို ပရမတ္ထပါရမီ ခေါ်သနည်းဟု မေးခဲ့သော် ထိုအမေးကို ဖြေဆိုရန် စရိယာပိဋက အဋ္ဌကထာ ဤပကိဏ္ဏကခဏ်း၌ ဆရာအမျိုးမျိုးတို့၏ အယူအဆ အဆိုအမိန့် ဝါဒအမျိုးမျိုးကို ကျယ်ဝန်းစွာ ဖွင့်ပြထားလေသည်။ သို့သော်လည်း ထိုဝါဒအမျိုးမျိုးတို့ကို ဤဗုဒ္ဓဝင်ကျမ်း၌ ပြဆိုနေပါလျှင် ဤဗုဒ္ဓဝင်ကျမ်းကို လေ့လာသူတို့ အယူအဆ အသိဉာဏ် ရောယှက် ရှုပ်ထွေးရာသောကြောင့် စရိယာပိဋကအဋ္ဌကထာဆရာ အရှင်မဟာဓမ္မပါလမထေရ်မြတ် နှစ်သက်တော်မူသော အဆုံးအဖြတ်ကိုသာ ဤကျမ်း၌ ပြဆိုပေအံ့..။

     (၁) သားမယား ရွှေငွေ ဥစ္စာ အစရှိသော မိမိကိုယ်မှ အပြင်အပ ဗာဟိရ အသုံးအဆောင်တို့ကို စွန့်လှူခြင်းသည် ဒါနပါရမီမည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်တို့ကို စွန့်လှူခြင်းသည် ဒါနဥပပါရမီမည်၏။ အသက်ကို စွန့်လှူခြင်းသည် ဒါနပရမတ္ထပါရမီမည်၏။

     (၂) ထို့အတူ သားမယား ရွှေ ငွေ ဥစ္စာ အစရှိသည့် မိမိကိုယ်မှ အပြင်အပ ဗာဟိရ အသုံးအဆောင်ဟူသော အကြောင်းကြောင့်လည်း မလွန်ကျူးပဲ သိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် သီလပါရမီ မည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်ဟူသော အကြောင်းကြောင့်လည်း မလွန်ကျူးပဲ သိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် သီလဥပပါရမီမည်၏။ အသက်ဟူသော အကြောင်းကြောင့်လည်း မလွန်ကျူးပဲ သိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် သီလပရမတ္ထပါရမီမည်၏။

     (၃) အပြင်အပ အသုံးအဆောင်တို့၌ တွယ်တာငြိကပ်သော တဏှာလောဘကို ဖြတ်တောက်၍ တောထွက်ခြင်းသည် နေက္ခမ္မပါရမီမည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်တို့၌ တွယ်တာငြိကပ်သော



၂၂၈

တဏှာ လောဘကို ဖြတ်တောက်၍ တောထွက်ခြင်းသည် နေက္ခမ္မဥပပါရမီမည်၏။ အသက်၌ တွယ်တာ ငြိကပ်သော တဏှာလောဘကို ဖြတ်တောက်၍ တောထွက်ခြင်းသည် နေက္ခမ္မပရမတ္ထပါရမီမည်၏။

     (၄) အပြင်အပ အသုံးအဆောင်တို့၌ တွယ်တာငြိကပ်သော တဏှာလောဘကို ပယ်နုတ်၍ သတ္တဝါတို့၏ စီးပွါးရှိ-မရှိကို ဆုံးဖြတ်သိမြင် ဆင်ခြင်ခြင်းသည် ပညာပါရမီမည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်တို့၌ တွယ်တာငြိကပ်သော တဏှာလောဘကို ပယ်နုတ်၍ သတ္တဝါတို့၏ စီးပွါးရှိ-မရှိကို ဆုံးဖြတ်သိမြင် ဆင်ခြင်ခြင်းသည် ပညာဥပပါရမီမည်၏၊ အသက်၌ တွယ်တာငြိကပ်သော တဏှာလောဘကို ပယ်နုတ်၍ သတ္တဝါတို၏ စီးပွါးရှိ-မရှိကို ဆုံးဖြတ်သိမြင် ဆင်ခြင်ခြင်းသည် ပညာပရမတ္ထပါရမီမည်၏။

     (၅) ဆိုပြီး ဆိုလတ္တံ့ဖြစ်သည့် ပါရမီများ ထမြောက်ပြည့်စုံအောင် အားထုတ်ခြင်းသည် ဝီရိယပါရမီမည်၏၊ ဆိုပြီး ဆိုလတ္တံ့ဖြစ်သည့် ဥပပါရမီများ ထမြောက်ပြည့်စုံအောင် အားထုတ်ခြင်းသည် ဝီရိယဥပပါရမီမည်၏၊ ဆိုပြီး ဆိုလတ္တံ့ဖြစ်သည့် ပရမတ္ထပါရမီများ ထမြောက်ပြည့်စုံအောင် အားထုတ်ခြင်းသည် ဝီရိယပရမတ္ထပါရမီ မည်၏။

     (၆) အပြင်အပ အသုံးအဆောင်တို့၏ အန္တရာယ်ကို ပြုတတ်သော လောကဓံတရားများကို သည်းခံခြင်းသည် ခန္တီပါရမီမည်၏။ လက်ခြေအစရှိသော အင်္ဂါကြီးငယ်တို့၏ အန္တရာယ်ကို ပြုတတ်သော လောကဓံတရားများကို သည်းခံခြင်းသည် ခန္တီဥပပါရမီမည်၏၊ အသက်၏အန္တရာယ်ကို ပြုတတ်သော လောကဓံတရားများကို သည်းခံခြင်းသည် ခန္တီပရမတ္ထပါရမီမည်၏။

     (၇) အပြင်အပ အသုံးအဆောင်ဟူသော အကြောင်းကြောင့် အမှန်သဘောကို မစွန့်ခြင်းသည် သစ္စာပါရမီ မည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်ဟူသော အကြောင်းကြောင့်



၂၂၉

အမှန်သဘောကို မစွန့်ခြင်းသည် သစ္စာဥပပါရမီမည်၏၊ အသက်ဟူသော အကြောင်းကြောင့် အမှန်သဘောကို မစွန့်ခြင်းသည် သစ္စာပရမတ္ထပါရမီ မည်၏။

     (၈) “ဒါနအစရှိသောပါရမီများသည် မပျက်မစီးအောင် ဆောက်တည်နိုင်မှသာ ပြည့်စုံကုန်၏”ဟု စွဲမြဲယုံကြည်ပြီးလျှင် အပြင်အပ အသုံးအဆောင်များ ပျက်စီးသော်လည်း မတုန်မလှုပ် ဆောက်တည်ခြင်းသည် အဓိဋ္ဌာနပါရမီမည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်တို့ ပျက်စီးသော်လည်း မတုန်မလှုပ် ဆောက်တည်ခြင်းသည် အဓိဋ္ဌာနဥပပါရမီမည်၏၊ အသက်ပင် ပျက်စီးသော်လည်း မတုန်မလှုပ် ဆောက်တည်ခြင်းသည် အဓိဋ္ဌာန ပရမတ္ထပါရမီမည်၏။

     (၉) အပြင်အပ အသုံးအဆောင်တို့ကို ဖျက်ဆီးနှိပ်စက်သည့် သတ္တဝါတို့၌သော်လည်း မေတ္တာတရားကို မစွန့်ခြင်း (မေတ္တာအပို့ မပျက်ခြင်း)သည် မေတ္တာပါရမီမည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်တို့ကို ဖျက်ဆီးနှိပ်စက်သည့် သတ္တဝါတို့၌သော်လည်း မေတ္တာတရားကို မစွန့်ခြင်း (မေတ္တာအပို့ မပျက်ခြင်း)သည် မေတ္တာ ဥပပါရမီမည်၏၊ မိမိအသက်ကို နှိပ်စက်ဖျက်ဆီးမည့် သတ္တဝါတို့၌သော်လည်း မေတ္တာတရားကို မစွန့်ခြင်း (မေတ္တာအပို့ မပျက်ခြင်း)သည် မေတ္တာပရမတ္ထပါရမီ မည်၏။

     (၁၀) အပြင်အပ အသုံးအဆောင်တို့၏ ကျေးဇူးရှိမှု ကျေးဇူးမဲ့မှုကိုပြုသော သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုခြင်းသည် ဥပေက္ခာပါရမီမည်၏၊ လက်ခြေအစရှိသော အင်္ဂါကြီးငယ်တို့၏ ကျေးဇူးရှိမှု ကျေးဇူးမဲ့မှုကိုပြုသော သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုခြင်းသည် ဥပေက္ခာဥပပါရမီ မည်၏၊ မိမိအသက်၏ ကျေးဇူးရှိမှု ကျေးဇူးမဲ့မှုကိုပြုသော သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုခြင်းသည် ဥပေက္ခာ ပရမတ္ထပါရမီမည်၏။ ဤသို့ အစရှိသည်ဖြင့် ပါရမီတို့၏ အကျယ်အပြားကို သိရာ၏။

(ဤကား ပါရမီတို့၏ အပြားတည်း။)

**********