မတကဘတ္တဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၈။ မတကဘတ္တဇာတ်

ဧကကနိပါတ်-သီလဝဂ်

၈။ မတက ဘတ္တဇာတ်

ဆိတ်တို့ကိုသတ်၍ သေသူတို့အား ရည်မှတ်သဖြင့် လှူဒါန်းခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကိုဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဧဝံ စေ သတ္တာ ဇာနေယျုံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မတကဘတ္တ ဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မတကဘတ် ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ လူတို့သည် များစွာကုန်သော ဆိတ်မြန်မာ, ဆိတ်ကုလား စသည်တို့ကို သတ်ကုန်၍ သေကုန်သော ဆွေမျိုးတို့ကို ရည်၍ မတကဘတ်မည်သည်ကို လှူကုန်၏။ ရဟန်းတို့သည် ထိုသို့လှူကုန်သော လူတို့ကို မြင်ကုန်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ယခုလူတို့သည် များစွာကုန်သော သတ္တဝါတို့ကို သတ်ကုန်၍ မတကဘတ်မည်သည်ကို လှူကုန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤသို့ မတကဘတ်ကိုလှူကုန်အံ့ဟု ပါဏာတိပါတကို ပြုရာ၌ အကျိုးစီးပွားသည် ရှိသလောဟု မြတ်စွာဘုရားကိုမေးလျှောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ မတကဘတ်ကို လှူအံ့ဟု ပြုအပ်သော ပါဏာတိပါတ၌လည်း တစုံတခုသော အစီးအပွားမည်သည် မရှိ၊ ရှေး၌လည်း ပညာရှိတို့သည် ကောင်းကင်ပြင်ဝယ် နေကုန်လျက် တရားဟောကုန်၍ ဤမတကဘတ်ကိုလှူအံ့ဟု ပါဏာတိပါတကိုပြုသောအရာ၌ အပြစ်ကိုဟောကုန်၍ အလုံးစုံသောဇ မ္ဗူဒီပါကျွန်းသူတို့ကို ထိုအယူကို စွန့်စေကုန်ပြီ၊ ယခုအခါ၌ကား ဘဝဖုံးလွှမ်းသည်၏အဖြစ်ကြောင့် တဖန် မထင်ရှားသတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဗေဒင်သုံးပုံတို့၏ ကမ်းတဘက်သို့ရောက်သော ဒိသာပါမောက္ခဖြစ်သော တယောက်သော ဆရာပုဏ္ဏားသည် မတကဘတ်ကိုလှူအံ့ဟု တခုသော ဆိတ်ကုလားကို ယူခဲ့စေ၍ တပည့်တို့ကို အမောင်တို့ ဤဆိတ်ကုလားကို မြစ်သို့ဆောင်၍ ရေချိုး၍ လည်၌ပန်းကုံးစွပ်၍ နံ့သာလက်ငါးချောင်းကို ပေး၍ ဆောင်ခဲ့ကြကုန်ဟု ဆို၏။ ထိုတပည့်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ ထိုဆိတ်ကုလားကို ယူကုန်လျက် မြစ်သို့သွားကုန်၍ ရေချိုးကုန်ပြီးသော် လည်၌ ပန်းကုံးကို စွပ်ကုန်၍ မြစ်နား၌ ထားကုန်၏။ ထိုဆိတ်ကုလားသည် မိမိ၏ ရှေးဘဝကိုမြင်၍ ငါသည် ယနေ့ ဤသို့သဘောရှိသော ဆင်းရဲမှ လွတ်ပေအံ့ဟု ဝမ်းမြောက်သည်ဖြစ်၍ မြေအိုးကိုခွဲဘိသကဲ့သို့ သည်းသောရယ်ခြင်းကို ရယ်၍ တဖန် ပုဏ္ဏားသည် ငါ့ကိုသတ်၍ ခံရသောဆင်းရဲကို ရလတ္တံ့ဟု ပုဏ္ဏား၌ သနားခြင်းကို ဖြစ်စေ၍ သည်းစွာသောအသံဖြင့် ငို၏။

ထိုအခါ ထိုဆိတ်ကို ထိုလုလင်တို့သည် အချင်းဆိတ် သင်သည် သည်းစွာသော အသံဖြင့် ရယ်လည်းရယ်၊ ငိုလည်းငို၏။ အဘယ့်ကြောင့်လျှင် ရယ်ဘိသနည်း၊ အဘယ်ကြောင့်ကား ငိုဘိသနည်းဟု မေးကုန်၏။ သင်တို့သည် ဤအကြောင်းကို မိမိတို့၏ ဆရာ့အထံ၌ မေးကြကုန်ဟု ဆိတ်ကဆိုလျှင် ထိုလုလင်တို့သည် ထိုဆိတ်ကို ယူကုန်လျက် သွားကုန်၍ ဤအကြောင်းကို ဆရာအား ကြားကုန်၏။ ဆရာသည် ထိုလုလင်တို့၏စကားကို ကြား၍ ဆိတ်ကို အချင်းဆိတ် သင်သည် အဘယ်ကြောင့်ရယ်သနည်း၊ အဘယ်ကြောင့် ငိုသနည်းဟု မေး၏။ ဆိတ်သည် မိမိပြုသောအမှုကို ဇာတိဿရဉာဏ်ဖြင့် အောက်မေ့၍ ပုဏ္ဏားအား ပြောဆို၏။

ပုဏ္ဏား ငါသည် ရှေး၌ သင်ကဲ့သို့ ဗေဒင်ရွတ်တတ် သရဇ္ဈာယ်တတ်သော ပုဏ္ဏားဖြစ်၍ မတကဘတ်လှူအံ့ဟု တခုသော ဆိတ်ကုလားကို သတ်၍ မတကဘတ်ကို လှူဘူး၏။ ထိုငါသည် တခုသော ဆိတ်ကုလားကို သတ်ဘူးသည်၏ အဖြစ်ကြောင့် လေးရာ့ကိုးဆယ့်ကိုးဘဝတို့၌ ခေါင်းပြတ်ခြင်းသို့ ရောက်လေပြီ၊ ဤဘဝသည်ကား အဆုံးစွန်၌တည်သော ငါးရာတို့၏ ပြည့်ကြောင်းဖြစ်သော ဘဝတည်း၊ ထိုငါသည် ယနေ့ ဤသို့ သဘောရှိသောဆင်းရဲမှ လွတ်ရအံ့ဟုဝမ်းမြောက်၏။ ထို့ကြောင့် ရယ်သတည်း၊ ငိုသောငါသည်တမူကား ရှေးဦးစွာ တခုသော ဆိတ်ကို သတ်၍ ဘဝငါးရာပတ်လုံး ဦးခေါင်းပြတ်ခြင်း ဆင်းရဲခြင်းသို့ ရောက်၏။ ယနေ့ ထိုဆင်းရဲမှ လွတ်ရအံ့၊ ပုဏ္ဏားသည်တမူကား ငါ့ကိုသတ်၍ ငါကဲ့သို့ ဘဝငါးရာပတ်လုံး ဦးခေါင်းပြတ်ခြင်း၏ဆင်းရဲကို ခံရရှာလတ္တံ့ဟု သင်၌ သနားခြင်းကြောင့် ငို၏ဟု ဆိတ်ဆို၏။

အချင်းဆိတ် မကြောက်လင့်၊ သင့်ကို ငါမသတ်ဟု ပုဏ္ဏားဆို၏။ ပုဏ္ဏား သင် အသို့ဆိုသနည်း၊ သင်သတ်သော်၎င်း မသတ်သော်၎င်း ယနေ့ ငါသည် သေခြင်းမှမလွတ်နိုင်ဟု ထိုဆိတ်ကဆို၏။ အချင်းဆိတ် သင်သည် မကြောက်လင့်၊ သင့်ကို အစောင့်အရှောက်ကိုယူ၍ သင်နှင့်တကွသာလျှင် ငါလိုက်အံ့ဟု ပုဏ္ဏား ဆို၏။ ပုဏ္ဏား သင်၏ အစောင့်အရှောက်ကား အနည်းငယ်သာလျှင် ဖြစ်၏။ ပြုသော မကောင်းမှုသည်ကားကြီး၏။ အားရှိ၏ဟု ဆိတ်ကဆိုပြန်၏ ပုဏ္ဏားသည် ဆိတ်ကို လွှတ်၍ ဤဆိတ်ကို တစုံတယောက်သော သူအား သတ်စိမ့်သောငှါ မပေးအံ့ဟု တပည့်တို့ကို ခေါ်၍ ဆိတ်နှင့် တကွသာလျှင် သွား၏။ ဆိတ်ကိုလွှတ်လျှင်ပင် တခုသော ကျောက်ဖျာကြီးကို အမှီပြု၍ ရောက်သော ချုံ၌ လည်ကိုမော်၍ အရွက်တို့ကို စားအံ့သောငှါ အားထုတ်၏။ ထိုခဏ၌လျှင် ထိုကျောက်ဖျာ၌ မိုးကြိုးကျ၏။ တခုသော ကျောက်လွှာသည်ပြတ်၍ ဆိတ်၏ ဆန့်သောလည်၌ကျ၍ ဦးခေါင်းသည် ပြတ်လေ၏။ လူများသည် စည်းဝေးလာ၏။ ထိုအခါ ဘုရားလောင်းသည် ထိုအရပ်၌ ရုက္ခဇိုဝ်းနတ်ဖြစ်၏။ ထိုဘုရားလောင်းသည် ထိုလူများမြင်စဉ်လျှင် နတ်၏ အာနုဘော်ဖြင့် ကောင်းကင်ပြင်ဝယ် ထက်ဝယ်ဖွဲ့ခွေလျက် နေ၍ သတ္တဝါတို့သည် ဤသို့မကောင်းမှု၏အကျိုးကို အကယ်၍ သိကုန်အံ့၊ ပါဏာတိပါတကို မပြုလေကုန်ရာဟု သာယာသော အသံဖြင့် တရားဟောလိုရကား-

၁၈။ ဧဝံ စေ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ ဇာတိသမ္ဘဝေါ။
န ပါဏော ပါဏိနံ ဟညေ၊ ပါဏဃာတီ ဟိ သောစတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၈။ ဘော၊ အချင်းတို့။ ပါဏဃာတီ၊ သတ္တဝါကို သတ်သောသူသည်။ စတူသု အပါယေသု၊ အပါယ်လေးပါးတို့၌။ မဟာဒုက္ခံ၊ ကြီးစွာသောဆင်းရဲကို။ အနုဘဝမာနာ၊ ခံစားရလျက်။ ဒီဃရတ္တံ၊ အခါလေးမြင့်။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ သောစတိ၊ စိုးရိမ်ရ၏။ တသ္မာ၊ ထို့ကြောင့်။ အယံ ဇာတိ၊ ထိုထိုဘဝ၌ ဤသို့ သဘောရှိသော ပဋိသန္ဓေ နေခြင်းသည်၎င်း။ အယံ သမ္ဘဝေါ စ၊ ဤသို့မသိစဉ် အစဉ်သဖြင့် ကြီးခြင်းသည်၎င်း။ ဒုက္ခော၊ အိုခြင်း နာခြင်း သေခြင်း မုန်းသောသူတို့နှင့် မိတ်ဖွဲ့ပေါင်းရခြင်း ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း လက် ခြေပြတ်ခြင်း အစရှိကုန်သော ဆင်းရဲတို့၏ တည်ရာဖြစ်၏။ ဧဝံ၊ ဤသို့။ သတ္တာ၊ သတ္တဝါတို့သည်။ စေ ဇာနေယျုံ၊ အကယ်၍ သိကုန်ငြားအံ့။ ပါဏော၊ သတ္တဝါသည်။ ပါဏိနံ၊ သတ္တဝါကို။ န ဟညေ၊ မသတ်ရာ။

ဤသို့ ဘုရားလောင်းသည်လည်း ငရဲဘေးဖြင့် ခြိမ်းခြောက်၍ တရားဟောတော်မူ၏။ လူတို့သည် ထိုတရားကို နာရကုန်၍ ငရဲဘေးမှ ကြောက်ကုန်သဖြင့် ပါဏာတိပါတမှ ကြဉ်ကြကုန်၏။ ဘုရားလောင်းသည်လည်း တရားဟော၍ လူများကို သီလ၌ တည်စေ၍ ကံအားလျော်စွာ လားရလေ၏။ လူများသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါန အစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားသည် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သေသူရည်မှတ်၊ အလှူမြတ်၊ မသတ်ရှောင်ခွါ ပါဏာတိပါ

ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မတကဘတ္တဇာတ်သည် ပြီး၏။

*****