မဃဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အပ္ပမာဒဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၇။ မဃဝတ္ထု
324788ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အပ္ပမာဒဝဂ် — ၇။ မဃဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၇။ မဃလုလင်ဝတ္ထု

အပ္ပမာဒေန မဃဝါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ စုလစ်မွန်းချွန်တပ်သော ပြာသာဒ်၌ နေတော်မူစဉ် သိကြားနတ်မင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မဟာလိလိစ္ဆဝီမင်းသားအား သိကြားမင်းအကြောင်းကို ဟောကြားခြင်း

ဝေသာလီပြည်၌ မဟာလိမည်သော လိစ္ဆဝီမင်းသားသည် နေလေသတတ်။ ထိုမင်းသားသည် မြတ်စွာဘုရား၏ သက္ကပဉှသုတ္တန် ဟောကြားတော်မူသည်ကို ကောင်းစွာ ကြားနာရ၍ “မြတ်စွာဘုရားကား သိကြားမင်းစည်းစိမ်ကို ကြီးကျယ်စွာပြု၍ ဟောတော်မူပေ၏။ မြင်တော်မူ၍ပင် ဟောလေသလော၊ ထိုသို့မဟုတ် မမြင်ဘဲပင် ဟောလေသလော၊ သိကြားမင်းကို သိလေသလော၊ မသိလေသလောဟု ဘုရားရှင်ကို မေးအံ့”ဟူ၍ ကြံပြီးလျှင် ထိုအခါ မဟာလိမည်သော လိစ္ဆဝီမင်းသားသည် ဘုရားရှိရာသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေ၍ ဤစကားကို လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- မြတ်စွာဘုရားသည် နတ်တို့ကို အစိုးရသော သိကြားမင်းကို မြင်တော်မူအပ်ပါသလော”ဟု လျှောက်လတ်သော် “မဟာလိ- နတ်တို့ကို အစိုးရသော သိကြားမင်းကို ငါမြင်အပ်၏”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- ထိုမြင်တော်မူအပ်သော သိကြားမင်းသည် ရှေးသိကြားတို့နှင့် အလားတူသော အတုအပ ဖြစ်လတ္တံ့၊ အကြောင်းသော်ကား သိကြားမင်းကို မြင်နိုင်ခဲပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သော် “မဟာလိ- ငါဘုရားကား သိကြားမင်းကိုလည်းကောင်း၊ သိကြားမင်းအဖြစ်ကို ပြုတတ်သော တရားတို့ကိုလည်းကောင်း သိတော်မူ၏။ အကြင်တရားတို့ကို ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြားမင်းသည် သိကြားအဖြစ်ကို ရ၏။ ထိုသိကြားမင်း ဆောက်တည်အပ်သော တရားတို့ကိုလည်း ငါဘုရား သိတော်မူ၏။”

“မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေးဘဝ၌ လူဖြစ်သည်ရှိသော် မဃမည်သော လုလင်သည် ဖြစ်ခဲ့ဖူး၏၊ ထို့ကြောင့် မဃဝါဟူ၍ ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည်ရှိသော် လက်ဦးစွာ အလှူကို ပေးလှူခဲ့ဖူး၏၊ ထို့ကြောင့် ပုရိန္ဒဒဟူ၍လည်း ဆိုအပ်၏။ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည်ရှိသော် ရိုသေစွာ အလှူကို ပေးလှူခဲ့ဖူး၏။ ထို့ကြောင့် သက္ကဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည်ရှိသော် တည်းခိုရာ ဇရပ်ကို ပေးလှူခဲ့ဖူး၏။ ထို့ကြောင့် ဝါသဝဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် အထောင်သောအကျိုးကို တစ်မုဟုတ်ဖြင့် (တစ်ခဏဖြင့်) ကြံစည်နိုင်၏။ ထို့ကြောင့် သဟဿနေတ္တဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့၏အရှင်ဖြစ်သော သိကြားမင်းအား သုဇာတာ အမည်ရှိသော အသုရာနတ်မင်းကြီး၏ သမီးပျိုဖြစ်သော မိဖုရားသည် ရှိခဲ့လေ၏၊ ထို့ကြောင့် သုဇမ္ပတိဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရခြင်းရှိသော မင်းအဖြစ်ကို ပြုခဲ့လေ၏။ ထို့ကြောင့် ဒေဝါနမိန္ဒဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေးဘဝ လူဖြစ်စဉ်အခါ ခုနှစ်ပါးသော ကျင့်ဝတ်တို့ကို မမေ့မလျော့ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ထိုကျင့်ဝတ် ခုနစ်ပါးတို့ကို ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားအဖြစ်ကို ရ၏။

သိကြားမင်းဖြစ်ရန် ကျင့်ဝတ်ခုနစ်ပါး

ထိုကျင့်ဝတ် ခုနစ်ပါးတို့သည် အဘယ်သည်တို့နည်းဟူမူကား-

၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေးမွေးမြူသည် ဖြစ်ရာ၏။
၂။ အသက်ထက်ဆုံး မိကြီး,မိထွေး, ဘကြီး,ဘထွေး, အဘိုး,အဘွားစသော အမျိုး၌ အသက်အရွယ် ကြီးရင့်သူတို့ကို ရိုသေလေးမြတ်စွာ ပြုသည်ဖြစ်ရာ၏။
၃။ အသက်ထက်ဆုံး သိမ်မွေ့နူးညံ့စွာ ပြေပြစ်သော စကားကိုဆိုသည် ဖြစ်ရာ၏။
၄။ အသက်ထက်ဆုံး နှစ်ဘက်သောသူတို့၏ အကြား၌ လွှတိုက်သကဲ့သို့ ကြမ်းတမ်းသောစကားကို ဆိုလျက် ကုန်းတိုက်ချောပစ်သော စကားကို မဆိုသည် ဖြစ်ရာ၏။
၅။ အသက်ထက်ဆုံး ဝန်တိုခြင်း အညစ်အကြေးမှ ကင်းသောစိတ်ဖြင့် အိမ်ကိုအုပ်ချုပ်၍ နေရာ၏။
၆။ လွတ်လွတ် စွန့်ကြဲခြင်း, ဖြန့်ထားသောလက်ရှိခြင်း, ပေးကမ်းစွန့်ကြဲရာ၌ မွေ့လျော်သော စိတ်နှလုံးရှိခြင်း, တောင်းလာသော ခရီးသွားဧည့်သည်, အထီးကျန် ကိုးကွယ်ရာမဲ့ဖြစ်သောသူတို့နှင့် မကင်းမူ၍ စွန့်ကြဲခြင်း၊ ရှေ့တွင်ရောက်ရှိသော မိမိစားရာထမင်းမှ ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်း၌ မွေ့လျော်သော စိတ်ရှိသည် ဖြစ်ရာ၏။
၇။ အသက်ထက်ဆုံး မှန်ကန်ဖြောင့်မတ်သော စကားရှိသည် ဖြစ်ရာ၏။ အမျက်မထွက်ရာ၊ အမျက်ထွက်ခဲ့သော်လည်း ထိုအမျက်ကို လျင်မြန်စွာ ဖျောက်ပေအံ့ဟု ဆင်ခြင်ရာ၏။

မဟာလိမင်းသား- ဤသို့အားဖြင့် နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေးဘဝ၌ လူဖြစ်စဉ်အခါ ဤခုနစ်ပါးသော ကျင့်ဝတ်ကို မမေ့မလျော့ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ထိုကျင့်ဝတ် ခုနစ်ပါးတို့ကို ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြားအဖြစ်ကို ရ၏”ဟု ဟောတော်မူလေ၏။

မာတာပေတ္တိဘရံ ဇန္တုံ၊ ကုလေ ဇေဋ္ဌာပစာယိနံ။
သဏှံ သခိလသမ္ဘာသံ၊ ပေသုဏေယျပ္ပဟာယိနံ။
မစ္ဆေရဝိနယေ ယုတ္တံ၊ သစ္စံ ကောဓာဘိဘုံ နရံ။
တံ ဝေ ဒေဝါ တာဝတိံသာ၊ အာဟု သပ္ပုရိသော ဣတိ။

မာတာပေတ္တိဘရံ၊ အမိအဘကို မွေးမြူလုပ်ကျွေးတတ်သော။ ကုလေ၊ အမျိုး၌။ ဇေဋ္ဌာပစာယိနံ၊ ဆွေကြီးမျိုးသား အဘိုးအဘွားစသော သူတို့အား အရိုအသေ ပြုလေ့ရှိသော။ သဏှံ သခိလသမ္ဘာသံ၊ နူးညံ့သိမ်မွေ့ ပြေပြစ်သောစကားကို ဆိုလေ့ရှိသော။ ပေသုဏေယျပ္ပဟာယိနံ၊ ချောပစ်ကုန်းတိုက်သော စကားကို ပယ်ရှားဖြတ်တောက်လေ့ရှိသော။ မစ္ဆေရဝိနယေ၊ ဝန်တိုခြင်းကို ပယ်ဖျောက်ရာ၌။ ယုတ္တံ၊ ယှဉ်သော။ သစ္စံ၊ အမှန်ကို ဆိုလေ့ရှိသော။ ကောဓာဘိဘုံ၊ အမျက်ဒေါသကို နှိပ်စက် ဖျက်ဆီးသော။ ဇန္တုံ၊ သတ္တဝါဖြစ်သော။ တံ နရံ၊ ထိုကျင့်ဝတ်နှင့် ပြည့်စုံသောသူကို။ ဝေ၊ စင်စစ်။ ဒေဝါ တာဝတိံသာ၊ တာဝတိံသာ နတ်တို့သည်။ သပ္ပုရိသော ဣတိ၊ သူတော်ကောင်းဟူ၍။ အာဟု၊ ဆိုကြကုန်၏။

“မဟာလိ အမည်ရှိသော မင်းသား- ဤခုနစ်ပါးသော ကျင့်ဝတ်တို့ကား သိကြားမင်းသည် မဃလုလင် ဖြစ်သောအခါ၌ ပြုအပ်သော ကျင့်ဝတ်အမှုပေတည်း”ဟု မိန့်တော်မူပြီးလျှင် တစ်ဖန် မဟာလိမင်းသားသည် “မြတ်စွာဘုရား- မဃလုလင်သည် အဘယ်သို့ ကျင့်ပါသနည်းဘုရား”ဟု ထိုမဃလုလင်၏ အကျင့်အာစာရကို အကျယ်အားဖြင့် နာလိုသည်ဖြစ်၍ မေးလျှောက်သည်ရှိသော် “ထိုသို့ဖြစ်မူ နာဦးလော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

သိကြားမင်းလောင်း မဃလုလင် လမ်းခရီးပြုပြင်ခြင်း

လွန်လေပြီးသောအခါ မဂဓရာဇ်တိုင်း မစလရွာ၌ မဃအမည်ရှိသော လုလင်သည် ရွာသူရွာသားတို့၏ အမှုလုပ်ဆောင်ရာသို့ သွား၍ မိမိနေရာအရပ်၌ ခြေစွန်းဖြင့် မြေမှုန့်တို့ကိုယက်၍ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသည်ကိုပြုလျက် နေလေ၏။ တစ်ယောက်သောသူသည် မဃလုလင်ကို လက်မောင်းဖြင့် တွန်းထိုးပုတ်ခတ်ကာ ထိုနေရာမှ ဖယ်ရှား၍ မဃလုလင် နေရာအရပ်၌ နေလာ၏။ မဃလုလင်လည်း ထိုသူအား အမျက်မထွက်မူ၍သာလျှင် တစ်ပါးသော နေရာအရပ်၌ နှလုံးမွေ့လျော် ပျော်ဖွယ်ရာကို ပြုလုပ်၍ နေပြန်၏။ ထိုနေရာမှလည်း မဃလုလင်ကို တစ်ယောက်သောသူသည် လာ၍ လက်မောင်းဖြင့် ပုတ်ခတ်ကာ ဖယ်ရှားပြီးလျှင် နေလာပြန်၏။ မဃလုလင်သည် ထိုသူအားလည်း အမျက်မထွက်မူ၍သာလျှင် တစ်ပါးသော နေရာကို မွေ့လျော် ပျော်ဖွယ်ရာ ပြုလုပ်၍ နေပြန်၏။ ဤသို့သောနည်းဖြင့် အိမ်မှ ထွက်လာတိုင်း ထွက်လာတိုင်းသော ယောက်ျားတို့သည် မဃလုလင်ကို လက်မောင်းဖြင့် ပုတ်ခတ်၍ နေရာအရပ်မှ ဖယ်ရှားကြလေကုန်၏။ မဃလုလင်သည် “အလုံးစုံသော ဤသူတို့ကား ငါ့ကိုမှီ၍ ချမ်းသာစွာ နေရကုန်ပြီ၊ ဤကောင်းမှုကံသည် ငါ့အား ချမ်းသာခြင်းကိုပေးတတ်သော ကောင်းမှုဖြစ်ရာ၏”ဟု ကြံ၍ တစ်ဖန် မိုးသောက်သောနေ့၌ ပေါက်တူးကိုယူ၍ ကောက်နယ်တလင်းမျှလောက်သော အရပ်ကို မွေ့လျော် ပျော်ဖွယ်ရာရှိအောင် ပြုပြင်လေ၏။ ခပ်သိမ်းသော လူတို့သည်လည်း သွား၍ ထိုရှေးနည်း အတူသာလျှင် နေကြလေကုန်၏။

ထိုအခါ မဃလုလင်သည် ချမ်းအေးသောအခါ၌ ထိုသူတို့အား မီးထည့်၍ ပေးပြန်၏။ ထို့နောက်မှ “ခပ်သိမ်းသောသူတို့သည် မွေ့လျော်ပျော်ဖွယ်ရာအရပ်မည်သည်ကို နှစ်သက်မြတ်နိုးအပ်၏၊ တစ်စုံတစ်ယောက်သောသူအား မနှစ်သက် မမြတ်နိုးခြင်းမည်သည် မရှိ၊ ဤနေ့မှစ၍ ငါသည် လမ်းခရီးကို ညီညွတ်စွာပြုလျက် လှည့်လည်ခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် နံနက်စောစောထွက်ခဲ့၍ လမ်းခရီးကို ညီညွတ်အောင် ပြုပြင်ကာ ဖြတ်၍ ဆောင်သင့်သော သစ်ခက်တို့ကို ဆောင်ယူကာ လှည့်လည်လေ၏။ ထိုအခါ မဃလုလင်ကို တစ်ပါးသောသူသည် မြင်၍ “အချင်း- အဘယ်အမှု ပြုသနည်း”ဟု မေးလေ၏။ “အချင်း- ငါသည် နတ်ပြည်သို့ သွားကြောင်းဖြစ်သော လမ်းခရီးကို ပြုပြင်သည်”ဟု ဆိုသဖြင့် “ထိုသို့ဖြစ်မူ အကျွန်ုပ်သည်လည်း သင်၏အဖော် ဖြစ်ပါရစေ”ဟု ဆိုလေ၏။ “အချင်း-မိတ်ဆွေ ဖြစ်ပါလေလော့၊ လမ်းခရီးမည်သည်ကား များစွာသော လူတို့အားလည်း နှလုံးကို ပွားစေတတ်၏။ ချမ်းသာသုခ များလှ၏”ဟု ဆိုသဖြင့် ထိုအခါမှစ၍ နှစ်ယောက်သော လူတို့သည် ဖြစ်လေကုန်၏။ ထိုနှစ်ယောက်သော လူတို့ကို မြင်သဖြင့် ထိုနည်းအတူ မေးမြန်း၍လည်းကောင်း၊ ကြားသိရ၍လည်းကောင်း တစ်ယောက်သော သူသည်လည်း ထိုသူတို့၏ အဖော် ဖြစ်ပြန်လေ၏။ ဤသို့ တစ်ယောက်, တစ်ယောက်အားဖြင့် သုံးကျိပ်သုံးယောက်သော သူတို့ ဖြစ်ကုန်၏။ ထိုအလုံးစုံသော သူတို့သည်လည်း ပေါက်တူး, တူရွင်းစသည် လက်စွဲကုန်လျက် လမ်းခရီး ညီညွတ်အောင် ပြုပြင်ကြရာ တစ်ယူဇနာ နှစ်ယူဇနာမျှရှိသော အရပ်တိုင်အောင် ရောက်သွားကုန်၏။

ထိုသုံးကျိပ် သုံးယောက်သော သူတို့ကို ရွာစားမြင်လျှင် ကြံစည်သည်မှာ “ဤလူတို့သည် အားမထုတ်သင့်သော အရာ၌ အားထုတ်ကြကုန်၏။ ထိုသူတို့အားလုံးသည် တောအုပ်မှ ငါး,အမဲ စသည်တို့ကိုလည်း ဆောင်ကုန်ငြားအံ့၊ သေအရက်ကိုမူလည်း ချက်၍ သောက်ကုန်ငြားအံ့၊ ထိုသို့သဘောရှိသော တစ်ပါးသော အမှုကိုမူလည်း ပြုကုန်ငြားအံ့၊ ငါသည်လည်း တစ်စုံတစ်ခုကို ရရာ၏”ဟု ကြံစည်လေ၏။ ထိုသို့ ကြံစည်ပြီးသည်မှ နောက်၌ ထိုသူတို့ကို ခေါ်စေ၍ “အဘယ်အမှုကို ပြုလုပ်ကာ လှည့်လည်ကြကုန်သနည်း”ဟု မေးလေ၏။ “ရွာစားမင်း နတ်ရွာလမ်းခရီးကို ကျွန်တော်တို့ ပြုလုပ်ပါကုန်၏”ဟုဆိုလျှင် “အိမ်ရာထောင်သော လူ၏ဘောင်၌ နေသောသူမည်သည်ကား ဤသို့ပြုခြင်းငှာမသင့်၊ တောအုပ်မှ ငါး,အမဲ စသည်တို့ကို ဆောင်ယူခြင်းငှာလည်းကောင်း၊ သေအရက်ချက်၍ သောက်ခြင်းငှာလည်းကောင်း၊ အထူးထူး အပြားပြားသောအမှုတို့ကို ပြုခြင်းငှာလည်းကောင်း သင့်၏”ဟု ဆိုလေ၏။ ထိုသူတို့သည် ထိုရွာစား၏စကားကို ပယ်ရှားကြကုန်၏။ ရွာစားလည်း ဤသို့ အဖန်ဖန် ပြောဆိုပြန်သော်လည်း ပယ်ရှားကြကုန်သည်သာလျှင်တည်း။

ရွာစားမင်း အပြစ်ရှာခြင်းကြောင့် ဆင်နင်းခံရန် အပြစ်ဒဏ်သင့်ရာမှ ဆင်ရခဲ့ခြင်းအကြောင်း

ထိုရွာစားသည် အမျက်ထွက်၍ “ဤလူတို့ကို ပျက်စီးစေအံ့”ဟု ကြံပြီးလျှင် မင်းအထံသို့သွား၍ “အရှင်မင်းကြီး- ခိုးသူတို့သည် အစုဖွဲ့၍ သွားလာလှည့်လည်သည်တို့ကို မြင်ရပါသည်”ဟု လျှောက်တင်သဖြင့် “သွားချေ၊ ထိုသူတို့ကို ဖမ်းဆီး၍ ဆောင်ခဲ့ချေလော့”ဟု ဆိုသည်ရှိသော် ထိုသူအားလုံးတို့ကို မင်းကြီးဆိုတိုင်း ဖမ်း၍ မင်းအား ပြလေ၏။ မင်းကြီးလည်း မစူးစမ်း မဆင်ခြင်ဘဲသာလျှင် “ဆင်နှင့် နင်းသတ်စေ”ဟု အမိန့်တော်မြတ် မှတ်လေ၏။

မဃလုလင်သည် မိမိမှ ကြွင်းသောသူတို့အား “အချင်းတို့- မေတ္တာစိတ်ကိုဖယ်ထား၍ ငါတို့အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိပြီ၊ သင်တို့သည် တစ်စုံတစ်ယောက်သောသူ့အပေါ်၌ အမျက်ထွက်ခြင်းကို မပြုမူ၍ မင်းကြီး၌လည်းကောင်း၊ ရွာစား၌လည်းကောင်း ငါတို့ကို နင်းလတ္တံ့သော ဆင်၌လည်းကောင်း၊ မိမိကိုယ်၌လည်းကောင်း မေတ္တာစိတ်ဖြင့် အတူအမျှဖြစ်သောစိတ် ရှိကြစေကုန်လော့”ဟု သတိပေး ဆုံးမစကား ပြောကြားလေ၏။ ထိုလူတို့သည်လည်း မဃလုလင် ပြောကြားသောအတိုင်း ပြုကြလေကုန်၏။ ထိုအခါ ထိုသုံးကျိပ် သုံးယောက်သောလူတို့၏ မေတ္တာအာနုဘော်ကြောင့် ဆင်သည် ချဉ်းကပ်ခြင်းငှာလည်း မဝံ့လေပြီ။ မင်းကြီးသည် ထိုအကြောင်းကို ကြားရ၍ “များစွာသောလူတို့ကို မြင်သဖြင့် နင်းခြင်းငှာ မချဉ်းကပ်ဝံ့သည်ဖြစ်လတ္တံ့၊ သွားချေ၊ ထိုလူတို့ကို ဖျာဖြင့်ဖုံးအုပ်၍ နင်းစေကြကုန်”ဟု အမိန့်တော်မြတ် မှတ်ပြန်လေ၏။ ထိုလူတို့ကို ဖျာအုပ်၍ နင်းစေခြင်းငှာ လွှတ်ပြန်သော်လည်း ဆင်သည် ဝေးရာအရပ်သို့သာလျှင် ဖဲသွားလေ၏။

မင်းကြီးသည် ထိုအကြောင်းကိုကြား၍ “ဤအရာ၌ အကြောင်းထူးရှိသည် ဖြစ်တန်ရာ၏”ဟု ကြံပြီးလျှင် ထိုသူတို့ကိုခေါ်စေ၍ “အမောင်တို့- ငါ့ကိုမှီ၍ သင်တို့သည် အဘယ်အရာကို မရဘဲ ရှိကုန်သနည်း”ဟု စစ်ဆေးမေးမြန်းလေ၏။ “အရှင်မင်းကြီး- ယခု မိန့်တော်မူသောအကြောင်းကား အဘယ်အကြောင်းပါနည်း”ဟု လျှောက်တင်ကြသောအခါ “သင်တို့သည် အစုဖွဲ့၍ ခိုးသူပြုလုပ်ကြလျက် အရပ်၌ သွားလာလှည့်လည်ကြကုန်သည် မဟုတ်လော”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းကြီး- အဘယ်သူသည် ဤသို့ လျှောက်တင်ပါသနည်း”ဟု သံတော်ဦးတင်လတ်သောအခါ “အမောင်တို့ရွာစား လျှောက်တင်၏”ဟု မိန့်တော်မူလေ၏။ ထို့နောက်မှ သုံးကျိပ်သုံးယောက်သော သူတို့သည် “အရှင်မင်းကြီး- ကျွန်တော်မျိုးတို့ကား ခိုးသူတို့ မဟုတ်ရပါ၊ မိမိတို့၏ နတ်ရွာလမ်းခရီးကို သုတ်သင်လျက် ဤမည် ဤမည်သော ကောင်းမှုကို ပြုကြပါကုန်၏၊ ရွာစားသည် ကျွန်တော်မျိုးတို့ကို အကုသိုလ်ဖြစ်အံ့သော အမူအရာအားဖြင့် (ပြုလုပ်ရန်) တိုက်တွန်း နှိုးဆော်ရာ မိမိစကားကို မလိုက်နာသော အရှင့်ကျွန်တော်မျိုးတို့ကို အမျက်ထွက်၍ ပျက်စီးစေလိုသောကြောင့် အရှင်မင်းကြီးကို လှည့်စား၍ ဤသို့ လျှောက်တင်ခြင်း ဖြစ်ပါသည်”ဟု သံတော်ဦးတင်ကြလေကုန်၏။

“အမောင်တို့- ဤဆင်သည် တိရစ္ဆာန်ဖြစ်ပါလျက် သင်တို့၏ ဂုဏ်ကျေးဇူးတို့ကို သိသေး၏။ ငါတစ်မူကား လူဖြစ်ပါလျက် ကျေးဇူးကိုသိခြင်းငှာ မတတ်နိုင်၊ ငါ၏အပြစ်ကို သည်းခံကြကုန်လော့”ဟု တောင်းပန်စကား ဤသို့ ပြောကြားပြီးလျှင် သားမယားနှင့်တကွဖြစ်သော ရွာစားရွာသူကြီးကို သုံးကျိပ်သုံးယောက်သော ထိုသူတို့အား ကျွန်ပြု၍ စေစားစေခြင်းငှာ ပေးလေ၏။ ဆင်ကိုလည်း ထိုသူတို့၏ စီးနင်းစရာအလို့ငှာ ပေးလေ၏။ ထိုရွာကိုလည်း ချမ်းသာသည်အလျောက် သုံးဆောင်ရန် ရွာစားပြု၍ ပေးလေ၏။ ထိုသူတို့သည် “ဤပစ္စုပ္ပန်လောက၌ပင်လျှင် ငါတို့ပြုအပ်သော ကုသိုလ်အကျိုးဆက်ကို မြင်အပ်ပြီ”ဟု နှလုံးသွင်း၍ အတိုင်းထက်အလွန် ကြည်ညိုသောစိတ် ရှိကုန်သည်ဖြစ်၍ ထိုဆင်ကို အလှည့်အလှည့်အားဖြင့် စီးကာ သွားလာလျက် တိုင်ပင်ကြပြန်ကုန်၏။

တည်းခိုရာ ဇရပ်ဆောက်ရာ၌ မိန်းမတို့အား ကုသိုလ်ပါဝင်ရန် အဖို့မပေးလိုကြခြင်း

“ယခုအခါ ငါတို့သည် အတိုင်းထက်အလွန် ကောင်းမှုကို ပြုထိုက်၏။ အဘယ်ကောင်းမှုကို ပြုရကုန်အံ့နည်း”ဟု ဆိုသဖြင့် “ခရီးလမ်းမ လေးဆုံ၌ များစွာသော လူအပေါင်းတို့၏ အပန်းဖြေ တည်းခိုရာဇရပ်ကို ပြုကုန်အံ့”ဟု တိုင်ပင်ပြီးလျှင် လက်သမားကိုခေါ်စေ၍ ဇရပ်ကို ဆောက်လုပ်စေကြလေကုန်၏။ ထိုသူတို့သည်ကား အိမ်သူမိန်းမတို့အပေါ်၌ မက်မောခြင်း, စုံမက်ခြင်း နည်းပါးကြသောကြောင့် ဇရပ်၏အတွက် မာတုဂါမတို့အား ကုသိုလ်ပါဝင်ရန် အဖို့ကို မပေးကြလေကုန်။ ထိုမဃလုလင်၏ အိမ်၌ကား သုနန္ဒာ, သုစိတ္တာ, သုဓမ္မာ, သုဇာတာဟူသော လေးယောက်သော မိန်းမတို့သည် ရှိကုန်၏။ ထိုလေးယောက်သောမိန်းမတို့တွင် သုဓမ္မာမည်သောမိန်းမသည် လက်သမားကြီးနှင့် တစ်ပေါင်းတည်းတိုင်ပင်၍ “မောင်ကြီး- ဤဇရပ်၌ ကျွန်မကို အကြီးအမှူးဖြစ်အောင် ပြုပေးစေချင်ပါသည်”ဟု တံစိုးလက်ဆောင် ပေးထားလေ၏။ လက်သမားသည်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ရှေးဦးစွာ (ထုပိကာ) အမွှန်းအချက်အလို့ငှာ သစ်သားကို သွေ့ခြောက်စေပြီးလျှင် ချောမောစွာ ရွေခြင်း, ထွင်းခြင်းတို့ကို ပြုသဖြင့် အမွန်းအချက်ကို ပြီးစီးနှင့်စေ၍ “ဤဇရပ်ကား သုဓမ္မာမည်၏”ဟု ကမ္ပည်းမော်ကွန်းစာ ထွင်းထုကာရေး၍ အဝတ်ဖြင့်ရစ်ပတ်၍ ထားလေ၏။

ထိုအခါ ဇရပ်ကို အဖြူထည်ပြီးစေ၍ အမွှန်းအချက် တင်အံ့သောနေ့၌ “အရှင့်သားတို့- တစ်ခုသော ပြုဖွယ်ဝတ္ထုကို သတိမရ မေ့ခဲ့ကြကုန်ပြီ”ဟု ဆိုလေ၏။ “အချင်းဗိသုကာ- အဘယ်မည်သော ပြုဖွယ်ဝတ္ထုနည်း”ဟု မေးလတ်သော် “ထုပိကာ အမွှန်းအချက်တည်း”ဟု ဆိုလေ၏။ “ထိုသို့ မေ့သည်ဖြစ်မူ ဆောင်ယူချေကုန်အံ့”ဟု ဆိုပြန်သော် “ယခုအခါမှ ခုတ်ဖြတ်အပ်သော သစ်သားဖြင့် ပြုခြင်းငှာ မတတ်ကောင်း၊ ရှေးဦးကလျှင် ခုတ်ဖြတ်ရွေထွင်း၍ အသင့်ပြုလုပ်ထားအပ်သော (ထုပိကာ) အမွှန်းအချက်ကို ရခြင်းငှာ သင့်၏ (ရမှသင့်မည်)”ဟု ဆိုလေ၏။ “ယခုအခါကျမှ အဘယ်သို့ပြု၍ ဖြစ်နိုင်တော့အံ့နည်း”ဟု ဆိုလတ်သော် “တစ်စုံတစ်ယောက်သောသူ၏ အိမ်၌ ပြီးစေ၍ ထားအပ်သော ရောင်းချစရာ (အထွတ်) အမွှန်းအချက်သည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထိုအမွှန်းအချက်ကို အဖိုးသင့်ပေး၍ ရှာဝယ်အပ်၏”ဟု ဆိုလေ၏။ ထိုသူတို့သည် ရှာမှီးကုန်သည်ရှိသော် သုဓမ္မာ၏ နေအိမ်၌ရ၍ အသပြာတစ်ထောင် ပေးသော်လည်း အဖိုးငွေဖြင့် မရကြလေကုန်၊ “ဇရပ်၏အတွက် ကုသိုလ်ပါဝင်ရန် အဖို့ကို ကျွန်မရအောင် ပြုကြလျှင် ပေးလှူပါရစေ”ဟု ဆိုလတ်သော် “မိန်းမတို့အလို့ငှာ အဖို့ကို မပေးနိုင်ကုန်”ဟု ဆိုကြကုန်၏။

သုဓမ္မာမည်သောမိန်းမ ဉာဏ်ထက်မြက်ခြင်းကြောင့် ကုသိုလ်ပါဝင်ရန် အဖို့ရခြင်း

ထိုအခါ ထိုသူတို့ကို လက်သမားသည် “အရှင့်သားတို့ အသင်တို့သည် အဘယ်သို့ ဆိုကြကုန်သနည်း။ ဗြဟ္မာပြည်ကို ဖယ်ထား၍ မိန်းမနှင့်ကင်းသော အရပ်မည်သည်မရှိ၊ (အထွတ်) အမွှန်းအချက်ကို ယူသာယူကြပါလော့၊ ဤသို့ ယူမှသာလျှင် ငါတို့အမှု ပြီးခြင်းသို့ ရောက်လိမ့်မည်”ဟု ဆိုလေ၏။ ထိုသူတို့လည်း “ကောင်းပါပြီ”ဟု (အထွတ်) အမွှန်းအချက်ကိုယူ၍ ဇရပ်ကို ပြီးစီးစေပြီးလျှင် သုံးခုသောအဖို့အားဖြင့် ဝေဖန် ခွဲခြားထားကြလေကုန်၏။ ထို့နောက်မှ တစ်ခုသောအဖို့၌ အစိုးရမင်းတို့နေစရာ နေရာပြုကြကုန်၏။ တစ်ခုသောအဖို့၌ သူဆင်းရဲတို့၏ နေစရာ နေရာပြုကြကုန်၏။ တစ်ခုသောအဖို့၌ သူနာတို့၏ နေစရာ နေရာပြုကြကုန်၏။ သုံးကျိပ်သုံးယောက်သောသူတို့သည်လည်း သုံးဆယ့်သုံးခုသော ထိုင်စရာ ပျဉ်ချပ်တို့ကို ခင်းထားစေ၍ ဆင်အား အမှတ်သညာကို ပေးထားကြကုန်၏။ “ခရီးသွားဧည့်သည် အာဂန္တုသည် လာ၍ အကြင်သူ၏ ခင်းထားအပ်သော ပျဉ်ချပ်၌ နေ၏။ ထိုဧည့်သည်ကိုခေါ်သွား၍ ပျဉ်ချပ်ရှင်ဖြစ်သော ထိုသူတို့၏အိမ်၌သာလျှင် ထိုခရီးသွားဧည့်သည်အား ခြေလက် ဆုပ်နယ်ပြုခြင်း, ချေးတွန်းခြင်း, သောက်ဖွယ်, ခဲဖွယ်, စားဖွယ်, အိပ်ရာနေရာ အလုံးစုံတို့သည် ပျဉ်ချပ်ကောင်းမှုရှင်၏ တာဝန်ဖြစ်လတ္တံ့ ”ဟူသော အဓိပ္ပာယ်ဖြင့် ထားခဲ့လေ၏။ ဆင်သည် လာတိုင်း လာတိုင်းသောဧည့်သည်ကို ခေါ်သွား၍ ပျဉ်ချပ် ကောင်းမှုရှင်၏အိမ်သို့သာ ဆောင်ပို့လေ၏။ ထိုပျဉ်ချပ် ကောင်းမှုရှင်သည် ထိုဧည့်သည်အား ထိုနေ့၌ ပြုဖွယ်ကိစ္စကို ပြုရ၏။ မဃလုလင်သည်လည်း ဇရပ်၏ မနီးမဝေးသော အရပ်၌ ပင်လယ်ကသစ်ပင်ကိုစိုက်၍ ထိုပင်လယ်ကသစ်ပင်ရင်းအနီး၌ ကျောက်ဖျာကို ခင်းလေ၏။ ဇရပ်သို့ ဝင်လာ, ဝင်လာကုန်သောသူတို့သည် အထက်ထုပိကာ အမွှန်းအချက်ကို မော်ကြည့်ကာ ကမ္ပည်းစာကိုဖတ်၍ “ဤဇရပ်သည် သုဓမ္မာမည်၏”ဟု ဆိုကြကုန်၏။ သုံးကျိပ် သုံးယောက်သောသူတို့၏ အမည်သည် ပေါ်လွင်ထင်ရှားခြင်း မရှိချေ။

သုနန္ဒာနှင့် သုစိတ္တာတို့ ကုသိုလ်ပါဝင်ပုံနှင့်သုဇာတာ၏ သဘောထားပုံ

သုနန္ဒာမည်သော မိန်းမသည်လည်း “ဤသူတို့သည် ဇရပ်ဆောက်လုပ်ကြရာ ငါတို့ကို ကုသိုလ်အဖို့ မပါဝင်ရအောင် ပြုကြပြီ။ သုဓမ္မာသည်ကား မိမိ၏ ထက်ထက်မြက်မြက် ရှိခြင်းကြောင့် ကုသိုလ်အဖို့ ပါဝင်ရလေပြီ။ ငါသည်လည်း တစ်ခုခုပြုဦးမှ သင့်မည်”ဟု ကြံစည်ပြီးလျှင် “အဘယ်အမှုကို ပြုရပါအံ့နည်း”ဟု ကြံစည်ပြန်သော် ထိုသုနန္ဒာအား ဤသို့သောအကြံ ဖြစ်ပေါ်လာလေ၏။ “ဇရပ်သို့ ရောက်လာ, ရောက်လာတိုင်းသော သူတို့အား သောက်ရေ ချိုးရေ ရခြင်းငှာ သင့်၏၊ ရေကန်ကို တူးစေအံ့”ဟု အကြံဖြစ်ပေါ်လာ၍ ရေကန်ကို တူးစေလေ၏။

သုစိတ္တာမည်သော မိန်းမသည်လည်း “သုဓမ္မာကား ထုပိကာကိုလှူပြီ၊ သုနန္ဒာကား ရေကန်တူးပြီ၊ ငါလည်း တစ်စုံတစ်ခု ပြုသင့်၏။ အဘယ်သို့ ပြုရပါအံ့နည်း”ဟု ကြံစည်လတ်သော် သုစိတ္တာအား ဤသို့ အကြံဖြစ်ပေါ်လေ၏။ “ဇရပ်သို့ လာကုန်, လာကုန်သောသူတို့သည် ရေကို သောက်ချိုး၍ သွားသောအခါ၌လည်း ပန်းကိုဆင်မြန်းကာ ပန်ဆင်၍သွားစေခြင်းငှာ သင့်လျော်၏။ ပန်းအရံကို စိုက်ပျိုးစေအံ့”ဟု အကြံဖြစ်ပေါ်၍ ထိုသုစိတ္တာသည် နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ပန်းအရံကို စိုက်ပျိုးစေလေ၏။ များသောအားဖြင့် ထိုပန်းအရံ (ဥယျာဉ်)၌ ဤမည်သော ပွင့်သောသစ်ပင် သီးသောသစ်ပင် မရှိဟု မဖြစ်၊ မျိုးစုံအောင် ရှိသည်သာတည်း။

သုဇာတာသည်ကား “ငါသည် မဃလုလင်၏ ဦးရီးသမီးလည်း ဖြစ်၏။ ခြေရင်း အလုပ်အကျွေး မယားလည်းဖြစ်၏၊ ဤမဃလုလင်ပြုအပ်သော ကောင်းမှုသည် ငါ့ကောင်းမှု မည်သည်သာတည်း၊ ငါပြုအပ်သော ကောင်းမှုသည်လည်း မဃလုလင်၏ ကောင်းမှု မည်သည်သာတည်း”ဟု ကြံ၍ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှုကိုမပြုဘဲ မိမိကိုယ်ကိုသာလျှင် တန်ဆာဆင်ယင်ခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေလေ၏။

မဃလုလင် စသည်တို့ တာဝတိံသာနတ်ပြည်၌ဖြစ်၍ သိကြားမင်းစည်းစိမ်ရခြင်း

မဃလုလင်သည်လည်း ၁။ မိဖလုပ်ကျွေးခြင်း ၂။ ဆွေကြီးမျိုးကြီး ရိုသေခြင်း ၃။ မှန်သောစကားကိုဆိုခြင်း ၄။ ကြမ်းတမ်းသောစကား မဆိုခြင်း ၅။ ကုန်းမတိုက်ခြင်း ၆။ ဝန်မတိုခြင်း ၇။ အမျက်မထွက်ခြင်းဟူသော ခုနစ်ပါးသောကျင့်ဝတ်တို့ကို ပြည့်စေ၍သာနေလေ၏။ “မာတာပတ္တိဘရံ ။လ။ သပ္ပုရိသော ဣတိ” ဟု ဤသို့ ချီးမွမ်းထောမနာအပ်သောသူ၏ အဖြစ်သို့ရောက်၍ အသက်အဆုံး၌ တာဝတိံသာနတ်ပြည်ဝယ် သိကြား နတ်မင်းကြီး ဖြစ်လေ၏။ သုံးကျိပ်သုံးယောက်သော အဆွေခင်ပွန်းတို့သည်လည်း ထိုတာဝတိံသာနတ်ပြည်၌သာလျှင် ဖြစ်ကြလေကုန်၏။ လက်သမားသည်ကား ဝိသုကြုံနတ်သား ဖြစ်လေ၏။ ထိုအခါ တာဝတိံသာနတ်ပြည်၌ အသုရာတို့သည် နေကုန်၏။ ထိုအသုရာတို့သည် “အသစ်ဖြစ်သော နတ်သားတို့ ဖြစ်လာကုန်ပြီ”ဟု နတ်၌ဖြစ်သော အဖျော်ကို စီရင်ကြကုန်၏။ သိကြားမင်းသည် မိမိပရိသတ်၌ တစ်စုံတစ်ယောက်သောသူကိုမျှ မသောက်စိမ့်သောငှာ အမှတ်သညာပေးလေ၏။ အသုရာတို့သည် သောက်ခြင်းကြောင့် မူးယစ် မေ့လျော့ကြလေကုန်၏။ သိကြားမင်းသည်လည်း “ဤသူတို့နှင့် ဆက်ဆံသော သိကြားမင်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု မိမိပရိသတ်အား အမှတ်သညာကိုပေး၍ အသုရာတို့ကို ခြေတို့၌ ဆွဲငင်စေလျက် သမုဒ္ဒရာသို့ ပစ်ချစေ၏။

ထိုအသုရာတို့သည် ဦးခေါင်းစောက်ထိုးဖြစ်၍ သမုဒ္ဒရာ၌ ကျကြကုန်၏။ ထိုအခါ အသုရာတို့၏ ကောင်းမှုအာနုဘော်ကြောင့် မြင်းမိုရ်တောင်၏ အောက်အပြင်၌ အသုရာပြည်မည်သည် ဖြစ်လေ၏။ သခွတ်ပင်မည်သော သစ်ပင် ပေါ်ပေါက်လေ၏။ နတ်တို့သည် အသုရာတို့နှင့် စစ်ပြိုင်ကြသည်ရှိသော် ထိုအသုရာတို့ ရှုံးသောကြောင့် ယူဇနာ တစ်သောင်းကျယ်သော တာဝတိံသာ နတ်ပြည်မည်သည်ဖြစ်လေ၏။ ထိုတာဝတိံသာနတ်ပြည်၏ အရှေ့တံခါး အနောက်တံခါးတို့၏ အကြား၊ တောင်တံခါး မြောက်တံခါးတို့၏ အကြားသည် ယူဇနာတစ်သောင်းစီ ကျယ်ပြန့်၏။ ထိုတာဝတိံသာနတ်ပြည်သည် တံခါး တစ်ထောင် ရှိ၏။ အရံ, ဥယျာဉ်, ရေကန်တို့ဖြင့် တန်ဆာဆင်အပ်၏။ ဇရပ်ဆောက်၍ လှူခဲ့ဖူးသော ကုသိုလ်၏အကျိုးဆက်ကြောင့် ထိုတာဝတိံသာနတ်ပြည်အလယ်၌ ယူဇနာသုံးရာ အစောက်မြင့်သော တံခွန်တို့ဖြင့် တန်ဆာဆင်လျက် ယူဇနာခုနစ်ရာ အစောက်ရှိသော ဝေဇယန္တာမည်သော ဘုံပြာသာဒ်သည် ပေါ်ပေါက်လာလေ၏။ ရွှေဖြင့်ပြီးသော တံခွန်တိုင် အရိုးတို့၌ ပတ္တမြား တံခွန်တို့သည် ဖြစ်ကုန်၏။ ပတ္တမြားအရိုး တံခွန်တိုင်တို့၌ ရွှေတံခွန်တို့သည် ဖြစ်ကုန်၏။ သန္တာတံခွန်တိုင်တို့၌ ပုလဲတံခွန်၊ ပုလဲတံခွန်တိုင်တို့၌ သန္တာတံခွန်၊ ရတနာခုနစ်ပါးနှင့်ပြီးသော တံခွန်တိုင်တို့၌ ရတနာခုနစ်ပါးဖြင့်ပြီးသော တံခွန်တို့သည် ဖြစ်ကုန်၏။ တံခွန်တိုင်တို့၏အလယ်၌ စိုက်ထားသော တံခွန်သည် ယူဇနာ သုံးရာမြင့်၏။ ဤသို့ တံခွန်နှင့်တကွ ဇရပ်ဆောက်လှူခဲ့ဖူးသော ကုသိုလ်ဆက်တို့ကြောင့် ယူဇနာ တစ်ထောင်မြင့်သော ဝေဇယန္တာ ဘုံပြာသာဒ်သည် ရတနာခုနှစ်ပါးဖြင့် ပြီးသည်ဖြစ်၍ ဖြစ်ပေါ်လာ၏။

ပင်လယ်ကသစ်ပင်ကို စိုက်၍ လှူခဲ့ဖူးသော ကုသိုလ်ဆက်ကြောင့် ထက်ဝန်းကျင်မှ ယူဇနာသုံးရာ ပင်စည်အဝန်းရှိသော ပင်လယ်ကသစ်ပင်သည် ဖြစ်လေ၏။ ကျောက်ဖျာကို ကသစ်ပင်ရင်း၌ ခင်းထား၍ လှူခဲ့ဖူးသော ကုသိုလ်စေတနာ၏ အကျိုးဆက်ကြောင့် ပင်လယ်ကသစ်ပင်၏ အနီး၌ အလျားယူဇနာ ခြောက်ဆယ်၊ အနံယူဇနာ ငါးဆယ်၊ အထု တစ်ဆယ့်ငါး ယူဇနာရှိသော လယ်ခေါင်ရန်းပန်းအဆင်း ကမ္ဗလာနီအဆင်းကဲ့သို့ တွတ်တွတ်နီသောအဆင်းရှိသော ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ဖြစ်ပေါ်လေ၏။ ထိုပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ သိကြားမင်းထိုင်သောအခါ ကိုယ်ထက်ဝက်နစ်၍ ထသောအခါ နစ်သောနေရာသည် ပြည့်မြဲပြည့်လေ၏။

ဧရာဝဏ်ဆင်အကြောင်း

ဆင်သည်လည်း ဧရာဝဏ် အမည်ရှိသော နတ်သားဖြစ်လေ၏။ နတ်ပြည်၌ တိရစ္ဆာန်တို့မည်သည် မရှိကုန်၊ ထို့ကြောင့် ထိုနတ်သားသည် ဥယျာဉ်ကစားခြင်းငှာ ထွက်သောအခါ၌ မိမိကိုယ်ကိုစွန့်၍ ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော ဧရာဝဏ်မည်သောဆင် ဖြစ်လေ၏။ ထိုဧရာဝဏ်ဆင်သည် သုံးကျိပ် သုံးယောက်သောသူတို့ စီးစေခြင်းအကျိုးငှာ သုံးဂါဝုတ် ပမာဏရှိ, ယူဇနာခွဲ ပမာဏရှိသော သုံးဆယ့်သုံးလုံးသော ဦးကင်းတို့ကို ပတ်လည်လှည့်သဖြင့် ဖန်ဆင်း၏။ အလုံးစုံသော ဦးကင်းတို့၏အလယ်၌ သိကြားမင်းသည် နေစိမ့်သောငှာ သုဒဿနမည်သော ယူဇနာသုံးဆယ် ပမာဏရှိသော ဆင်ဦးကင်းကို ဖန်ဆင်းလေ၏။ ထိုဆင်ဦးကင်းအထက်၌ တစ်ဆယ့်နှစ်ယူဇနာရှိသော ရတနာမဏ္ဍပ်သည်ဖြစ်၏။ ထိုမဏ္ဍပ် အကြား,အကြား၌ ရတနာခုနစ်ပါးဖြင့်ပြီးသော တစ်ယူဇနာမြင့်သော တံခွန်တို့သည် ပေါက်ကုန်၏။ ထိုတံခွန်တို့၏အဆုံး၌ ရွှေချူကွန်ယက်သည် တွဲရရွဲဆွဲ၏။ လေညင်းညင်းခတ်အပ်သော ထိုရွှေချူကွန်ယက်အသံသည် အင်္ဂါငါးပါးရှိသော တူရိယာသံနှင့်ရောနှောသော နတ်တို့၏ သီချင်းသံကဲ့သို့ အသံထွက်၏။ မဏ္ဍပ်အလယ်၌ သိကြားမင်း စံစား၍နေခြင်းငှာ တစ်ယူဇနာရှိသော ပတ္တမြားပလ္လင်ကို ခင်းထားအပ်၏။ ထိုပတ္တမြားပလ္လင်၌ သိကြားမင်းစံနေတော်မူ၏။ သုံးဆယ့်သုံးလုံးသော ဆင်ဦးကင်းတို့တွင် တစ်ခုတစ်ခုသော ဆင်ဦးကင်း၌ ခုနစ်ခု, ခုနစ်ခုသော အစွယ်တို့ကို ဖန်ဆင်း၏။ ထိုအစွယ် ခုနစ်ခုတို့တွင် အစွယ်တစ်ခု,တစ်ခုသည် ယူဇနာငါးဆယ် အလျားရှည်၏။ တစ်ခုတစ်ခုသော အစွယ်၌ ခုနစ်ခု,ခုနစ်ခုသော ရေကန်၊ တစ်ခု,တစ်ခုသော ရေကန်၌ ခုနစ်ခု,ခုနစ်ခုသော ပဒုမ္မာကြာရုံ၊ တစ်ခု,တစ်ခုသော ပဒုမ္မာကြာရုံ၌ ကြာခုနစ်ပွင့်, ခုနစ်ပွင့်၊ တစ်ပွင့်,တစ်ပွင့်၌ ပွင့်ချပ် ခုနစ်ခု,ခုနစ်ခု၊ ပွင့်ချပ် တစ်ခု,တစ်ခု၌ ခုနစ်ယောက်, ခုနစ်ယောက်သော နတ်သမီးတို့သည် ကကုန်၏။ ဤသို့ ထက်ဝန်းကျင်မှ ယူဇနာငါးဆယ်ရှိသော အရပ်တွင် ဆင်၏အစွယ်တို့၌သာ ကပွဲသဘင်တို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် ကြီးကျယ်ပြန့်ပြောသော စည်းစိမ်ချမ်းသာကို ခံစားလျက် သိကြား နတ်မင်းသည် လှည့်လည်ကြွမြန်းလျက် ရွှေစက်ဖြန့်တော်မူ၏။

ကောင်းမှုရှင်မိန်းမတို့ နတ်ပြည်၌ဖြစ်ခြင်းအလှပြင်မိန်းမ ဥဗျိုင်းငှက်မ ဖြစ်ခြင်းအကြောင်း

သုဓမ္မာမည်သော မိန်းမသည်လည်း သေခဲ့သည်ရှိသော် ထိုတာဝတိံသာ နတ်ပြည်၌ပင်လျှင် ဖြစ်လေ၏။ ထိုသုဓမ္မာအား ယူဇနာကိုးရာရှိသော သုဓမ္မာမည်သော နတ်သဘင်သည် ဖြစ်လေ၏။ ထိုနတ်သဘင်ထက် လွန်စွာ နှလုံးမွေ့လျော်ဖွယ်ရာဖြစ်သော တစ်ပါးသော အရပ်ဌာနမည်သည် မရှိလေ။ တစ်လလျှင် ရှစ်ရက်မြောက်သောနေ့တိုင်း ထိုသုဓမ္မာ နတ်သဘင်၌သာလျှင် တရားနာခြင်းသည် ဖြစ်လေ၏။ ယနေ့တိုင်အောင်လည်း မွေ့လျော်ဖွယ်ရှိသောအရပ်ကို မြင်ကြသည်ရှိသော် “သုဓမ္မာ နတ်သဘင်ကဲ့သို့ ဖြစ်၏”ဟု ပြောဆိုကြရကုန်၏။

နန္ဒာမည်သော မိန်းမသည်လည်း လူ့ပြည်မှ စုတေ သေလွန်ခဲ့သော် ထိုတာဝတိံသာ နတ်ပြည်၌ပင် ဖြစ်လေ၏။ ထိုနန္ဒာအား ယူဇနာ ငါးရာကျယ်သော နန္ဒာအမည်ရှိသော ရေကန်သည်လည်း ဖြစ်လေ၏။

စိတ္တာမည်သော မိန်းမသည်လည်း သေ၍ ထိုတာဝတိံသာ နတ်ပြည်၌ပင် ဖြစ်လေ၏။ ထိုစိတ္တာအားလည်း ယူဇနာ ငါးရာရှိသော စိတ္တလတာမည်သော ဥယျာဉ်သည်လည်း ဖြစ်လေ၏။ ထိုဥယျာဉ်၌ နှလုံးမသာယာစရာ ပုဗ္ဗနိမိတ်ဖြစ်ခြင်းရှိသော နတ်သားတို့ကိုဆောင်၍ ဝမ်းမြောက်စေကုန်လျက် သွားလာလှည့်လည်ကြရကုန်၏။

သုဇာတာမည်သော မိန်းမသည်ကား စုတေ သေလွန်ခဲ့လေသော် တစ်ခုသော တောင်ချောက်ကြား၌ ဗျိုင်းမငှက်ငယ်တစ်ကောင် ဖြစ်လေ၏။ သိကြားမင်းသည်လည်း မိမိ၏ အလုပ်အကျွေး မိန်းမကို ကြည့်လတ်သည်ရှိသော် “သုဓမ္မာ, နန္ဒာ, စိတ္တာမည်သော မိန်းမတို့သည် ဤတာဝတိံသာနတ်ပြည်၌သာ ဖြစ်ကြကုန်၏။ သုဇာတာမည်သောမိန်းမသည် အဘယ်အရပ်၌ ဖြစ်သနည်း”ဟု ကြံစည်ကာကြည့်ရှုသည်ရှိသော် တောင်ချောက်ကြား၌ ဗျိုင်းမငှက်ငယ် ဖြစ်သည်ကိုမြင်ရ၍ “အမိုက်မသည် တစ်စုံတစ်ခုသောကောင်းမှုကို မပြုလေခြင်းကြောင့် တိရစ္ဆာန်အမျိုး၌ ဗျိုင်းမဖြစ်ရပြီ၊ ထိုဗျိုင်းဖြူမကို ယခုအခါ ကောင်းမှုကိုပြုစေ၍ ဤတာဝတိံသာနတ်ပြည်သို့ သွေးဆောင်ခေါ်ယူခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် သိကြားမင်း၏ အသွင်ကိုစွန့်၍ မထင်ရှားသော သူဆင်းရဲအသွင်ဖြင့် ဗျိုင်းမငယ်အထံသို့သွား၍ “အဘယ်အမှုကိုပြုလျက် ဤတောင်ကြားမြစ်၌ လှည့်လည်ကျက်စား သွားလာနေသနည်း”ဟု မေးမြန်းလေ၏။ “အရှင်သည် အဘယ်သူပါနည်း”ဟု မေးလတ်သော် “ငါကား မစလရွာ၌ နေစဉ်အခါ သင်၏ချစ်လင်ဖြစ်ဖူးသော မဃလုလင်တည်း”ဟု ဆို၏။ “အရှင့်သား- အဘယ်မှာ ဖြစ်ပါသနည်း”ဟု မေးပြန်သော် “ငါကား တာဝတိံသာ နတ်ပြည်၌ ဖြစ်ပေသည်၊ သင်၏အဖော်ဖြစ်သော မိန်းမတို့၏ ဖြစ်ရာအရပ်ကို သိ၏လော”ဟု ပြန်မေးလေ၏။ “အရှင်- ကျွန်မ မသိပါ”ဟု ပြောလတ်သော် “ထိုမိန်းမတို့သည်လည်း ငါ၏အထံ၌ ဖြစ်လာကုန်၏၊ ထိုအဖော်ဖြစ်သော မိန်းမတို့ကို မြင်ချင်၏လော”ဟု မေးမြန်းလေ၏။

သုဇာတာဗျိုင်းမကို နတ်ပြည်သို့ ဆောင်ယူပြခြင်း

“အရှင်- ကျွန်မသည် ထိုတာဝတိံသာနတ်ပြည်သို့ အဘယ်သို့ သွားနိုင်ပါလတ္တံ့နည်း”ဟု ဆိုလတ်သော် သိကြားမင်းသည် “သင့်ကို ငါ ဆောင်ယူအံ့”ဟု ဆို၍ ထိုဗျိုင်းမငယ်ကို လက်ဝါးပြင်၌ နားစေ၍ နတ်ပြည်သို့ ဆောင်ယူပြီးလျှင် နန္ဒာမည်သော ရေကန်ကမ်းနား၌ လွှတ်ထားပြီးမှ သုံးယောက်ကုန်သော နတ်မိဖုရားတို့အား “သင်တို့၏ အဖော်ဖြစ်သော သုဇာတာကို ရှုမြင်လိုကြကုန်သလော”ဟု မေးလေ၏။ “အရှင်မင်းမြတ်- သုဇာတာသည် အဘယ်မှာနည်း”ဟု ပြန်မေးသဖြင့် “နန္ဒာရေကန်ကမ်းနားမှာ ရှိ၏”ဟု ပြောကြားလိုက်လေ၏။ ထိုသုံးယောက်သော နတ်မိဖုရားတို့သည်လည်း ထွက်သွားပြီးလျှင် “သခင်မ သုဇာတာ၏ရုပ်ပုံသည် အံ့ဖွယ်ရှိပေစွ၊ မိမိကိုယ်ကို လှလှပပ တန်ဆာဆင်ခြင်း၏အကျိုးသည် ဪ အံ့ဩဖွယ် ရှိပေစွတကား၊ ယခုအခါ၌ ထိုသုဇာတာ သခင်မ၏ နှုတ်သီးကလေးကို ကြည့်ကြပါဦး၊ ခြေတို့ကို ကြည့်ကြပါဦး၊ ခြေသလုံးကလေးတို့ကို ကြည့်ကြပါဦး၊ ထိုသုဇာတာ သခင်မ၏ အလုံးစုံဖြူသော ကိုယ်အဖြစ်သည် တင့်တယ်လှပေ၏တကား”ဟု ပြောင်လှောင် ပြက်ရယ်မှုပြု၍ ဖဲသွားကြလေကုန်၏။

တစ်ဖန် သိကြားမင်းသည် ထိုဗျိုင်းမအထံသို့သွား၍ “သင်၏ အဖော်မတို့ကို မြင်လိုက်၏လော”ဟု မေးလေလျှင် “မြင်ရပါပြီ၊ ကျွန်မကို ပြောင်လှောင် ပြက်ရယ်မှုပြု၍ သွားကြပါသည်၊ ကျွန်မ၏ နေရာဖြစ်သော ထိုချောက်ကြားသို့သာ ကျွန်မကို ပြန်ပို့ပါ”ဟု ပြောဆိုရှာလေသော် ထိုချောက်ကြားသို့ ဆောင်ပို့လိုက်ပြီးလျှင် ရေ၌လွှတ်ခဲ့၍ “သင်၏အဖော်မ ဖြစ်ကုန်သော ထိုသူတို့၏ စည်းစိမ်ချမ်းသာကို မြင်အပ်ပြီ မဟုတ်လော”ဟု မေးလေ၏။ “အရှင်သိကြားမင်းမြတ်- မြင်အပ်ပါပြီ”ဟု ဆိုလျှင် “သင်သည်လည်း ထိုအရပ်၌ ဖြစ်ခြင်း၏အကြောင်း ကောင်းမှုကို ပြုသင့်၏”ဟု ဆိုလေ၏။ “အရှင်သိကြားမင်းမြတ်- အဘယ်ကို ပြုရပါမည်နည်း”ဟု မေးလေလျှင် “ငါပေးအပ်သော ဆုံးမဩဝါဒကို စောင့်ရှောက်လတ္တံ့လော”ဟု မေးလေ၏။ “စောင့်ရှောက်ပါမည်”ဟု တာဝန်ခံသောအခါ ငါးပါးသီလပေး၍ “မမေ့မလျော့ စောင့်ရှောက်ရစ်လော့”ဟု ဆိုဆုံးမ၍ ဖဲသွားလေ၏။

သုဇာတာဗျိုင်းမ ငါးပါးသီလကြောင့် အိုးထိန်းသည်သမီးဖြစ်၍ သိကြားမင်း စောင်မပုံ

ထိုဥဗျိုင်း ငှက်ငယ်မသည်လည်း ထိုအခါမှစ၍ အလိုလိုသေသော ငါးတို့ကိုသာလျှင် ရှာ၍စား၏။ သိကြားမင်းသည် နှစ်ရက်,သုံးရက် လွန်သောအခါ ထိုဗျိုင်းမကို စူးစမ်းခြင်းငှာ သွားရောက်၍ သဲသောင်ပြင်၌ ငါးသေကဲ့သို့ သေလေဟန် ငါးသေယောင် ဖန်ဆင်း၍ အိပ်နေလေ၏။ ထိုဗျိုင်းမသည် မြင်လျှင် ငါးသေဟူသော အမှတ်သညာဖြင့် ကောက်ယူလိုက်လေ၏။ ငါးသည် မျိုခါနီး၌ အမြီးကိုလှုပ်လိုက်၏။ ဗျိုင်းမသည် အသက်ရှင်သော ငါးပါတကားဟု ရေ၌ လွှတ်လိုက်၏။ ထို့နောက် အတန်ငယ် ကာလလွန်စေ၍ တစ်ဖန် ဗျိုင်းမ၏ရှေ့၌ ပက်လက်အိပ်ပြန်၏။ ဗျိုင်းမသည် ငါးသေဟူသောအမှတ်ဖြင့် ကောက်ယူပြန်၍ မျိုဆဲသောအခါ အမြီးဖျားကို လှုပ်လိုက်၏။ ဗျိုင်းမသည် ထိုလှုပ်သည်ကိုမြင်၍ ငါးရှင်ပါတကားဟု လွှတ်ပြန်လေ၏။ ဤသို့လျှင် သုံးကြိမ်တိုင်တိုင် စူးစမ်း၍ ကောင်းစွာ သီလကို စောင့်ပေ၏ဟု သိကြားမင်းသည် မိမိကိုယ်ကိုသိစေ၍ “ငါကား သင်၏သီလကို စူးစမ်းခြင်းငှာ လာခဲ့၏။ ကောင်းစွာ သီလကို မကျိုးမပေါက် စောင့်ရှောက်ပေ၏။ ဤသို့ စောင့်ရှောက်လျှင် မကြာမြင့်မီ ငါ့အထံ၌ ဖြစ်လတ္တံ့၊ မမေ့မလျော့လေနှင့်”ဟု သေချာစွာ မှာကြား၍ ဖဲသွားလေ၏။

ထိုဗျိုင်းမသည် ထိုအခါမှစ၍ အလိုလိုသေသော ငါးကို ရသောအခါလည်း ရှိ၏။ မရသောအခါလည်း ရှိ၏။ မရသည်ရှိသော် နှစ်ရက်,သုံးရက်လွန်သဖြင့် အသွေးအသား ခြောက်ခန်း၍ သေရှာလေရကား ထိုငါးပါးသီလ၏ အစွမ်းအာနုဘော်ကြောင့် ဗာရာဏသီပြည်တွင် အိုးထိန်းသည်တစ်ယောက်၏သမီး ဖြစ်လေ၏။ အိုးထိန်းသည်သမီး တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ သိကြားမင်းသည် “သုဇာတာဖြစ်ဖူးသော ဗျိုင်းမသည် ဘယ်ပြည် ဘယ်ရွာ၌ ဖြစ်ရှာလေသနည်း”ဟု ကြည့်ရှု ဆင်ခြင်သည်ရှိသော် မြင်ရ၍ “ယခုအခါ ငါသိကြားသည် ထိုအိုးထိန်းသည်သမီးနေရာသို့ သွားခြင်းငှာ သင့်၏”ဟု သခွားသီးအရောင်အဆင်း ပမာဏထင်သော ရတနာ ခုနစ်ပါးတို့ဖြင့် လှည်းရထားကို အပြည့်တင်၍ မောင်းနှင်ပြီးလျှင် ဗာရာဏသီပြည်သို့ဝင်၍ “အို မိခင် ဖခင်တို့- သခွားသီးတို့ကို ဝယ်လိုက်ကြကုန်၊ ဝယ်လိုက်ကြကုန်”ဟု ကြွေးကြော်လျက် ဈေးလမ်းမသို့ သွားလေ၏။ လူတို့သည်လည်း ပဲနောက်, ပဲကြီး စသည်တို့ကိုယူ၍ လာကုန်သည်ရှိသော် “အဖိုးဖြင့် ငါမပေး”ဟု ဆိုလိုက်သဖြင့် “အဘယ်သို့သော အကြောင်းဖြင့် ပေးမည်နည်း”ဟု မေးသည်ရှိသော် “သီလကို စောင့်ရှောက်ထိန်းသိမ်းလေ့ရှိသော သီတင်းသည် မိန်းမအား ပေးအံ့”ဟုဆို၏။ “အရှင်- ဤသီလမည်သည် အဘယ်သို့ သဘောရှိသနည်း၊ အမည်းလေလော၊ အညိုစသည်လေလော”ဟု မေးကြပြန်သော် “အသင်တို့သည် သီလကို ဤသို့ သဘောရှိသည်ကိုမျှလည်း မသိကြ၊ အဘယ်မှာလျှင် ထိုသီလကို စောင့်ရှောက်နိုင်ကြကုန်အံ့နည်း။ သီလစောင့်ရှောက်သော သူအားသာ ပေးပေအံ့”ဟု ဆိုလေ၏။

“အရှင်- ထိုအိုးထိန်းသည်သမီးသည် သီလစောင့်ရှောက်မည်ဟု လှည့်လည်လေ့ရှိ၏။ ဤသတို့သမီးအား ပေးပါလေလော့”ဟုဆို၍ ထိုအိုးထိန်းသည်သမီးသည်လည်း “ထိုသို့ဖြစ်မူ ကျွန်မအား ပေးပါအရှင်”ဟု ဆိုလေ၏။ “သင်သည်ကား အဘယ်သို့သောသူ ဖြစ်လေသနည်း”ဟု မေးလတ်သော် “ကျွန်မသည် အခါခပ်သိမ်း မစွန့်အပ်သော သီလရှိပါသည်”ဟု ဆိုသဖြင့် “သင့်အလို့ငှာသာ ဤဥစ္စာတို့ကို ငါယူဆောင်ခဲ့၏”ဟု ဆို၍ လှည်းရထားကို မောင်းနှင်ကာ ထိုသတို့သမီး၏အိမ်သို့ သွားပြီးလျှင် တစ်ပါးသူတို့မယူနိုင်အောင်လည်း ပြုခဲ့၍ သခွားသီးအသွင်ဖြင့် နတ်ပေးဥစ္စာကို ပေးသဖြင့် မိမိကိုယ်ကို သိစေပြီးလျှင် “ဤအလုံးစုံသည် သင်အသက်မွေးခြင်းငှာ ပေးအပ်သောဥစ္စာ ဖြစ်၏။ ငါးပါးသီလတို့ကို မကျိုးမပေါက် မပြောက်မကျားအောင်ပြု၍ စောင့်ရှောက်ရစ်လော့”ဟု ဆိုဆုံးမကာ ဖဲသွားလေ၏။

အသုရာသမီး ပန်းကုံးစွပ်ပွဲနှင့် သိကြားမင်း အတင့်ရဲပုံ

ထိုအိုးထိန်းသည်သမီးလည်း ထိုကိုယ်အဖြစ်မှ စုတေခဲ့၍ အသုရာပြည်၌ အသုရာနတ်မင်းကြီး၏ သမီးဖြစ်၍ သိကြားမင်း၏ ရန်သူအိမ်၌ ဖြစ်လေ၏။ ဗျိုင်းမငယ်ဖြစ်သောဘဝ၊ အိုးထိန်းသည်သမီးဖြစ်သောဘဝတို့၌ သီလကို လုံခြုံစွာ စောင့်ထိန်းဖူးသောကြောင့် အလွန် အဆင်းလှ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းမရှိသော ရူပကာယ အသရေနှင့်ပြည့်စုံ၏။ ဝေပစိတ္တိမည်သော အသုရာနတ်မင်းကြီးသည် လာတိုင်း လာတိုင်းကုန်သော အသုရာတို့ကို “သင်တို့သည် ငါ့သမီးနှင့် မထိုက်တန်ကုန်”ဟု ဆို၍ တစ်စုံတစ်ယောက်သောသူအား မပေးစားမူ၍ “ငါ့သမီးသည် မိမိကိုယ်တိုင်သာလျှင် မိမိနှင့်ထိုက်တန်သော လင်ယောက်ျားကို ရှာယူလတ္တံ့”ဟု အသုရာမှူးမတ် စသည်အပေါင်းကို စည်းဝေးစေပြီးလျှင် “သင်ချစ်သမီးနှင့် ထိုက်တန်သော လင်ယောက်ျားကို ကြိုက်ရာရွေးချယ်ကာ ယူလော့”ဟု သမီးလက်၌ ပန်းကုံးကို ပေးလေ၏။ ထိုခဏ၌ သိကြားမင်းသည် သုဇာတာ၏ ဖြစ်ရာအရပ်ကို ကြည့်ရှုသည်ရှိသော် ထိုအကြောင်းကို သိရ၍ “ဤယခုအခါ ငါသွား၍ ထိုသုဇာတာကို ဆောင်ယူခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် အသုရာအဘိုးအိုကြီးအသွင် ဖန်ဆင်းကာ သွားရောက်၍ ပရိသတ်အစွန်၌ ရပ်နေလေ၏။ သုဇာတာသည်လည်း ထိုမှဤမှ ကြည့်ရှုလတ်သည်ရှိသော် ရှေးဘဝ၌ မေတ္တာအဟုန်ထုံကာ တကွနေဖူးကြသည့်အစွမ်းဖြင့်ဖြစ်သော ချစ်ခြင်းသည် အဟုန်ထန်စွာစီးသော မြစ်ရေအလျဉ်ကဲ့သို့ လွှမ်းမိုးဖိစီးသော စိတ်နှလုံးရှိသည်ဖြစ်၍ “ဤသူသည် ငါ၏ချစ်လင်တည်း”ဟု ထိုအသုရာ အဘိုးအိုကြီး၏ ဦးခေါင်းထက်၌ ပန်းကုံးကို စွပ်လေ၏။ အသုရာတို့သည်လည်း “ငါတို့၏ ပြည့်ရှင်မင်းကား ဤမျှ အတိုင်းအရှည်ရှိသော ကာလပတ်လုံး သမီးနှင့် ထိုက်တန်သောသူကို မရ၊ ယခုမှ ရပါပေသည်။ ဪ... ထိုငါတို့ ပြည့်ရှင်မင်းကြီး၏ သမီးပျိုကလေးအား ဘိုးအေထက် အသက်ကြီးသော ဤသူသာလျှင် ထိုက်တန်ရလေခြင်း”ဟု မကျေမခဲ အရှက်ကွဲ၍ ဖဲသွားကြလေ၏။

သုဇာတာကို သိကြားမင်း ဆောင်ယူခြင်း

အဘိုးအိုကြီးသည်လည်း ထိုသုဇာတာမည်သော အသုရာမင်းကြီး၏သမီးကို လက်၌ကိုင်ဆွဲ၍ “ငါကား တာဝတိံသာနတ်ပြည်ကို အစိုးရသော သိကြားမင်းပေတည်း”ဟု ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်သောစကားဖြင့် ကြုံးဝါးလျက် ကောင်းကင်ထက်သို့ တက်သွားလေ၏။ အသုရာတို့သည်လည်း “သိကြားအိုသည် ငါတို့ကို လှည့်စားခဲ့လေပြီ”ဟု နှလုံး မသာမယာရှိကုန်သဖြင့် သိကြားမင်းကို အမီလိုက်ကြကုန်၏။ ကူညီဖော် ကူညီဖက်ဖြစ်သော မာတလိနတ်သားသည် ဝေဇယန္တာနတ်ရထားကို ဆောင်ယူလာခဲ့၍ ခရီးအကြား၌ စောင့်မျှော်လျက် နေနှင့်လေ၏။ သိကြားမင်းသည် ထိုသုဇာတာနတ်သမီးကို ဝေဇယန္တာရထားထက်တင်၍ တာဝတိံသာနတ်ပြည်သို့ ရှေးရှုသွားလေ၏။ ထိုသို့သွား၍ သိကြားမင်း လက်ပံတောသို့ရောက်သောအခါ ရထားသံကိုကြား၍ ကြောက်လန့်ကုန်သော ဂဠုန်ငှက်ငယ်တို့သည် ငိုမြည်ဟစ်ကြွေး အော်သံပေးကြလေကုန်၏။ ထိုဂဠုန်ငှက်တို့၏ မြည်သံကိုကြား၍ သိကြားမင်းသည် မာတလိနတ်သားကို “မြည်သော ဤသူတို့ကား အဘယ်သူတို့နည်း”ဟု မေး၏။ “အရှင်သိကြားမင်း- ဂဠုန်ငှက်ငယ်တို့ပါတည်း”ဟု လျှောက်တင်လတ်သော် “အဘယ့်ကြောင့် မြည်ကြကုန်ဘိသနည်း”ဟု မေး၏။ “ရထားသံကိုကြား၍ သေအံ့သောဘေးမှ ကြောက်သောကြောင့် မြည်ကြပါကုန်၏”ဟု ဆိုလတ်သော် “ငါတစ်ယောက်ကိုမှီ၍ ဤမျှလောက်သော သူအပေါင်းသည် ရထား၏အဟုန်ဖြင့် မှုန့်မှုန့်ညက်ညက် မပျက်စီးစေလင့်၊ ရထားကို နောက်သို့ ဆုတ်နစ်ဦးလော့”ဟု ဆိုလေ၏။ မာတလိနတ်သားလည်း သိန္ဓောမြင်းတစ်ထောင်ကို နှင်တံဖြင့် အမှတ်ပေး၍ ရထားကို နောက်သို့ ဆုတ်နစ်စေလေ၏။ ထိုသို့ ရထားနောက်သို့ ဆုတ်နစ်သည်ကိုမြင်၍ အသုရာတို့သည်လည်း “သိကြားအိုသည် အသုရာပြည်မှစ၍ အားကုန်ပြေးခဲ့လေရာ ယခုအခါ ရထားကို နောက်သို့ ဆုတ်နစ်စေ၏၊ မချွတ်ဧကန် ထိုသိကြားအိုသည် အထောက်အပံ့ အဖော်သဟဲကို ရသည်ဖြစ်လတ္တံ့”ဟု အသုရာတို့ မလိုက်ဝံဘဲ ပြန်လည်ခဲ့၍ လာသောခရီးဖြင့်ပင် အသုရာပြည်သို့ဝင်၍ တစ်ဖန် ဦးခေါင်း မထောင်ဝံ့ကြလေကုန်။

သုဇာတာ နတ်မိဖုရားဖြစ်ခြင်း

သိကြားမင်းသည်လည်း အသုရာမင်းကြီးသမီး သုဇာတာကို တာဝတိံသာနတ်ပြည်သို့ ဆောင်ယူခဲ့၍ နှစ်ကုဋေ ငါးသန်းကုန်သော နတ်သမီးတို့၏ အကြီးအရာ၌ ထားလေ၏။ သုဇာတာသည်လည်း သိကြားမင်းအား “အရှင်မင်းမြတ်-ဤတာဝတိံသာနတ်ပြည်၌ ကျွန်မအား မိဘတို့သည်လည်းကောင်း၊ မောင်ကြီးမောင်ငယ်တို့သည်လည်းကောင်း၊ အစ်မကြီး အစ်မငယ်တို့သည်လည်းကောင်း မရှိပါကုန်၊ သွားလေရာရာအရပ်သို့ ကျွန်မကိုခေါ်ငင်၍ သွားစေချင်ပါသည်”ဟု ဆုကို တောင်းလတ်သော် သိကြားမင်းလည်း “ကောင်းပြီ”ဟု ဝန်ခံလျက် သုဇာတာအား ပဋိညာဉ်ကို ပေးထားလေ၏။

ထိုအခါမှစ၍ သခွတ်ပင် ပွင့်လတ်သည်ရှိသော် “ငါတို့၏ နေရာနတ်ပြည်၌ နတ်၌ဖြစ်သော ပင်လယ်ကသစ်ပင် ပွင့်သောအခါပေတည်း”ဟု အသုရာတို့သည် စစ်ထိုးခြင်းငှာ နတ်ပြည်သို့ တက်လာကြကုန်၏။ သိကြားမင်းသည်လည်း သမုဒ္ဒရာအောက်၌ နဂါးတို့အား အစောင့်အပ်နှင်းလေ၏။ ထို့နောင်မှ ဂဠုန်၊ ထို့နောင် ကုမ္ဘဏ်၊ ထို့နောင် ဘီလူးတို့အား အပ်နှင်းလေ၏။ ထို့နောင်မှ (အထက်အာလိန်၌) စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့အား အစောင့် အပ်နှင်းလေ၏။ အလုံးစုံတို့၏အထက်၌ကား ဘေးဥပဒ္ဒဝေါတို့ကို တားမြစ်စေခြင်းငှာ တာဝတိံသာနတ်ပြည် မြို့တံခါးအနီးတို့၌ ဝရဇိန်လက်နက်ကို စွဲကိုင်ဟန် သိကြားမင်းပုံသဏ္ဌာန်ကို ထားလေ၏။ အသုရာတို့သည် နဂါးစသည်တို့ကို အောင်မြင်ပြီး၍ လာကြကုန်သော်လည်း သိကြားမင်းပုံသဏ္ဌာန်ကိုမြင်လျှင် “သိကြားမင်းကြီး ထွက်လာပြီ”ဟူသော အမှတ်ဖြင့် မရပ်မနား ဖဲသွား ထွက်ပြေးကြကုန်၏။

“မဟာလိ လိစ္ဆဝီမင်းသား- ဤသို့လျှင် မဃမည်သော လုလင်သည် မမေ့မလျော့သောအကျင့်ကို ကျင့်၏။ ဤမဃလုလင်သည် ကုသိုလ်ကောင်းမှု၌ ဤသို့ မမေ့မလျော့သောကြောင့် ဤသို့သဘောရှိသော အစိုးတရ သိကြားမင်း၏အဖြစ်သို့ရောက်၍ နတ်ပြည်နှစ်ထပ်တို့၌ မင်းအဖြစ်ကို ပြုရလေ၏။ ဤအပ္ပမာဒတရားမည်သည်ကို ဘုရားအစရှိသော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်၏။ မမေ့မလျော့ခြင်းကိုမှီ၍ အလုံးစုံသော လောကီလောကုတ္တရာ အကျိုးထူးတရားတို့ကို ရနိုင်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၃၀] အပ္ပမာဒေန မဃဝါ၊ ဝေဒါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

မဃဝါ၊ မဃဝါဟု ယခုအခါ ထင်ရှားသော မဃလုလင်သည်။ အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းကြောင့်။ ဒေဝါနံ၊ စတုမဟာရာဇ်, တာဝတိံသာနတ်တို့၏။ သေဋ္ဌတံ၊ အမြတ်အကြီး၏ အဖြစ်သို့။ ဂတော၊ ရောက်လေ၏။ အပ္ပမာဒံ၊ အပ္ပမာဒတရားကို။ ပသံသန္တိ ၊ ဘုရား အစရှိသော ပညာရှိတို့ ချီးမွမ်းကြကုန်၏။ ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ သဒါ၊ အခါခပ်သိမ်း။ ဂရဟိတော၊ ကဲ့ရဲ့ပြစ်တင်အပ်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ မဟာလိ လိစ္ဆဝီမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်များစွာတို့သည်လည်း သောတာပန်စသည်တို့ ဖြစ်ကုန်၏။

မဃလုလင်ဝတ္ထုပြီး၏။