ပမတ္တာပမတ္တဒွေသဟာယကဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အပ္ပမာဒဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၆။ ပမတ္တာပမတ္တဒွေသဟာယကဝတ္ထု
324787ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အပ္ပမာဒဝဂ် — ၆။ ပမတ္တာပမတ္တဒွေသဟာယကဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၆။ မေ့လျော့သော ရဟန်းနှင့် မမေ့လျော့သော ရဟန်း အဆွေခင်ပွန်းနှစ်ပါးဝတ္ထု

အပ္ပမတ္တော ပမတ္တေသုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အဆွေခင်ပွန်း ဖြစ်ကုန်သော နှစ်ဦးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

မေ့မေ့လျော့လျော့ နေသူနှင့် သတိရှိသူတို့၏ ခြားနားချက်

ထိုရဟန်နှစ်ဦးတို့သည် ဘုရားရှင်ထံတော်၌ ကမ္မဋ္ဌာန်းယူ၍ တောရသောကျောင်းသို့ (တောရသော ကျောင်းဟူသည်ကား လေးတောင် တစ်တာအားဖြင့် အစွန်ဆုံးအိမ်မှ တာငါးရာကွာဝေးသော အရပ်၌ရှိသော တောရကျောင်းတည်း၊ တောအင်္ဂါရသော ကျောင်းဟူလို) ဝင်ကြကုန်၏။ ထိုနှစ်ပါးသော ရဟန်းတို့တွင် ရဟန်းတစ်ပါးသည် စောစောကလျှင် ထင်းတို့ကို သယ်ပိုးဆောင်ယူ၍ မီးအိုးကင်းကိုစီရင်၍ သာမဏေငယ်တို့နှင့်တကွ စကားပြောဟောလျက် ညဉ့်ဦးယာမ်ပတ်လုံး မီးလှုံကာ ထိုင်နေလေ၏။ ရဟန်းတစ်ပါးသည်ကား မမေ့မလျော့ ရဟန်းတရားကို အားထုတ်သည်ဖြစ်၍ မေ့လျော့သဖြင့် မီးလှုံကာနေသော ရဟန်းကို “ငါ့ရှင်- ဤသို့ မပြုပါလင့်၊ မေ့လျော့သောသူအား အပါယ်လေးဘုံတို့သည် မိမိနေရာ အိမ်နှင့်တူကုန်၏။ ဘုရားတို့မည်သည်ကား စဉ်းလဲကောက်ကျစ်ခြင်းဖြင့် နှစ်သိမ့်စေခြင်းငှာ မတတ်နိုင်”ဟု ဆုံးမ၏။ ထိုပျင်းရိသော ရဟန်းသည်လည်း မမေ့လျော့သောရဟန်း၏ ဆုံးမစကားကို မနာမယူ၊ မမေ့လျော့သော ရဟန်းသည် “ဤရဟန်းကား ဆိုခြင်းငှာ မခံ့”ဟု ထိုရဟန်းကို မဆိုမူ၍ မမေ့လျော့ဘဲသာလျှင် ရဟန်းတရားကို အားထုတ်ကာ နေလေ၏။

ပျင်းရိသောရဟန်းသည် ပထမယာမ်၌ မီးလှုံပြီးလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသောရဟန်း စင်္ကြံသွား၍ တိုက်ခန်းတွင်းသို့ ဝင်သောအခါ ဝင်လိုက်၍ “အပျင်းကြီးသောရဟန်း- သင်သည် လျောင်းစက်ကာ အိပ်ခြင်းငှာ တောသို့ဝင်လာသောသူဖြစ်ခဲ့၏။ အသို့နည်း၊ ဘုရားရှင်တို့၏အထံ၌ ကမ္မဋ္ဌာန်းကို ယူခဲ့ရကား ထကြွလုံ့လ ဝီရိယပြု၍ ရဟန်းတရားကို အားထုတ်ခြင်းငှာ သင့်မည်မဟုတ်လော”ဟု ပြောဆိုပြီးလျှင် မိမိနေရာ အရပ်သို့ဝင်၍ လှဲကာ အိပ်၏။ လုံ့လရှိသော ရဟန်းသည်လည်း ပထမယာမ်၌ စင်္ကြံသွား၍ သန်းခေါင်ယာမ်၌ အပင်ပန်းဖြေ၍ မိုးသောက်ယာမ်၌ စောစောထ၍ ရဟန်းတရားကို အားထုတ်၏။ ထိုရဟန်းသည် ဤသို့လျှင် မမေ့မလျော့နေသည်ရှိသော် မကြာမြင့်မီ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ပျင်းရိသောရဟန်းသည် မေ့လျော့ခြင်းဖြင့်သာလျှင် အခါကို ကုန်လွန်စေ၏။

ထိုရဟန်းနှစ်ပါးတို့သည် ဝါကျွတ်ကုန်သည်ဖြစ်၍ ဘုရားရှင်ထံသို့သွား၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေကြကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့နှင့်တကွ ပဋိသန္ထာရစကား ပြောကြားပြီးလျှင် “ချစ်သားရဟန်းတို့- အသို့နည်း၊ သင်ချစ်သားတို့သည် မမေ့မလျော့ ရဟန်းတရားကို အားထုတ်ကြရကုန်၏လော၊ သင်ချစ်သားတို့အား ရဟန်းကိစ္စသည် အပြီးအဆုံးသို့ ရောက်ပြီလော”ဟု မေးတော်မူလတ်သော် ရှေးဦးစွာ မေ့မေ့လျော့လျော့နေသော ရဟန်းသည် ဤသို့ နားတော်လျှောက်လေ၏၊ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းအား မမေ့မလျော့ခြင်းသည် အဘယ်မှာ ရှိပါအံ့နည်း၊ ရှင်တော်ဘုရား၏ထံတော်မှ သွားသောအခါမှစ၍ လျောင်းစက်ကာ အိပ်လျက် အခါကို လွန်စေပါသည်ဘုရား”ဟု နားတော်လျှောက်လေ၏။ “ချစ်သားရဟန်း- သင်သည်ကား အဘယ်သို့နေသနည်း”ဟု မေးတော်မူလတ်သော် “မြတ်စွာဘုရား- ဘုရားတပည့်တော်သည်ကား စောစောကလျှင် ထင်းတို့ကို သယ်ပိုးဆောင်ယူ၍ မီးအိုးကင်းကိုစီရင်၍ ညဉ့်ဦးယာမ်ပတ်လုံး မီးလှုံကာ ထိုင်နေလျက် မအိပ်ဘဲသာလျှင် ကာလကို လွန်စေပါသည် ဘုရား”ဟု နားတော်လျောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် မီးလှုံသောရဟန်းကို “သင်ကား ကမ္မဋ္ဌာန်းဘာဝနာ မေ့ကြီးမေ့သည်ဖြစ်၍ ကာလကို လွန်စေလျက် မမေ့မလျော့ဖြစ်၏ဟု ဆိုဘိ၏။ မမေ့သောသူကို အမေ့၊ မေ့သောသူကိုကား မမေ့ဟု ပြုဘိ၏”ဟူ၍ မိန့်တော်မူပြီးလျှင် တစ်ဖန် မြတ်စွာဘုရားသည် မေ့လျော့ခြင်း၌ အပြစ်၊ မမေ့မလျော့ခြင်း၌ အကျိုးတို့ကို ထင်စွာပြုခြင်းငှာ “သင်သည်ကား ငါ့သားရဟန်း၏အထံ၌ လျင်မြန်ခြင်းမှ ပြတ်ကင်းလေသော အားအင်နည်းသော မြင်းပိန်ကဲ့သို့ ဖြစ်၏။ ဤရဟန်းသည်ကား သင်၏အထံ၌ လျင်မြန်သော အဟုန်ရှိသော မြင်းကောင်းမြင်းသန်ကဲ့သို့ ဖြစ်၏”ဟု မိန်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၂၉] အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃဿော၊ ဟိတွာ ယာတိ သုမေဓသော။

အပ္ပမတ္တော၊ သတိမပေါ့ မမေ့လျော့သော သူသည်။ ပမတ္တေသု၊ သတိလွတ်ကင်း မေ့လျော့ခြင်းရှိကုန်သော။ သုတ္တေသု၊ ဣရိယာပုထ်တိုင်း မနိုးမကြား ပြင်းစွာအိပ်သော အအိပ်သမားတို့တွင်။ ဗဟုဇာဂရော၊ သတိပြန့်ပွား လွန်စွာနိုးကြားသောသူ ဖြစ်၏။ သီဃဿော၊ ကောင်းကင်လွှားလွှား ပျံတက်သွား၍ လျင်လျားဘိခြင်း အာဇာနည် သိန္ဓောမြင်းသည်။ အဗလဿံ၊ ခွာတုံးအားကုန် ချိနဲ့တုန်သည့် ဖျင်းသုံဘိခြင်း လေးသောမြင်းကို။ ဟိတွာ၊ ဂနိုင်စုံကြား စွန့်ပစ်ထား၍။ ယာတိ ဣဝ၊ မြို့ပြည်နီးပါး အရောက်သွားသကဲ့သို့။ သုမေဓသော၊ ကောင်းမွန်ပညာ ပြည့်စုံစွာသော ပညာရှိသည်။ တံ၊ ထိုမေ့လျော့အားသည်း ပညာနည်းတောင်း လူဖျင်းသောင်းကို။ ဟိတွာ၊ သံသရာဝဋ် ဘဝညွတ်၌ စွန့်လွှတ်ထားခဲ့၍။ ယာတိ၊ နိဗ္ဗာန်ပေါက်ရောက် ဝဋ်ကိုဖောက်၍ ထွက်မြောက်သွားလေ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မေ့လျော့သောရဟန်း၊ မမေ့လျော့သောရဟန်း အဆွေခင်ပွန်းနှစ်ပါးဝတ္ထု ပြီး၏။