မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၁။ မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ(ကျောင်းသားကိုင်သို့)
348309ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၁။ မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

သင်ခန်းစာခေါင်းစဉ်။ ။ မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ

သင်ယူမှုဦးတည်ချက်။ ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်မင်္ဂလာများကို သိရှိစေရန်နှင့် လိုက်နာကျင့်သုံးတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ လေ့လာခဲ့ပြီးသော မင်္ဂလာ လေ့လာခဲ့ပြီးသော မင်္ဂလာ ကဗျာများ၊ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... မင်္ဂလာတရား ဘယ်နှပါးရှိပါသလဲ”ဟု မေး၍ ကလေးများ ပြောသမျှကို နားထောင်ပေးပါ။

֍ ဆရာက “အဲဒီ မင်္ဂလာတရား ၃၈-ပါးထဲက ဘယ်မင်္ဂလာတွေကို မှတ်မိသလဲ။ ပြန်ပြောပြပါလား”ဟု မေးကာ ကလေးများ မှတ်မိသလောက် ပြောပြကြပါစေ။

֍ ကလေးများဖြေပြီးလျှင် သင်ခဲ့ဖူးသော မင်္ဂလာကဗျာများကို ပြန်လည်ရွတ်ဆိုကြပါစေ။

လေ့လာခဲ့ပြီးသော မင်္ဂလာတရား ၁၇-ပါးကို စာရွက်ပိုင်းများဖြင့် ရေးသားဖော်ပြစေပြီး အောက်ပါခေါင်းစဉ်များ အောက်တွင် ကပ်ကြပါစေ။ (ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ၊ နေထိုင်ရေးမင်္ဂလာ၊ ပညာရေးမင်္ဂလာ၊ ပြုစုလုပ် ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ၊ လူမှုရေးမင်္ဂလာဟု ခေါင်းစဉ်တပ်ထားသော စာရွက်ပိုင်းများကို စာသင်ခန်း၏ သင့်လျော်သောနေရာတွင် ကြိုတင်ကပ်ထားပါ။)

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာသုံးပါး

၁။ လူမိုက်ကို မပေါင်းသင်းခြင်း၊
၂။ ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်ခြင်း၊
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။

နေထိုင်ရေးမင်္ဂလာသုံးပါး

၁။ သင့်တော်ကောင်းမွန်သောအရပ်တွင် နေထိုင်ခြင်း၊
၂။ ရှေးက ပြုဖူးသောကုသိုလ် ကောင်းမှုရှိခြင်း၊
၃။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ခြင်း။

ပညာရေးမင်္ဂလာလေးပါး

၁။ အကြားအမြင် ဗဟုသုတများခြင်း၊
၂။ တတ်သင့်တတ်ထိုက်သော အတတ်ပညာများ တတ်မြောက်ထားခြင်း၊
၃၊ကျင့်ဝတ်တရားများကို သိရှိရန် သင်ကြား၍ လိုက်နာကျင့်သုံးခြင်း၊
၄၊မှန်ကန်ယဉ်ကျေးသောစကားကို ပြောဆိုခြင်း။

ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာသုံးပါး

၁။ မိဘများကို ကျေးဇူးဆပ်ရခြင်း (မိဘများကို ပြုစုလုပ်ကျွေးရခြင်း)၊
၂။ သားသမီး၊ ဇနီးမယားတို့ကို လုပ်ကိုင်ကျွေးမွေးရခြင်း၊
၃။ အပြစ်ကင်းသော (မိမိ သူတစ်ပါး မထိခိုက်သော၊ မရှုပ်ထွေးသော) စီးပွားရေး အလုပ်များကို လုပ်ကိုင်ခြင်း။

လူမှုရေးမင်္ဂလာလေးပါး

၁။ ပေးကမ်း လှူဒါန်းခြင်း၊
၂။ ကောင်းသော အကျင့်၊ မှန်ကန်သော အကျင့်ကို ကျင့်ခြင်း၊
၃။ ဆွေမျိုးများအား ကူညီထောက်ပံ့ခြင်း၊
၄။ လူအများ အကျိုးရှိစေမည့် ကောင်းသော အလုပ်၊ အပြစ်ကင်းသော လူမှုရေးအလုပ်များကို လုပ်ဆောင်ခြင်း။

֍ လေ့လာခဲ့ပြီးသော မင်္ဂလာကဗျာများကို အနှစ်ချုပ် ပြန်လည်ရှင်းပြပေးပြီးနောက် “ဒီနေ့ နောက်ထပ် မင်္ဂလာ တရားတော်လေးပါးကို ဆက်ပြီးလေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။ သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအားပစောက်ပုံ ဝိုင်းထိုင်ပါစေ၊ ပစောက်တစ်ဝိုင်းဖြင့် မဆံ့ပါက ‘ပ’စောက်ပုံ နှစ်ထပ် ထိုင်ပါစေ၊ ဆရာက ကလေးများနှင့် မျက်နှာချင်းဆိုင် ရော၍ထိုင်ပါ။

֍ ထို့နောက် “မကောင်းမှုကို ရှောင်နိုင်သူ” ဇာတ်လမ်းကို ကလေးများအားလုံး ဖတ်ပါစေ။ ဖတ်ပြီးသောအခါ ပြောလိုသူ ကလေးအချို့က မိမိနားလည်သလို ပြန်လည်ပြောပြကြပါစေ။

မကောင်းမှုကို ရှောင်နိုင်သူ

တစ်ခါတုန်းက မိခင်တစ်ယောက်ဟာ ခင်ပွန်းသေဆုံးသွားလို့ သားနှစ်ယောက်ကို အားကိုးအားထားပြုပြီး နေထိုင်ရတယ်။ သားနှစ်ယောက်ကလည်း မိခင်ကို ရိုရိုသေသေ လုပ်ကျွေးပြုစုကြတယ်။ တစ်နေ့တော့ မိခင်မှာ အဖျားရောဂါ စွဲကပ်လာပါတယ်။ ရောဂါကပြင်းလို့ ဆေးဆရာကို ခေါ်ယူပြသရပါတယ်။ ဆေးဆရာက လူနာရဲ့ ရောဂါကို စမ်းသပ်ပြီးတဲ့နောက် ညီအစ်ကိုနှစ်ဦးကို “သင်တို့မိခင်ရဲ့ ရောဂါ ပျောက်ကင်းအောင် ယုန်သားဓာတ်စာ ကျွေးရမယ်”လို့ ဆိုပါတယ်။ ဒီတော့ အစ်ကိုဖြစ်သူက ညီငယ်ကို “တောထဲသွားပြီး ယုန်ထောင်ပါ၊ ယုန်သားကို ရအောင်ယူခဲ့ပါ”လို့ ဆိုလိုက်တယ်။

ဒီလိုနဲ့ ညီငယ်လည်း ယုန်ထောင်ဖို့ တောထဲကို ထွက်လာခဲ့တယ်။ တောစပ်ကို ရောက်တော့ ယုန်ငယ် တစ်ကောင်ကို တွေ့ပါတယ်။ အလွယ်တကူပဲ ယုန်ငယ်ကို ဖမ်းယူလိုက်တယ်။ ယုန်ကလေးကတော့ ကြောက်လွန်း လို့ တစ်ကိုယ်လုံး တုန်နေရှာပါတယ်။ ညီငယ်ဟာ မိမိလက်ထဲ ရောက်နေတဲ့ ယုန်ကလေးရဲ့ ဖြစ်အင်ကို ကြည့်ပြီး စာနာစိတ် ဖြစ်မိသွားပါတယ်။

သတ္တဝါဆိုတာ သေရမှာကို ကြောက်ကြသူချည်းပင်။ ငါလည်း သေရမှာကို ကြောက်တယ်။ ငါ့မိခင်လည်း သေရမှာကို ကြောက်တယ်။ ယုန်ကလေးလည်း သေရမှာကို ကြောက်လိမ့်မယ်။ ငါ့မိခင် အသက်မသေအောင် ယုန်ကလေးအသက်ကို သတ်ရမယ်ဆိုတာ တရားပါ့မလားလို့ ညီငယ်က တွေးတောဆင်ခြင်မိပါတယ်။

နောက်ဆုံးမှာတော့ ယုန်ကလေးကို မသတ်သင့်ဘူးလို့ဆုံးဖြတ်ကာ လွှတ်ပေးလိုက်ပါတယ်။ ယုန်ငယ်လည်း အားရဝမ်းသာ ထွက်ပြေးသွားပါတယ်။ ညီငယ် အိမ်ပြန်ရောက်တော့ အစ်ကိုကြီးကို အကျိုးအကြောင်း ပြန်ပြောပြ လိုက်တယ်။ အစ်ကိုကြီးက မကျေမနပ်ဖြစ်ကာ ညီငယ်ကို “သင်ဟာ မိခင်ရဲ့ အကျိုးကို ပစ်ပယ်သူဖြစ်တယ်”လို့ ကြိမ်းမောင်းပြစ်တင်တယ်။ ဒီတော့ မိခင်က “သားငယ်မှာ အပြစ်မရှိပါဘူး၊ သူ့အသက်ကို သတ်ခြင်းဟာ မကောင်းမှုဖြစ်တယ်၊ ဒါ့ကြောင့် သားငယ်ရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်”လို့ ဆိုကာ အားရဝမ်းသာ သာဓုခေါ်လိုက်ပါတယ်။

ဒီအခါမှာ ညီငယ်က “ကျွန်ုပ်သည် သိတတ်သည့် အရွယ်ကစ၍ သိလျက်နှင့် သူတစ်ပါးအသက်ကို မသတ် ခဲ့ပါ။ ဤစကားမှန်ပါက မိခင်၏ ရောဂါသည် ပိန်းကြာဖက်တွင် ရေမတင်သလို ကင်းစင်ပပျောက်ပါစေသတည်း”လို့ သစ္စာပြုလိုက်တယ်။ အဲဒီလို မှန်ကန်တဲ့ သစ္စာစကားကြောင့် မိခင်ရဲ့ ရောဂါဟာ ချက်ချင်း ပျောက်ကင်းသွားပါတော့တယ်။

မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာဖြစ်တယ်။ တစ်နည်းအားဖြင့် ကြီးပွားခြင်းရဲ့ အကြောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။

မှီငြမ်း။ ။ ၃၈ ဖြာ မင်္ဂလာပုံပြင်များ၊ မင်းယုဝေ၊ ၉၇။ စက္ကနဥပါသကာဝတ္ထု၊ အဘိ၊ဋ္ဌ၊၁၊၁၄၆၊

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မိခင်ကို သားနှစ်ယောက်က ဘယ်လို လုပ်ကျွေးကြသလဲ။
-မိခင်ရဲ့ ရောဂါပျောက်အောင် ဘာကျွေးရမယ်လို့ ဆေးဆရာက ပြောသလဲ။
-ညီငယ်က ဖမ်းမိတဲ့ယုန်ကလေးကို ဘာကြောင့်မသတ်တာလဲ။
-ယုန်ကလေးအား ပြန်လွှတ်လိုက်တဲ့ညီငယ်ကို အစ်ကိုကြီးက ဘယ်လိုပြောသလဲ။
-ယုန်ကလေးကို မသတ်ဘဲ ပြန်လွှတ်လိုက်တဲ့အတွက် မိခင်က သားငယ်ကို ဘယ်လိုပြောသလဲ ။
-မိခင်ရဲ့ ရောဂါ ဘာကြောင့် ချက်ချင်း ပျောက်ကင်းသွားရသလဲ။
-ညီငယ်က ဘယ်လိုသစ္စာဆိုသလဲ။
-သားတို့သမီးတို့သာ ညီငယ်နေရာမှာဆိုရင် ဘယ်လို လုပ်မလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မကောင်းမှုရှောင် ကောင်းမှုဆောင် မင်္ဂလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ရှေ့ကလေ့လာခဲ့တဲ့ မင်္ဂလာ ၁၇-ပါးကို ပြန်မှတ်မိပြီဆိုတော့ အခု မကောင်းမှုရှောင် ကောင်းမှုဆောင်တာနဲ့ ဆိုင်တဲ့ မင်္ဂလာတရားလေးပါးကို ထပ်ဆွေးနွေးကြမယ်။ မဆွေးနွေးခင် အဲဒီမင်္ဂလာတွေနဲ့ဆိုင်တဲ့ ကဗျာလေးကို အရင်ဆိုကြည့်ရအောင်”ဟု ပြော၍ မကောင်းမှုရှောင်၊ ကောင်းမှုဆောင် မင်္ဂလာကဗျာကို ရွတ်ဆိုကြပါစေ။

မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာ

မကောင်းမှုတွေ ဟူသမျှကို၊
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာရင် မလွန်ကျူးနဲ့၊
အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊
မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင် ပြောကြား သတိထား၊
တရားမမေ့စေ။

အဲဒါမှ “ဗုဒ္ဓဝါဒ”ကမ္ဘာ့မင်္ဂလာတွေ။ ။

֍ ကဗျာ၏အဓိပ္ပာယ်နှင့် ကဗျာပါ အကြောင်းအရာများကို ဥပမာများနှင့်တကွ ကလေးများသိသလောက် စဉ်းစား တင်ပြကြပါစေ။ ထို့နောက် အောက်ပါ မင်္ဂလာတရားလေးပါးကို ကလေးများအား မှတ်စုစာအုပ်တွင် ကူးယူမှတ်သားထားစေပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

မကောင်းမှုရှောင် ကောင်းမှုဆောင်မင်္ဂလာတရားလေးပါး

၁။ မကောင်းသော ဒုစရိုက်တရားများကို ကြိုတင်၍ အဝေးက ရှောင်ကြဉ်ခြင်း၊
၂။ မကောင်းသော ဒုစရိုက်တရားများကို ရင်ဆိုင်တွေ့သော်လည်း မလုပ်ဘဲ အထူးရှောင်ကြဉ်ခြင်း၊
၃၊အရက်သေစာ၊ မူးယစ်ဆေးဝါးသောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ ကောင်းမှုကုသိုလ်တရားများကို မမေ့မလျော့ သတိရှိခြင်း။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်မင်္ဂလာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၄) စု ဖွဲ့၍ အောက်ပါမေးခွန်းများကို အဖွဲ့လိုက်ဆွေးနွေးကြပါစေ။

-အဖွဲ့(၁) အတွက် “မကောင်းတဲ့ဒုစရိုက်ဆိုတာ ဘယ်လိုဟာမျိုးတွေလဲ”
-အဖွဲ့(၂) အတွက် “ကောင်းမှုကုသိုလ်ဆိုတာ ဘယ်လိုဟာမျိုးတွေလဲ”
-အဖွဲ့(၃) အတွက် “မကောင်းတဲ့ဒုစရိုက်ကို ဘယ်လိုရှောင်ကြဉ်ရမလဲ”
-အဖွဲ့(၄) အတွက် “ကောင်းမှုကုသိုလ်ကို ဘယ်လို လုပ်ဆောင်ရမလဲ”

֍ ကလေးများ ဆွေးနွေးနေစဉ် မတူညီသောအဖြေ များများရရှိအောင် ဆရာက ကူညီပံ့ပိုးပေးပါ။ ထို့နောက် အုပ်စု ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

֍ အုပ်စုအသီးသီး ဆွေးနွေးပြီးပါက ထပ်မံဖြည့်စွက်ပြောလိုသည့် ကလေးများအား မိမိတို့ပြုလုပ်မည့် မကောင်းမှ ရှောင် ကောင်းမှုဆောင်သော မင်္ဂလာများအကြောင်းကို ပြောပြပါစေ။

֍ ထို့နောက် “မကောင်းမှုရှောင် ကောင်းမှုဆောင် မင်္ဂလာ” ကဗျာကို သံပြိုင်ရွတ်ဆိုပြီးနောက် ကဗျာပါ အကြောင်းအရာများနှင့် အဖွဲ့လေးဖွဲ့၏ ဆွေးနွေးချက်များကို ပြန်လည်ချိတ်ဆက်၍ သင်ခန်းစာကို အဆုံးသတ်ပါ။