ဘုရားအလောင်း ငယ်စဉ်ဘဝ -ဆရာ

From Wikisource
Jump to navigation Jump to search
339254ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃) ဘုရားအလောင်း ငယ်စဉ်ဘဝ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

ဘုရားအလောင်း ငယ်စဉ်ဘဝ

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း ငယ်စဉ်ဘဝကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ငယ်စဉ်ဘဝ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ပထမဦးဆုံး “ဘုရားအလောင်း ဖွားမြင်တော်မူခြင်း” သင်ခန်းစာကို ပြန်လည် ချိတ်ဆက်ပြောဆိုပြီး စာသင်ချိန်ကို စတင်ပါ။

֍ထို့နောက် ဒီနေ့ ဆရာရဲ့ ငယ်စဉ်ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲဆိုတာ ပြောပြမယ်”ဟု ဆိုကာ အကျဉ်းချုပ် ပြောပြပါ။

֍“သားတို့၊ သမီးတို့ရော အိမ်မှာ ဘာတွေလုပ်ကြသလဲ၊ ကျောင်းမှာရော ဘာတွေ လုပ်ကြသလဲ”

֍“သား/သမီးနာမည် ဘယ်သူလဲ၊ ဘယ်မှာနေလဲ၊ ဘာလုပ်ရတာကို ကြိုက်လဲ” စသည် ဖြင့် မေးပါ။ တစ်ဦးချင်း ပြောပါစေ။

ထို့နောက် ဘုရားအလောင်း ငယ်စဉ်ဘဝအကြောင်းကို ဆက်ပြောပါ။

ဘုရားအလောင်း ငယ်စဉ်ဘဝ

သိဒ္ဓတ္ထမင်းသားလေးကို ဖခင်ဘုရင်ကြီးနဲ့ ဆွေမျိုးတို့က အလွန်ချစ်ကြပါတယ်။ မင်းသားလေးက အရွယ်နဲ့မလိုက်အောင် အသိတရားရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဘုရင် ကြီးကလည်း မင်းသားလေး နန်းတော်ကြီးထဲမှာ ပျော်ရွှင်ဖို့အတွက် နန်းတော်အဆောင် တွေလည်း အမျိုးမျိုးတည်ဆောက်ပေးထားတယ်။ နတ်ဥယျာဉ်လိုလှပတဲ့ ပန်းဥယျာဉ်တွေ၊ ကြာမျိုးစုံပွင့်ဖူးပြီး မွှေးကြိုင်သင်းပျံ့နေတဲ့ ရေကန်တွေကိုလည်း အများကြီးဆောက်လုပ် ပေးထားတယ်။ လှိုင်းအိအိလေးတွေ ပြေးနေတဲ့ အဲဒီရေကန်ထဲမှာ ရေကစားရတာကို မင်းသားလေးဟာ အလွန်နှစ်သက်တယ်။ မင်းသားလေး ကလေးဘဝမှာ သူငယ်ချင်းတွေ လည်း အများကြီးရှိတယ်။ မင်းသားလေးဆိုပေမဲ့ သူငယ်ချင်းတွေကို အနိုင်မကျင့်တတ်ဘူး။ သူငယ်ချင်း အချင်းချင်းအပေါ်မှာ အလွန်ချစ်ခင်သလို တိရစ္ဆာန်လေးတွေကိုလည်း သနား ကြင်နာတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ မင်းသားလေးဟာ လူငယ်တွေတတ်သင့်တဲ့ အတတ် ပညာတွေကိုလည်း တတ်မြောက်ကျွမ်းကျင်လာခဲ့တယ်။ တစ်နေ့မှာ ဘုရင်ကြီးဟာ သူ့သားတော်ကို ယသောဓရာမင်းသမီးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ယသောဓရာ မင်းသမီးရဲ့ ဖခင်ကြီးက “ရုပ်ချောပြီး ပညာမတတ်တဲ့ မင်းသားနဲ့ ငါ့သမီးတော်ကို မပေးစားနိုင်ဘူး”လို့ ပြောခဲ့တယ်။ ဒါနဲ့ မင်းသားရဲ့ ဖခင်ကြီးဟာ အတတ်ပညာစွမ်းရည်ပြပွဲတစ်ခု ကျင်းပခဲ့တယ်။ ပညာပြပွဲမှာ ဘုရင်တွေ၊ မင်းသား၊ မင်းသမီးတွေ၊ မှူးမတ်တွေအားလုံး လာရောက်ကြည့်ရှုကြတယ်။ မင်းသားဟာ အတတ်ပညာစွမ်းရည်ပြပွဲမှာ အတတ်ပညာမျိုးစုံ ကို ကျွမ်းကျွမ်းကျင်ကျင် ပြသခဲ့တယ်။ နောက်ဆုံးမှာ ဘယ်သူမှ မပစ်နိုင်တဲ့ မြားပစ်အစွမ်း ကိုပြလိုက်တော့ ယသောဓရာ မင်းသမီးရဲ့ ဖခင်ကြီးလည်း အံ့ဩသွားခဲ့တယ်။ မင်းသားရဲ့ ပညာအစွမ်းကိုလည်း ယုံကြည်သွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ သမီးတော် ယသောဓရာ မင်းသမီးနဲ့ လက်ထပ်ပေးခဲ့တယ်။ ဒီလိုနဲ့ သိဒ္ဓတ္ထမင်းသားဟာ သူ့ရဲ့ ငယ်စဉ်ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။

[သတိပြုရန် 1]

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၁၂ဝ။

֍ဘုရားအလောင်း ငယ်စဉ်ဘဝအကြောင်း ပြောပြီးသောအခါ အနှစ်ချုပ် မေးခွန်းများကို မေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်းမင်းသား ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်း၏ ငယ်စဉ်ဘဝအကြောင်းကို ပြန်လည် ဆက်စပ်ပြောပြပြီး အောက်ပါ မေးခွန်းများကို မေးပါ။

-မင်းသားလေး ပျော်ရွှင်ဖို့အတွက် ဖခင်ကြီးက ဘာတွေ ဆောက်လုပ်ပေးထားလဲ။
-မင်းသားလေးက ဘာလုပ်ရတာကို နှစ်သက်သလဲ။
-မင်းသားလေးဟာ ပညာသင်ရတာ ပျင်းသလား။
-မင်းသားလေးနဲ့ လက်ထပ်တဲ့ မင်းသမီးလေး နာမည်က ဘယ်လိုခေါ်သလဲ။
-မင်းသမီးလေးရဲ့ ဖခင်ကြီးက သူ့သမီးကို မင်းသားလေးနဲ့ ဘာဖြစ်လို့ သဘောမတူတာလဲ။
-မင်းသားလေးက မင်းသမီးလေးကို ရဖို့အတွက် ဘာလုပ်ပြသလဲ။
-သားတို့၊ သမီးတို့ စာသင်ရတာ ပျော်သလား။ (မင်းသားလေးဟာ အတတ်ပညာ မျိုးစုံတတ်တဲ့ အတွက်ကြောင့် မင်းသမီးလေးကို ရရှိခဲ့ကြောင်း၊ သားတို့၊ သမီးတို့ လည်း ပညာတတ်မှသာ ဆရာ၊ မိဘများ၏ ချစ်ခင်မှုကိုရရှိပြီး ပျော်စရာကောင်း မည်ဖြစ်ကြောင်း ဆက်စပ် ပြောပြပါ။)

֍ထို့နောက် ကဗျာကို ဟန်အမူအရာဖြင့် ရွတ်ဆိုကြပါစေ။

ဘုရားအလောင်းမင်းသား

အများအကျိုး ဆောင်လို့ပါ၊
သိဒ္ဓတ္ထ ခေါ်တာ။
လောကမှာ ရှေ့ဆောင်ကောင်း၊
ငါတို့ ဘုရားအလောင်း။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စာသင်ချိန် (၁)တွင် အသုံးပြုခဲ့သော ကျောင်းသားကိုင်စာအုပ်ပါ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အုပ်စု (၄) စု ဖွဲ့ပါ။

֍အုပ်စုအသီးသီးအား မတူညီသော ရုပ်ပုံ တစ်ခုစီ ဝေပေးပါ။

֍ထို့နောက် အောက်ပါအတိုင်း ညွန်ကြားပါ။

“အခု သားတို့၊ သမီးတို့ ရထားတဲ့ ရုပ်ပုံကိုကြည့်ပြီး ပုံမှာပါတဲ့ အကြောင်းအရာတွေကို အုပ်စုလိုက် စဉ်းစားကြည့်ကြရမယ်၊ ပြီးရင် အုပ်စုကိုယ်စားလှယ် တစ်ယောက်စီက အတန်းရှေ့ကို ထွက်ပြောပြရမယ်။”

֍ထို့နောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ရုပ်ပုံပါအကြောင်းအရာများကို အတန်းရှေ့ သို့ထွက်၍ ပြောပြကြပါစေ။

֍အုပ်စု (၄) ခုလုံး ပြောပြီးသောအခါ လက်ခုပ်တီးကာ ချီးကျူးစကားပြောပေးပါ။

֍နောက်ဆုံးတွင် (၂) မိနစ်ခန့် ငြိမ်သက်စွာ ထိုင်စေကာ မျက်စိများ မှိတ်ထားစေပြီး အောက်ပါအတိုင်း ဆုမွန်ကောင်းတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

“ဆရာတို့ ဗုဒ္ဓဘုရားရှင်ဟာ သားတို့၊ သမီးတို့အရွယ် ငယ်ငယ်တုန်းက အလွန်လိမ္မာတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပြီးတော့ မိဘစကားကိုလည်း နားထောင်တယ်။ သူဟာ အလွန်ဖော်ရွေပြီး တိရစ္ဆာန်လေးတွေကိုလည်း သနားကြင်နာတတ်တဲ့ ကလေးလေး တစ်ယောက် ဖြစ်တယ်။ ဒါကြောင့် လူတိုင်းက သူ့ကို အလွန်ချစ်ကြတာပေါ့။ သားတို့၊ သမီးတို့လည်း မိဘစကားနားထောင်ပြီး တိရစ္ဆာန်လေးတွေကိုလည်း သနားကြင်နာ တတ်တဲ့၊ လူတိုင်းချစ်တဲ့ ကလေးတွေ ဖြစ်ကြပါစေ။”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း၏ ငယ်စဉ်ဘဝရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမဦးဆုံး ဆရာက “သားတို့၊ သမီးတို့ ပန်းချီဆေးခြယ်ရအောင်”ဟု ပြောပါ။

֍ထို့နောက် ကလေးများနှင့် အမေးအဖြေပြုလုပ်ပါ။

-“အခု ဆေးခြယ်မယ့်ပုံတွေက ဘာပုံလေးတွေလဲ ကြည့်ကြရအောင်၊ ဟုတ်ပြီ၊ ဘာပုံ လဲ ဆိုတာ ပိုသေချာသွားအောင် သားတို့၊ သမီးတို့ စိတ်ကြိုက် ဆေးခြယ်လိုက်ပါ” ဟု ဆက်ပြောပါ။

֍ဆေးခြယ်ပြီးသောအခါ “အခု သားတို့၊ သမီးတို့ ဆေးရောင်ခြယ်ခဲ့တာ ဘာပုံလေးလဲ၊ သေချာသိပြီလား”ဟု မေးပါ။

֍ထို့နောက် ကလေးများဆေးခြယ်ထားသော ပန်းချီပုံလေးများသည် လှပကြောင်း ပြော ဆိုပြီး ထိုဆေးခြယ်ထားသော ပန်းချီပုံလေးများသည် ဘုရားအလောင်း၏ ငယ်စဉ် အခါက ရုပ်ပုံလေးများဖြစ်ကြောင်း ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. မင်းသားလေးသည် ရှေးဘုန်းကံကြောင့် ပညာအားလုံးကို သင်ယူစရာ မလိုဘဲ ကျွမ်းကျင်တတ်မြောက် ကြောင်း ဆရာက ရှင်းပြပါ။