ဘုရားဖြစ်တော်မူခြင်း -စ (ဆရာ)

From Wikisource
Jump to navigation Jump to search
348303ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၅။ ဘုရားဖြစ်တော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

သင်ခန်းစာခေါင်းစဉ်။ ။ ဘုရားဖြစ်တော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဘုရားဖြစ်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဘုရားဖြစ်တော်မူခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသလဲ”ဟု မေး၍ စာသင် ချိန်ကို စတင်ပါ။ ကလေးများပြောပြသောအချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပါ။

֍ ထို့နောက် ဘုရားဖြစ်တော်မူခြင်းအကြောင်း ကျောင်းသားကိုင်စာအုပ်ပါ ရုပ်ပုံတစ်ပုံစီကို ကလေးတစ်ဦးစီအား ကြည့်စေ၍ မည်သို့နားလည်ကြောင်း ပြောပြကြပါစေ။ (ကလေးအားလုံး ပါဝင်ပါစေ။) ကလေးများပြောပြီးသောအခါ “နောက်စာသင်ချိန်မှာ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ဆက်ပြီးလေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဘုရားဖြစ်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား အုပ်စု (၆) စု ဖွဲ့ပါ။ ထို့နောက် အုပ်စု (၁) က ပထမစာပိုဒ်၊ အုပ်စု(၂) က ဒုတိယစာပိုဒ် စသည်ဖြင့် အုပ်စုတစ်စုကို စာပိုဒ်တစ်ပိုဒ်စီဖြင့် ဖတ်ပါစေ။

֍ ဖတ်ပြီးသွားသောအခါ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဖတ်ထားသည်များကို ပြန်လည်ပြောပြကြပါစေ။

ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော်ဟာ နန်းတော်ထဲနေစဉ်တုန်းက အကောင်းဆုံး အစားအသောက်၊ အသုံးအဆောင်များကိုသာ စားသောက်သုံးဆောင်ခဲ့ရတယ်။ တောထွက်တော်မူပြီးတဲ့နောက်မှာတော့ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲတော်မူခဲ့တယ်။ အရင်တုန်းက ရွှေနန်းသုံးဆောင်မှာ... အထက်တန်းကျကျ စံမြန်းခဲ့ရပေမယ့် အခုအခါမှာတော့ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်မှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနဲ့ နေထိုင် အိပ်စက်ရတယ်။

အဲဒီလိုနေထိုင်ပြီး အမှန်တရားကို ရှာဖွေရင်း အာဠာရနဲ့ဥဒကဆိုတဲ့ ရသေ့ကြီးနှစ်ပါးကို ဆည်းကပ်ခွင့် ရခဲ့တယ်။ ဒီရသေ့ကြီးတွေ ရရှိထားတဲ့ လောကီဈာန်တရားတွေကိုလည်း ရက်အနည်းငယ်အတွင်း နည်းခံရရှိခဲ့တယ်။ ရသေ့ကြီးနှစ်ပါးက အလောင်းတော်ကို သဘောကျပြီး တပည့်ပရိသတ်တွေကို ဝိုင်းဝန်းအုပ်ချုပ်ပေးဖို့ ကမ်းလှမ်းကြတယ်။ ဘုရားအလောင်းတော်က သူ့ရဲ့ ရည်မှန်းချက် မပြည့်စုံသေးလို့ ရသေ့ကြီးတွေရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်။

အဲဒီနောက်မှာတော့ ဥရုဝေလတောကို ကြွတော်မူပြီး ဒုက္ကရစရိယာအကျင့် (ခက်ခဲဆင်းရဲပင်ပန်းသော အကျင့်)ကို ကျင့်သုံးခဲ့တယ်။ ပဉ္စဝဂ္ဂီငါးဦးက အလောင်းတော်ကို ပြုစုလုပ်ကျွေးကြတယ်။ အလောင်းတော်ဟာ အစားအသောက်ကို ခြိုးခြံလွန်းတဲ့အတွက် အသားအရေတွေ တဖြည်းဖြည်း ညိုမည်းခြောက်သွေ့လာပြီး အရိုးနဲ့ အရေသာ ကျန်တော့တယ်။ နောက်ဆုံးမှာ အာဟာရပြတ်ပြီး လဲကျတဲ့အထိ ဖြစ်ခဲ့တယ်။ အလောင်းတော်ဟာ အဲဒီ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်အောင် ကျင့်တော်မူပြီးတဲ့ အခါမှာတော့ “ဒီနည်းနဲ့ တရားထူးရနိုင်မှာ မဟုတ် ဘူး”လို့ ဆင်ခြင်မိပြီး အစားအသောက်ကို ပြန်လည် မှီဝဲသုံးဆောင်တယ်။ အလယ်အလတ်လမ်းစဉ်ကိုလည်း ပြောင်းလဲပြီး ကျင့်သုံးခဲ့တယ်။ ဒီအခါမှာ ပဉ္စဝဂ္ဂီငါးဦးတို့က “အပြင်းအထန်ကျင့်တာတောင် ဘုရားမဖြစ်တာ၊ အခုလို ကျင့်နေလို့တော့ ဘုရားဖြစ်မှာ မဟုတ်တော့ဘူး”လို့ ယူဆပြီး ဘုရားအလောင်းတော်ကို စွန့်ခွာသွားကြတယ်။

ကဆုန်လပြည့်နေ့ နံနက်စောစောအချိန်မှာ အလောင်းတော်ဟာ ညောင်ပင်တစ်ပင်အောက်မှာ ထိုင်နေတော်မူတယ်။ အဲဒီအချိန်မှာပဲ သုဇာတာ သူဌေးသမီးဟာ အလောင်းတော်ကို “ဒီနတ်မင်းဟာ ငါ့ကို သားဆုပေးတဲ့ နတ်မင်းပဲ”လို့ မှတ်ထင်ပြီး ယနာနို့ဆွမ်းကို ရွှေခွက်နဲ့အတူ ကပ်လှူပူဇော်ခဲ့တယ်။ အလောင်းတော်ဟာ နေရဉ္ဇရာ မြစ်ကမ်းမှာ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီး “ယနေ့ ဘုရားဖြစ်မည်မှန်ပါက ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသတည်း”လို့ အဓိဋ္ဌာန်ပြုပြီး မြစ်ထဲကို မျှောလိုက်တယ်။ အဲဒီအခါမှာတော့ ရွှေခွက်ဟာ ရေညာကို ဆန်တက်သွားတယ်။

အဲဒီနောက် အလောင်းတော်ဟာ ညနေချမ်းအချိန်မှာ ဗောဓိညောင်ပင်ဆီကို ကြွတော်မူတယ်။ လမ်းမှာ မြက်ထမ်းသမားသောတ္ထိယ လှူဒါန်းတဲ့ မြက်ရှစ်ဆုပ်ကို ဗောဓိပင်ခြေရင်းမှာ ကြဲဖြန့်ပြီး “ဘုရားမဖြစ်သမျှ ကာလ ပတ်လုံး ဤနေရာမှ ငါမထတော့”လို့ အဓိဋ္ဌာန်ပြုပြီး တရားအားထုတ်တော်မူခဲ့တယ်။

မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်ရဲ့ ရန်ကို အောင်မြင်တော်မူပြီး အဲဒီနေ့နံနက် အရုဏ်တက်ချိန်မှာ “သိစရာမှန်သမျှကို အကြွင်းအကျန်မရှိ ကိုယ်တော်တိုင် သိမြင်တဲ့ ဘုရားရှင်” အဖြစ်ကို ရောက်တော်မူခဲ့တယ်။ (သဗ္ဗညုတရွှေဉာဏ်တော်ကို ရသည်နှင့်တစ်ပြိုင်နက် နေအရုဏ်လည်း တက်လေတော့သည်။)

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၂၀၉-၃၅၁။

မှတ်ချက်။ ။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် နေ့တစ်နေ့အကူးကို ည ၁၂ နာရီဟု မသတ်မှတ်ဘဲ အရုဏ်တက်ဖြင့် သတ်မှတ်သည်။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားအလောင်းတော်မင်းသားဟာ နန်းတော်ထဲမှာ ဘယ်လိုနေထိုင်ခဲ့ရသလဲ။
-ဘုရားအလောင်းတော်တရားကျင့်ကြံတဲ့အခါ ဘယ်လိုနေထိုင် စားသောက်ရသလဲ။
-ဘုရားအလောင်းတော်ဟာ တောထဲမှာ တရားရှာရင်း ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ။
-ဘုရားအလောင်းတော်ဟာ ဥရုဝေလတောမှာ ဘယ်လိုကျင့်ကြံခဲ့သလဲ။
-ဘုရားအလောင်းတော်ကို ပဉ္စဝဂ္ဂီငါးဦးက ဘာကြောင့်စွန့်ခွာသွားတယ်လို့ ထင်သလဲ။
-ဃနာနို့ဆွမ်းကို မည်သူက ကပ်လှူခဲ့သလဲ။
-ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်အောင် ဘယ်လမ်းစဉ်နဲ့ ကျင့်ကြံအားထုတ်ခဲ့သလဲ။
-ဘုရားအလောင်းတော်ဟာ ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်နေ့မှာ ဘုရားဖြစ်ခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သရုပ်ဖော်ပုံများနှင့်စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ရေးသားတင်ပြရန် ကလေးများကို အုပ်စု (၅) စုဖွဲ့၍ တစ်ဖွဲ့လျှင် စာရွက်လွတ် တစ်ရွက်စီဝေပေးပါ။ ကလေးများအား ရေးသားချိန် ၁၅ မိနစ်ပေးပါ။ ကလေးများကို လွတ်လပ်စွာ တီထွင်ဖန်တီး ခွင့်ပေးပါ။

֍ အုပ်စုလိုက်ရေးသားတင်ပြထားသော ဘုရားဖြစ်တော်မူခြင်းအကြောင်းကို နံရံ၌ကပ်ထားစေပြီး ကလေးအားလုံးက လိုက်လံကြည့်ရှုကြပါစေ။

֍ ကလေးများလှည့်လည်ကြည့်ရှုရင်း မေးမြန်းဆွေးနွေးလိုသော အချက်များရှိလျှင် ရေးသားသူများက ပြန်လည် ရှင်းပြကြပါစေ။

֍ ကလေးများ၏ တင်ပြချက်များတွင် မရှင်းလင်းသော၊ လွဲမှားနေသော အချက်များရှိလျှင် ကလေးအချင်းချင်း ပြင်ဆင် ဖြည့်စွက်စေပြီး၊ လိုအပ်မှသာ ဆရာက ဖြည့်စွက်ပေးပါ။

֍ ထို့နောက် ဘုရားဖြစ်တော်မူခြင်းအကြောင်း အဓိကအချက်များကို ကလေးများနှင့် အပြန်အလှန် အမေးအဖြေ ပြုလုပ်ကာ အနှစ်ချုပ်ပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဘုရားဆုပန်ခြင်းမှစ၍ ဘုရားဖြစ်တော်မူခြင်းအထိ လေ့လာခဲ့ပြီးသော သင်ခန်းစာများကို ဆရာနှင့် ကလေးများ အပြန်အလှန် ပြောဆိုဆွေးနွေးခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများအား အောက်ပါကဗျာများကို ရွတ်ဆိုကြပါစေ။

ဘုရားအလောင်း ဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာမြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း။ ။

သိဒ္ဓတ္ထမင်းသား

ကြင်နာသနားတတ်တဲ့သူ၊
စိတ်ထားကောင်းမြတ်သူ။
သဘောဖြူကာ လူယဉ်ကျေး၊
သိဒ္ဓတ္ထတဲ့လေး။
ရိုးသား အေးဆေး သူ့ဟန်ပန်၊
အတုယူကြရန်။
စံနမူနာ ယူကာပြ၊
ဘုရားအလောင်းရဲ့ ငယ်ဘဝ။

တောထွက်ခန်း

သိဒ္ဓတ္ထဆိုတဲ့ မင်းသားဟာ၊
ထီးနန်း စံမြန်းရာ။
နန်းတော်ထဲမှာ စံစားဘိ၊
အိုနာသေ မသိ။
ဥယျာဉ်ကြည့်ဖို့ လှည့်လည်ရာ၊
လူအိုကို တွေ့ကာ။
လူနာလူသေ သူတွေက၊
ပွားများ သံဝေဂ။
ရဟန်းတွေ့မှ အားကျသူ၊
သူ့ကို အတုယူ။
ငြိမ်းချမ်းမှုကို သူလိုလား၊
တရားရှာဖို့ တောထွက်သွား။

အောင်ပွဲ

ဘုရားအလောင်းတော် မင်းသားဟာ၊
တရား ကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့ တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား
တို့ရဲ့ မြတ်ဘုရား။

֍ ထို့နောက် ကဗျာများ၏ အဓိပ္ပာယ်များကို ကလေးများကိုယ်တိုင် ပြောပြကြပါစေ။ လိုအပ်ချက်ရှိလျှင် ဆရာက ဖြည့်စွက်ပေးပြီးနောက် စာသင်ချိန်ကို အဆုံးသတ်ပါ။