ဘုရင်မကြီး ရှင်စောပု (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၁။ ဘုရင်မကြီး ရှင်စောပု(ကျောင်းသားကိုင်သို့)
348329ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၁။ ဘုရင်မကြီး ရှင်စောပု(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

သင်ခန်းစာခေါင်းစဉ်။ ။ ဘုရင်မကြီး ရှင်စောပု

သင်ယူမှုဦးတည်ချက်။ ။ ဘုရင်မကြီး ရှင်စောပု သာသနာပြုပုံနှင့် အလှူဒါနပြုလုပ်ပုံအကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျန်စစ်သားမင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ သာသနာပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ မင်းနှစ်ပါးအကြောင်းကို လေ့လာခဲ့ဖူးတယ်

နော်။ အဲဒီမင်းတွေက ဘယ်သူတွေလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများအား အောက်ပါအတိုင်း ညွှန်ကြားပြီး သင့်လျော်သလို အုပ်စုဖွဲ့ပါ။

“သားတို့သမီးတို့က အနော်ရထာမင်းနဲ့ ကျန်စစ်သားမင်း နှစ်ပါးထဲက မဲလိပ်ကျရာ မင်းအကြောင်းကို ပြောပြ ရမယ်။ သူတို့ ဘာကြောင့် ထင်ရှား (လူသိများ) ရတာလဲ ဆိုတာကိုလည်း ပြောပြရမယ်။ ပြည့်ပြည့်စုံစုံနဲ့ အကောင်းဆုံးဖြစ်အောင် ပြောကြရမယ်နော်”

֍ မဲလိပ်ကျရာ မင်းအကြောင်းကို အုပ်စုအလိုက် အလှည့်ကျ ပြောပြကြပါစေ။

֍ အုပ်စုတစ်စုပြောပြီးတိုင်း ကျန်အုပ်စုများက ဆရာနှင့်တကွ လက်ခုပ်တီးကာ ချီးကျူးအားပေးကြပါစေ။

֍ ပြီးနောက် အောက်ပါ ကျန်စစ်သားမင်း ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

ကျန်စစ်သားမင်း

ရာဇဝင်တွင်ရစ်တဲ့၊
ကျန်စစ်မင်းစေတနာ၊
လေးစားဖွယ်ရာ။
ပုဂံခေတ်သာသနာ၊
စည်ပင်ကာပြန့်ပွား။
ရွှေစည်းခုံ၊ အာနန္ဒာနဲ့၊
စေတီသာ ကုသိုလ်များရယ်၊
အံ့ဖွယ်မြောက်မြား။

֍ ထို့နောက် ကလေးများအား “ရှင်စောပုဘုရင်မ”ဆိုတာကို ကြားဖူးခြင်း ရှိမရှိ မေးမြန်းပြီးနောက်အချိန်တွင် ရှင်စောပု ဘုရင်မအကြောင်းကို သိရမည်ဖြစ်ကြောင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဘုရင်မကြီးရှင်စောပု ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ပထမတစ်ချိန်က ပြောသွားခဲ့တဲ့ အနော်ရထာမင်းနဲ့ ကျန်စစ်သားမင်းတို့လို မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ထင်ရှားတဲ့ တစ်ဦးတည်းသော ဘုရင်မကြီးအကြောင်းကို ဖတ်ကြည့်ရအောင်”ဟု ပြော၍ အောက်ပါ ဘုရင်မကြီး ရှင်စောပု အကြောင်းကို ကလေးများအား ဖတ်ခိုင်းပါ။

ဘုရင်မကြီး ရှင်စောပု

ရှင်စောပုဟာ မြန်မာ့သမိုင်းတစ်လျှောက်မှာ ထင်ရှားတဲ့ တစ်ဦးတည်းသော ဘုရင်မကြီးတစ်ပါး ဖြစ်တယ်။ ရှင်စောပုဟာ ဟံသာဝတီဘုရင် ရာဇာဓိရာဇ်ရဲ့ သမီးတော်လည်း ဖြစ်တယ်။ ဟံသာဝတီ ပြည်သူတို့မှာ ဘုရင်များရဲ့ စစ်ဘေးစစ်ဒဏ်ကို မခံနိုင်ကြတော့လို့ ဘာသာတရားကိုင်းရှိုင်းတဲ့ ရှင်စောပုကို ဘုရင်မအဖြစ် တင်မြှောက်ကြတယ်။ ဘုရင်မကြီး နန်းတက်တဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ ၅၉-နှစ် ရှိပြီဖြစ်ပါတယ်။ ရှင်စောပု ဘုရင်မဖြစ်လာတဲ့အချိန်မှာ ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်က ကင်းဝေးပြီး တိုင်းပြည်ရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ဘုရင်မ မဖြစ်ခင်ကတည်းက ဘာသာတရား ကိုင်းရှိုင်းပြီး ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ခဲ့တဲ့ ရှင်စောပုဟာ ဘုရင်မ ဖြစ်လာပြီးနောက်ပိုင်းမှာ ပိုမိုလုပ်ဆောင်လာခဲ့တယ်။ ရွှေတိဂုံစေတီတော်ကြီးကို အားသွန်ခွန်စိုက် အထူးမွမ်းမံပြုပြင် ပူဇော်တဲ့ ဒါယိကာမတစ်ဦးလည်း ဖြစ်တယ်။

ရှင်စောပုဟာ ရွှေတိဂုံစေတီရဲ့ အနောက်ဘက်မှာ မြို့ သစ်တည်ပြီး ရွှေတိဂုံစေတီတော်ကြီး သပ္ပာယ်သည် ထက် သပ္ပာယ်အောင် မွမ်းမံရေး၊ ရွှေတိဂုံစေတီတော်တည်ထားတဲ့ ကုန်းမြေကို သာယာခိုင်ခံ့ ကျယ်ဝန်းအောင် ပြုပြင်ရေး၊ စေတီတော်အား ဖူးမြော်သူတို့ သဒ္ဓါထက်သန် တိုးပွားရေး၊ ကုသိုလ်တော်တွေ အဓွန့်ရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို လုံ့လ၊ ဝီရိယ၊ စေတနာ ထက်သန်စွာ ဆောင်ရွက်ခဲ့တယ်။ ရွှေတိဂုံစေတီတော်ကြီးအတွက် ရွှေသင်္ကန်း လုံးတော်ပြည့် ကပ်လှူနိုင်ရန် ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ရွှေစင်တွေကို လှူဒါန်းခဲ့တယ်။ ရွှေတိဂုံစေတီတော်အတွက် မြေနေရာများ လှူဒါန်းခဲ့တယ်။ ရွှေတိဂုံစေတီတော်ကြီးရဲ့ အောက်ခြေကို မြေအုတ်၊ ကျောက်အုတ်တို့နဲ့ သမံတလင်း ခင်းပြီး လှူဒါန်းခဲ့တာအပြင် စောင်းတန်း၊ လှေကား၊ ရွှေသပိတ်၊ ရွှေပန်းကန်၊ ငွေပန်းကန်၊ ရွှေဇွန်း၊ ငွေဇွန်းတို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။ ထူးခြားသောအလှူမှာ ကမ္ပည်းကျောက်စာ လှူဒါန်းခြင်း ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကြီးရဲ့ သမိုင်းကိုလည်း မွန်ဘာသာ၊ မြန်မာဘာသာ၊ ပါဠိဘာသာတို့ဖြင့် ကျောက်စာ ရေးထိုးခဲ့တယ်။

ရှင်စောပုဘုရင်မကြီးဟာ မွန်ပြည်နယ် ကျိုက်မရောဘုရားမှာလည်း ကုသိုလ်တော်တွေ ပြုလုပ်ခဲ့ပါတယ်။ ရှင်စောပုဘုရင်မကြီးရဲ့ ကောင်းမှုတွေဟာ အဘက်ဘက်က ပြည့်စုံပြီး စနစ်တကျလည်း ရှိခဲ့တယ်။ ဒါ့အပြင် သူဟာ အမြော်အမြင် ကြီးမားပြီး ဇွဲသတ္တိနဲ့လည်း ပြည့်စုံသူ တစ်ယောက်ဖြစ်တယ်။ စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတာကို သူရွေးချယ်တင်မြှောက်ခဲ့တဲ့ ဓမ္မစေတီမင်းက သက်သေပြနေပါတယ်။

ဘုရင်မကြီးဟာ နန်းသက်ခုနစ်နှစ်မှာ သူ့ရဲ့ သမက်ဖြစ်တဲ့ ဓမ္မစေတီမင်းကို ထီးနန်းလွှဲအပ်ခဲ့တယ်။ ထီးနန်း ဆက်ခံသူ ရွေးချယ်တာ မှန်ခဲ့တဲ့အတွက် ဟံသာဝတီဟာ အေးချမ်းသာယာပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဘုရင်မကြီးဟာ သက်တော် ၇၈-နှစ်မှာ နတ်ရွာစံသွားပေမဲ့ သူပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကတော့ အခုထက်ထိ တည်ရှိနေဆဲ ဖြစ်ပါတယ်။

မှီငြမ်း။ ။ အနော်ရထာနှင့် တို့ဘိုးဘွားများ၊ မင်းယုဝေ၊ ၂၀၃-၂၁၄။

֍ အောက်ပါမေးခွန်းများမေးပါ။

-မြန်မာနိုင်ငံသမိုင်းရဲ့ တစ်ဦးတည်းသော ဘုရင်မကြီးနာမည်က ဘယ်သူလဲ။

-သူဟာ ဘယ်ဘုရင်ရဲ့ သမီးတော်လဲ။

-ရှင်စောပုဟာ အသက် ဘယ်လောက်မှာ နန်းတက်ခဲ့သလဲ။

-ဘုရင်မကြီးဟာ ဘယ်လိုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သလဲ။

-ဘုရင်မကြီး ရှင်စောပုဟာ ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံသလဲ။

-ဘုရင်မကြီးရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ဘယ်လုပ်ဆောင်ချက်ကို အကြိုက်ဆုံးလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအားအုပ်စု (၅) စုဖွဲ့ပြီး စာရွက်လွတ်များ ဝေပေးပါ။

֍ ထို့နောက် ဘုရင်မကြီးရှင်စောပုအကြောင်းကို အောက်ပါအချက်များပါဝင်စေလျက် အုပ်စုလိုက်ဆွေးနွေးပြီး စာရွက်လွတ်များတွင် တစ်ရွက်လျှင် တစ်ချက်စီ ရေးသားကြပါစေ။

-စိတ်နေသဘောထား
-အရည်အချင်း
-ပြုလုပ်ဆောင်ရွက်ချက်များ
-ဘုရင်မကြီးထံမှ အတူယူစရာများ

֍ ရေးပြီးသောစာရွက်များကို အားလုံးဖတ်ရှုနိုင်သော နေရာတွင် ကပ်ကြပါစေ။ ကပ်ထားသော စာရွက်များကို ကလေးအားလုံး လိုက်လံဖတ်ရှုကြပါစေ။ လိုက်လံဖတ်ရှုစဉ် မပြည့်စုံသော အချက်ရှိပါက မှတ်သား၍ ဖြည့်စွက် ပေးနိုင်ကြောင်း ဆရာကပြောပါ။

֍ နောက်ဆုံးတွင် “ဘုရင်မကြီးရှင်စောပုဟာ အမြော်အမြင်ကြီးမားတဲ့ ဘုရင်မကြီးဖြစ်တယ်၊ စစ်ဘေးဒဏ်က ကင်းဝေးပြီး တိုင်းပြည်အေးချမ်းသာယာအောင် လုပ်ဆောင်ခဲ့တယ်၊ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး ရွှေတိဂုံ စေတီတော်ကြီးကိုလည်း အထူးမွမ်းမံပြုပြင် ပူဇော်ခဲ့တယ်။ စနစ်တကျ စီမံခန့်ခွဲတတ်ခြင်း၊ ထီးနန်းဆက်ခံသူ ရွေးချယ်ရာတွင် မှန်ကန်ခြင်း စတဲ့စွမ်းရည်တွေဟာ အတုယူဖို့ အကောင်းဆုံးအချက်တွေ ဖြစ်တယ်”ဟု ပြော၍ စာသင်ချိန်ကို အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ကလေးတို့ ပြီးခဲ့တဲ့စာသင်ချိန်မှာ ဘုရင်မကြီးရှင်စောပုရဲ့ အတုယူစရာကောင်းတဲ့ အချက်တွေကို ဆွေးနွေးခဲ့ပြီးပြီ။ သားတို့သမီးတို့ကိုယ်တိုင်ရော ဘုရင်မကြီးရှင်စောပုလိုပဲ . သာသနာတော်အကျိုးအတွက် ဘာလုပ်ပေးချင်လဲ။ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေးရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများကို အုပ်စု(၅) စုဖွဲ့၍ အထက်ပါမေးခွန်းနှစ်ခုကို အုပ်စုလိုက်ဆွေးနွေးပြီး စာရွက်ပေါ်တွင် ရေးကြပါစေ။ ဆွေးနွေးရရှိသော အချက်များကို အုပ်စုကိုယ်စားလှယ် တစ်ဦးစီက တင်ပြပါစေ။ တင်ပြပြီးသော အချက်များထဲ က တူနေသော အချက်များကို မတင်ပြစေဘဲ မတူသောအချက်များကိုသာ ပြောရန် ဆရာက ပံ့ပိုးကူညီပေးပါ။

֍ အုပ်စုအားလုံး တင်ပြပြီးလျှင် လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

֍ နောက်ဆုံးတွင် “ဒီနေ့ကစပြီး သားတို့သမီးတို့ဟာ အမြော်အမြင်ကြီးမားသူ၊ ဇွဲသတ္တိရှိသူ၊ စနစ်တကျ စီမံခန့်ခွဲ တတ်သူများ ဖြစ်ကြပါစေ။ ဘာသာတရားကိုင်းရှိုင်းတဲ့ လိမ္မာယဉ်ကျေးသူများ ဖြစ်ကြပါစေ”ဟု ဆုတောင်းပေးပြီး သင်ခန်းစာကို အဆုံးသတ်ပါ။