ဘုန်းကြီးကျောင်း သွားကြမယ် -ဒု (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၇) ဘုန်းကြီးကျောင်း သွားကြမယ် (ကျောင်းသားကိုင်သို့)
339309ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၇) ဘုန်းကြီးကျောင်း သွားကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

ဘုန်းကြီးကျောင်းသွားကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ ဘုန်းကြီးကျောင်းသွာသည့် အလေ့အကျင့်ဖြစ်စေရန်နှင့် မြန်မာ့ရိုးရာ ရှင်ပြုပွဲ အကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းကြီးကျောင်း သွားကြမယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍သားတို့၊ သမီးတို့အနေနဲ့ မိဘ၊ ဘိုးဘွားတွေနဲ့အတူ ဘုန်းကြီးကျောင်းကို လိုက်သွားဖူးလား။

֍ဘယ်ဘုန်းကြီးကျောင်းတွေကို ရောက်ဖူးလဲ။

֍ဘုန်းကြီးကျောင်းမှာ ဘာတွေရှိသလဲ။ ဘာတွေ တွေ့ ခဲ့လဲ။

֍ဘုန်းကြီးကျောင်းသွားတဲ့အချိန်မှာ သားတို့၊ သမီးတို့အနေနဲ့ ဘာတွေလုပ်ခဲ့သလဲ။

ဥပမာ - ဘုရားရှိခိုးခဲ့သလား၊ အမှိုက်ကောက်ခဲ့သလား စသည်ဖြင့်။

֍ဒီလို အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ဘုန်းဘုန်းကို ကန်တော့တာပဲဖြစ်ဖြစ် သားတို့၊ သမီး တို့အနေနဲ့ ကုသိုလ်ရမယ်ထင်သလား၊ မရဘူးလို့ ထင်သလား။

֍ဘာ့ကြောင့်လဲ။ (ကုသိုလ်ဆိုသောစကားလုံး၏ အဓိပ္ပာယ်ကို ဆရာက ထပ်ဖြည့် (ဖြည့် စွက်) ရှင်းပြပေးရပါမည်။)

֍သားတို့၊ သမီးတို့အနေနဲ့ ဘုန်းကြီးကျောင်းသွားရတာကို ပျော်လား၊ မပျော်ဘူးလား။ နောက်ရော ဘုန်းကြီးကျောင်းကို လိုက်သွားဦးမှာလား စသည့်မေးခွန်းများကို မေးရန် ဖြစ်ပြီး ကလေးနှင့်ဆရာ လွတ်လွတ်လပ်လပ် အပြန်အလှန် ဆွေးနွေးပြောကြားရန် လိုပါ သည်။

֍ကလေးအားလုံး ပါဝင်ဆွေးနွေးလာအောင် ဆရာက အားပေးတိုက်တွန်းရန် လိုပါသည်။

֍အောက်ပါကဗျာကို သံနေသံထားဖြင့် ရွတ်ဆိုတတ်အောင် သင်ပေးပါ။

ဘုန်းကြီးကျောင်း သွားကြမယ်

ဘုန်းဘုန်းကျောင်းကို ဘွားဘွားသွားတော့
သားသားမီးမီး လိုက်ကြမယ်။
ပြောဆိုနေထိုင် လွန်ယဉ်ကျေးလို့
သန့်ရှင်းရေးလည်း လုပ်ပါ့မယ်။
ဘုန်းဘုရားကို ဦးနှိမ်ချလို့
လှူစရာများ လှူပါ့မယ်။
အလှူဒါန လှူပြီးက အမျှပေးဝေမယ်။
ကျောင်းကိုသွားက ကုသိုလ်ရ၊
သွားကြ သွားကြမယ်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းကြီးကျောင်းကို သရုပ်ဖော်ထားသောပုံ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 1]

֍ဓမ္မစကူးလ်ဖွင့်သောနေရာသည် ဘုန်းကြီးကျောင်းဖြစ်ပါက ဆရာက ကလေးများနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုပြသပေးပါ။ (ဘုန်းကြီးကျောင်း မဟုတ်ပါက ဘုန်းကြီးကျောင်းရုပ်ပုံပြ၍ တကယ့် ဘုန်းကြီးကျောင်းရောက်နေသလို ခံစားပြော ဆို ပြသပေးရန်။)

֍ပြသရာတွင် ဆရာက တစ်ခုချင်းရှင်းပြပေးပါ။ ဥပမာ မုခ်ဝ၊ ညောင်ပင်၊ စေတီ၊ ဘုရား ခန်း၊ ဆွမ်းစားဆောင်၊ တရားထိုင်သည့်နေရာ၊ ဆွမ်းချက်သည့်နေရာ ... စသည်ဖြင့်။ လှည့်လည်ကြည့်ရှုပြီး စာသင်ခန်းအတွင်းပြန်ရောက်လာပါက “အခုလို လိုက်ကြည့်ရ တာပျော်လား၊ ဘာတွေကို မှတ်မိသလဲ” စသည်ဖြင့်မေးမြန်းပြောဆို၍ ဘုန်းကြီးကျောင်း လာရသည်မှာ ပျော်စရာကောင်းကြောင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းကြီးကျောင်းသို့ တစ်ခေါက် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဘုန်းကြီးကျောင်းသို့တစ်ခေါက်

မောင်မောင်တစ်ယောက် ဒီနေ့မနက်အစောကြီး အိပ်ရာက နိုးနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မောင်မောင်တစ်ခါမှ မရောက်ဖူးတဲ့ ဘုန်းကြီးကျောင်းကို ဘွားဘွားနဲ့အတူ သွားရမှာ ဖြစ်လို့ပါ။ ဘွားဘွားနဲ့လည်း အဖော်ရအောင်၊ ဘွားဘွားကိုလည်း ကူညီပေးရအောင်ဆိုပြီး မောင်မောင် အခန်းရှေ့ထွက်လာတော့ ဘွားဘွားက အဆင်သင့်တောင်ပြင်ပြီးနေပြီ။ “ဘွား ဘွား သားတို့ ဘုန်းကြီးကျောင်းသွားတော့မှာလား”။ “အင်း သွားတော့မှာ မြေးလေး၊ မြေးလေး ရော အဆင်သင့်ပဲလား”။ “ဟုတ်ကဲ့”။ “ကဲ ဒါဆို ဘွားဘွားတို့ သွားကြတာပေါ့”။

ဘုန်းကြီးကျောင်းနဲ့ မောင်မောင်တို့အိမ်က သိပ်မဝေးတော့ လမ်းလျှောက်သွားကြ တယ်။ ဘုန်းကြီးကျောင်းဝင်းကြီးထဲ မောင်မောင် လှမ်းကြည့်လိုက်တော့ ရွှေရောင်တဝင်းဝင်း နဲ့ စေတီတစ်ဆူရဲ့ ရင်ပြင်တော်ပေါ်မှာ လူတွေဝင်ထွက်၊ သွားလာနေတာကိုတွေ့ ရတယ်။ အဲဒါနဲ့ “ဘွားဘွား ဟိုမှာ စေတီမဟုတ်လား”။ “ဟုတ်တယ်မြေးရဲ့ ”။ “စေတီကို ဘာလို့ တည် ထားတာလဲဟင် ဘွားဘွား”။ “ဘုရားရှင်ကို ရည်စူးပြီး တည်ထားတာပေါ့”။

“ဘွားဘွား ဟိုအပင်က ဘာအပင်လဲဟင်”လို့ မေးတော့ ဘွားဘွားကလှမ်းကြည့်ပြီး “အဲဒါ ဗောဓိညောင်ပင်ပေါ့ မြေးရဲ့ ”။ “အဲဒီဗောဓိညောင်ပင်က ဘာလို့ ဘုန်းကြီးကျောင်းထဲမှာ ပေါက်နေတာလဲဟင်”။ “ဘွားဘွားတို့ရဲ့ ဘုရားရှင်ဟာ ဟောဒီ ဗောဓိညောင်ပင်အောက်မှာ ထိုင်ပြီး တရားထူး၊ တရားမြတ်တွေကို ကျင့်ကြံအားထုတ်ပြီး ဘုရားဖြစ်သွားခဲ့တာ၊ ဒါကြောင့် မို့လို့ အဲဒီဗောဓိညောင်ပင်ကို ဘုန်းကြီးကျောင်းဝင်းထဲမှာ စိုက်ပျိုးပြီး ပူဇော်နေကြတာ။

မောင်မောင်တို့ မြေးအဘွားနှစ်ယောက် စကားတပြောပြောနဲ့ ဘုန်းကြီးကျောင်းပေါ် ကို ရောက်လာခဲ့တယ်။ ဘုန်းကြီးကျောင်းပေါ်မှာ ကျောင်းထိုင်ဆရာတော်ကို မောင်မောင်နဲ့ ဘွားဘွားက ရိုရိုသေသေ ကန်တော့ကြတယ်။ ကန်တော့နေကြတုန်းမှာပဲ ဘုန်းကြီးကျောင်း အောက်က အိုးစည်၊ ဒိုးပတ်သံတွေကြားလာရတယ်။ အဲဒါနဲ့ ဘွားဘွားကို လှည့်ကြည့်တဲ့အခါ “မြေး မောင်မောင် ပြတင်းပေါက်က သွားကြည့်”လို့ ပြောတော့ မောင်မောင်လည်း ပြတင်း ပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်တယ်။ မောင်မောင်ဟာ အိုးစည်၊ ဒိုးပတ်တွေနဲ့ ကနေ ကြတဲ့သူတွေအပြင် မောင်မောင်ထက်နည်းနည်းကြီးတဲ့ အစ်ကိုတစ်ယောက်နဲ့ အစ်မတစ် ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီအစ်ကိုက ချစ်စရာပါးကွက်ကလေးနဲ့ ဘုရင်တစ်ယောက် လို တောက်တောက်ပြောင်ပြောင် ဝတ်ထားပြီး ဦးလေးကြီးတစ်ယောက်က ချီထားတယ်။ နောက် အစ်မကလည်း ဘုရင့်သမီးတော်လေးလို လှလှပပလေးဝတ်ထားတာကို တွေ့ လိုက်ရတယ်။

အဲဒါနဲ့ မောင်မောင်လည်း ဘွားဘွားကို လှမ်းကြည့်ပြီး “ဘွားဘွား အဲဒါ ဘာလုပ်နေ ကြတာလဲဟင်”။ “အဲဒါ ရှင်ပြု၊ နားသ မင်္ဂလာလုပ်နေကြတာကွဲ့ ”။ “ဟုတ်လား ဘွားဘွား၊ ရှင်ပြုနားသတယ်ဆိုတာ ဘာလဲဟင်”။ “ရှင်ပြုတယ်ဆိုတာ မြေးလေးနားလည်အောင် ပြောပြရရင် သားတို့ကို ဘုရားသားတော်တွေက သင်္ကန်းဝတ်ပေးပြီး ကိုရင်ဝတ်ပေးတာပေါ့ မြေးလေးရယ်။ “ဘွားဘွားပြောတဲ့အထဲက ဘုရားသားတော်ဆိုတာ ဘာလဲဟင်။ ဘယ်သူ့ကို ပြောတာလဲ”။ “ဘုရားသားတော်ဆိုတာ ဘုရားရှင်က ချမှတ်ခဲ့တဲ့ စည်းကမ်းတွေကို လိုက်နာ ကျင့်ကြံပြီး နေထိုင်တဲ့သူတွေပေါ့၊ အခု ကျောင်းမှာ မြင်နေရတဲ့ ဘုန်းဘုန်းတွေ၊ ကိုရင်တွေကို ခေါ်တာပေါ့။

“ဒါဆို စောစောက သားတို့ကန်တော့ခဲ့တဲ့ဆရာတော်က ဘုရားသားတော်ပေါ့၊ ဟုတ် လားဘွားဘွား”။ “မှန်တာပေါ့ မြေးရဲ့၊ မြေးတို့သင်္ကန်းဝတ်ပြီးနေတဲ့ အချိန်ကလေးက မြင့်မြတ် လွန်းလို့ ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေတို့ကတောင် ပြန်ပြီး ဦးချ ကန်တော့ကြရဦးမှာ”။ “ဟုတ်လား ဒါဆို ဘုရားသားတော်ဆိုတာ တော်တော် ကြီးကျယ် မြင့်မြတ်တာပေါ့နော် ဘွားဘွား၊ နောက်ပြီး နားသတယ်ဆိုတာကရော”။ “အဲဒါက သမီးမိန်းကလေးတွေက သီလရှင်ဝတ်တာကို ပြောတာပေါ့။ “ဒါဆို အဲဒီသီလရှင်လေးတွေက ဘုရားရဲ့ သမီးတော် လေးတွေပေါ့နော်”။ “ဟော မြေးလေးက တော်တော်တောင်နားလည်သွားပြီကိုး” “ဘွားဘွားရော ငယ်ငယ်က သီလရှင်ဝတ်ခဲ့ဖူးလား” “ဝတ်ဖူးတာပေါ့ မြေးရဲ့”။ “ဒါဆို သားလည်း ကိုရင်ဝတ်မယ်နော်”။ “မြေးလေး ဒီထက်ပိုပြီး နည်းနည်းကြီးလာရင် ဝတ်ပေးမှာ ပေါ့။ ဘွားဘွားစကားကို ကြားရတော့ မောင်မောင်အလွန်ပျော်သွားတယ်။ “သား ကိုရင်ဝတ် ရင် ဖေဖေ၊ မေမေတို့ကရော ပျော်မှာလား”။ “သိပ်ပျော်မှာပေါ့ မြေးရယ်၊ ဘာဖြစ်လို့လဲဆိုတော့ သားကို ကိုရင်ဝတ်ပေးပြီး အလှူလုပ်ရင် ဖေဖေ၊ မေမေတို့က ကုသိုလ်တွေအများကြီးရမှာ မြေးရဲ့ ။

မောင်မောင်တစ်ယောက် ဘွားဘွားနဲ့အတူ ဘုန်းကြီးကျောင်းလိုက်ရတာ ပျော်စရာ ကောင်းမှန်း ပိုသိလာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်က မုန့်တွေအများကြီး ပေးတယ်။ နောက်ပြီး အလှူလာတဲ့ ဦးဦး၊ ဒေါ်ဒေါ်တွေကလည်း မောင်မောင့်ကို “လိမ္မာတယ်၊ ချစ်ဖို့ကောင်းတယ်”ဆိုပြီး မုန့်တွေကျွေးလိုက်တာ အများကြီးပဲ။ မောင်မောင်တစ်ယောက် မုန့်တွေစားရင်းနဲ့ “နောက်ဆို ဘွားဘွားနဲ့အတူ ဘုန်းကြီးကျောင်းကို အမြဲလိုက်မယ်” လို့ စဉ်းစားပြီးပျော်နေပါတော့တယ်။

֍ဇာတ်လမ်းပြောပြီးသောအခါ ဇာတ်လမ်းပါအကြောင်းအရာများကို ကလေးများနားလည်အောင် မေး၍ ဆွေးနွေးပါ။

-မောင်မောင် ဘယ်ကိုသွားတာလဲ။ ဘယ်သူနဲ့ သွားတာလဲ။
-မောင်မောင် ဘုန်းကြီးကျောင်းမှာ ဘယ်အလှူပွဲကို တွေ့ ခဲ့ရသလဲ။
-မောင်မောင် ဘာလို့ မုန့်တွေအများကြီး စားရတာလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရှင်လောင်းပွဲကဗျာ၊ တိပ် သို့မဟုတ် ကော်၊ ရှင်လောင်းလှည့်နေသောပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးငယ်များကို ရှင်လောင်းလှည့်နေသော ရုပ်ပုံကိုပေး၍ ဆေးခြယ်စေပါ။

֍ဆေးခြယ်ပြီးပါက ကလေးငယ်များတစ်ဦးနှင့် တစ်ဦး လိုက်လံပြသပါစေ။

֍ကလေးအားလုံး ကြည့်ပြီးပြီဆိုလျှင် နံရံများတွင် ပန်းချီများကို ကိုယ်တိုင်ကပ်ပါစေ။ (လိုအပ်မှုရှိမှသာ ဆရာက အကူအညီပေးရန် ဖြစ်ပါသည်။)

ရှင်လောင်းပွဲ

အရှေ့ရွာက မောင်းဗုံသံ၊
ဗေ့ ဗေ့ ထုံဗေ့ညံ။
နွေဦးယံ အလှူပွဲ၊ နွဲကြရသည်ပဲ။
မောင်ရှင်လောင်းပွဲ လှည့်လာရင်၊
မြင်းကစီးတော်ယာဉ်။
ရွာလုံးကျွတ်ပင် စီစီတန်း၊
ပျော်ကြပါးကြစမ်း။ ။

֍အချိန်ရပါက အထက်ပါကဗျာကို ဟန်ပန်အမူအရာ၊ အသံနေအသံထားဖြင့် သင်ကြား ပေးရပါမည်။ ကဗျာကို ပျော်ပျော်ရွှင်ရွှင် ရွတ်ဆိုရင်း စာသင်ချိန်ကို အဆုံးသတ်နိုင်ပါ သည်။

  1. ဆရာက တချို့ ဘုန်းကြီးကျောင်းများတွင် ရှိသည်များကို ဖြည့်စွက်ပြောရန်။ ဥပမာ ညောင်ပင်မရှိလျှင် ချန်ထားခဲ့၍ တခြား အရာနှင့် အစားထိုးပြောပါ။