ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၆။ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ (ကျောင်းသားကိုင်သို့)
339369ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၆။ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ

သင်ယူမှုဦးတည်ချက် ။ ။ ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း၏အကျိုးရှိပုံ၊ အကျိုးမဲ့ပုံတို့ကို ခွဲခြားသိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍မင်္ဂလာသင်ခန်းစာများတွင် သင်ပေးထားသော အောက်ပါကဗျာကို ဟန်အမူအရာဖြင့် ပြိုင်တူရွတ်ဆိုပါ။

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ

မမှီဝဲနဲ့ ကင်းအောင်နေ။
လူမိုက်ဆိုရင် ရှောင်သွေလွှဲလို့၊
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ။

֍ကဗျာရွတ်ဆိုပြီးသောအခါ အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

-လူမိုက်ဆိုတာ ဘယ်လိုလူမျိုးလဲ။
-ဘာကြောင့် လူမိုက်ကိုမပေါင်းနဲ့လို့ ပြောတယ်လို့ ထင်သလဲ။

֍ထို့နောက် ဆရာက အောက်ပါအတိုင်း ရှင်းပြပါ။

“လူမိုက်ဆိုတာ အရာရာမှာ စဉ်းစားချင့်ချိန်နိုင်တဲ့ ဉာဏ်ပညာမရှိတဲ့အတွက်ကြောင့် မိမိ ကိုယ်တိုင်နဲ့ အခြားသူတွေအတွက် ပျက်စီးဆုံးရှုံးမှုတွေကိုပဲ ဖြစ်စေတတ်သူဖြစ်တယ်”။

֍အောက်ပါမေးခွန်းများဖြင့် ဆက်၍ ဆွေးနွေးပါ။

-ပညာရှိဆိုတာ ဘယ်လိုလူမျိုးလဲ။
-ဘာကြောင့် ပညာရှိကို အတုယူခိုင်းတယ်လို့ ထင်သလဲ။

֍ဆရာက အောက်ပါအတိုင်း ရှင်းပြပါ။

“ပညာရှိဆိုတာ အရာရာကို စဉ်းစားချင့်ချိန်နိုင်တဲ့ ဉာဏ်ပညာရှိတာကြောင့် မိမိကိုယ်တိုင် နဲ့ အခြားသူများရဲ့ ကောင်းကျိုးကို လုပ်ဆောင်ပေးနိုင်သူ၊ ကောင်းကျိုးလုပ်ဆောင်နိုင်ရန် ညွန်ပြပေးနိုင်သူဖြစ်တယ်”။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပျိုးပင်ရေလောင်းသော မျောက်များ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ဇာတ်လမ်းကို အဖြတ်အတောက် မှန်မှန်နှင့် ကလေးများ စိတ်ဝင်စားလာအောင် အသံနေအသံထားဖြင့် ပြောပြပေးပါ။

ပျိုးပင်ရေလောင်းသောမျောက်များ

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးမှာ လှပသာယာတဲ့ ဥယျာဉ်ကြီးတစ်ခု ရှိပါ တယ်။ အဲဒီဥယျာဉ်ကြီးကို ပန်းစိုက်ပျိုးရတာ၊ ဥယျာဉ်ထိန်းသိမ်းရတာ ဝါသနာပါတဲ့ ဥယျာဉ်မှူး တစ်ယောက်က ပြုစုစောင့်ရှောက်နေတယ်။ အဲဒီဥယျာဉ်ကြီးထဲမှာ မျောက်အုပ်တစ်အုပ်လည်း ရှိတယ်။ ဥယျာဉ်ကြီးက သာယာလှပတော့ မျောက်တွေကလည်း အလွန်ပျော်ပါးကြတယ်။ ဥယျာဉ်မှူးနဲ့လည်း ရင်းနှီးနေကြတယ်။ တစ်နေ့မှာတော့ မြို့ထဲမှာ မြို့သူ၊ မြို့သားအားလုံးဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေကြတယ်။ ဥယျာဉ်မှူးကလည်း အလွန်စည်ကားပြီး ပျော်ရွှင်ဖွယ် ကောင်းတဲ့ပွဲကို သွားရောက်လည်ပတ်ချင်တယ်။

ဥယျာဉ်မှူးဟာ ဥယျာဉ်ထဲက သစ်ပင်ပန်းပင်တွေကို နေ့တိုင်း ရေလောင်းပေးနိုင်သူရှိ ရင် ပျော်ပွဲရွှင်ပွဲသို့ သွားရောက်နိုင်တယ်လို့ သိမြင်ထားတယ်။ ဒါကြောင့် ဥယျာဉ်မှူးက အကြံ ရသွားပြီး မျောက်ခေါင်းဆောင်ကို ချဉ်းကပ်ကာ သူ့ကို ကူညီပေးဖို့ အကူအညီတောင်းလိုက် တယ်။ ဥယျာဉ်မှူးက “မျောက်ခေါင်းဆောင်ကြီး ... ကျွန်ုပ် ပွဲတော်သွားချင်လို့ အပင်ငယ် တွေကို ရေလောင်းပေးနိုင်မလား”လို့ မေးလိုက်တယ်။ အဲဒီအခါ မျောက်ခေါင်းဆောင်က စိတ်ချပါ။ ကျွန်ုပ်တို့ မျောက်အဖွဲ့ သားတွေ ရေးလောင်းပေးပါ့မယ်”လို့ ဖြေလိုက်တယ်။ ဥယျာဉ်မှူးဟာ စိတ်လက်ပေါ့ပါးစွာနဲ့ မျောက်တွေကို ရေပုံးတစ်ခုစီပေးပြီး ပျော်ပွဲရွှင်ပွဲသို့ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားပါတယ်။

֍ဆရာက ဇာတ်လမ်းကို ခဏရပ်၍ “မျောက်တွေ ဘာလုပ်မယ်ထင်သလဲ”ဟု မေးပါ။ ကလေးများ၏အဖြေကို နားထောင်ပြီး “ကလေးတို့ထင်တာ ဟုတ်၊ မဟုတ် သိရအောင် ဇာတ်လမ်းကို ဆက်နားထောင်ကြမယ်”ဟု ပြောကာ ဇာတ်လမ်းကို ဆက်ပြောပါ။

မျောက်တွေဟာ ပေးထားတဲ့ ရေပုံးတွေနဲ့ ပန်းပင်တွေကို ရေလောင်းကြတယ်။ မျောက်ခေါင်းဆောင်က လိုက်ပြီးကြီးကြပ်ပေးတယ်။ “အလုပ်ကို သေသေချာချာ လုပ်ကြ။ ရေ တွေကိုလည်း အလဟဿ မဖြစ်စေနဲ့”လို့ ပါးစပ်က ပြောနေတယ်။ မျောက်တွေဟာ သူတို့ စိတ်ကြိုက် ဆော့ကစားရင်း ရေလောင်းကြတော့ ရေတွေဟာ ဟိုတစ်ကွက်ဒီတစ်ကွက် ကြည့် မကောင်းအောင် ဖြစ်နေတယ်။ ခေါင်းဆောင်မျောက်က အဲဒါတွေကြည့်ပြီး ရေလောင်းတာ စနစ်မကျဘူးဆိုပြီး မျောက်တွေအားလုံးကို ခေါ်လိုက်တယ်။ ရေတွေ အလဟဿ မဖြစ်စေဖို့ အတွက် သူ့မှာအကြံတစ်ခုရှိကြောင်း မျောက်တွေကို ပြောလိုက်တယ်။

֍ဆရာက ဇာတ်လမ်းကို ခဏရပ်၍ “ဘာအကြံဖြစ်မယ် ထင်လဲ”ဟု မေးပါ။ ကလေးများ၏ အဖြေကို နားထောင်ပြီး “ကလေးတို့ထင်တာ ဟုတ်၊ မဟုတ် သိရအောင် ဇာတ်လမ်းကို ဆက်နားထောင်ကြမယ်ဟု ပြောကာ ဇာတ်လမ်းကို ဆက်ပြောပါ။

ခေါင်းဆောင်မျောက်ဟာ “အို မျောက်အပေါင်းတို့ သင်တို့ဟာ ရေတွေကို အလဟဿဖြစ်အောင် ဖြုန်းတီးပစ်ကြတယ်။ ဒါကြောင့် ကျွန်ုပ် အကြံတစ်ခုရတယ်။ သင်တို့ သစ်ပင်တွေကို ရေမလောင်းခင် အရင်ဆုံး နုတ်ယူကြည့်ကြပါ။ အမြစ်က သေးသေးလေး ဆိုရင် ရေကို နည်းနည်းပဲလောင်းပါ။ အမြစ်ကြီးကြီးဆိုရင် ရေကို များများလောင်းပါ” ဆိုပြီး ညွှန်ကြားလိုက်တယ်။

֍ဆရာက ဇာတ်လမ်းကို ခဏရပ်၍ “ခေါင်းဆောင်မျောက်ပြောတာ မှန်လား၊ မှားလား။ ဘယ်လိုထင်လဲ။ ဘာကြောင့်လဲ”ဟု မေးပါ။ ထို့နောက် ဇာတ်လမ်းကို ဆက်ပြောပါ။

မျောက်တွေကလည်း ခေါင်းဆောင်ပြောတဲ့အတိုင်း သစ်ပင်တွေကို အမြစ်ကနုတ်ပြီး ရေလောင်းကြတာမို့ ဥယျာဉ်တစ်ခုလုံးမှာရှိတဲ့ သစ်ပင်တွေ ပျက်စီးဆုံးရှုံးသွားရတယ်။ ဥယျာဉ် မှူးဟာ အသိပညာဗဟုသုတမရှိတဲ့ မျောက်တွေကို အားကိုးမိတဲ့အတွက် ဥယျာဉ်တစ်ခုလုံး ပျက်စီးဆုံးရှုံးသွားခဲ့ရပါတော့တယ်။

မှီငြမ်း ။ ။ အာရာမဒူသကဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၂ဝ၂။ ဇာ၊ ဋ္ဌ၊ ၁၊ ၂၆၇။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-အပင်ရေလောင်းတဲ့မျောက်တွေကို ပညာရှိလို့ ပြောမလား။ ပညာမဲ့လို့ ပြောမလား။ ဘာကြောင့်လဲ။
-ကလေးတို့သာ မျောက်ခေါင်းဆောင်ကြီး ဖြစ်မယ်ဆိုရင် အပင်တွေကို ရေလောင်းဖို့ တာဝန်ယူမလား။ ဘာကြောင့်လဲ။
-တကယ်လို့ ရေလောင်းဖို့ တာဝန်ယူခဲ့မယ်ဆိုရင် ဘာလုပ်ရမလဲ။
-ပညာမဲ့သူ ပြောတဲ့အတိုင်း လုပ်ရင် ဘာဖြစ်နိုင်သလဲ။
-ဒီဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်မယ်လို့ ထင်သလဲ။

֍ထို့နောက် အောက်ပါအတိုင်း ဆရာက ရှင်းပြပါ။

မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ မိမိ၏လုပ်ဆောင်မှုကြောင့် ဖြစ်လာနိုင် သောအကျိုးဆက်ကို ကြိုတင်စဉ်းစားဆင်ခြင်မှုမရှိဘဲ ခိုင်းသမျှကို လိုက်လုပ်နေသောသူ များသည် မိမိကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်နစ်နာမှုများ ဖြစ်စေသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မိုက်မဲသောသူများ၏ လုပ်ရပ်များ ဖြစ်ကြသည်။

အကယ်၍ မိမိ မကျွမ်းကျင်သော အလုပ်တစ်ခုကို တာဝန်ယူလုပ်ဆောင်ရမည် ဆိုလျှင် အလုပ်၏အကြောင်းကို ပြည့်စုံစွာမသိပါက သေချာစွာလေ့လာမေးမြန်း၍ လုပ် ဆောင်သင့်သည်။ မိမိ၏လုပ်ဆောင်မှုကြောင့် ဖြစ်လာနိုင်သော အကျိုးဆက် (မိမိနှင့် တခြားသူများ ထိခိုက်နစ်နာမှု) ကိုလည်း သေချာစွာ စဉ်းစားပြီးမှ ဆုံးဖြတ်လုပ်ဆောင်ရ မည်။ ထိုသို့ပြုလုပ်ခြင်းသည် ပညာရှိသောသူတို့၏ လုပ်ရပ်များပင် ဖြစ်သည်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအတိုင်း ဇယားကွက်တစ်ခုကို သင်ပုန်းတွင် ရေးဆွဲထားပါ။

ပညာရှိခြင်း ပညာမဲ့ခြင်း
က က
က က

֍ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း၏ ကောင်းကျိုးများ၊ ဆိုးကျိုးများကို အုပ်စုဖွဲ့ ပေးပြီး ဆွေးနွေးပါစေ။

֍အားလုံးဆွေးနွေးပြီးလျှင် အုပ်စုတစ်စုကို တစ်ချက်စီ အလှည့်ကျပြောခိုင်းပါ။

֍အုပ်စုလိုက် ပြန်လည်ဖြေကြားမှုများကို ဆရာက အသိအမှတ်ပြုသည့်အနေဖြင့် သင်ပုန်း ပေါ်တွင် လိုက်ရေးပေးရပါမည်။

֍ကလေးများ ဖြေကြားပေးသော အချက်အလက်များပေါ်မူတည်၍ ဆရာက လိုအပ်သလို ဖြည့်စွက်အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အောက်ပါမေးခွန်းများကို မေးပါ။

-မိုက်မဲတဲ့လူနဲ့ ပညာရှိတဲ့လူ (၂) မျိုးမှာ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ။
-ကိုယ်ဖြစ်ချင်တဲ့လူမျိုးဖြစ်အောင် ဘာတွေလုပ်ရမလဲ။ (ကလေးများ ပြုလုပ်နိုင်သော အဖြေအမျိုးမျိုးရအောင်မေး၍ သင်ပုန်းပေါ်တွင် ရေးပေးပါ။)

֍ဆရာက ဖြည့်စွက်ရှင်းပြပါ။

“တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ်ကိုယ်တိုင် လုပ်နိုင်၊ မလုပ်နိုင်ကို အရင်ဆုံး စဉ်းစားရ မယ်။ ကိုယ်လုပ်နိုင်တဲ့အလုပ် ဖြစ်မယ်ဆိုရင် ကိုယ်လုပ်မယ့်အလုပ်ဟာ ကိုယ်နဲ့တခြားသူ တွေအပေါ်မှာ အကျိုးရှိနိုင်၊ မရှိနိုင်နဲ့ ထိခိုက်နစ်နာမှု ရှိနိုင်၊ မရှိနိုင်ကို သေသေချာချာ စဉ်းစားပြီးမှ ရွေးချယ်လုပ်ဆောင်သင့်တယ်။ ဒီလို စဉ်းစားရွေးချယ်တတ်ဖို့၊ အမှားအမှန် ခွဲခြားတတ်ဖို့အတွက် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေရဲ့ ဆုံးမညွှန်ကြားမှ တွေကိုလည်း နားထောင်ရမယ်။ ပညာတတ်အောင်လည်း ကြိုးစားရမယ်။ ပြင်ပဗဟုသုတ ရမယ့် စာပေတွေကိုလည်း ဖတ်ရှုလေ့လာဖို့ လိုတယ်”။

֍စာသင်ချိန် (၁)တွင် ရွတ်ဆိုခဲ့သော ပေါင်းသင်းဆက်ဆံရေးမင်္ဂလာကဗျာကို ကလေးများ အားလုံး ပြိုင်တူရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။