ဗြဟ္မဝိဟာရတရားလေးပါး (ဆရာ)

From Wikisource
Jump to navigation Jump to search
348389ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၇။ ဗြဟ္မဝိဟာရတရားလေးပါး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

သင်ခန်းစာခေါင်းစဉ်။ ။ ဗြဟ္မဝိဟာရတရားလေးပါး

ယေဘုယျရည်ရွယ်ချက်။ ။ ဗြဟ္မဝိဟာရတရားလေးပါး ပွားများပုံကို သိရှိပြီး ကိုယ်တိုင်ကျင့်ကြံပွားများ နေထိုင်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ဗြဟ္မဝိဟာရတရားလေးပါး ပွားများပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ၊

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ အဓိကအချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ထားပါ။

-သားတို့သမီးတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လို ပြုမူဆက်ဆံကြသလဲ။
-သားတို့သမီးတို့ရော အခြားသူတွေကို ဘယ်လို ဆက်ဆံကြသလဲ။
-သားတို့သမီးတို့အပေါ် ဘယ်လို ဆက်ဆံတာကို ကြိုက်သလဲ။ ဘာကြောင့်လဲ။
-ဘယ်လို ဆက်ဆံတာကို မကြိုက်ဘူးလဲ။ ဘာကြောင့်လဲ။

֍ ကလေးများပြောပြီးသောအခါ ဆရာက “သားတို့သမီးတို့ ... ပတ်ဝန်းကျင်မှာရှိတဲ့၊ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး ဘယ်လို ပြုမူဆက်ဆံကြတယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးပြီ၊ အခုဆက်ပြီး လူတွေအချင်းချင်း အဆင်ပြေပြေ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံနေထိုင်သွားနိုင်မယ့် နည်းလမ်းတွေကို လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုလုပ်ငန်းပေးခြင်း။

(၄၀ မိနစ်)

֍ ကလေးများအားလုံး ဗြဟ္မဝိဟာရတရားလေးပါးအကြောင်းကို အသံတိတ် ဖတ်ကြပါစေ။

ဗြဟ္မဝိဟာရတရားလေးပါး

ဗြဟ္မဝိဟာရဟူသည် ဗြဟ္မာကဲ့သို့ နေထိုင်ခြင်း၊ မြင့်မြတ်သောနေခြင်းဟု အဓိပ္ပာယ်ရ၏။ ဗြဟ္မဝိဟာရသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူ၍ လေးပါးရှိသည်။ လောကတွင် ဤလေးပါးနှင့် ပြည့်စုံအောင် နေထိုင်ခြင်းသည် မြင့်မြတ်သောနေခြင်း ဖြစ်သည်။ ဤဗြဟ္မဝိဟာရတရားလေးပါးကို ပွားများကျင့်သုံးမည့် သူသည် ဖြောင့်မတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ တည်ငြိမ်ခြင်းစသည့် မြင့်မြတ် ကောင်းမွန်သော အရည်အသွေးများ လိုအပ်သည်။

မေတ္တာဟူသည် သက်ရှိသတ္တဝါအားလုံးတို့၏ အကျိုးစီးပွားကို လိုလားခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း ဖြစ်၏။ သို့ဖြစ်၍ မေတ္တာကို အဆင့်မြင့်မြင့် ပွားများထားသူတို့သည်။ ချစ်သူ၊ မုန်းသူ၊ မချစ်မမုန်းသူဟူ၍ ခွဲခြားမှုမရှိတော့ဘဲ သက်ရှိသတ္တဝါအားလုံးကို မေတ္တာဖြင့် ဆက်ဆံကြသည်။

မေတ္တာသည် မနောကံမေတ္တာ၊ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာဟူ၍ သုံးမျိုးရှိ၏။ ထိုတွင် မနောက် မေတ္တာသည် ပွားများရသော မေတ္တာဖြစ်၏။ မေတ္တာပွားများရာတွင် “အကျွန်ုပ်သည် ဘေးအန္တရာယ် ကင်းရပါလို၏”ဟု မိမိမှစ၍ ပွားများသင့်သည်။ ထို့နောက် မိဘစသည့် မိမိချစ်ခင်နှစ်သက်သူများကို ဆက်၍ ပွားများသင့်သည်။ နောက်ဆုံးတွင် မိမိအား မုန်းနေသူများနှင့် မိမိ၏ ရန်သူများကိုလည်း ပွားများသင့်သည်။ ထိုကဲ့သို့ မိမိကိုယ်မှစ၍ ပွားမှသာ “အကျွန်ုပ်သည် ဘေးရန်ကင်း၍ ချမ်းချမ်းသာသာ နေလိုသည့်နည်းတူ အခြားသတ္တဝါ များသည်လည်း အကျွန်ုပ်ကဲ့သို့ နေလိုကြပေလိမ့်မည်”ဟု ကိုယ်ချင်းစာစိတ်များ ဖြစ်ပေါ်လာပေမည်။ ထိုအခါ မိမိချစ်ခင်နှစ်သက်သူ၊ မုန်းသူနှင့် မချစ်မမုန်းသူတို့အပေါ် ချမ်းသာကြပါစေဟု အပိုင်းအခြားမရှိ ပွားများနိုင် ပေမည်။ ဤသည်မှာ မြတ်စွာဘုရားအလိုကျ မနောကံမေတ္တာပွားခြင်း ဖြစ်၏။ ဤသို့ဖြင့် မေတ္တာတရားသည် အမျက်ဒေါသကို အောင်နိုင်၍ လောက၏ ငြိမ်းချမ်းမှုအတွက် အခြေခံအုတ်မြစ် ဖြစ်၏။

အနိမ့်ဆုံးအားဖြင့် မိမိနှင့်ဆက်စပ်နေသူတို့၏ ကောင်းကျိုးကို ကိုယ်၊ နှုတ်တို့ဖြင့် ဆောင်ရွက်ခြင်းသည် မေတ္တာကို လက်တွေ့ကျင့်သုံးခြင်း ဖြစ်၏။ စွမ်းနိုင်ပါက မိမိလူမျိုး၊ မိမိနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား၊ သက်ရှိသတ္တဝါအားလုံးတို့၏အကျိုးကို ဆောင်ရွက်ခြင်းဖြင့် မေတ္တာကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးသင့်ပေသည်။ ဤသည်မှာ ကာယကံမေတ္တာနှင့် ဝစီကံမေတ္တာကို ကျင့်သုံးခြင်းဖြစ်၏။

ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းတို့နှင့် ကြုံတွေ့နေရသူများ၊ အစားအသောက်၊ အဝတ်အစား၊ နေရာ ထိုင်ခင်း၊ ဆေးဝါးစသည်တို့ လိုအပ်နေသူများကို တွေ့မြင်ရလျှင် သနားကြင်နာစိတ် ဖြစ်ခြင်းသည် ကရုဏာ ဖြစ်၏။ ကရုဏာသည် သူတစ်ပါးတို့တွေ့ကြုံနေရသော ဆင်းရဲကို ပယ်ဖျောက်လိုသည့် သဘောဖြစ်၏။

ကရုဏာအရာတွင် မြတ်စွာဘုရား၏ ကရုဏာသည် အကြီးမားဆုံးဖြစ်၏။ မိမိ၏ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်းကို ပြုရုံမျှမကဘဲ မိမိအား သေရာသေကြောင်း ကြံစည်အားထုတ်ခဲ့သော အရှင်ဒေဝဒတ်ကိုပင် သားတော်ရာဟုလာနှင့် ညီတူညီမျှ ကရုဏာထားတော်မူပါသည်။ မြတ်စွာဘုရားရှင်သည် သတ္တဝါအားလုံးကို မျက်မှောက်ဘဝ ဆင်းရဲခြင်းကိုသာ မဟုတ်ဘဲ သံသရာတစ်လျှောက်လုံးတွင် တွေ့ကြုံရမည့် ဆင်းရဲခြင်းများ ကိုပါ မျှော်မြင်၍ ကရုဏာဖြစ်တော်မူပါသည်။

မုဒိတာဟူသည် သူတစ်ပါးတို့ ကြီးပွားချမ်းသာခြင်း၊ အခြွေအရံပေါများခြင်း၊ ရုပ်ရည်အထင်းလှပခြင်း၊ အတတ်ပညာ ကြွယ်ဝခြင်းနှင့် ရာထူးဌာနန္တရ တိုးခြင်းတို့ကို ကြည်ဖြူနစ်ခြိုက် ဝမ်းမြောက်သည့်သဘောဖြစ်၏။ မနာလိုစိတ်အားကြီးသည့်သူများသည် မုဒိတာကို ကျင့်သုံးရန် ခဲယဉ်းလှ၏။ ပင်ကိုသဘာဝအားဖြင့် လူတို့သည် မနာလိုစိတ်အားကြီးလေ့ရှိကြရာ မုဒိတာသည် မေတ္တာ၊ ကရုဏာတို့ထက် ကျင့်သုံးရန် ပို၍ခက်ခဲသည်။ သို့သော် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုတွင် မုဒိတာတရား ထွန်းကားမှသာ ကြီးပွားတိုးတက်နိုင်ပေသည်။

ဥပေက္ခာဟူသည် ချစ်ခြင်း မုန်းခြင်းမရှိဘဲ အညီအမျှသဘောထားခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်းနှင့် သူတစ်ပါးတို့၏အပြစ်ကို နားလည်ခွင့်လွတ်ပေးခြင်း ဖြစ်၏။ ဥပေက္ခာကို ကျင့်သုံးသူသည် အမျက်ဒေါသနှင့် တွယ်တာမှုနှစ်မျိုးကို စွန့်ပယ်ကာ ကံ၊ ကံ၏ အကျိုးတရားကို နားလည်ရန် လိုအပ်သည်။ ဥပေက္ခာ သဘောသည် အလွန်နူးညံ့သိမ်မွေ့၏။ မိတ်ဆွေနှင့် ရန်သူ၊ ချစ်သူနှင့် မုန်းသူဟု မခွဲခြားဘဲ တန်းတူထားကာ ဥပေက္ခာပွားနိုင်ရန်မှာ လွန်စွာခက်ခဲလှပေသည်။ စိတ်ဓာတ် မြင့်မြတ်ကြံ့ခိုင်သူတို့သာ ကျင့်သုံးနိုင်ကြသည်။

ဗြဟ္မဝိဟာရတရားလေးပါးသည် လူ့ဘဝတွင် မြင့်မြတ်သော နေထိုင်နည်းကို ပေး၏။ ငြိမ်းချမ်းရေး အခြေခံတရားတော်လည်း ဖြစ်၏။ ထို့အပြင် ဗြဟ္မဝိဟာရတရားလေးပါးကို ပွားများကျင့်သုံးသူသည် ကိုယ်စိတ် နှလုံး ချမ်းမြေ့ပျော်ရွှင်၍ လူအများ၏ချစ်ခင်လေးစားခြင်းကို ခံယူရရှိသည်။ သို့ဖြစ်၍ လူသားတစ်ဦးစီသည် မိမိတို့၏ နေ့စဉ်ဘဝတွင် ဗြဟ္မဝိဟာရတရားလေးပါးကို တတ်စွမ်းသမျှ ပွားများကျင့်သုံး၍ မြင့်မြတ်စွာ နေထိုင် ကြမည်ဆိုပါက မိမိကိုယ်တိုင်၊ မိမိ၏မိသားစု၊ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကကြီးသည် ငြိမ်းချမ်းသာယာလာမည်ဖြစ်သည်။

မှီငြမ်း။ ။ မြင့်မြတ်သူတို့ ကျင့်စဉ် (ပါရမီဆယ်ပါး)၊ မောင်ဆန္ဒ၊ ၄၀၃-၄၀၄။ ဗြဟ္မဝိဟာရတရားတော်၊

မဟာစည်ဆရာတော် ဘုရားကြီး ၃၂၈-၃၃၄။ ပရိတ်ကြီးနိဿယသစ်၊ အရှင်ဝါသေဋ္ဌာဘိဝံသ၊ ၁၇၃။ အိန္ဒိယတွင် ဟောသော တရားတော်များ၊ ဦးနု၊ ၄၉-၆၂၊ ဝိသုဒ္ဓိ၊၁၊၁၀၇။ ဣတိ၊ ဋ္ဌ၊ ၈၆။

֍ ထို့နောက် ကလေးများကို အုပ်စု(၄) စုဖွဲ့ကာ အောက်ပါမေးခွန်းတစ်ခုစီကို အုပ်စုလိုက် ဆွေးနွေးစေပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-မေတ္တာတရားကို ဘယ်လိုပွားများမလဲ။ ပွားများစဉ်မှာ ကိုယ်၊ နှုတ်၊ စိတ်တို့ကို ဘယ်လိုထားရမလဲ။
-ကရုဏာတရားကို ဘယ်လိုပွားများမလဲ။
-မုဒိတာတရားကို ဘယ်လိုပွားများမလဲ။
-ဥပေက္ခာတရားကို ဘယ်လိုပွားများမလဲ။

֍ အုပ်စုတစ်စု တင်ပြနေစဉ် ကျန်အုပ်စုများက နားထောင်ပြီး မရှင်းလင်းသော တင်ပြချက်များကို မေးမြန်း ဆွေးနွေးကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပေးပါ။

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများ မေး၍ လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ပေးကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

-ဗြဟ္မဝိဟာရဆိုတာ ဘာလဲ။
-ဗြဟ္မဝိဟာရတရားကို ကျင့်သုံးမယ့်သူမှာ ဘာတွေလိုအပ်သလဲ။
-လူအများနဲ့အဆင်ပြေပြေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားချင်တယ်ဆိုရင် ဘယ်အရာတွေကို ကျင့်သုံးဖို့ လိုသလဲ။
-မေတ္တာပွားနည်း ဘယ်နနည်း ရှိသလဲ။ ဘာတွေလဲ။
-ဗြဟ္မဝိဟာရတရားကို ကျင့်သုံးတဲ့လူတွေဟာ ဘယ်လိုလူတွေ ဖြစ်လာနိုင်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ဗြဟ္မဝိဟာရတရားနှင့်အညီ ကျင့်သုံးနေထိုင်ခြင်း၏ အကျိုးကို သိရှိပြီး လက်တွေ့ကျင့်သုံး နေထိုင်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ ဖြစ်ရပ်ရေးထားသော စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေးမြန်းဆွေးနွေးခြင်း။

(၁၀ မိနစ်)

֍ “ကလေးတို့ ... ဗြဟ္မဝိဟာရတရားနဲ့အညီ ဘယ်လို ကျင့်သုံးပွားများရမယ်ဆိုတာ သိရှိခဲ့ပြီးပြီ”ဟု ပြောပြီး အောက်ပါမေးခွန်းကို ကလေးများနှင့် မေးမြန်းဆွေးနွေးပါ။

-ဗြဟ္မဝိဟာရတရားလေးပါးကို ကလေးတို့ရဲ့ လက်တွေ့ဘဝမှာ ကျင့်သုံးမယ်ဆိုရင် ဘယ်လိုအကျိုး ကျေးဇူးတွေ ရမယ်လို့ထင်သလဲ။

လုပ်ငန်း (၂) အုပ်စုလုပ်ငန်းပေးခြင်းနှင့် ပြန်လည်တင်ပြခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့ပါ။

֍ အုပ်စုတစ်စုစီအား အောက်ပါဖြစ်ရပ်ကို ပေး၍ ဖတ်ကြပါစေ။

֍ ပြီးလျှင် ပေးထားသာမေးခွန်းများ၏ အဖြေကို အုပ်စုလိုက် ဆွေးနွေးရေးသားပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

ဖြစ်ရပ်

တေဇသည် ဆဋ္ဌမတန်းတွင် အတန်းခေါင်းဆောင်ဖြစ်၏။ တစ်နေ့ နေ့လယ်ကျောင်းဆင်းချိန်တွင် တေဇသည် သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားနေစဉ် ကစားဖော်သူငယ်ချင်း ဇော်အောင်သည် ဘောလုံး ဆွဲယူလာရင်း အရှိန်လွန် လဲကျသွားရာ မျက်နှာ၌ ဒဏ်ရာအနည်းငယ် ရသွား၏။ တေဇသည် အဝေးမှ ပြေးလာ ကာ သူငယ်ချင်းရဲစိုးနှင့်အတူ ဇော်အောင်ကို ပွေ့ခေါ်ကာ ရွာထဲရှိ ဆေးပေးခန်းသို့ ခေါ်သွားလေသည်။ ထိုအဖြစ် အပျက်ကို ကျောင်းအုပ်ဆရာကြီး ဦးမောင်ခ သိသွားရာ ဆရာကြီးက ကျောင်းသားအားလုံးရှေ့တွင် တေဇနှင့် ရဲစိုးတို့ကို ချီးကျူးစကားပြောလေသည်။

တစ်နေ့တွင် အတန်းထဲမှ အောင်အောင်နှင့် ဝတ်ရည်တို့သည် စုပေါင်းသန့်ရှင်းရေး တာဝန်ခွဲဝေရာ၌ မျှတမှုမရှိဟုဆိုကာ တေဇကို လာရောက် ရန်တွေ့ကြ၏။ တေဇသည် ဘာမှပြန်မပြောဘဲ အောင်အောင်တို့ တာဝန်ကျရာနေရာသို့ လိုက်သွားပြီး သူတို့ကို ဝိုင်းကူလုပ်ပေးလိုက်သည်။ အားလုံးပြီးသောအခါ အောင်အောင် နှင့် ဝတ်ရည်တို့သည် သူတို့အမှားကိုသိကာ သူတို့ကို ခွင့်လွှတ်ရန် တောင်းပန်ကြသည်။ တေဇသည် ခွင့်လွှတ်သည့်အပြင် ကျောင်းဆင်းသောအခါ အောင်အောင်တို့နှစ်ယောက်အပါအဝင် အတန်းဖော် သူငယ်ချင်းများကို ဆိုင်တစ်ဆိုင်သို့ ခေါ်သွားကာ ဆိုင်မှာ ခဏစောင့်ခိုင်းပြီး အိမ်သို့ပြန်၍ အမေ့ထံမှ မုန့်ဖိုး တောင်းလေသည်။ အမေက “ဘာကြောင့် မုန့်ဖိုး တောင်းရတာလဲ”ဟု မေးရာ “ဒီနေ့ သားတို့အားလုံး ကျောင်းမှာ သန့်ရှင်းရေး လုပ်ရတယ်၊ သားသူငယ်ချင်းတွေ ပင်ပန်းပြီး ဝိုက်ထာနေကြတယ်၊ ဒါကြောင့် သူတို့ကို မုန့်ကျွေးချင်လို့ပါ မေမေ”ဟု ပြန်ပြောလိုက်သည်။ မုန့်ဖိုးရသောအခါ တေဇသည် ဆိုင်သို့ အမြန်ပြန်လာ၍ သူငယ်ချင်းများကို မုန့်ကျွေးပြီး အအေးတိုက်လေသည်။

တေဇသည် စိတ်ကောင်းရှိသူဖြစ်သည်နှင့်အညီ သူ့အတန်းဖော်အားလုံးကို စာမေးပွဲအောင်စေချင်သည်။ ထို့ကြောင့် သင်ခန်းစာနှင့်ပတ်သက်လျှင် အတန်းဖော်သူငယ်ချင်းများကို အစွမ်းကုန် ကူညီပေးသည်။ အတန်းတင်စာမေးပွဲတွင် တစ်တန်းလုံး ကောင်းစွာ ဖြေနိုင်ကြသည်။ အောင်စာရင်းထွက် လာသောအခါ သူ့ကို ရန်တွေ့ခဲ့ဖူးသော ဝတ်ရည် ပထမရလေသည်။ စင်မြင့်ပေါ်သို့ ဝတ်ရည် ပထမထုတက်ယူစဉ်တေဇသည် လက်ခုပ်သံ အကျယ်ဆုံးနှင့် အကြာဆုံးတီးကာ ဝမ်းမြောက်ဝမ်းသာ အားပေးလေသည်။

-တေဇဟာ ဗြဟ္မဝိဟာရတရား လေးပါးကို ကျင့်သုံးတဲ့သူလို့ ပြောနိုင်သလား။
-တေဇကို မေတ္တာတရားကျင့်သုံးသူလို့ ဘယ်အချက်တွေအရ ပြောနိုင်သလဲ။
-တေဇကို ကရုဏာတရားကျင့်သုံးသူလို့ ဘယ်အချက်တွေအရ ပြောနိုင်သလဲ။
-တေဇကို မုဒိတာတရားကျင့်သုံးသူလို့ ဘယ်အချက်တွေအရ ပြောနိုင်သလဲ။
-တေဇကို ဥပေက္ခာတရားကျင့်သုံးသူလို့ ဘယ်အချက်တွေအရ ပြောနိုင်သလဲ။

ဆရာသိရန်-

-လဲကျသွားတဲ့ အောင်အောင်ကို သနားကရုဏာစိတ်နဲ့ အကူအညီပေးတာ = ကရုဏာနှင့်မေတ္တာ
-အောင်အောင်နဲ့ ဝတ်ရည်တို့ကို နားလည်ခွင့်လွတ်တာ = ဥပေက္ခာ
-သူငယ်ချင်းတွေ ပင်ပန်းနေလို့မုန့်ဝယ်ကျွေးတာ = ကရုဏာနှင့် မေတ္တာ
-ပထမရတဲ့ ဝတ်ရည်ကို ဝမ်းသာအားရ အားပေးတာ = ပုဂံတာ လုပ်ငန်း (၃) မေးခွန်းပေးခြင်းနှင့် အနစ်ချုပ်ခြင်း။

֍ အောက်ပါမေးခွန်းကို မေးပါ။

(၁၀ မိနစ်)

-သားတို့သမီးတို့ ဆိုရင်ရော ဗြဟ္မဝိဟာရတရားလေးပါးကို အခုအချိန်ကစပြီး ဘယ်လိုပွားများကျင့်သုံး နေထိုင်သွားကြလဲ။

֍ ကလေးများပြောသောအချက်များကို ဆရာက နားထောင်ပေးပြီး အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“သားတို့သမီးတို့ ... မြင့်မြတ်တဲ့ နေထိုင်နည်းတွေဖြစ်တဲ့ ဗြဟ္မဝိဟာရတရားလေးပါးကို လက်ကိုင်ထား ကျင့်သုံးပွားများရင် ကိုယ်ကိုယ်တိုင်လည်း ဖြောင့်မတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ တည်ငြိမ် ခြင်းစတဲ့ ကောင်းမြတ်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံမယ်၊ မိမိစိတ်နှလုံးဟာလည်း ချမ်းမြေ့ သာယာလာမှာ ဖြစ်တဲ့အပြင် လူအများရဲ့ ချစ်ခင်လေးစားခြင်းကိုလည်း ခံရပြီး ဘဝတစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်သွားနိုင်တယ်၊ ဒါကြောင့် မိသားစုဝင်အချင်းချင်းကြားမှာရော၊ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း ကြားမှာရော၊ လူ့အဖွဲ့အစည်းအတွင်းမှာရော ဘယ်သူနဲ့မဆို ဆက်ဆံတဲ့အခါ ဗြဟ္မဝိဟာရတရား လေးပါးကို တို့တစ်တွေအားလုံး ကျင့်သုံးနေထိုင်သွားကြရအောင်”