ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၈။ ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာ(ကျောင်းသားကိုင်သို့)
348390ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၈။ ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

သင်ခန်းစာခေါင်းစဉ်။ ။ ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာ

ယေဘုယျရည်ရွယ်ချက်။ ။ ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာကို သိရှိပြီး လိုက်နာကျင့်သုံးတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာကဗျာ ရေးထားသော စာရွက်ကြီး၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မင်္ဂလာကဗျာများဖြင့် ချိတ်ဆက်နိဒန်းပျိုးခြင်းနှင့် မင်္ဂလာကဗျာကို လေ့လာခြင်း။

(၂၀ မိနစ်)

֍ ပြီးခဲ့သော သင်ခန်းစာများထဲမှ မင်္ဂလာကဗျာများကို ကလေးများ မှတ်မိသလောက် ရွတ်ဆိုကြပါစေ။ ကလေးများ အဆင်ပြေချောမွေ့စွာ ရွတ်ဆိုနိုင်အောင် ဆရာက ပံ့ပိုးပေးပါ။ (မင်္ဂလာအပါး ၃၀ကို ပဉ္စမတန်း သင်ခန်းစာ (၉ နှင့် ၁၀)တို့တွင် ဖော်ပြထားပါသည်။)

֍ ထို့နောက် အောက်ပါ ခြိုးခြံစွာ ကျင့်ခြင်းစသော မင်္ဂလာကဗျာကို ကလေးအားလုံးရွတ်ဆိုစေပြီး ကဗျာ၏ အဓိပ္ပာယ်ကို ကလေးများကိုယ်တိုင် ပြောပြကြပါစေ။

ခြိုးခြံစွာ ကျင့်ခြင်းစသော မင်္ဂလာ

လောကီအာရုံ ဇိမ်ယစ်မူးလို့၊
အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊
သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊
အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊
အလင်းပေါက်နိုင်စေ။
အဲဒါမှ “ဗုဒ္ဓဝါဒ “ကမ္ဘာ့မင်္ဂလာတွေ။

֍ ကဗျာ၏ အဓိပ္ပာယ်ကို ကလေးများ ပြောပြပြီးလျှင် ဆရာက အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

-ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာဆိုတာကို ဘယ်လိုနားလည်သလဲ။
-ခြိုးခြံစွာ ကျင့်ခြင်းစသောမင်္ဂလာ ဘယ်နှပါးရှိသလဲ။

֍ ကလေးများ ဖြေဆိုပြီးပါက အောက်ပါ ခြိုးခြံစွာ ကျင့်ခြင်းစသော မင်္ဂလာလေးပါးကို ဆရာက သင်ပုန်းတွင် ရေးပြီး ဖြည့်စွက်ရှင်းပြပေးပါ။

ခြိုးခြံစွာ ကျင့်ခြင်းစသော မင်္ဂလာလေးပါး

၁။ ခြိုးခြံစွာကျင့်ခြင်း။
၂။ မြတ်သောအကျင့်ကို ကျင့်ခြင်း၊
၃။ သစ္စာလေးပါးကို သိမြင်ခြင်း၊
၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။

֍ ထို့နောက် ဆရာက “အခုတော့ အမေတစ်ယောက်က သူရဲ့ သားငယ်လေးကို ခြိုးခြံခြင်းနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးမထားတယ်ဆိုတာ လေ့လာကြည့်ရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့လုပ်ငန်းပေးခြင်း။

(၄၀ မိနစ်)

֍ ကလေးများအားလုံး ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာကို ဖတ်ကြပါစေ။

ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာ

သားငယ်ဇွဲ...

သားကို ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာအကြောင်းကို အမေ ရှင်းပြချင်တယ်။ ခြိုးခြံစွာကျင့်ခြင်းထိုတာ မျက်စိ၊ နား၊ နှာ စသော ဣန္ဒြေတို့ကို စောင့်စည်းခြင်း၊ ဓုတင်အကျင့်ကိုကျင့်ခြင်း၊ ကြိုးစားအားထုတ်ခြင်းတို့ ဖြစ်တယ်လို့ ကျမ်းဂန်မှာဆိုတယ်။ အဲဒီအထဲက သား လက်တွေ့ကျင့်သုံးနိုင်မယ့် အကြောင်းအရာလေးတွေကို ကဗျာလေးနဲ့ အစပြုပြီး ရှင်းပြချင်တယ်။

လောကီအာရုံ ဇိမ်ယစ်မူးလို့
အပျော်မကြူးနဲ့ ခြိုးခြံလေ။

နေ့စဉ်နေ့တိုင်း တွေ့ကြုံနေတဲ့ လောကီအာရုံတွေအပေါ်မှာ ဇိမ်ယစ်မနေဘဲ၊ လွန်လွန်ကဲကဲ သာယာ ပျော်ရွှင်မနေဘဲ သင့်တင့်မျှတစွာ သုံးစွဲနေထိုင်တာကို ခြိုးခြံစွာကျင့်ခြင်းမင်္ဂလာနဲ့အညီ နေထိုင်တယ်လို့ ဒီကဗျာလေးက ဆိုလိုတယ် သား ... ။ အခုအချိန်မှာ သားက ကျောင်းသားတစ်ယောက်ဖြစ်နေတော့ ဒီမင်္ဂလာကို လက်တွေ့ကျင့်မယ်ဆိုရင် သားရဲ့ ပညာရေးအတွက်သာမက ဘဝတစ်ခုလုံးအတွက်ပါ အကျိုးရှိမှာ သေချာတယ်။

နေ့စဉ်တွေ့ကြုံနေရတဲ့ လောကီအာရုံတွေဖြစ်တဲ့ မျက်စိနဲ့ မြင်တွေ့ရတဲ့ အထင်းမျိုးစုံ၊ နားနဲ့ကြားရတဲ့ အသံမျိုးစုံ၊ နှာခေါင်းနဲ့ ရှူလို့ရတဲ့ အမွှေးနံ့သာမျိုးစုံ၊ လျှာနဲ့အရသာခံလို့ရတဲ့ အရသာမျိုးစုံ (သို့) အစား အသောက်မျိုးစုံ၊ ကိုယ်နဲ့ကိုင်တွယ်ထိတွေ့ခံစားလို့ရတဲ့ အရာမျိုးပုံတွေနဲ့ပတ်သက်လို့ ခြိုးခြံနိုင်ရမယ်။ ပြီးတော့ မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ လိုချင်လောဘစိတ်၊ ဒေါသစိတ်စတဲ့ မကောင်းတဲ့စိတ်တွေကိုလည်း သတိနဲ့ ထိန်းနိုင်ရမယ်။

သားနားလည်အောင် ဥပမာအနေနဲ့ပြောရရင် ... မျက်စိနဲ့ မြင်တွေ့ရတဲ့ အဆင်းမျိုးစုံတွေ အပေါ်မှာ ခြိုးခြံစွာကျင့်မယ်ဆိုရင် တီဗ္ဗိတွေ၊ ဗ္ဗိဒီယိုတွေ၊ ရုပ်ရှင်တွေ၊ ဘောလုံးပွဲတွေကို အလွန်အကျွံ မကြည့်ဘဲ သင့်တင့် မျှတရုံလောက်ပဲ ကြည့်တာ။ ဂိမ်းဆော့တာတွေကို အလွန်အကျွံ မလုပ်ဘဲ သင့်တင့်မျှတရုံလောက်ပဲ ဆော့တာ။ နားနဲ့ကြားရတဲ့ အသံမျိုးစုံတွေအပေါ်မှာဆိုရင် သီချင်းနားထောင်တာတွေကို သင့်တင့်မျှတရုံ လောက် နားထောင်တာ၊ နှာခေါင်းနဲ့ ရှူလို့ရတဲ့ အမွှေးနံ့သာမျိုးစုံတွေအပေါ်မှာဆိုရင် ဈေးကြီးတဲ့ ရေမွှေး၊ မိတ်က စတာတွေကို သင့်တင့်မျှတရုံလောက်ပဲ ဝယ်ယူသုံးစွဲတာ။ လျှာနဲ့ အရသာခံလို့ရတဲ့ အရသာမျိုးစုံ (သို့ အစားအသောက်မျိုးစုံတွေ အပေါ်မှာဆိုရင် မဆင်မခြင် လွန်လွန်ကဲကဲ မစားသောက်ဘဲ သင့်တင့်မျှတလောက်ပဲ စားတာ။ ကိုယ်နဲ့ ကိုင်တွယ်ထိတွေ့ခံစားလို့ရတဲ့ အရာတွေမှာဆိုရင် ဈေးကြီးတဲ့အဝတ်အစားတွေနဲ့ အလှကုန်ပစ္စည်းတွေကို သင့်တင့်မျှတရုံလောက်ပဲ ဝယ်ယူသုံးစွဲတာတွေပေါ့။

ပြီးတော့ ကိုယ့်အခြေအနေ၊ ကိုယ့်မိသားစု အခြေအနေကို မသိဘဲ ကစားစရာတွေ၊ အသုံးအဆောင် ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ဝယ်ချင်တယ်၊ မုန့်ဖိုးတွေ အများကြီး လိုချင်တယ်ဆိုတဲ့ လောဘစိတ်၊ ကိုယ်လိုတာ မရလို့၊ ကိုယ့်အလိုမကျလို့ ဖြစ်တဲ့ ဒေါသစိတ်တွေကို မဖြစ်အောင် စောင့်ထိန်းရမယ် သား ... ။

သားအနေနဲ့ အဲဒီလို လောကီအာရုံတွေအပေါ်မှာ စောင့်စည်းလိုက်မယ်ဆိုရင် ကျောင်းစာအတွက် သာမက ဘဝတိုးတက်ရေးစာပေတွေ၊ တရားစာတွေ ဖတ်ဖို့အတွက် အချိန်တွေ အများကြီးရလာမယ်။ ကျောင်း စာကို မှန်မှန်လုပ်သွားမယ်ဆိုရင် စာမေးပွဲမှာလည်း လွယ်လွယ်ကူကူ ဖြေနိုင်မယ်။ ဘဝတိုးတက်ရေးစာတွေ၊ တရားစာတွေဖတ်ရင် ဘဝအတွက် ဆောင်ရန်ရှောင်ရန်တွေ၊ ဘဝအတွက် အင်အားတွေ၊ တရားတော်နဲ့အညီ ကျင့်ကြံနေထိုင်နည်းတွေကို ရရှိမှာဖြစ်လို့ အချိန်တန်အရွယ်ရောက်လာတဲ့အခါ အောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်မယ်သား ... ။

တကယ်တော့ ခြိုးခြံတယ်ဆိုတာ စိတ်ကို စောင့်စည်းခြင်းပဲဖြစ်တယ်။ စိတ်ကို မစောင့်စည်းနိုင်ကြလို့ လျှာကို အလိုလိုက်ပြီး အစားအသောက်တွေကို အတိုင်းအဆမရှိ စားရင်၊ ကိုယ်လက်လှုပ်ရှား အားကစား မလုပ်ရင်၊ ဆေးလိပ်သောက်၊ ကွမ်းစား၊ အရက်၊ ဘီယာ သောက်စားမူးယစ်နေရင်၊ မူးယစ်ဆေးတွေ သုံးစွဲရင် ရောဂါမျိုးစုံ ဝင်လာမယ်။ ဆေးကုသစရိတ်တွေ ကုန်မယ်၊ မိသားစု စီးပွားရေးကို ထိခိုက်မယ်။

ပြီးတော့ စိတ်မထိန်းနိုင်ကြလို့ လူတွေတရားရုံးရောက်၊ အချုပ်ခန်းရောက်၊ ထောင်ထဲရောက် ဖြစ်ကြရတယ်။ ဒါက ပစ္စုပ္ပန်မှာ ခံရတဲ့အပြစ်တွေပေါ့။ သံသရာမှာ ခံရမယ့် အပြစ်တွေလည်း ရှိသေးတယ်။ ဒုက္ခဆင်းရဲက ဘဝအဆက်ဆက် ပါသွားတယ်။ လက်ရှိဘဝမှာလည်း ပြုလုပ်သူသာမက မိသားစု၊ ဆွေမျိုးတွေကိုပါ ဒုက္ခ ရောက်စေတယ်။

“စိတ်ကိုနိုင်ရင် လောကကြီးကို နိုင်တယ်”တဲ့။ စိတ်ကို ထိန်းနိုင်ရင်ပဲ ကျန်တဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတာတွေကိုလည်း စောင့်စည်းပြီးသား ဖြစ်သွားတယ်။ ဒီတော့ အောင်မြင်မှုတွေ၊ ချမ်းသာ သုခတွေ ရတာပေါ့။ ဘဝသက်ဆုံးတိုင် ... စိတ်အေးချမ်းတယ်။ လိုရင်းတိုရှင်းပြောရရင်တော့ သတိနဲ့ထိန်းပြီး ပျော် သင့်သလောက်သာ ပျော်ပါ။ ကြီးပွားကြောင်းကို သတိ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်ပါ။ နေ့စဉ် လူမှုကိစ္စတွေ ကြိုးစားဆောင်ရွက်ရင်းနဲ့ ကိုယ်ကျင့်သီလ စောင့်ထိန်းရမယ်။ အများအကျိုးကို ဆောင်ရွက်ရမယ်။ ကုသိုလ် တရားတွေ တိုးပွားအောင် အားထုတ်ရမယ်။ ကိုယ့်ဘဝ၊ ကိုယ့်ပတ်ဝန်းကျင်ကို ပိုကောင်းအောင် ပြောဆို လုပ်ကိုင်ရမယ်။

ဒီလိုကျင့်ကြံနေထိုင်သွားမယ်ဆိုရင် လူတစ်ယောက်ဟာ ဘဝမှာ အောင်မြင်မှုတွေ အလီလီ ဆွတ်ခူး ရရှိမှာဖြစ်တယ် သား ...။

မင်္ဂလာတရားနဲ့အညီ ကျင့်ကြံနေထိုင်နိုင်ပါစေလို့ အမေ ဆန္ဒပြုလိုက်ပါတယ်။

ချစ်သော...

အမေ

မှီငြမ်း။ ။ ပရိတ်ကြီးနိဿယသစ်၊ အရှင်ဝါသေဋ္ဌာဘိဝံသ၊ ၂၀၁၊

မင်္ဂလာအစစ်နှင့် မျိုးဆက်သစ်၊ သန်းသန်းတင့်၊ ၁၂၇-၁၂၉၊

ခက်ဆစ်အဖွင့်

ဓုတင် (ဓူတင်) = ကိလေသာကို ဖယ်ခွာနိုင်သော အကျင့်။

֍ ထို့နောက် အောက်ပါမေးခွန်းများကို ကလေးများနှင့် မေးမြန်းဆွေးနွေးပြီး ဆွေးနွေးမှုရလဒ်များကို သင်ပုန်းတွင် မှတ်တမ်းတင်ပါ။

-ခြိုးခြံစွာကျင့်ခြင်းဆိုတာကို ဘယ်လို နားလည်သလဲ။
-ဘယ်အရာတွေကို ခြိုးခြံရမှာလဲ။

֍ ခြိုးခြံရမည့်အချက်များတွင် အောက်ပါအချက်များ မပါလျှင် ဆရာက ဖြည့်စွက်ပေးပါ။

(မျက်စိဖြင့် မြင်တွေ့ရသော အဆင်းမျိုးစုံ၊ နားဖြင့်ကြားရသော အသံမျိုးစုံ၊ နှာခေါင်းဖြင့် ရှူရသော အမွေးနံ့သာမျိုးပုံ၊ လျှာဖြင့် အရသာခံ၍ရသော အရသာမျိုးစုံ (အစားအသောက်မျိုးစုံ)၊ ကိုယ်ဖြင့် ထိတွေ ခံစား၍ ရသော အရာမျိုးစုံ၊ လိုချင်တပ်မက်သော လောဘစိတ်၊ အလိုမကျသော ဒေါသစိတ်)

֍ ပြီးလျှင် ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်းများကို အုပ်စုလိုက်ဆွေးနွေး၍ ဆွေးနွေးမှုရလဒ်များကို ဇယားတွင် ဖြည့်သွင်းကာ အများမြင်သာသော နေရာတွင် ကပ်ကြပါစေ။

-ဘယ်အရာတွေကို ခြိုးခြံမလဲ။ ခြိုးခြံခြင်းဖြင့် ဘယ်လို အကျိုးတွေ ရနိုင်သလဲ။

ခြိုးခြံရမည့်အရာများနှင့် ရနိုင်သောအကျိုးများ

ခြိုးခြံရမည့်အရာများ ရနိုင်သောအကျိုးများ

֍ အုပ်စုကိုယ်စားလှယ်က မိမိအဖွဲ့၏ စာရွက်အနီးတွင် ရပ်နေပြီး ကျန်အုပ်စုဝင်များက အခြားအဖွဲ့များသို့ လှည့်လည်ကြည့်ရှု မေးမြန်းကြပါစေ။ မေးမြန်းဆွေးနွေးသော မေးခွန်းများကို အုပ်စုကိုယ်စားလှယ်က ဖြေပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ နေ့စဉ်ဘဝတွင် ခြိုးခြံစွာ နေထိုင်ရမည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၅ မိနစ်)

֍ “ကလေးတို့အနေနဲ့ ခြိုးခြံနေထိုင်သင့်တဲ့ အရာတွေကို ဆွေးနွေးခဲ့ပြီးပြီ၊ အခုထက်ပြီးတော့ ကလေးတို့ ရဲ့နေ့စဉ်ဘဝမှာ ဘယ်လို ခြိုးခြံနေထိုင်သင့်တယ်ဆိုတာကို စဉ်းစားဆွေးနွေးကြည့်ရအောင်”ဟု ဆရာက ပြောပါ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၄၀ မိနစ်)

֍ ကလေးတစ်ဦးချင်းစီက အောက်ပါမေးခွန်းကို စဉ်းစား၍ စာရွက်ပိုင်းတွင် ရေးသားဖော်ပြပါစေ။

-ကလေးတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ဘယ်အရာတွေကို ဘယ်လို ခြိုးခြံမှာလဲ။

֍ အားလုံး ရေးသားပြီးပါက ကလေးများကို ခြောက်ယောက်ဝန့်ပါသော အုပ်စုများ ဖွဲ့ပါ။ အုပ်စုအတွင်း တူသောအချက်များကို စုစည်း၍ မတူသောအချက်များကို ဖြည့်စွက်ဆွေးနွေးရေးသားပြီး ကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

လုပ်ငန်း (၃) မေးခွန်းပေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၅ မိနစ်)

֍ အုပ်စုအားလုံး တင်ပြပြီးလျှင် ဆရာက အောက်ပါမေးခွန်းကို မေးပါ။

-မခြိုးခြံနိုင်သေးတဲ့ အရာတွေက ဘာတွေလဲ။ ဘာကြောင့်လဲ။

֍ ကလေးများဖြေဆိုပြီးပါက “ကလေးတို့ ... အခုပြောသွားတဲ့ ခြိုးခြံသင့်တဲ့အရာတွေကို နေ့စဉ်ဘဝမှာ လက်တွေ့လိုက်နာ ကျင့်သုံးကြပါ၊ အခုဆိုရင် ကလေးတို့မှာ မခြိုးခြံနိုင်သေးတဲ့အရာတွေလည်း ရှိသေးတယ် ဆိုတာ သိခဲ့ရပြီ၊ အဲဒီလိုဖြစ်နေတာဟာ စိတ်နဲ့သာ အဓိကဆိုင်တယ်၊ အထူးသဖြင့်တော့ တပ်မက်စွဲလမ်းတဲ့ လောဘစိတ်ကြောင့်ပေါ့။ ဒါကြောင့် အဲဒီလိုဖြစ်နေတဲ့ လောဘစိတ်ကိုလည်း အတတ်နိုင်ဆုံး လျှော့ချသွား နိုင်အောင် ကြိုးစားကြရမယ်၊ ဒါမှသာ ဆရာတို့ သားတို့သမီးတို့အားလုံးဟာ မင်္ဂလာတရားတော်တွေနဲ့အညီ ကျင့်ကြံနေထိုင်နိုင်တဲ့သူတွေ ဖြစ်လာကြမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။