ဗျာဒိတ်ခံခဲ့ပုံ အချုပ်လင်္ကာ

From Wikisource
Jump to navigation Jump to search
ဗျာဒိတ်ခံခဲ့ပုံ အချုပ်လင်္ကာ
by မဟာဗုဒ္ဓဝင်

လေးသချေင်္နှင့် သိန်းနေစွန်းမြတ် ရေတွက်လတ်မူ မည်မှတ်နာမ သင်္ချေယျကား သေလ, ဘာသ ဇေယျ, ရုစိ လေးပါးရှိ၏၊ အာဒိသေလ သင်္ချေယျတွင် သာရမဏ္ဍ ကမ္ဘာမထက် ဇိနဘုန်းထင် တဏှင်္ကရ မဟာမေဓင် သရဏင်နှင့် ဒီပင်္ကရာ မြတ်စွာလေးဆူ ပွင့်တော်မူ၏၊ နတ်လူတို့မှူး သုံးဦးဘုရား ဖူးပါငြားလည်း ညွတ်တွားကော်ရော် ဗျာဒိတ်တော်ကို ရှစ်ဖော်အင်္ဂါ မစုံပါ၍ မနာလိုက်ရ...

(၁) နောက်စွန်းမှလျှင် ဖြူဆွဉာဏ်ဝါ သုမေဓာဟု ကျေညာကျော်လှစ် ရသေ့ဖြစ်၍ ရှင်ချစ်ဘုရား ဆွမ်းခံသွားက ဘဝါးတော်ဦး ထိမူးမူးဝယ် သံကျူးမိန့်ရွတ် ဗျာဒိတ်လွှတ်၏၊

(၂) မည်မှတ်သေလ သုဉ်းလေမှလျှင် သာရကမ္ဘာ ပေါ်သောခါဝယ် မည်သာ ကောဏ္ဍည သုံးလူ့ဘ၌ ဘုရားအလောင်း မင်းကောင်းစကြဝတေး နီးဝေးခေါ်ညီ ဝီဇိတာဝီ ဖြစ်ကြိုက် ဖူးလိုက်ကြည်အေး လှူကြီးပေးက ရှေးနှင့်တမျှ ဗျာဒိတ်ရ၏၊

(၃) ဘာသသင်္ချေ သုဉ်းပြန်လေမှ တည်ထွေကပ်မွန် သာရမဏ်၌ ဘုန်းသန်း မင်္ဂလာ ပွင့်သောခါဝယ် မည်သာသုရုစိ ကိတ္တိထင်ရှား ပုဏ္ဏားဖြစ်တုံ စေ့စုံလှူကမ်း ဗျာဒိတ်မွှမ်း၏၊

(၄) ငြိမ်းချမ်းသုခ ပေးဝေငှသား သုမနဘုရား တခြားဆက်ကာ ဖြစ်သောခါလည်း မဟာနာဂ အတုလဟု ဒေဝရေနတ် ဘုရားမြတ်၌ လှူဝတ်သန့်ရှင်း ဗျာဒိတ်နှင်း၏၊

(၅) မည်ရင်းရေဝတ မြတ်ဇိန၌ တွင်ထမည်ရှိ အတိဒေဝ ဗြဟ္မဏလျှင် များလှကံကျွေး အလှူပေး၍ သံလေးဗျာဒိတ် ကျွန်းလုံးထိတ်၏၊

(၆) အမြိတ်ဆထ သောဘိတဟု မည်ရဘုန်းထွင် ပွင့်ခါတွင်လည်း လုလင် အဇိတ ဗြဟ္မဏဟု ကြီးလှလှူဆက် ဗျာဒိတ်မြွက်၏၊

(၇) ထိုထက်သုဉ်းက ဇေယျသင်္ချေ လွန်လေပညပ် ဝရကပ်ထက် သုံးရပ်ဦးစွန်း မည်းမှန်းပေါက်ပြ၊ အနောမဒဿီ သိညီသစ္စာ ပွင့်သောခါဝယ် သေနာဒိဗ္ဗ ယက္ခအမှူး ဘီလူးဖြစ်ကြိုက် ဖူးရလိုက်၍ ကောင်းမြိုက်လှူကြီး ဗျာဒိတ်ချီး၏၊

(၈) တသီးစပ်ထ ပဒုမဟု လောကတန်ဆောင် ငါးမာရ်အောင်၍ တောတောင်ရန်လှစ် ခြင်္သေ့ဖြစ်၍ ကြည်ချစ်ရိုခ ဗျာဒိတ်ရ၏၊

(၉) နာရဒဘုန်းတင် ဆက်ကာပင်တည့် ပွင့်စေတုံ၍ ရသေ့ဖြစ်ခါ ဖူးရပါက များစွာလုပ်ကျွေး ဗျာဒိတ်ပေးသည် ကြော့သွေပွဲနှံ မိန့်သံတည်း။

(၁၀) ထိုနောက် ရုစိမည်ရှိ သင်္ချေသုဉ်းပြန်လေမှ ခေါ်ထွေသာရ ကမ္ဘာမထက် ပဒုမုတ္တရ ကြီးတေဇနှင့် ပွင့်ထသစ္စာ ထိုရောခါဝယ် မဟာသေဋ္ဌ ဇဋိလဟု မည်ရသေဋ္ဌေး အလှူပေး၍ စည်းဝေးပွဲပြင် ဗျာဒိတ်တင်၏၊

(၁၁) ထိုတွင့်ဆင့်လောင်း သုံးသောင်းကပ္ပ သုဉ်းလေးမှလျှင် မဏ္ဍ ကမ္ဘာပေါ်သောခါဝယ် သုမေဓဘုရား ထင်ရှားဖြစ်က ဥတ္တရဟု နာမမည်စစ် လုလင်ဖြစ်၍ ကြည်ချစ်လှူကပ် ဗျာဒိတ်တပ်၏၊

(၁၂) မလပ်ဆင့်ကာ သုဇာတာဟု မြတ်စွာဘုန်းရှိ ပွင့်တုံပြီလည်း ကြီးဘိတန်ခိုး လေးကျွန်းစိုးသား ဘုန်းဖြိုးသနင်း စကြာမင်းလျှင် သတင်းနီးဝေး လှူကြီးပေး၍ မြတ်လေးရွှင်လန်း ဗျာဒိတ်ညွှန်း၏၊

(၁၃) တခန်းစင်စစ် တဆယ့်ရှစ်လျှင် သုဉ်းလစ်တုံထွန်း ကမ္ဘာလွန်မှ တတန်ဝရကမ္ဘာမထက် ပိယဒဿီ ပွင့်ချိန်ဆီဝယ် အညီခေါ်ကြ ကဿပဟု ဗြဟ္မဏစစ် ပုဏ္ဏားဖြစ်၍ အလှစ်ဥစ္စာ လှူပြီးစွာမှ တခါလည်းကောင်း ဗျာဒိတ်လောင်း၏၊

(၁၄) ထို့နှောင်း အတ္ထဒဿီမှလည်း သုသီမရသေ့ဖြစ်၍ လှူလှူ ပူဇော်ပြုက အောင်ဆုပေးတုံ ဗျာဒိတ်ပုံ၏၊

(၁၅) ကြိုက်ဆုံနောက်မှ ဓမ္မဒဿီ နှစ်ပါးညီဝယ် မိုးဆီတောင်ထွတ် သိကြားနတ်လျှင် ကြည်ညွတ်ပူဇော် ဗျာဒိတ်ဖော်၏၊

(၁၆) ထိုရော်နောက်မှာ လေးကမ္ဘာလျှင် သုဉ်းရှာလေမှ သာရကပ်တွင် မည်ထင် သိဒ္ဓတ် ပွင့်ပေလတ်က ကြီးမြတ်တန်ခိုး ကျော်ဟိုးမည်သာ မင်္ဂလာရသေ့ ဖူး၍ ကြည်ဖြူ အလှူပေးထွန် ဗျာဒိတ်ပြန်၏၊

(၁၇) တတန်လွန်ခဲ့ ကိုးဆယ့်နှစ်ကမ္ဘာ သုဉ်းပြီးစွာမှ မည်သာပညတ် မဏ္ဍကပ်ထက် လူ့ရပ်ပေါက်ပြ တိဿမည်ဇာစ် ဘုရားဖြစ်က ဧကရာဇ်မင်း ထန်ပြင်းအာဏာ သုဇာတာဟု ထိုဖြစ်ပြီ အလှူကြီးဖြင့် ဆုသီးရည်စောင် ဗျာဒိတ်ဆောင်၏၊

(၁၈) ထိုနောင်ဖုဿ ပွင့်လေကလည်း ဝိဇတာဝီ လွှံညီသတင်း ပြည့်ရှင်မင်းလျှင် လှူခြင်းဆန်းတူး ဗျာဒိတ်ကျူးသည် ကျေးဇူးထွန်းပ မြူးစံတည်း။

(၁၉) ဤကမ္ဘာမှ ဧကလွန်လေ ကိုးဆယ်ထွေ၌ ခေါ်ထွေတွင်ထ ကပ်သာရထက် လောကအထွတ် ဝိပဿီမည်ထင် ပွင့်တုံကျင်သော် ရေတွင်ပိုင်သ အစိုးရသား အတုလမည်ရင်း နဂါမင်းလျှင် ညွတ်ခြင်းပူဇော် ဗျာဒိတ်ကျော်၏၊

(၂၀) ထိုရောသုဉ်းပြန် ခြောက်ဆယ်လွန်၍ ကပ်ကျန်သုံးဆယ် တစ်ခုဝယ်၌ ခေါ်ဘွယ်မည်ရ ကပ်မဏ္ဍထက် လောကထွတ်တင် သိခီတွင်သား ရှင်ချစ်မြတ်စွာ ဖြစ်သောခါ၌ ရာဇာ အရိန္ဒမ ကြီးလှလှူမျိုး ဗျာဒိတ်ပျိုး၏၊

(၂၁) တန်ခိုးကြီးတူ ဝေဿဘူဟု နတ်လူဦးစွန်း ဆက်ကာထွန်းက မည်းမှန်းခေါ်မှတ် သုဒဿန နရိန္ဒဟု ဖြစ်ထတုံထွန် အလှူသန်၍ တတန်ပေးထပ် ဗျာဒိတ်အပ်၏၊

(၂၂) အလပ်ထိုနောက် သုံးဆယ်မြောက်သား ချိန်ရောက်ကမ္ဘာ သုဉ်းပြီးစွာမှ မဟာဘဒ္ဒ ကပ္ပမြတ်စွာ ဤကမ္ဘာထက် မည်သာကျော်ဝှန် ကကုသန်ဟု မြတ်မွန်ရှင်ချစ် ပွင့်ပေလစ်က ကျော်လှစ်ခေမာ မင်းမြတ်စွာလျှင် လှူရာစေ့စုံ အကုံပြန့်ပြော ဗျာဒိတ်ဟော၏၊

(၂၃) ရှင်စောဖုံဖုံ ကောဏဂုံလျှင် ပွင့်တုံကာလ ပဗ္ဗတဟု နရရန်နှင်း လူမင်းစောစီး အလှူကြီးမြင့် ကောင်းချီးပေးတင့် ဗျာဒိတ်ဆင့်၏၊

(၂၄) ဘုန်းရင့်မြတ်လှ ကဿပဟု လူ့ဘထွတ်ခေါင် ငါးမာရ်အောင်က ပွဲဘောင်နှံ့သိ ဇောတိပါလ ဗြဟ္မဏဟု မည်ရလုလင် ဖူးတွေ့မြင်၍ ကြည်ရွှင်ရိုသေ ရှင်ပြုလေသော် ပေးထွေမကျန် ဗျာဒိတ်စွန်ဖြင့် ပွင့်ရန်ချိန်ထောက် အပြီးရောက်၏၊