ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ

From Wikisource
Jump to navigation Jump to search
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ  (1985) 
နိုင်ငံတော်ကောင်စီ
source: [1]
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်ကောင်စီ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ

[၁၉၈၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁]

ရန်ကုန်မြို့၊ ၁၃၄၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၉ ရက်

(၁၉၈၅ ခုနှစ်၊ မတ်လ ၂၉ ရက်)

အောက်ဖော်ပြပါ ဥပဒေကို ထုတ်ပြန်ကြေငြာသည်။

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အခြေခံဥပဒေ ပုဒ်မ ၅၇ ပါ အကြောင်းအရာအားလုံးကို ပယ်ဖျက်ရမည်။

၃။ အခြေခံဥပ​ဒေ ပုဒ်မ ၆၅၊ ၆၆ နှင့် ၆၉ တို့ကို အောက်ပါ ပုဒ်မများဖြင့် အစားထိုးရမည်_

၆၅။ ပုဒ်မ ၆၄ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များ သည် မိမိတို့အထဲမှ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးနှင့် အတွင်းရေးမှူး တစ်ဦးကို ​ရွေးချယ်တင်မြှောက်၍ ပြည်သူ့ လွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည်။

၆၆။ (က) နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတ ဖြစ်သည်၊

(ခ) နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌသည် နိုင်ငံတော် ဒုတိယသမ္မတ ဖြစ်သည်။

၆၉။ (က) နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌသည် မိမိ၏ တာဝန်ဝတ်တရားများကို ယာယီအားဖြင့် မထမ်းဆောင်နိုင်လျှင် နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌ၏တာဝန်ဝတ်တရားများကို ပူးတွဲ ထမ်းဆောင်ရမည်၊

(ခ) နိုင်ငံ​တော်ကောင်စီ ဒုတိယဥက္ကဋ္ဌသည် မိမိ၏တာဝန်ဝတ်တရားများကို ယာယီအားဖြင့် မထမ်းဆောင်နိုင်လျှင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက ဒုတိယဥက္ကဋ္ဌ၏ တာဝန်ဝတ်တရားများကို ပူးတွဲထမ်းဆောင်ရမည်။

၄။ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (ဃ) နှင့် (င) တို့ကို အောက်ပါပုဒ်မခွဲများဖြင့် အစားထိုးရမည်-

(ဃ) ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့နှင့် ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့များကို သော်လည်းကောင်း၊ အကြောင်းတစ်ခုခု​ကြောင့် ထိုအဖွဲ့ဝင်များထဲမှ အဖွဲ့ဝင်တစ်ဦးဦး လစ်လပ်လျှင် သော်လည်းကောင်း ​ရွေးချယ်တင်မြှောက်နိုင်ရန်နှင့် အစားထိုးရွေးချယ် တင်မြှောက်နိုင်ရန် ပုဒ်မ ၆၄ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော် ကောင်စီဝင်များက စုပေါင်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ အမည်စာရင်း တင်သွင်းခြင်း၊
(င) ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီများကို သော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့် ထိုကော်မတီဝင်များထဲမှ ကော်မတီဝင် တစ်ဦးဦးလစ်လပ်လျှင်သော်လည်းကောင်း ​ရွေးချယ်တင်မြှောက် နိုင်ရန်နှင့် အစားထိုး​ရွေးချယ်တင်မြှောက်နိုင်ရန် ပုဒ်မ ၆၄ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ​ရွေးချယ်တင် မြှောက်ထားသော နိုင်ငံတော်ကောင်စီဝင်များက စုပေါင်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ အမည်စာရင်း တင်သွင်းခြင်း။


(ပုံ) စန်းယု
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၄၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၉ ရက်
(၁၉၈၅ ခုနှစ်၊ မတ်လ ၂၉ ရက်)

အမိန့်အရ၊
(ပုံ) ဗိုလ်မှူးကြီးတင်လှိုင်
ညွှန်ကြားရေးမှူးချုပ်၊
နိုင်ငံတော်ကောင်စီရုံး၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။