ပျော်ရွှင်ဖွယ် မိသားစု (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၁) ပျော်ရွှင်ဖွယ် မိသားစု (ကျောင်းသားကိုင်သို့)
339313ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၁) ပျော်ရွှင်ဖွယ် မိသားစု (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၁)

ပျော်ရွှင်ဖွယ် မိသားစု

သင်ယူမှု ဦးတည်ချက် ။ ။ မိမိအား ပြုစုစောင့်ရှောက်သောလူကြီးမိဘများ၊ မိသားစုဝင်များကို ရိုသေလေးစားစွာ ပြုမူဆက်ဆံတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မိသားစုအကြောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “သားတို့၊ သမီးတို့ အိမ်မှာ ဘယ်သူတွေ ရှိသလဲ” ဟုမေးပါ။

[သတိပြုရန် 1]

֍ဆရာက သင်ပုန်းတွင် အောက်ပါစာလုံးများကို နေရာချဲ့၍ ရေးပါ။ စာလုံးတစ်ခုရေးတိုင်း စာလုံးအမည်ကို ဖတ်ပြပြီး ကလေးများအား လိုက်၍ ရွတ်ဆိုပါစေ။

အဖေ အဘိုး ဘကြီး အဘွား အမေ
မောင်လေး အစ်မ အစ်ကို ညီလေး ကြီးဒေါ်
ညီမလေး အဒေါ် ဦးလေး

֍ထို့နောက် ကလေးများအား သင်ပုန်းရှိ အမည်များမှာ အိမ်တစ်အိမ်တွင် အတူနေလေ့ ရှိသည့် မိသားစုဝင်များ၏ အမည်များဖြစ်ကြောင်းနှင့် တစ်ဦးစီ အတန်းရှေ့ထွက်၍ မိမိနှင့်အတူ နေထိုင်သော ကြိုက်ရာအမည်ကို ဝိုင်းပြပြီး ထိုသူ၏အကြောင်းကို ပြောပြရမည် ဖြစ်ကြောင်း ညွှန်ကြားပါ။

[သတိပြုရန် 2]

֍ဆရာက နမူနာတစ်ခုလုပ်ပြပါ။

ဥပမာ - ဆရာ့မှာ ညီမလေးရှိတယ်။ (ဝိုင်းပြပါ။)
သူ့နာမည်က ...
သူက ပုံပြင်ဇာတ်လမ်းတွေကြိုက်တယ် .... စသည်။

֍ကလေး ၄/၅ ဦးခန့် ပါဝင်ပြီးပါက အောက်ပါမေးခွန်းများ မေးပါ။

-သားတို့၊ သမီးတို့နဲ့ အတူနေတဲ့သူတွေက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။
-ထမင်းဘယ်သူချက်သလဲ။
-ရေဘယ်သူခပ်သလဲ။ ပန်းကန်ဘယ်သူဆေးသလဲ။
-အဝတ်ဘယ်သူလျှော်ပေးသလဲ။
-ဘယ်သူ မီးပူတိုက်ပေးသလဲ။
-မိသားစုဝင်တွေနဲ့ စကားတွေ ပြောရရင်၊ ကစားရရင်၊ အတူထမင်းစားရရင်၊ လျှောက် လည်ရရင် စိတ်ထဲမှာ ဘယ်လိုနေသလဲ။

֍မိသားစုဝင်များ မရှိပါက အခက်အခဲများရှိနိုင်ကြောင်း ပေါ်လွင်စေရန် အောက်ပါ မေးခွန်းများ ဆက်မေးပါ။

-အိမ်မှာ ထမင်းချက်ပေးမယ့်သူ မရှိရင် သားတို့၊ သမီးတို့ ဘာဖြစ်မလဲ။
-အိမ်မှာ ရေခပ်ပေးမယ့်သူ မရှိရင် သားတို့၊ သမီးတို့ ဘာဖြစ်မလဲ။
-အိမ်မှာ အဝတ်လျှော်ပေးမယ့်သူ မရှိရင် သားတို့၊ သမီးတို့ ဘာဖြစ်မလဲ။
-အိမ်မှာ ပန်းကန်ဆေးပေးမယ့်သူ မရှိရင် သားတို့၊ သမီးတို့ ဘာဖြစ်မလဲ။
-ဒါဆိုရင် ထမင်းချက်ပေးတဲ့ သူ (မေမေ) ကို ဘာပြောကြမလဲ။
(ကျေးဇူးတင်ပါတယ်... ဟု ပြောလာသည်အထိ မေးပါ။)

֍ထိုနည်းအတိုင်း အခြားဆောင်ရွက်မှုများအတွက် ဆက်မေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သရုပ်ဆောင်ခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို ပြိုင်ပွဲပြုလုပ်၍ အောက်ပါခေါင်းစဉ်များကို သရုပ်ဆောင်ကြပါစေ။

-“နေမကောင်းဖြစ်နေတဲ့အဘွားကို ပြုစုနေပုံ”
-“ညအိပ်ရာဝင်ခါနီးရင် ဖေဖေနဲ့ မေမေကို ကန်တော့နေပုံ”
-“မောင်လေးက ငိုနေရင် ချော့ပြီးမုန့်ကျွေးနေပုံ”
-“မေမေက ထမင်းချက်နေရင် ဝိုင်းကူညီနေပုံ” စသည်ဖြင့်။

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ “ပိုကောင်းအောင်လုပ်နိုင်တဲ့အုပ်စုက နိုင် တယ်”ဟုပြော၍ သရုပ်ဆောင်ကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကိုယ့်ကို ပျော်ရွှင်အောင်၊ ကျန်းမာအောင် ကူညီပြုစုပေးကြတဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ရမယ်။ ရိုရိုသေသေလည်း ပြောဆိုဆက်ဆံရမယ်။ အခု မိသားစုဝင်တွေကို ဘယ်လို ရိုရိုသေသေ ပြောဆိုဆက်ဆံကြမလဲဆိုတာ စဉ်းစားကြမယ်ဟု ပြောပါ။

[သတိပြုရန် 3]

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီးလျှင် ရိုသေတဲ့အပြုအမူတွေက ဘာတွေလဲနဲ့ မရိုသေတဲ့အပြုအမူတွေက ဘာတွေလဲ”ဟုမေးပြီး ဆွေးနွေးကြပါစေ။

֍အုပ်စုတွင်းဆွေးနွေးပြီးပါက ပြန်လည်ပြောပြကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မိသားစု ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက တစ်နေ့တာအတွင်း ကလေးများ၏ လှုပ်ရှားမှုကို ပြောပြပါ။ ကလေးများအား ထိုလှုပ်ရှားမှုသည် မိမိတို့ ပြုလုပ်မည့် အပြုအမူဖြစ်ပါက မတ်တတ်ရပ်ပြရန် ညွှန်ကြားပါ။

ဥပမာ - ဒီနေ့ အိပ်ရာစောစောထမယ်။ (အိပ်ရာစောစောထချင်သော ကလေးများ မတ်တတ်ရပ်ပါ။)
-ဘုရားရှိခိုးမယ်။
-ဘိုးဘိုး၊ ဘွားဘွားတွေကို ရှိခိုးကန်တော့မယ်။
-မိဘတွေကို ကူညီမယ်။
-မောင်လေး/ညီမလေးတွေကို ကူထိန်းပေးမယ် စသည်ဖြင့်။

֍ထိုနည်းအတိုင်း ထလိုက်၊ ထိုင်လိုက် ဖြစ်နေစေရန် ဆောင်ရွက်ပါ။

֍နောက်ဆုံးတွင် အောက်ပါကဗျာကို ရွတ်ဆိုပါ။

မိသားစု

အမေကြီးက ထမင်းချက်၊
တို့မိသားစု တွက်။
ဖေကြီးဝတ်တက် အမျှဝေသံ၊
သာဓုခေါ်ရပြန်။
စာအံသံ ဆူညံသွား၊
ညီပု စာကြိုးစား။
ဈေးသွားတော့မယ့် မမဟန်၊
နေ့စဉ် အချိန်မှန်။
အပြန်အလှန် ကျေးဇူးပြု၊
ငါတို့ မိသားစု။

  1. ဖြေလိုသော ကလေးများကို တစ်ဦးစီ ထ၍ ဖြေပါစေ။
  2. အမည်တစ်ခုကို တစ်ကြိမ်ထက်ပို၍ ဝိုင်းခွင့်ပြုပါ။
  3. မေးလိုသော မေးခွန်းရှိက မေးရန် ခွင့်ပြုပါ။