ပျော်စရာ ဓမ္မစကူးလ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁) ပျော်စရာ ဓမ္မစကူးလ် (ကျောင်းသားကိုင်သို့)
339293ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁) ပျော်စရာ ဓမ္မစကူးလ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

ပျော်စရာ ဓမ္မစကူးလ်

သင်ယူမှုဦးတည်ချက် ။ ။ ဓမ္မစကူးလ်တွင် လုပ်ဆောင်ကြမည့်လုပ်ငန်းများကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ စက်ဝိုင်းနှစ်ထပ်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

မိတ်ဆက်ခြင်း

֍ဆရာက အောက်ပါအတိုင်း နိဒါန်းပျိုးပြီး စတင်ပါ။

“ဒီနေ့ဟာ ဓမ္မစကူးလ်ရဲ့ ပထမဆုံးနေ့ ဖြစ်တယ်၊ ဓမ္မစကူးလ်မှာ ကိုယ်တစ်ဦးတည်း မဟုတ်ဘဲ တခြားသူတွေလည်းလာကြတာ တွေ့ ရပါလိမ့်မယ်၊ ဒါကြောင့် သူငယ်ချင်း တွေဖြစ်သွားအောင် တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်လိုက်ကြစို့နော်”

֍ကလေးများကို ရုပ်ပုံနမူနာအတိုင်း စက်ဝိုင်းနှစ်ထပ်ဝိုင်းစေပြီး လှည့်နေပါစေ။

[သတိပြုရန် 1][သတိပြုရန် 2]

֍ပထမဆုံး ဆရာက (တစ်) ဟု အော်လိုက်လျှင် လှုပ်ရှားမှုကို ရပ်၍ လက်ခုပ် (၃) ချက်တီး ကြပါစေ။

֍ဆက်လက်၍ ဆရာက (နှစ်) ဟု အော်လိုက်လျှင် မိမိရှေ့တည့်တည့်ရောက်လာသူ တစ် ဦးနှင့် လက်အုပ်ချီ၍ နာမည်မေးပြီး မိမိနာမည်၊ ကျောင်း၊ အတန်းနှင့် နေရပ်လိပ်စာ ကိုလည်း ပြောပြပါစေ။

֍ထိုပုံစံအတိုင်း (၃/၄) ကြိမ်ခန့် ပြုလုပ်ကြပါစေ။

֍ထို့နောက် မူလစက်ဝိုင်းပုံစံအတိုင်း လှည့်ပါစေ။ ယခု တစ်ကြိမ်တွင် ဆရာက (တစ်) ဟု အော်လိုက်လျှင် ပြိုင်တူလက်ဝှေ့ယမ်းပါစေ။

֍(နှစ်) ဟု အော်လိုက်လျှင် မိမိရှေ့တည့်တည့် ရောက်လာသူတစ်ဦးနှင့် လက်အုပ်ချီ နှုတ်ဆက်နာမည်မေးပြီး မိမိနာမည်ကိုလည်း ပြောပြပါစေ။

֍ထိုပုံစံအတိုင်း (၃/၄) ကြိမ်ခန့်ပြုလုပ်ပါစေ။

ကလေးများတစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ပြီးသွားပါက ဆရာက အောက်ပါအတိုင်း အနှစ်ချုပ် ရှင်းပြပါ။

֍“ဆရာ၊ ဆရာမ၊ ဘုန်းဘုန်း၊ ဆရာလေး နာမည်က....ပါ၊ ဒီနေ့ကစပြီး တို့အားလုံး သူငယ်ချင်းတွေ ဖြစ်သွားကြပြီ၊ တစ်ပတ်မှာတစ်ရက် ဒီဓမ္မစကူးလ်မှာ ပြန်ဆုံကြရအောင်၊ တို့အတူတူ ဓမ္မစကူးလ်တက်ကြမယ်” ဟုပြောပါ။

֍“ပထမတန်းတုန်းက ဓမ္မစကူးလ်တက်ဖူးလား၊ ဘာတွေသင်ခဲ့လဲ၊ ဓမ္မစကူးလ်သွားပြီး လိမ္မာယဉ်ကျေးသွားတဲ့ ကလေးတစ်ယောက်အကြောင်း ပထမတန်းတုန်းက သင်ခဲ့ရ တယ်၊ အဲဒီကလေးအကြောင်းကို မှတ်မိကြလား၊ ပြန်ပြောနိုင်သူရှိလား” စသည်ဖြင့် မေး မြန်းပါ။

֍ထို့နောက် ပြန်ပြောပြလိုသော ကလေးများရှိပါက ပြန်လည်ပြောပြပါစေ။ ကလေးများ ပြောမပြနိုင်ပါက ဆရာကပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဓမ္မစကူးလ်သွားကြမယ် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဓမ္မစကူးလ်သွားကြမယ်

တစ်ခါတုန်းက တိုင်းရင်းဆေးဆရာကြီး ဘိုးဘိုးဦးလှအောင်က သူ့ရဲ့ တပည့်တွေနဲ့ တောထဲမှာ လှည့်လည်ပြီး ဆေးမြစ်တွေကို တူးဖော်လေ့ရှိတယ်။ တစ်နေ့တော့ သူဟာ ခရီး သွားရင်းနဲ့ မိုးချုပ်လာလို့ “ရွာသာယာ ဆိုတဲ့ ရွာလေးမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ညအိပ် တည်းခိုခွင့် တောင်းလိုက်ပါတယ်။

“တပည့်တော်တို့က မကွေးမြို့ ဘက်ကပါဘုရား။ တောထဲမှာ ဆေးမြစ်တွေရှာရင်းနဲ့ မိုးချုပ်သွားလို့ အရှင်ဘုရားကျောင်းမှာ တစ်ည အိပ်ပါရစေဘုရားလို့ ကျောင်းထိုင်ဆရာတော် ကို လျှောက်လိုက်တယ်။ အဲဒါနဲ့ ကျောင်းထိုင်ဆရာတော်က ခွင့်ပြုလိုက်ပါတယ်။ မိုးလင်းတဲ့ အခါ ဘိုးဘိုးဦးလှအောင်တို့ဟာ ခရီးပြန်ထွက်ဖို့ ပြင်ဆင်နေကြတုန်းမှာ ရွာမှာရှိတဲ့ ကလေး တွေ၊ လူငယ်တွေဟာ တဖြည်းဖြည်းနဲ့ ဘုန်းကြီးကျောင်းထဲကို ရောက်လာကြတယ်။ သူတို့ ဟာ ရောက်တာနဲ့ ဘုရားစင်ရှေ့ သွားပြီး ဘုရားကို ရိုသေစွာ ကန်တော့ကြတယ်။ ပြီးတာနဲ့ ဆရာတော်ကိုလည်း ကန်တော့တယ်။ နောက်တော့ လူစုခွဲပြီး ဆရာတော်တို့နဲ့အတူ အလုပ် လုပ်ကြတာတွေ့ ရတယ်။ တချို့ ကလေးတွေက သူတို့အစ်ကို၊ အစ်မတွေနဲ့အတူ ဘုန်းကြီး ကျောင်းဝင်း သန့်ရှင်းရေးလုပ်ကြတယ်။

တချို့ က အမှိုက်စုပုံပြီး ကျင်းထဲမှာ သွားပစ်ကြတယ်။ တချို့ က ကျောင်းဆောင်ထဲ မှာ တံမြက်စည်းလှည်း၊ သန့်ရှင်းရေးလုပ်နေကြတယ်။ တချို့ က ဘုရားကျောင်းဆောင် သန့်ရှင်းရေး လုပ်ကြတယ်။ ဘုရားပန်းတွေ လဲနေတာလည်း တွေ့ ရတယ်။ ဒါနဲ့ ဘိုးဘိုး ဦးလှအောင်က “ဟာ လိမ္မာလိုက်ကြတာ၊ ဘယ်လိုများသင်ကြားထားပါလိမ့်၊ ငါမေးကြည့်ဦးမှပဲ” လို့ စဉ်းစားမိပြီး “သားတို့၊ သမီးတို့က ဒီဘုန်းကြီးကျောင်းမှာ လာကူညီကြတာလားလို့ မေးလိုက်တယ်။ အဲဒီအခါ ကလေးတစ်ယောက်က “ဟုတ်ပါတယ် ဘိုးဘိုး”လို့ ပြန်ဖြေပါတယ်။

ကလေးတွေထဲက သွက်လက်တဲ့ ကလေးတစ်ယောက်က ဘိုးဘိုးဦးလှအောင်ကို ထပ်ပြီးတော့ ရှင်းပြပါတယ်။ “ဒီကျောင်းမှာ ဓမ္မစကူးလ်ရှိတယ်။ ဓမ္မစကူးလ်ကို တစ်ပတ်မှာ တစ်ရက် ဖွင့်ပါတယ်။ ဒီနေ့က ဓမ္မစကူးလ်ရှိတဲ့နေ့ပါ ဘိုးဘိုး”၊ “ဟုတ်လား။ ဒါဖြင့် ဓမ္မစကူးလ် မှာ ဘာတွေသင်ပေးတာလဲ”။ “ဘုရားရှိခိုးသင်ပေးတယ်။ ဗုဒ္ဓဝင်တွေ၊ သင်ခန်းစာနဲ့ ပတ်သက် တဲ့ဇာတ်လမ်းတွေ ပြောပြတယ်။ ကဗျာ၊ သီချင်းတွေလည်း သင်ရပါတယ် ဘိုးဘိုး”။ “အဲဒါတွေ ကို ဘယ်သူက သင်ပေးတာလဲ”။ “ဦးဇင်းတို့၊ ဆရာလေးတို့က သင်ပေးတာပါ ဘိုးဘိုး”။ “ရွာထဲက ဘယ်သူတွေ လာတက်ကြသေးလဲ”။ “သားတို့၊ သမီးတို့ရယ်၊ အစ်ကို၊ အစ်မတွေ ရယ် လာတက်ပါတယ် ဘိုးဘိုး”။ “အိမ်ပြန်ရောက်တော့ရော ဓမ္မစကူးလ်က သင်ပေးလိုက်တဲ့ အတိုင်း လုပ်ဖြစ်ကြရဲ့လား ကလေးတို့”။ “လုပ်ဖြစ်ပါတယ် ဘိုးဘိုး”လို့ ကလေးများက သံပြိုင် ဖြေကြပါတယ်။

အဲဒီအချိန်မှာပဲ “ဟော ခေါင်းလောင်းသံကြားတယ်။ ဓမ္မစကူးလ်စတော့မယ်။ သွား တော့မယ်နော် ဘိုးဘိုး”။ “အေးကွယ် .... လိမ္မာလိုက်ကြတာ၊ ဒါဆိုရင် သားတို့၊ သမီးတို့က လိမ္မာယဉ်ကျေးတဲ့ မောင်မယ်လေးတွေ ဖြစ်လာကြမှာ သေချာပါတယ်ကွယ်”။ “ကဲ ... ဘိုးဘိုး လည်း ခရီးဆက်ထွက်ဖို့ ပြင်ဆင်လိုက်ဦးမယ်”။

֍ဇာတ်လမ်းနားထောင်ပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

- ရွာသာယာရွာလေးရဲ့ ဘုန်းကြီးကျောင်းမှာ ကလေးတွေ ဘာလုပ်နေကြသလဲ။
- အဲဒီဓမ္မစကူးလ်မှာ ဘာတွေသင်ပေးသလဲ။
- ဘယ်သူတွေ လာတက်ကြသလဲ။
-ကလေးတို့ရော လိမ္မာယဉ်ကျေးတဲ့ ကလေးတွေ ဖြစ်ချင်သလား၊ ဖြစ်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ (ဓမ္မစကူးလ်တက်ရမယ်။ ဓမ္မစကူးလ်က သင်ပေးတာတွေကို မှတ်သား လိုက်နာရမယ်)။
- ကလေးတို့ရော ဘုန်းကြီးကျောင်းမှာ ဘာတွေ ဝိုင်းကူညီကြမလဲ။

֍ထို့နောက် ဓမ္မစကူးလ်ဇာတ်လမ်းပါ ရုပ်ပုံများကို ကြည့်ပါစေ။ ရုပ်ပုံတစ်ပုံချင်းကို ထောက် ပြ၍ ကလေးများ နားလည်အောင်ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဓမ္မစကူးလ် သွားကြမယ်ကဗျာနှင့် ကဗျာသရုပ်ဖော်ပိုစတာ၊

သင်ယူမှုလုပ်ငန်းစဉ်

֍“ဓမ္မစကူးလ်သွားကြမယ်” ကဗျာသရုပ်ဖော်ပိုစတာများကို အခန်းနံရံများတွင် နေရာချဲ့၍ ကပ်ထားပါ။

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး ပိုစတာများကို လေ့လာကြည့်ရှုပါစေ။ ရုပ်ပုံ ထဲတွင် ပါဝင်သူများ၏ လှုပ်ရှားမှုများကို မေး၍ ဖြေဆိုပါစေ။ ဥပမာ - ရုပ်ပုံထဲမှာ အင်္ကျီ အနီဝတ်ထားတဲ့ ကလေးကို ရှာကြည့်ပါ။ ဘယ်သူတွေ့ သလဲ။ အဲဒီကလေး ဘာလုပ်နေ တာလို့ ထင်သလဲ ... စသည်။

֍“ဓမ္မစကူးလ် သွားကြမယ်” ကဗျာကို အမူအရာဖြင့် ရွတ်ဆိုတတ်လာအောင် သင်ကြားပေးပါ။

ဓမ္မစကူးလ် သွားကြမယ်

လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ် ...
ဘုန်းဘုန်းတွေ့ မယ် ... ဆရာလေးတွေ့ မယ် ... ကုသိုလ်တွေရမယ် ...။
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ် ...
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် ... ပျော်ရွှင်သွားရမယ် ...။
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ် ...
ဆေးရောင်ခြယ်မယ် ... ပုံပြောပြမယ် ... သီချင်းတွေဆိုကြမယ် ...။
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ် ...
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် .... ပျော်ရွှင်သွားရမယ် ..။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ပုံဆွဲရန် စာရွက်များနှင့် ရောင်စုံခဲတံများ

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါအတိုင်း ရှင်းပြပြီး စာသင်ချိန်ကို စတင်ပါ။

֍ဒီနေ့ဟာ ဓမ္မစကူးလ်ရဲ့ ပထမဆုံးနေ့ ဖြစ်တယ်၊ သူငယ်ချင်းအသစ်တွေလည်း အများ ကြီး ရနေကြပြီ၊ ဓမ္မစကူးလ်ကဗျာလေးလည်း အားလုံး သီဆိုပြီးသွားကြပြီ”

֍“သားတို့၊ သမီးတို့ရော ဓမ္မစကူးလ်မှာ ဘာတွေလုပ်ချင်ကြသလဲ။ ပုံဆွဲ သရုပ်ဖော်ကြည့်ရ အောင်နော်။ ဓမ္မစကူးလ်မှာ သားတို့၊ သမီးတို့ ကိုယ်လုပ်ချင်တာကို ပုံဆွဲပြရမယ်နော်”ဟု ပြောပြီး ပုံဆွဲကြပါစေ။

֍ကလေးများ ပုံဆွဲနေချိန်တွင် ဆရာက ကလေးများနှင့် ရင်းရင်းနှီးနှီး စကားပြောပြီး ၎င်းတို့ ၏ အတွေးများကို ပုံဖော်ပေးပါ။

- “သား/သမီး ဆွဲနေတဲ့ပုံလေးက သိပ်လှတာပဲ”
- “ဘာလေးတွေ ဆွဲထားတာလဲ၊ ဒါလေးက ဘာလဲ”
- “ဒါ ဘာအရောင်လဲ”

֍ကလေးများ ဆွဲထားသောပုံများကို နံရံပေါ်တွင် ကပ်ပေးပြီး ပုံအောက်တွင် ၎င်းတို့ နာမည် ကို ရေးပေးပါ။ ပုံများလှပကြောင်း၊ အကောင်းဆုံး လုပ်ဆောင်နိုင်ကြောင်း ချီးကျူး ပြောဆိုပေးပါ။

֍မိမိဆွဲထားသော ပုံအကြောင်းကို ပြောပြလိုသော ကလေးရှိက အတန်းရှေ့သို့ ထွက်၍ ပြောရန် အားပေးပါ။

֍၎င်းတို့၏ ရုပ်ပုံများကို အခြေပြု၍ ဓမ္မစကူးလ်မှာ ဆောင်ရွက်မည့်လုပ်ငန်းများကို ဆက်စပ် ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ပထမအကြိမ်ကို ဆရာ က ဦးဆောင်ပြီး နမူနာ လုပ်ပြပါ။ အကယ်၍ ကလေးဦးရေမှာ “မ” ဂဏန်းဖြစ်နေပါက ဆရာကိုယ်တိုင် ပါဝင် ကူညီပါ။
  2. ကလေးများအားလုံး တစ်ဦးနှင့်တစ်ဦး လက်အုပ်ချီ နှုတ်ဆက်ပြီး သိရှိသွားသည် အထိ ဆရာက ဦးဆောင်လုပ်ပေးပါ။