ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဆရာလမ်းညွှန် အမှာစာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
ဆရာလမ်းညွှန် အမှာစာ
339250ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — ဆရာလမ်းညွှန် အမှာစာဓမ္မစကူးလ်ဖောင်ဒေးရှင်း

အမှာစာ

၁။ နိဒါန်း

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ဗုဒ္ဓသာသနာကို ယုံကြည်သက်ဝင် လာခဲ့ကြသည်။ အုပ်ချုပ်သူမင်းများမှစ၍ အောက်ခြေလူတန်းစားများအဆုံး တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာကို အမြတ်တနိုး တန်ဖိုးထား ကိုးကွယ်ကျင့်သုံးခဲ့ကြသည်။ ရှေးမြန်မာမင်းများ၏ နိုင်ငံတော်တည်ဆောက်ရေးတွင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍမှာ အဓိကနေရာမှ ပါဝင်ခဲ့ပေသည်။ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေးစသော ကဏ္ဍများစွာတို့ကို ဆောင်ရွက်သည့်အခါတိုင်း မြတ်ဗုဒ္ဓ၏ အဆုံးအမ ဟောကြားချက်များကို အခြေခံ၍ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ သို့အတွက်ကြောင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ စာပေ၊ အနုပညာဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများသည် ဗုဒ္ဓဘာသာအပေါ်တွင် အခြေပြုခဲ့ပါသည်။ ဤသို့အားဖြင့် ဗုဒ္ဓယဉ်ကျေးမှုနှင့်မြန်မာနိုင်ငံသည် တစ်သားတည်း ခွဲခြားမရအောင် ဖြစ်ခဲ့ပါသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများသည် ရှေးမြန်မာတို့၏ ပညာရင်နို့သောက်စို့ရာ ပင်မဌာနကြီးများ ဖြစ်ခဲ့ကြသည်။ သို့ဖြစ်၍ ရှေးမြန်မာလူမှုဘဝများသည် ဘာသာရေးနှင့် ဒွန်တွဲနေခဲ့သည်။ ရှေးမြန်မာလူငယ်တို့သည် ဘာသာတရားအပေါ် တန်ဖိုးထားကာ ဘုန်းတော်ကြီးကျောင်းများမှ သင်ကြားပေးလိုက်သော အသိပညာ၊ အတတ် ပညာများဖြင့် ရပ်ရွာအကျိုး၊ နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့ခေတ်အခါတွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓဘာသာမျိုးဆက်သစ်တို့အကြား ဆက်ဆံရေးမှာ ကင်းကွာလာပြီး တစ်စထက် တစ်စ အားနည်းလာသည်။ ထိုအားနည်းချက်ကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ကလေးလူငယ်များ အပတ်စဉ် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်သည့်အလေ့အထ ပြန်လည်ပေါ်ပေါက်ရေးအတွက် အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေပါသည်။

ကမ္ဘာပေါ်တွင် ထေရဝါဒငါးနိုင်ငံရှိသည့်အနက် သီရိလင်္ကာနိုင်ငံ၌ အားကျအတုယူဖွယ်ကောင်းသော ဗုဒ္ဓဘာသာပညာရေး စနစ်တစ်ခု ရှိပါသည်။ ထိုပညာရေးစနစ်ဆိုသည်မှာ တနင်္ဂနွေနေ့တိုင်း ဘုန်းတော်ကြီး ကျောင်းတွင် ဗုဒ္ဓဘာသာ ဘာသာရပ်ကို သင်ကြားပေးသော ဓမ္မစကူးလ်စနစ်ပင် ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်များစွာကတည်းက သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင် ကလေးလူငယ်များ အားလုံးနီးပါးသည် ဓမ္မစကူးလ်ကျောင်း များတွင် လူငယ်တို့၏ နေ့စဉ်ဘဝအတွက် အကျိုးရှိစေမည့် ဗုဒ္ဓအဆုံးအမတရားတော်များကို သင်ယူခွင့် ရခဲ့ကြပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း သီရိလင်္ကာနိုင်ငံကို အုပ်ချုပ်ဦးဆောင်ခဲ့သူအဆက်ဆက်မှစတင်ပြီး လက်ရှိ သမ္မတကြီးအထိ သီရိလင်္ကာနိုင်ငံခေါင်းဆောင်များသည် ဓမ္မစကူးလ်တွင် ဗုဒ္ဓဘာသာဘာသာရပ်ကို ဆည်းပူး သင်ယူကြပါသည်။ ထိုကဲ့သို့ အုပ်ချုပ်သူ လူတန်းစားမှစပြီး ပညာတတ်လူတန်းစားပါမကျန် အောက်ခြေလူတန်းစား အဆုံး တစ်နိုင်ငံလုံးကို လွှမ်းခြုံထားနိုင်သော ဓမ္မစကူးလ်စနစ်သည် သီရိလင်္ကာနိုင်ငံ၏ ဘာသာရေး ရေသောက် မြစ်သဖွယ်ဖြစ်ပြီး ဗုဒ္ဓဘာသာ တည်တံ့မှုကို ပိုမိုခိုင်မာစေပါသည်။ သီရိလင်္ကာနိုင်ငံတွင် ရဟန်းသံဃာ၊ သီလရှင် အရေအတွက်မှာ မြန်မာနိုင်ငံထက် အဆများစွာ နည်းပါးပါသည်။ သို့သော်လည်း ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံများ ထဲတွင် နိုင်ငံတကာသို့ ဗုဒ္ဓစာပေများ ရေးသားဖြန့်ဝေမှု၊ ဗုဒ္ဓဝါဒပြန့်ပွားစေရန် ကြိုးပမ်းအားထုတ်မှု အားအကောင်း ဆုံးနိုင်ငံအဖြစ် အားကျဖွယ် ရပ်တည်နေဆဲဖြစ်သည်ကို တွေ့ရှိရပါသည်။

ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ဗုဒ္ဓဘာသာဝင်များသည် ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှုများကို အခြေခံကောင်းကောင်းနှင့် အုတ်မြစ်ချ တည်ဆောက်ထားနိုင်မည့် လူငယ်မျိုးဆက်သစ်များ မြန်မာနိုင်ငံတော် ကြီးတွင် လိုအပ်နေပါသည်။ အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သီရိလင်္ကာနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံး လွှမ်းခြုံနေမည့် ဓမ္မစကူးလ်များ ဖွင့်လှစ်ဖို့ မဖြစ်မနေ ကြိုးစားရန် အချိန်တန်နေပြီ ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတော်ကြီးအတွက် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ဓမ္မစကူးလ်များက ကူညီဖော်ဆောင်ပေးကြလိမ့်မည်ဟု ယုံကြည်မိပါသည်။

၂။ အနာဂတ်မျှော်မှန်းချက်များ

(က) ခေတ်မီသင်ကြားရေးစနစ်များ ပါဝင်သည့် အတန်းစဉ်အလိုက် ပြဌာန်းထားသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည့် စမ္မစကူးလ်များ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်လာပြီး မျိုးဆက်သစ်လူငယ်များ ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်စေရန်။

(ခ) ဗုဒ္ဓတရားတော်များကို သိရှိနားလည်ပြီး ဘာသာတရားကို တန်ဖိုးထားချစ်ခင်မြတ်နိုးကာ ယဉ်ကျေးငြိမ်း ချမ်းသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်။

(ဂ) မိရိုးဖလာဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်သော စစ်မှန်သည့် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ပေါ်လာစေရန်။

(ဃ) ဆရာနှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်စေရန်။

ဓမ္မစကူးလ်ဖောင်ဒေးရှင်းအနေဖြင့် ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းများ ပေါ်ပေါက်ရေး အကောင်အထည် ဖော်ရာ၌ ပထမတန်း (Grade 1) မှ ပဉ္စမတန်း (Grade 5) အထိ အကောင်အထည်ပေါ်လာပြီး အထက်အတန်းများ အတွက် ဆက်လက်ရေးသားနေဆဲဖြစ်သည်။ တစ်ဖက်တွင် သင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲနေကြသကဲ့သို့ ရေးသားပြီးဖြစ်သော မူလတန်းအဆင့် သင်ရိုးများကို ကြိုတင်အသုံးပြုသင်ကြားရန် စီစဉ်ထားကြသည်။ ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်များ အကောင်အထည် ပေါ်လာရေးအတွက် ဆရာဖြစ်သင်တန်းများကို စဉ်ဆက် မပြတ် ကျင်းပပြုလုပ်သွားကြမည် ဖြစ်ပါသည်။ ထိုဆရာဖြစ်သင်တန်းဆင်း ဆရာများမှတစ်ဆင့် ဆင့်ပွားသင်တန်းများ ကျင်းပကာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဓမ္မစကူးလ်ကျောင်းတော်များ တည်ထောင်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ပေးသွားကြပါမည်။

ဓမ္မစကူးလ်ဖောင်ဒေးရှင်းသည် ၂၀၁၃ ခုနှစ်တွင် ဗဟိုအဆင့် ဆရာဖြစ်သင်တန်း (၁၀) ကြိမ်၊ ဆင့်ပွား ဆရာဖြစ်သင်တန်း (၁၂) ကြိမ် စီစဉ်ဆောင်ရွက်သွားကြပါမည်။ ဆရာဖြစ်သင်တန်း တစ်ကြိမ်လျှင် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးနိုင်မည့် ဓမ္မစကူးလ်ကျောင်းတော်ဌာနပေါင်း (၂၀) ခုနှင့် သင်ကြားရေးနည်းစနစ်များ ကျွမ်းကျင်သော ဆရာ၊ ဆရာမပေါင်း (၆၀) ဦး ပေါ်ပေါက်လာမည် ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၃ ခုနှစ်ကုန်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံအနှံ့အပြားတွင် ဓမ္မစကူးလ်ကျောင်းတော်ပေါင်း (၄၄၀) ခု ပေါ်ပေါက်လာမည်ဖြစ်သကဲ့သို့ ကျွမ်းကျင်ဆရာ၊ ဆရာမပေါင်း (၁၃၂၀) ဦးလည်း ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ် စီမံကိန်းအတိုင်း နောင် (၅) နှစ်ကို မျှော်မှန်းကြည့်ပါက မြန်မာနိုင်ငံအနှံ့အပြားတွင် တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာသင်ခန်းစာများကို စနစ်တကျ သင်ကြားပေးနေသော ဓမ္မစကူးလ်ကျောင်းတော်များ (၂၂၀၀) ခုအထိ ရှိလာမည်ဖြစ်သည်။ ထို့အပြင် သင်ကြားရေးနစ်စနစ်များ ကျွမ်းကျင်သော ဆရာ၊ ဆရာမပေါင်း (၆၆၀၀) ဦးအထိ ပေါ်ပေါက်လာနိုင်ပါသည်။

၃။ ရည်ရွယ်ချက်များ

(က) ကျောင်းသားကိုင်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များနှင့် သင်ကြားသင်ယူမှုဆိုင်ရာ ပစ္စည်းအမျိုးမျိုး ပါဝင်သော ခေတ်မီသင်ကြားနည်းစနစ်များဖြင့် ရေးဆွဲထားသည့် ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းများ ပေါ်ပေါက်လာ စေရန်၊

(ခ) ဓမ္မစကူးလ်ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ခေတ်မီ သင်ကြားနည်း စနစ်များဖြင့် သင်ကြားပေးနိုင်မည့် ဆရာ၊ ဆရာမများ မွေးထုတ်ရန်၊

(ဂ) တူညီသော ရည်ရွယ်ချက်များဖြင့် ပါဝင်ဆောင်ရွက်လိုကြသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းတိုက်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဓမ္မစကူးလ် ကွန်ရက်ကို ထည်ထောင်ပြီး နိုင်ငံအနှံ့ ဓမ္မစကူးလ်များ တည်ထောင်ဖွင့်လှစ်ရန်၊

(ဃ) ဓမ္မစကူးလ်လုပ်ငန်းများတွင် စိတ်ပါဝင်စားကြသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းတိုက်များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ၊ တစ်သီးပုဂ္ဂလစေတနာရှင်များ၊ ရပ်ရွာလူထုနှင့် လူထုဆက်သွယ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းလျက် ဓမ္မစကူးလ်များကို ကျယ်ပြန့်သည့် ပံ့ပိုးမှု ရရှိစေရေး စည်းရုံး လှုံ့ဆော်ဆောင်ရွက်ရန်။

၄။ ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်း

(က) သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်များ

၁။ ဗုဒ္ဓသာသနာဖြစ်ထွန်းပေါ်ပေါက် ပြန့်ပွားလာခြင်းနှင့် စပ်လျဉ်းသည့် ဗုဒ္ဓဝင်၊ သာသနာဝင်၊ သမိုင်းဝင် အဖြစ်အပျက်များ၊ ပုဂ္ဂိုလ်ထူးများအကြောင်းကို သိရှိပြီး ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို ပိုမိုသက်ဝင်ယုံကြည် လေးစားကြည်ညိုလာစေရန်။

၂။ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်အလုပ်ဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာအလုပ်များကို စနစ်တကျနှင့် မှန်ကန်စွာ ကျင့်ကြံအားထုတ် လုပ်ဆောင်တတ်လာစေရန်။

၃။ ဗုဒ္ဓ၏အဆုံးအမများကို မှန်ကန်စွာ နားလည်လက်ခံကျင့်သုံးပြီး လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးရှိသော လူသားတစ်ဦးအဖြစ် နေထိုင်တတ်စေရန်။

၄။ မြန်မာနိုင်ငံအတွင်းရှိ ထင်ရှားသော ဘုရားပုထိုးများ၊ ဗုဒ္ဓဘာသာပွဲလမ်းသဘင်များ၊ နေ့ထူးနေ့မြတ်များနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအကြောင်းကို သိရှိပြီး ထေရဝါဒဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ရေး၊ ပြန့်ပွားရေး တို့အတွက် ပါဝင်ကူညီဆောင်ရွက်လာစေရန်။

(ခ) သင်ရိုးညွှန်းတမ်း၏ အခြေခံမူများ

၁။ ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သက်ဝင်ယုံကြည်မှု၊ အတွေးအခေါ်အယူအဆများ၊ အဆုံးအမများနှင့် မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို အခြေခံထားသည်။

၂။ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်အားထားရာ ဘာသာရေးသက်သက် သဘောထားရုံမျှ မဟုတ်ဘဲ နေ့စဉ်လူမှုဘဝတွင် လူသားတစ်ဦးအတွက် တန်ဖိုးရှိသော ဘဝနေနည်းလမ်းညွှန်အဖြစ်ကိုပါ အခြေခံ ထားသည်။

၃။ အသိပညာပေးသက်သက်၊ ဗဟုသုတရရှိရုံသက်သက်မဟုတ်ဘဲ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး၏ အပြုအမူ၊ အလေ့အထနှင့် ကျွမ်းကျင်မှုများ ဖြစ်ထွန်းရေးအတွက် ရည်ရွယ်ထားသည်။

၄။ သင်ရိုးဝင်အကြောင်းအရာများကို လွယ်ရာမှ ခက်ရာသို့၊ ရိုးရှင်းရာမှ ရှုပ်ထွေးနက်နဲရာသို့၊ ဒြပ်ရှိအသိမှ ဒြပ်မဲ့အသိသို့ အဆင့်ဆင့် ချဲ့ထွင်သင်ယူနိုင်ရန် အထောက်အကူပြုသည့် ခရုပတ်နည်း (Spiral method) ဖြင့် ဖွဲ့စည်းထားသည်။

၅။ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွင် အပြန်အလှန် ပြောဆိုဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း စသော တက်ကြွစွာ သင်ယူသည့်နည်းများ ပါဝင်သော ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် စီစဉ်ထားသည်။

(ဂ) သင်ရိုးညွှန်းတမ်း ဖွဲ့စည်းပုံ

မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ယေဘုယျအားဖြင့် သင်ခန်းစာခေါင်းစဉ် တစ်ခုလျှင် တစ်ရက်၊ သင်ကြားချိန် လေးချိန်၊ တစ်ချိန်လျှင် မိနစ် (၃၀) နှုန်းဖြင့် စုစုပေါင်း နှစ်နာရီစာ ရေးဆွဲ ထားပါသည်။ အတန်းအဆင့် တစ်ဆင့်ချင်းစီအတွက်လည်း စုစုပေါင်းသင်ခန်းစာ (၄၀) စီ ပြင်ဆင်ထားပါသည်။ မူလတန်းဆင့် သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို ခြုံကြည့်လျှင် အောက်ပါအတိုင်း အဓိကနယ်ပယ်ကြီးခြောက်ခု ပါဝင်နေသည်ကို တွေ့ရှိရမည် ဖြစ်သည်။

(၁) ရတနာသုံးပါး ။ ။ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးကို သက်ဝင်ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်ခြင်းနှင့်ဆိုင်သည့် အကြောင်းရင်းများ။

(၂) ဗုဒ္ဓဝင် ။ ။ ဘုရားဆုပန်ခန်းမှအစ ဖွားတော်မူခန်းမှသည် ပရိနိဗ္ဗာန်ပြုသည်အထိ ဗုဒ္ဓ၏ ဘဝဖြစ်တော် စဉ်များ။

(၃) မင်္ဂလာတရားတော်များ ။ ။ မင်္ဂလသုတ်တရားတော်လာ မင်္ဂလာတရား (၃၈) ပါးနှင့် ဆက်နွှယ်နေသည့်

ဇာတကဝတ္ထုများ။

(၄) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ဘာသာရေးလုပ်ငန်းစဉ်များ။ ။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် နေ့စဉ်ကျင့်ကြံအားထုတ်လုပ်ဆောင်ရမည့် ဘာသာရေးအလေ့အထများ (ဥပမာ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ ဘာဝနာပွားခြင်း၊ တရားထိုင်ခြင်း စသည်)။

(၅) ဗုဒ္ဓဘာသာပုဂ္ဂိုလ်ထူးများနှင့် နေ့ထူးနေ့မြတ်များ။ ။ သာသနာဝင်၊ သမိုင်းဝင်ပုဂ္ဂိုလ်ထူးများနှင့် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထား ကျင်းပပြုလုပ်သည့် နေ့ထူးနေ့မြတ်များ၊ ပွဲတော်များ။

(၆) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လူမှုရေးကျင့်ဝတ်များ။ ။ ယဉ်ကျေးလိမ္မာပြီး ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော လူသားတစ်ဦးအဖြစ် ဘဝတွင် ကျင့်ကြံနေထိုင်နိုင်ရေးအတွက် ဗုဒ္ဓလမ်းညွှန်ခဲ့သည့် အဆုံးအမများ (ဥပမာ... မှန်မှန်ကန်ကန် ပြောဆိုခြင်း၊ အကျိုးရှိစွာ ပြောဆိုခြင်း၊ ယဉ်ကျေးချိုသာစွာ ပြောဆိုခြင်း၊ မေတ္တာ ထားခြင်း၊ မုဒိတာပွားခြင်း စသည်)။

အထက်ဖော်ပြပါ အကြောင်းအရာအားလုံးကို အတန်းတိုင်းတွင် အတိုင်းအတာတစ်ခုအထိ လွှမ်းခြုံမိအောင် သင်ကြားနိုင်ရန် စီစဉ်ထားပါသည်။ မူလတန်းဆင့် ပြီးဆုံးသည်နှင့် ကလေးများအနေဖြင့် အထက်ဖော်ပြပါ အဓိကနယ်ပယ်ကြီးခြောက်ခု၏ အခြေခံအကြောင်းအရာများနှင့် အရေးကြီးသောအလေ့အထများ၊ ကျွမ်းကျင်မှု များကို သင်ယူရရှိသွားရန် မျှော်လင့်ထားပါသည်။

(ဃ) သင်ခန်းစာများ စီစဉ်ထားပုံ

မူလတန်းဆင့် ဗုဒ္ဓဘာသာသင်ခန်းစာများကို တစ်ချိန်လျှင် မိနစ် (၃၀) နှင့် သင်ချိန်လေးချိန်၊ စုစုပေါင်း သင်ကြားချိန် (၂) နာရီစာစီ ရေးဆွဲထားပါသည်။ သို့ဖြစ်ရာ တစ်ရက်လျှင် အဆိုပါသင်ချိန် (၄)ချိန်လုံး အပြည့်အဝ သင်ကြားပေးမှသာ သင်ခန်းစာ၏ ရည်ရွယ်ချက် ပေါက်မြောက်နိုင်မည် ဖြစ်ပါသည်။ သင်ချိန်တစ်ချိန်စီအတွင်း လုပ်ဆောင်ရမည့် သင်ယူမှုလုပ်ငန်းများကိုလည်း ဆရာလက်စွဲများထဲတွင် တစ်ဆင့်ချင်းစီ ရှင်းလင်းဖော်ပြထား ပါသည်။ သင်ကြားပြသကြမည့် ဆရာ၊ ဆရာမများအနေဖြင့် ဆရာလက်စွဲပါ လမ်းညွှန်ချက်များကို သေသေချာချာ ဖတ်ရှုပြီး သင်ခန်းစာများကို ကြိုတင်ပြင်ဆင်ပြီးမှ သင်ကြားကြရန် အထူးတိုက်တွန်းပါသည်။ ဆရာလမ်းညွှန်ကို မဖတ်ဘဲ သင်ကြားခြင်းမျိုး လုံးဝမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။

သင်ကြားချိန် (၁) ကို စီစဉ်ရာတွင် ယေဘုယျအားဖြင့် သင်ကြားမည့်အကြောင်းအရာသစ်ကို မိတ်ဆက်ပြီး နိဒါန်းပျိုးသည့်သဘောဖြင့်သာ စီစဉ်ထားသည်။ သို့ဖြစ်ရာ ယခင်ရက်များတွင် သင်ကြားခဲ့သော သို့မဟုတ် ယခင်အတန်းများတွင် သင်ကြားပြီးခဲ့သော အကြောင်းအရာများနှင့် ချိတ်ဆက်ပြီး နိဒါန်းပျိုးရသည့် သင်ခန်းစာများ အများအပြား ပါဝင်ပါသည်။ တတ်နိုင်သမျှ ချိတ်ဆက်သင်ကြားကြရန်လည်း တိုက်တွန်းပါသည်။

သင်ကြားချိန် (၂) နှင့် (၃) မှာမူ အဓိကအကြောင်းအရာများ၊ အလေ့အထများကို ကောင်းစွာ နားလည် သဘောပေါက်ပြီး ခံယူကျင့်သုံးတတ်စေရန် ရည်ရွယ်လျက် စီစဉ်ထားခြင်း ဖြစ်သည်။ အဆိုပါ သင်ချိန်များတွင် အဓိကအကြောင်းအရာများကို ရုပ်ပုံများ၊ ပုံပြင်များ၊ ဇာတကဝတ္ထုများ၊ စာပိုဒ်များဖြင့် တင်ပြမိတ်ဆက်ပေးထားသည် ဖြစ်ရာ အဆိုပါ ရုပ်ပုံများ၊ ပုံပြင်ဝတ္ထုများကို ထိထိရောက်ရောက် အသုံးပြုပြီး သင်ကြားစေလိုပါသည်။ အထူးသဖြင့် ကျောင်းသားကိုင်စာအုပ်များကို ထိရောက်စွာ အသုံးပြုရမည့် သင်ကြားချိန် များလည်း ဖြစ်ပါသည်။ ပုံပြင်များ၊ ဇာတကဝတ္ထုများကို ဆရာ၊ ဆရာမများက ပြောပြရုံသက်သက် မဟုတ်ဘဲ ကလေးများအနေဖြင့် ကျောင်းသား ကိုင်စာအုပ်ကို ကြည့်ရှုရင်း နားထောင်စေခြင်း၊ ဆရာနှင့်အတူ လိုက်ဖတ်စေခြင်း၊ အထူးသဖြင့် ဒုတိယတန်းနှင့် အထက် ကလေးများအား ၎င်းတို့ကိုယ်တိုင် ဖတ်ရှုစေခြင်းများ ပြုလုပ်စေနိုင်ပါသည်။ အဆိုပါ ပုံပြင်များ၊ ဇာတကဝတ္ထုများ နားထောင်ပြီး နောက်ဆက်တွဲအနေဖြင့် ပြုလုပ်ရန် စီစဉ်ထားသည့် မေးခွန်းများ ဖြေဆိုခြင်း၊ ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ သရုပ်ဆောင်ခြင်း စသော လုပ်ငန်းများကိုလည်း မလွဲမသွေ စီစဉ်လုပ်ဆောင်ကြရန် တိုက်တွန်းပါသည်။

နောက်ဆုံးသင်ကြားချိန်ဖြစ်သည့် သင်ကြားချိန် (၄) တွင်မူ အဓိကအကြောင်းအရာမှ အတုယူစရာ၊ သင်ခန်းစာယူစရာ၊ လက်ခံကျင့်သုံးစရာများကို ထုတ်ယူပြီး ကိုယ်တိုင်ဆင်ခြင်သုံးသပ် ကျင့်သုံးလိုက်နာလာစေရေး အတွက် ရည်ရွယ်သည့် သင်ယူမှုလုပ်ငန်းများဖြင့် စီစဉ်ထားပါသည်။ အဓိကအားဖြင့် ဗုဒ္ဓ၏အဆုံးအမများကို အသိပညာဗဟုသုတရရုံသက်သက် မဟုတ်ဘဲ မိမိဘဝနှင့်ဆက်စပ်ပြီး လက်တွေ့ကျင့်သုံးနိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းများကို ကလေးများကိုယ်တိုင် ရှာဖွေဖော်ထုတ်ကြစေသည့် အချိန်လည်းဖြစ်သည်။ ကလေးတစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့၏ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်အလေ့အထအဖြစ် ခံယူရရှိသွားစေရေးအတွက်လည်း ရည်ရွယ်ပါသည်။ သို့ဖြစ်ရာ သင်ကြားချိန် (၄) သည် အထူးအရေးကြီးသော သင်ချိန်တစ်ခုလည်း ဖြစ်သည်။

အထက်ဖော်ပြပါ သင်ကြားချိန် (၄) ချိန်အတွင်းတွင် ဆရာ၊ ဆရာမများအနေဖြင့် ကလေးများ၏ နားလည်သဘောပေါက်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ အကဲဖြတ်ရန်လိုပါသည်။ စာသင်ကျောင်းများမှာ ကဲ့သို့ မေးခွန်းများ ရေးဖြေပြီး အမှတ်ပေးခြင်း၊ စာမေးပွဲစစ်ဆေးခြင်းများ ပြုလုပ်ရန် မလိုအပ်ပါ။ အမှန်တကယ် နားလည်သဘောပေါက်ခြင်း ရှိ၊ မရှိအတွက်သာ မေးမြန်းဆွေးနွေးရန်ဖြစ်ပြီး နားမလည်သည့်အချက်များကို ဆရာနှင့်တပည့်သော်လည်းကောင်း၊ တပည့်အချင်းချင်းသော်လည်းကောင်း အပြန်အလှန် မေးမြန်းဆွေးနွေးစေခြင်းကိုသာ အဓိကထား လုပ်ဆောင်စေမည် ဖြစ်ပါသည်။

သင်ခန်းစာများကို သင်ကြားပေးရာတွင် အသိပညာပေးသက်သက်၊ ဗဟုသုတရရှိရုံသက်သက်မဟုတ်ဘဲ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး၏ အပြုအမူ၊ အလေ့အထနှင့် ကျွမ်းကျင်မှုများ ဖြစ်ထွန်းရေးအတွက် ရည်ရွယ်ထား သည်ဖြစ်ရာ စာသင်ချိန် (၄) ချိန် သင်ပေးလိုက်ရုံမျှဖြင့် အဆိုပါ အလေ့အထများ၊ ကျွမ်းကျင်မှုများ ခိုင်မြဲစွာ ရရှိသွားပြီဟု မဆိုနိုင်ပါ။ ဆရာ၊ ဆရာမများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာပြီး ပံ့ပိုးပေးရန် လိုအပ်မည် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့်ဖြစ်စေ၊ လိမ္မာယဉ်ကျေးပြီး ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသော လူသား တစ်ဦးအနေဖြင့်ဖြစ်စေ၊ အမြဲကျင့်ကြံအားထုတ် လုပ်ဆောင်ရမည့် အလေ့အထကောင်းများ ဖြစ်ထွန်းရေးမှာ စာသင်ခန်းအတွင်းတွင် သင်ယူရုံဖြင့် မလုံလောက်ဘဲ စာသင်ခန်းပြင်ပတွင်ပါ လက်တွေ့ကျင့်သုံး နေထိုင် သွားအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

၅။ ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းနှင့် ကလေးဗဟိုပြုချဉ်းကပ်နည်း

(က) ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် စီစဉ်ဆောင်ရွက်ရသည့် အကြောင်းရင်းများ

ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာများကို စီစဉ်ရေးဆွဲရာတွင် ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် စီစဉ်ရေးဆွဲထားသည်ဖြစ်ရာ သင်ကြားပြသသည့်အခါတွင်လည်း ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်းများကို အသုံးပြုပြီး သင်ကြားပြသကြရန် ဖြစ်ပါသည်။ ကလေးဗဟိုပြုချဉ်းကပ်နည်းသည် ကလေးများ၏ အသက်အရွယ်၊ ဖွံ့ဖြိုးရင့်ကျက်လာသည့်အဆင့်တို့နှင့်အညီ လိုအပ်ချက်များ၊ စိတ်ဝင်စားမှုများကို အလေးထားထည့်သွင်းစဉ်းစားကာ သင်ကြားပေးရသည့် ချဉ်းကပ်နည်းဖြစ်သည်။ ဗုဒ္ဓဘာသာသင်ခန်းစာများကို ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် စီစဉ်ဆောင်ရွက်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အောက်ဖော်ပြပါ အကြောင်းအရင်း (၃) ခုကို အလေးထား စဉ်းစားဆောင်ရွက်ခြင်း ဖြစ်သည်။

(၁) ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်၊ တန်ခိုးရှင်တစ်ဦးတစ်ယောက်အပေါ် ကိုးကွယ်ယုံကြည် မှီခိုအားထားပြီး နေထိုင်သွားရသည့်ဘာသာတရား မဟုတ်ဘဲ သံသရာမှ လွတ်မြောက်ရန်အတွက်ဖြစ်စေ၊ မျက်မှောက်ဘဝတွင် ကောင်းကျိုးချမ်းသာမင်္ဂလာများနှင့် ပြည့်စုံစွာ နေထိုင်ရှင်သန်နိုင်ရေးအတွက်ဖြစ်စေ၊ ကာယကံရှင်က မိမိကိုယ်တိုင် ကောင်းမြတ်သောအကျင့်များကို နေ့စဉ် ကျင့်ကြံနေထိုင်လုပ်ကိုင်သွားရသည့် ဘာသာတရားဖြစ်သည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကို ဗဟိုမပြုဘဲ လူသားကိုသာ ဗဟိုပြုထားသော ဘာသာတရား၏ အယူအဆများ၊ အဆုံးအမများ၊ အလေ့အကျင့်များကို သင်ကြားပေးရာတွင် သင်ယူသူကို ဗဟိုပြုခြင်း တစ်နည်း အားဖြင့် ကလေးကို ဗဟိုပြု၍ သင်ကြားပေးခြင်းသည် အသင့်လျော်ဆုံး ချဉ်းကပ်နည်း ဖြစ်မည်ဟု ယူဆပါသည်။

(၂) “ဗုဒ္ဓဘာသာသည် ကိုယ်တိုင်ကျင့်ကြံအားထုတ် လုပ်ဆောင်ခြင်းဖြင့်သာလျှင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်မည်၊ မျက်မှောက်ဘဝတွင် ရင်ဆိုင်နေရသောဒုက္ခကို ကျော်လွှားနိုင်မည်”ဟု ယုံကြည်သည့် ဘာသာ ဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိကိုယ်ကျင့်တရားကိုသာ အားကိုးပြီး မိမိကိုယ်တိုင် ကျင့်ကြံလုပ်ဆောင်ကြရမည်ဖြစ်သည်။ ဤနေရာတွင်လည်း ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်မှုသည် ကလေးဗဟိုပြု ချဉ်းကပ်နည်း၏ သဘောတရားနှင့် တစ်ထပ်တည်းကျသည်ဟု ဆိုရမည် ဖြစ်သည်။ “သင်ယူသူသည် ကိုယ်တိုင် သင်ယူပါမှ သင်ယူမှုပြီးမြောက်သည်” ဟူသော ဥပဒေသနှင့်အညီ ကလေးဗဟိုပြုချဉ်းကပ်နည်းတွင် ကလေးများကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ တွေးတောကြံဆ၊ ဆွေးနွေးမေးမြန်း၊ စူးစမ်းလေ့လာ၊ လုပ်ကိုင်ဆောင်ရွက်ရင်းဖြင့် သင်ယူကြစေရန် အားပေးပါသည်။

(၃) ဗုဒ္ဓဘာသာ အတွေးအခေါ်၊ အယူအဆ၊ အဆုံးအမနှင့် အလေ့အထများသည် အဓိပ္ပာယ်လေးနက် သည်ဖြစ်ရာ ကလေးငယ်များ နားလည်နိုင်ရန်အတွက် လွယ်ကူရိုးရှင်းရာမှ ခက်ခဲနက်နဲရာသို့၊ ဒြပ်ရှိသဘောမှ ဒြပ်မဲ့သဘောသို့ အဆင့်ဆင့် မွမ်းမံချဲ့ထွင်သင်ကြားပေးရန် လိုပါသည်။ သို့ဖြစ်ရာ ဓမ္မစကူးလ်သို့ လာရောက်ကြမည့် ကလေးများ၏ အသက်အရွယ်၊ ဖွံ့ဖြိုးရင့်ကျက်မှုအဆင့်အလိုက် လိုက်လျောညီထွေရှိသည့် အကြောင်းအရာများ၊ ဥပမာများဖြင့် စီစဉ်ရေးဆွဲကြရပါသည်။ ထိုသို့ စီစဉ်ရေးဆွဲသည့်အခါ ကလေးဗဟိုပြုချဉ်းကပ်နည်းကို အသုံးပြုရန် မလွဲမသွေ လိုအပ်ပါသည်။

ဗဟိုပြုချဉ်းကပ်နည်းသည် ပညာသင်ကြားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ သုတေသနပြု တွေ့ရှိချက်များကို အခြေခံပြီး ပေါ်ထွက်လာသည့် ချဉ်းကပ်နည်းဖြစ်သည်။ ယနေ့ကမ္ဘာကြီး၏ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများကို ရင်ဆိုင်နိုင်စေရန် ရည်ရွယ်လျက် ပညာသင်ကြားရေးနယ်ပယ်တွင် နိုင်ငံအများအပြား၌ အသုံးပြုနေသောနည်းလည်း ဖြစ်ပါသည်။ ဤနည်းကိုပင် တက်ကြွစွာ သင်ယူခြင်း (Active Learning)၊ ပါဝင်လုပ်ဆောင်သင်ယူခြင်း (Participatory Learning)၊ ထိရောက်သောသင်ကြားသင်ယူမှ (Effective Teaching and Learning) စသည်အားဖြင့် အမည်အမျိုးမျိုး ခေါ်ကြသည်လည်း ရှိပါသည်။ အခြေခံ အားဖြင့်မူ သမားရိုးကျသင်ကြားနည်းဖြစ်သည့် ဆရာဗဟိုပြုသင်ကြားနည်းမှ ခွဲထွက်ကာ ကလေးများအနေဖြင့် တစ်စုံတစ်ယောက်က ပေးဝေသော အသိပညာကို အရှိအတိုင်း လက်ခံရယူရုံသက်သက် မဟုတ်ဘဲ ၎င်းတို့ ကိုယ်တိုင် လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ မေးမြန်းဆွေးနွေးခွင့်၊ မေးခွန်းထုတ်ခွင့်၊ စူးစမ်းလေ့လာခွင့်များ ရရှိကြပြီး အသိပညာကို ဖြန့်ကြက်တည်ဆောက်သွားစေနိုင်မည့်နည်း ဖြစ်သည်။

(ခ) ကလေးဗဟိုပြုချဉ်းကပ်နည်း၏ အခြေခံသဘောတရားများ

ဟိုပြုချဉ်းကပ်နည်းသည် ကလေးများ၏ သင်ယူမှုနှင့်သက်ဆိုင်သည့် အောက်ပါသဘောတရား အယူအဆများအပေါ်တွင် အခြေခံထားသည်။

ကလေးများသည် သင်ယူမှုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ရင်း မိမိတို့၏ ရှိရင်းစွဲ အသိ ပညာများ၊ ကျွမ်းကျင်မှုများအပေါ်တွင် အသိပညာအသစ်များ၊ ကျွမ်းကျင်မှုအသစ်များကို ထပ်ဆင့်ဖြန့်ကြက် တည်ဆောက်ယူကြသည်။ သို့ဖြစ်ရာ ကလေးများအနေဖြင့် ဆရာပြောသမျှကို နားထောင်ပြီး ရယူရုံသက်သက် မဟုတ်ဘဲ သင်ယူမှုတွင် ကိုယ်ရောစိတ်ပါ နှစ်ပြီး ဉာဏ်ဖွင့်စဉ်းစားခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ မေးခွန်းများ ဖြေဆိုခြင်း၊ သိလိုသည်များကို မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးခြင်း၊ ရှင်းပြပြောဆိုခြင်း၊ ငြင်းခုံခြင်း (Debate) စသည့် တက်ကြွစွာ ပါဝင်လုပ်ဆောင်သင်ယူမှုကို ပြုလုပ်ကြရသည်။

ကလေးများသည် အများနှင့်ပူးပေါင်းလုပ်ဆောင်ရင်းဖြင့်လည်း ပိုမိုသင်ယူတတ်မြောက်နိုင်ကြသည်။ အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုခွင့်ရသော ကလေးများအနေဖြင့် အသိပညာကိုသာမက လူမှုဆက်ဆံ ရေးဆိုင်ရာ စွမ်းရည်များကိုပါ ပိုမိုရရှိစေနိုင်ပါသည်။ ကလေးများအနေဖြင့် နှစ်ယောက်တစ်တွဲ သို့မဟုတ် အုပ်စုအလိုက် လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းများ၊ အုပ်စုအလိုက် ဖြေရှင်းရမည့် မေးခွန်းများနှင့် ပြဿနာများ၊ ပရောဂျက်လုပ်ငန်းများ စသည်တို့ကို အတူတကွ လုပ်ကိုင်ဆောင်ရွက်ရင်းဖြင့် ပူးပေါင်းလုပ်ဆောင်သင်ယူနိုင် ပါသည်။

ထို့အပြင် ကလေးဗဟိုပြုချဉ်းကပ်နည်းတွင် ခြုံယူဆင်ခြင်သင်ယူနည်း (Inductive Learning) ကိုလည်း အသုံးပြုကြသည်။ ကလေးများအား ပြဿနာတစ်ခုပေးပြီး အရင်စဉ်းစားကြစေကာ အဖြေနှင့်ပတ်သက်သည့် အကြောင်းအရာများကို နောက်မှ လေ့လာစေသည့်နည်း ဖြစ်သည်။ ကလေးများအနေဖြင့် စူးစမ်းလေ့လာခြင်း၊ ရှာဖွေခြင်း၊ ပြဿနာအခြေပြု စဉ်းစားခြင်း၊ ပရောဂျက်လုပ်ငန်းအခြေပြုစဉ်းစားလုပ်ဆောင်ခြင်း စသည့်နည်းများဖြင့် သင်ယူလျှင် မွေးရာပါဗီဇနှင့် စွမ်းရည်များကို အကန့်အသတ်မဲ့ အသုံးပြုနိုင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုတိုးပွားစေ နိုင်ပါသည်။

ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗုဒ္ဓဘာသာသင်ခန်းစာများတွင် သင်ယူမှုလုပ်ငန်းများကို စီစဉ်ရေးဆွဲရာ၌ အထက်ဖော်ပြပါ သဘောတရားများကို အခြေခံပြီး သင့်လျော်သည့်နည်းများကို လုပ်ငန်းအလိုက် စီစဉ်ထားပါသည်။ ဓမ္မစကူးလ် ဆရာ၊ ဆရာမများအနေဖြင့် ဆရာလမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်သွား မည်ဆိုလျှင် ထိရောက်သော သင်ကြားသင်ယူမှု ဖြစ်ထွန်းမည်ဟု ယုံကြည်ပါသည်။ အထူးသဖြင့် ကလေးများကို ၎င်းတို့ကိုယ်တိုင် စဉ်းစားတွေးတော စိတ်ကူးတတ်လာအောင်၊ မိမိတို့၏ စိတ်ကူးထင်မြင်ချက်များကို အခြား သူများနှင့် ဆွေးနွေးဖလှယ်ရင်း အဖြေရှာတတ်အောင်၊ သိလိုသည်များကို စူးစမ်းလေ့လာတတ်အောင် ဆရာ၊ ဆရာမများက လမ်းညွှန်ပံ့ပိုးပေးမည်ဆိုပါက ကလေးများအနေဖြင့် ဗုဒ္ဓ၏ အဆုံးအမများကို နားလည်သဘောပေါက် ရုံသာမက နေ့စဉ် လိုက်နာကျင့်ကြံနေထိုင်သွားနိုင်သည့် အဆင့်သို့ပါ ရောက်ရှိမည် ဖြစ်ပါသည်။

(ဂ) ဆရာ ဆရာမများ၏ အခန်းကဏ္ဍ

ကလေးဗဟိုပြုချဉ်းကပ်နည်းဟု ဆိုသည့်တိုင် ဆရာသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေမြဲ ဖြစ်သည်။ စင်စစ်မှာ ကလေးဗဟိုပြု စာသင်ခန်းများတွင် ဆရာသည် ပို၍အရေးပါသည်ဟု ဆိုနိုင်ပါသည်။ ကလေးများအား အကြောင်းအရာအသစ်၊ အယူအဆအသစ်များကို ရှင်းလင်းပြောပြပေးရန် လိုအပ်မည်ဖြစ်ရာ ဆရာကိုယ်တိုင် သင်ကြားပြသသူအဖြစ် ရှိမြဲရှိနေမည် ဖြစ်သည်။ ထို့အပြင် ကလေးများသိလိုသည့် အကြောင်းအရာ အချက်အလက်များကို သိနိုင်မည့်နည်းလမ်းများ ညွှန်ပြပေးနိုင်သူ သို့မဟုတ် မိမိကိုယ်တိုင်က ဖြန့်ဝေပြောပြ ပေးနိုင်သူအဖြစ်လည်း လုပ်ဆောင်ပေးနေရပါမည်။

ကလေးဗဟိုပြုချဉ်းကပ်နည်းတွင် ဆရာဗဟိုပြုနှင့် ကွဲပြားသည့် အဓိကအချက်မှာ ဆရာက သင်ယူမှု လုပ်ငန်းကို ပံ့ပိုးပေးသူ (Facilitator) ဖြစ်သည်ဟူသောအချက် ဖြစ်သည်။ ကလေးများကို တစ်ဦးချင်းဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ မေးခွန်းများ၊ ပြဿနာများကို ကြံဆတွေးတော အဖြေရှာနိုင်အောင်၊ မေးမြန်းဆွေးနွေး နိုင်အောင် ဆရာက ကူညီပံ့ပိုးပေးရမည် ဖြစ်သည်။ အဖြေကို ဆရာက မပေးဘဲ တပည့်များ အဖြေရှာနိုင်အောင် ပံ့ပိုးကူညီခြင်းသာ ဖြစ်သည်။ ဤသို့ လုပ်ဆောင်ပေးခြင်းကို ငြမ်းဆင်ပေးခြင်း (Scaffolding) ဟု ခေါ်ပါသည်။ အပေါ်တစ်ဆင့်သို့ တက်လိုသည့်ကလေးကို မ ချီသွားခြင်းသည် ကူညီခြင်း မဟုတ်ပါ။ ငြမ်းဆင်ပေးခြင်း မဟုတ်ပါ။ ကလေးတက်နိုင်အောင် ဘေးမှ ပံ့ပိုးကူညီပေးခြင်း၊ လက်တွဲပေးခြင်းကသာ ငြမ်းဆင်ပေးခြင်း ဖြစ်သည်။ ဆရာ၊ ဆရာမများသည် ဤသဘောကိုယူကာ သင်ယူမှုလုပ်ငန်းများတွင် ပံ့ပိုးပေးရမည် ဖြစ်သည်။

ထို့အပြင် ဆရာ၊ ဆရာမများသည် မိမိသင်ကြားမည့် သင်ခန်းစာနှင့် သင်ယူမှုလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲရန်လည်း လိုအပ်ပါသည်။ ကလေးဗဟိုပြု စာသင်ခန်းများတွင် မကြာခဏ နေရာထိုင်ခင်း အပြောင်း အလဲများ၊ သင်ထောက်ကူပစ္စည်း ပြောင်းလဲအသုံးပြုမှုများရှိရာ ကလေးများကို စနစ်တကျ တာဝန်ယူဆောင်ရွက် တတ်စေရန် လမ်းညွှန်ပေးနိုင်သည့် စီမံခန့်ခွဲသူကောင်းလည်းဖြစ်ဖို့ လိုပါသည်။ အလားတူပင် မိမိတပည့်များ၏ သင်ယူမှု၊ လုပ်ဆောင်မှုတို့ကို အမြဲမပြတ် စောင့်ကြည့်လေ့လာပြီး အကဲဖြတ်သုံးသပ်နေသူလည်း ဖြစ်ရပါမည်။ သို့မှသာ တပည့်များ၏ အခြေအနေကို သိရှိပြီး လိုအပ်သလို တုံ့ပြန်ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

(ဃ) စစ်ဆေးအကဲဖြတ်ခြင်း

ကလေးများ၏ သင်ယူတတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရာတွင် သင်ပြဆဲစစ်ဆေးအကဲဖြတ်ခြင်း (Formative Assessment) နှင့် သင်ပြပြီး အချုပ်စစ်ဆေးအကဲဖြတ်ခြင်း (Summative Assessment) ဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် စစ်ဆေးအကဲဖြတ်လေ့ရှိရာတွင် ဓမ္မစကူးလ်ဗုဒ္ဓဘာသာသင်ခန်းစာများကို ယေဘုယျအားဖြင့် သင်ပြဆဲစစ်ဆေးအကဲဖြတ်မှုပုံစံဖြင့်သာ လုပ်ဆောင်ရန် စီစဉ်ထားပါသည်။ ဆရာ၊ ဆရာမများအနေဖြင့် ကလေး များ၏သင်ယူတတ်မြောက်မှုကို ပုံမှန်သင်ကြားနေစဉ် အချိန်အတွင်းမှာပင် စောင့်ကြည့်လေ့လာခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ ကလေးများ ရေးသားဖြေဆိုထားသော မှတ်စုစာအုပ်များ၊ လုပ်ဆောင်ထားသောအရာများကို ကြည့်ရှုပြီးလေ့လာခြင်း စသည့်နည်းများဖြင့် ကလေးများ၏ သင်ယူတတ်မြောက်မှုကို အကဲဖြတ်နိုင်ပါသည်။

ဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်း အဆင့်အလိုက် ထူးချွန်စွာ တတ်မြောက်ကြသူများအတွက်ကိုမူ နိုင်ငံလုံးဆိုင်ရာ ဓမ္မစကူးလ်ထူးချွန်စာမေးပွဲများ ကျင်းပပြီး ရွေးချယ်နိုင်ပါသည်။ အဆိုပါစာမေးပွဲများမှ ရလဒ်များကိုမူ သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေးအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

(င) သမားရိုးကျချဉ်းကပ်နည်းနှင့် ကလေးဗဟိုပြုချဉ်းကပ်နည်း ကွာခြားမှု

သမားရိုးကျနည်း (ဆရာဗဟိုပြု) ကလေးဗဟိုပြုနည်း
သင်ယူမှု အဓိကရည်ရွယ်ချက် အကြောင်းအရာ အချက်အလက်များကို မှတ်မိစေရန် အကြောင်းအရာ အချက်အလက်များကို နားလည်သဘောပေါက်ပြီး လက်တွေ့ အသုံးပြုတတ်စေရန်
သင်ကြားသင်ယူနည်း > အချက်အလက် မှတ်မိစေရန် အလေးပေး

> ဟောပြောရှင်းလင်း

> အလွတ်ကျက်မှတ်

> ကလေးများ ရသွားစေလိုသည့်အချက်ကို သာမက မည်သို့ သင်ယူကြသည်ကိုပါ အလေးထား

> လွတ်လပ်စွာ ကြံဆ၊ ပြောဆို၊ လုပ်ကိုင်ခွင့်ပေး

> နားလည်သဘောပေါက်မှုကို အလေးထား

> ကလေးတစ်ဦးချင်းစီ၏ ဘဝနှင့် ဆက်စပ်မိစေ (Personalize)

ဆရာ၏ အခန်းကဏ္ဍ > အသိပညာဖြန့်ဝေသူ

> ဟောပြောပို့ချသူ

> ကလေးများ၏ သင်ယူမှုကို ပံ့ပိုးကူညီသူ

> ကလေးများအတွက် အသိပညာပင်မအဖြစ် သိလိုသည့်အချက်များရှိက ရှာဖွေကူညီပေးနိုင်သူ

ကျောင်းသား၏ အခန်းကဏ္ဍ > အသိပညာ အချက်အလက်များကို လက်ခံရယူမှတ်သားသူ > ကိုယ်တိုင်တက်ကြွစွာ ပါဝင်လုပ်ဆောင်သူ

> သိလိုသည်ကို မေးမြန်းစူးစမ်းတတ်သူ

> ထင်မြင်ချက်ကို ပြောဆိုတတ်သူ

သင်ယူမှုဝန်းကျင် > ငြိမ်သက်တိတ်ဆိတ်ပြီး တစ်ဦးချင်း အာရုံစိုက်မှုကို အလေးထား

> စည်းကမ်းသေဝပ်မှ အဓိက

> အတန်းလိုက် စနစ်တကျ ထိုင်

> ကျား၊ မ သီးသန့်

> အမှားကို ပြစ်ဒဏ်ဖြင့် ပြင်ဆင်

> သက်ဝင်လှုပ်ရှားမှုကို အလေးပေး

> စည်းကမ်းကို တစ်ဦးချင်း တာဝန်ယူမှုဖြင့် ထိန်း

> သင်ယူမှုလုပ်ငန်းအပေါ် မူတည်၍ နေထိုင်ပုံပြောင်းလဲ

> ကျား၊ မ ရောနှောသင်ယူမှုကို အားပေး

> အမှားကို သင်ခန်းစာအဖြစ် ယူစေပြီး အမှန်ကို ပို၍ အလေးပေး

> ပျော်ရွှင်တက်ကြွစွာ သင်ယူနိုင်သော ဝန်းကျင်ဖန်တီး

၆။ လေ့လာကြီးကြပ်ခြင်း

ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းများကို အသုံးပြုပြီး ဓမ္မစကူးလ်များ အကောင် အထည်ဖော်မှု အခြေအနေကို ပုံမှန်လေ့လာကြီးကြပ်နိုင်ရန်အတွက် ဗဟိုအဆင့်ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင် ရွက်ရန် ဖြစ်သကဲ့သို့ သက်ဆိုင်ရာနယ်မြေ၊ ဒေသအလိုက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ဖြစ်သည်။ လေ့လာကြီးကြပ်ရာတွင် အပိုင်းနှစ်ပိုင်း ပါဝင်မည်ဖြစ်သည်။

(က) လုပ်ငန်းအကောင်အထည်ဖော်မှု အခြေအနေကို ကြီးကြပ်ခြင်း၊

(ခ) သင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းပညာအပိုင်းကို လေ့လာကြီးကြပ်ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ လေ့လာကြီးကြပ်ရေးအဖွဲ့များတွင် ဦးဆောင်ဆရာတော်များအပြင် ဗဟိုအဆင့် ဓမ္မစကူးလ် သင်ရိုးညွှန်းတမ်း ကျွမ်းကျင်သူများ (Dhamma School Resource Team) မှ ကျွမ်းကျင်သူ အဖွဲ့ဝင်များ၊ သင်တန်း နည်းပြများလည်း ပါဝင်သင့်ပါသည်။ ကြီးကြပ်သူများအနေဖြင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရန် လိုအပ်ပြီး၊ ကွင်းဆင်းသည့်အခါ အသုံးပြုရန် စစ်ဆေးချက်စာရင်း (Check List) ကို ပြုစုအသုံးပြုရန် ဖြစ်သည်။ လေ့လာ ကြီးကြပ်မှု ရလဒ်များကို စုစည်းပြီး နှစ်လယ်နှင့် နှစ်ဆုံး သုံးသပ်ညှိနှိုင်း အစည်းအဝေးများတွင် တင်ပြဆွေးနွေးကာ ပိုမိုကောင်းမွန်ရေး အကြံပြုဆွေးနွေးသွားရန် ဖြစ်သည်။

၇။ နိဂုံး

ဓမ္မစကူးလ်များ တည်ထောင်ဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာ သင်ခန်းစာများကို သင်ကြားပေးခြင်းအားဖြင့် ကလေးဘဝမှ စတင်ကာ ဗုဒ္ဓဝါဒကို အမှန်တကယ် နားလည်သဘောပေါက်ပြီး ဗုဒ္ဓ၏အဆုံးအမအတိုင်း နေထိုင် ကျင့်ကြံအားထုတ် လုပ်ဆောင်လာနိုင်ကြမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ အောင် ကာကွယ်ထိန်းသိမ်းရေးနှင့် ပြန့်ပွားထွန်းကားရေးအတွက် အားထုတ်လုပ်ဆောင်နိုင်ကြသည့် ဗုဒ္ဓဘာသာ ဝင်များ ပိုမိုများပြားလာနိုင်မည်ဟုလည်း မျှော်လင့်ပါသည်။

ထေရဝါဒဗုဒ္ဓဘာသာသည် ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို လမ်းညွှန်ပြသသည့် ဘာသာတရားလည်း ဖြစ်သည်။ သို့ဖြစ်ရာ ကလေးဘဝမှ စတင်ကာ အရာရာကို မိမိကိုယ်တိုင် ပိုင်းခြားဝေဖန် ဆင်ခြင်သုံးသပ်ပြီး ကျင့်ကြံနေထိုင်နိုင်သည့် အလေ့အထများ ပျိုးထောင် ပေးရန် လိုအပ်ပါသည်။ ထိုသို့ ပျိုးထောင်နိုင်ရေးအတွက် ဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်ခန်းစာများကို သင်ကြား ရာတွင် ကလေးဗဟိုပြုချဉ်းကပ်နည်းသည် အဆီလျော်ဆုံးဖြစ်သည်ဟု ယူဆပြီး ဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်ခန်းစာ များကို ပြုစုရေးဆွဲထားခြင်း ဖြစ်သည်။ နေ့စဉ်ဘဝတွင် တွေ့ကြုံရမြဲဖြစ်သည့် အမှန်နှင့်အမှား၊ တရားမှုနှင့် မတရားမှု၊ အမုန်းနှင့် ချစ်ခြင်းမေတ္တာ၊ ပညာမဲ့ခြင်းနှင့် ပညာရှိခြင်းသဘော စသည်တို့ကို ကလေးများကိုယ်တိုင် ပိုင်းခြားဝေဖန် ဆင်ခြင်သုံးသပ်ပြီး မှန်ကန်သောလမ်းကို ရွေးချယ်လျှောက်လှမ်းနိုင်ရေးအတွက် ကလေးဗဟိုပြု ချဉ်းကပ်နည်းက များစွာအထောက်အကူပြုမည်ဟုလည်း မျှော်လင့်ပါသည်။

ဓမ္မစကူးလ်များတွင် သင်ကြားပို့ချကြမည့် ဆရာ၊ ဆရာမများအနေဖြင့် သမားရိုးကျ သင်ကြားနည်းများ မဟုတ်ဘဲ အစီအစဉ်အသစ်များ၊ သင်ကြားနည်းအသစ်များကို အသုံးပြုပြီး သင်ကြားကြရမည် ဖြစ်ပါသည်။ ကလေးများကို ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အလေ့အထကောင်းများ စွဲမြဲစွာရရှိရေးအတွက် ပြုစုပျိုးထောင်ရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားခြင်းဖြစ်ရာ တစ်ပတ်လျှင် တစ်ရက်ကျဖြင့် အပတ်စဉ် သင်ကြားပေးရန် စီစဉ်ထားသည်။ ထိုသို့စီစဉ်ထားခြင်းအားဖြင့် ကလေးများအား ဗုဒ္ဓဘာသာသင်ခန်းစာများ၊ ဗုဒ္ဓဘာသာအလေ့အထများ၊ ဗုဒ္ဓဘာသာ အဝန်းအဝိုင်းများနှင့် စဉ်ဆက်မပြတ် ထိတွေ့နေစေနိုင်မည်လည်း ဖြစ်ပါသည်။ အချိန်ကာလ အတိုင်းအတာ တစ်ခုဖြင့် စခန်းသွင်းလေ့ကျင့်သင်ကြားပေးခြင်းမျိုး ဖြစ်နိုင်သည်ဆိုသည့်တိုင် အပတ်စဉ် အချိန်ပေး သင်ကြားခြင်းက ကလေးအတွက် ပိုမို၍ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ဓမ္မစကူးလ်ရည်ရွယ်ချက်များကိုလည်း ပိုမိုပေါက်မြောက်စေမည် ဖြစ်သည်။ သို့ဖြစ်ရာ ဆရာ၊ ဆရာမများအနေဖြင့် ဆရာလမ်းညွှန်တွင် ဖော်ပြထားသော လမ်းညွှန်ချက်များအတိုင်း လေ့လာစီစဉ်ပြီး သင်ကြားပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။