ပုဗ္ဗဏှသုတ် လင်္ကာ

From Wikisource
Jump to navigation Jump to search
ပုဗ္ဗဏှသုတ် လင်္ကာ
by အရှင်သာသနဝရ

၁။ ဘုရားတရား၊ သံဃာများ၏၊ ကြီးမားလျှံဖြိုး၊ မြတ်တန်ခိုးကြောင့်၊ ဂြိုဟ်ဆိုး ငှက်ဆိုး၊ အိပ်မက် ဆိုးနှင့်၊ နိမိတ်ဆိုး အမင်္ဂလာ၊ အဖြာဖြာ၊ ကင်းပါ ပျောက်ပါစေ။
၂။ ဘုရားတရား၊ သံဃာများ၏၊ ကြီးမားလျှံဖြိုး၊ မြတ်တန်ခိုးကြောင့်၊ အမျိုးမျိုးဒုက္ခ၊ ဘေးဘယ သောကာ၊ အဖြာဖြာ၊ ကင်းပါ ပျောက်ပါစေ။
၃။ ဒါနသီလ၊ ဘာဝနာတရား၊ ကုသိုလ်များ၊ ကြိုးစား ပြုနိုင်စေ။
၄။ တရားနာကြွလာ၊ နတ်ဗြဟ္မာ၊ ပြန်ပါ ကိုယ့်ဌာနေ။
၅။ ဘုရား, ပစ္စေကာ၊ ရဟန္တာများ၊ အရိယာများက၊ များပြားလှစွာ၊ သတ္တဝါတို့အား၊ မေတ္တာထား၍၊ အစဉ်သနားကြ၊ စောင့်ရှောက်ကြ၊ ချီးမြှောက် ကြပါစေ။
၆။ ဘုရား တရား၊ သံဃာများ၏၊ ကြီးမားလျှံဖြိုး၊ မြတ်တန်ခိုးကြောင့်၊ ကောင်းကျိုးမင်္ဂလာ၊
အဖြာဖြာ၊ မှန်စွာ ပြည့်စုံစေ။
၇။ နတ်ဗြဟ္မာများက၊ စောင့်ရှောက်ကြ၊ ချီးမြှောက် ကြပါစေ။
၈။ ကရုဏာ ကြီးမား၊ မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊ ပါရမီတရား၊ ကျင့်ကြံပွား၊ ဘုရား ဖြစ်ခဲ့ပေ။ သစ္စာ ဤစကား၊ စွမ်းပကားကြောင့် များပြားလှစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေ အပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။
၉။ ပုဗ္ဗဏှခေါ်အပ်၊ သုတ်တော်မြတ်ကို၊ လေးမြတ် ကြည်ညို၊ ရိုသေမြတ်နိုး၊ နာရကျိုး၊ တန်ခိုး ဖြာဖြာဝေ။
၁၀။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
၁၁။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၁၂။ ကျက်သရေအပေါင်း၊ မင်္ဂလာအပေါင်း၊ ခညောင်း ကြပါစေ။