ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး နာဂဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃။ ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု
325455ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး နာဂဝဂ် — ၃။ ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၃။ ပုဏ္ဏားအို၏သားများ ဝတ္ထု

ဓနပါလောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အမှတ်မရှိ တစ်ယောက်သောပုဏ္ဏားအို၏ သားတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အမွေအကုန်ပေးမိသော ပုဏ္ဏားကြီး၏ဒုက္ခ

သာဝတ္ထိပြည်၌ ပုဏ္ဏားတစ်ယောက်သည် ရှစ်သိန်းသောဥစ္စာစည်းစိမ်ရှိသည်ဖြစ်၍ အရွယ်သို့ရောက်ကုန်သော သားလေးယောက်တို့အား ထိမ်မြားခြင်းမင်္ဂလာကို ပြုလုပ်ပြီးလျှင် လေးသိန်းသောဥစ္စာတို့ကို ပေးပေသတတ်။ ထို့နောက် ပုဏ္ဏားကြီးအား ပုဏ္ဏေးမကြီး သေလွန်လတ်သည်ရှိသော် သားတို့သည် “ဤငါတို့အဖ ပုဏ္ဏားကြီးသည် တစ်ပါးသော ပုဏ္ဏေးမကို အကယ်၍ ဆောင်ယူသည်ဖြစ်အံ့၊ ထိုပုဏ္ဏေးမ၏ဝမ်း၌ဖြစ်သော သားတို့၏အစွမ်းအားဖြင့် အမျိုးဥစ္စာသည် ပျက်စီးလတ္တံ့၊ ယခုအခါ ငါတို့သည် ကောင်းစွာ ချီးမြှောက်ထောက်ပံ့ကြကုန်စို့အံ့”ဟု ကောင်းစွာ တိုင်ပင်ကြလေကုန်၏။ ထိုသားလေးယောက်တို့သည် မွန်မြတ်သော အဝတ်အစား အစရှိသည်တို့ဖြင့် လုပ်ကျွေးကုန်လျက် လက်ခြေဆုပ်နယ်ခြင်း စသည်ကို ပြုလုပ်ကြကုန်၏။ လုပ်ကျွေးသမှု ပြုလုပ်ကြသဖြင့် တစ်နေ့သ၌ ဖခင်ပုဏ္ဏားကြီး နေ့အခါအိပ်၍ နိုးလတ်သည်ရှိသော် လက်ခြေတို့ကို ဆုပ်နယ်ကြကုန်လျက် အသီးအသီး အိမ်ရာထောင်ခြင်း၌ အပြစ်ကိုပြောဆို၍ “ကျွန်တော်တို့သည် သင်-ဖခင်တို့ကို ဤသို့သောနည်းဖြင့် အသက်ထက်ဆုံး လုပ်ကျွေးကြပါကုန်အံ့၊ ကြွင်းသောဥစ္စာ လေးသိန်းကိုလည်း ကျွန်တော်တို့အား ပေးသနားကြပါလော့”ဟု တောင်းပန်ကြလေကုန်၏။ ဖခင်ပုဏ္ဏားကြီးသည် တစ်ဖန် တစ်ယောက်,တစ်ယောက်သောသားအား တစ်သိန်း,တစ်သိန်းစီပေး၍ မိမိအလို့ငှာ အဝတ်အရုံမျှလောက်ကိုသာ ထားသဖြင့် အသုံးအဆောင်ခံစားဖွယ် ဟူသမျှကို လေးခုသော အစုတို့ကိုပြု၍ အပ်နှင်းလေ၏။ ထိုဖခင်ပုဏ္ဏားကြီးကို သားကြီးသည် နှစ်ရက်,သုံးရက်ပတ်လုံး လုပ်ကျွေးပြုစုလေ၏။ ထို့နောက် တစ်နေ့သ၌ ရေချိုး၍ပြန်လာသော ထိုပုဏ္ဏားအိုကြီးကို မြင်တဲ့လျှင် တံခါးမုခ်၌ရပ်လျက် ချွေးမက ဆိုလိုက်သည်မှာ “သင်ဖခင်သည် သားကြီးအား တစ်ရာကိုလည်းကောင်း, တစ်ထောင်ကိုလည်းကောင်း အပိုအလွန်ပေးခြင်းသည် ရှိပါသလော၊ ခပ်သိမ်းသောသားတို့အား နှစ်သိန်း,နှစ်သိန်းစီ ပေးသည်မဟုတ်ပါလော။ ကြွင်းသောသားတို့၏အိမ်သို့ သွားရာလမ်းကို မသိလေသလော”ဟု ဤသို့သောစကားကို ဆိုဘိလေ၏။

ဘုရားထံသို့ ချဉ်းကပ်ခြင်း

ထိုပုဏ္ဏားအိုကြီးသည်လည်း “သူယုတ်မ ပျက်စီးလေလော့”ဟု ဆိုကာ အမျက်ထွက်သဖြင့် ထိုမှတစ်ပါးသောသား၏အိမ်သို့ သွားလေ၏။ ထိုသားအိမ်မှလည်း နှစ်ရက်,သုံးရက်လွန်သောအခါ ဤသို့သောနည်းဖြင့်သာလျှင် ပြေးစေအပ်သည်သာဖြစ်၍ ထိုမှတစ်ပါးသော သား၏အိမ်သို့ သွားပြန်လေ၏။ ဤသို့သောနည်းဖြင့် တစ်ခုသောအိမ်ကိုလည်း ဝင်ခြင်းကို မရလတ်သည်ဖြစ်ရကား အဝတ်ဖြူဝတ်သော ပရိဗိုဇ်ရဟန်း၏အဖြစ်ဖြင့် ရဟန်းပြုလုပ်ပြီးလျှင် ဆွမ်အလို့ငှာ သွားလာလှည့်လည်သဖြင့် အခါကာလတို့၏ လွန်လတ်သောအခါ အိုမင်းရင့်ရော်သည်ဖြစ်၍ မကောင်းသော စားသောက်ရခြင်း၊ မကောင်းသောအိပ်စက်ရခြင်းဖြင့် ညှိုးနွမ်းသောကိုယ် ရှိသည်ဖြစ်၍ ဆွမ်းအလို့ငှာ သွားလာလှည့်လည်လျက် ပြန်လာပြီးလျှင် ကျောက်ကုန်းဖြင့် လျောင်းစက်ကာ အိပ်ပျော်ခြင်းသို့ရောက်၍ အိပ်ရာမှထသဖြင့် ထိုင်လျက် မိမိကိုယ်ကိုကြည့်ပြီးလျှင် သားတို့၌ မိမိ၏ကိုးကွယ်ရာ အားထားရာ မမြင်လတ်သည်ရှိသော် “ရဟန်းဂေါတမသည် မျက်မှောင်ကြုတ်ခြင်း မရှိသတတ်၊ ပေါ်လွင်ရွှင်ပျသော မျက်နှာရှိသတတ်၊ ချမ်းသာစွာ ဆိုတတ်သောစကား ရှိသတတ်၊ အစေ့အစပ်ပြုခြင်း၌ လိမ္မာတော်မူသတတ်၊ ရဟန်းဂေါတမသို့ ချဉ်းကပ်ရလျှင် အစေ့အစပ်ပြုခြင်းကို ရခြင်းငှာ တတ်ကောင်း၏”ဟု ကြံစည်မိလေ၏။ ထိုပုဏ္ဏားကြီးသည် အဝတ်အရုံကို ကောင်းစွာပြုပြင်၍ ဆွမ်းခွက်ကိုကိုင်ကာ တောင်ဝှေးစွဲလျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။

(ထိုစကားမှန်၏။ ဤဆိုလတ္တံ့သောစကားကို ပါဠိတော်၌ မိန့်ဆိုအပ်သည်သာတည်း။ ထိုအခါ များသောဥစ္စာရှိဖူးသော တစ်ယောက်သောပုဏ္ဏားသည် ခေါင်းပါးသော ကိုယ်ရှိသည်ဖြစ်၍ ညစ်နွမ်းသော အဝတ်အရုံရှိသည်ဖြစ်၍ မြတ်စွာဘုရားရှိတော်မူရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေ၏။ ဤကား ပါဠိတော်၌ ဆိုအပ်သောစကားတည်း။)

မြတ်စွာဘုရားသည် တင့်အပ်လျောက်ပတ်သောအရပ်၌နေသော ထိုပုဏ္ဏားကြီးနှင့် ပဋိသန္ဓာရ စေ့စပ်ခြင်းကိုပြုပြီးလျှင် “ပုဏ္ဏားကြီး- အသို့နည်း။ သင်သည် ခေါင်းပါးသော ကိုယ်လက်ရှိဘိ၏။ ညစ်နွမ်းသော အဝတ်အရုံရှိဘိ၏”ဟု ဤသို့သောစကားကို မိန့်ကြားတော်မူလေ၏။ “အို..ရှင်ဂေါတမ- ဤလောက၌ တပည့်တော်အား သားလေးယောက်တို့သည် ရှိကြပါကုန်၏။ ထိုသားလေးယောက်တို့သည် တပည့်တော်ကို မယားတို့နှင့်တိုင်ပင်၍ အိမ်မှ ထွက်ခွာစေကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ထိုသို့ဖြစ်မှု ပုဏ္ဏားကြီး- သင်သည် ဤဂါထာတို့ကို သင်ယူ၍ သဘင်၌ များစွာသော လူအပေါင်း စည်းဝေးလတ်သည်ရှိသော် သားတို့သည်လည်း စည်းဝေးလတ်ကုန်သည်ရှိသော် ရွတ်ဆိုချေလော့။”

ပုဏ္ဏားကြီးအား ဘုရားသင်ပေးသော ဂါထာများ

ယေဟိ ဇာတေဟိ နန္ဒိဿံ၊ ယေသဉ္စ ဘဝမိစ္ဆိသံ။
တေ မံ ဒါရေဟိ သံပုစ္ဆ၊ သာဝ ဝါရေန္တိ သူကရံ။

အသန္တာ ကိရ မံ ဇမ္မာ၊ တာတ တာတာတိ ဘာသရေ။
ရက္ခသာ ပုတ္တရူပေန၊ တေ ဇဟန္တိ ဝယောဂတံ။

အဿောဝ ဇိဏ္ဏော နိဗ္ဘောဂေါ၊ ခါဒနာ အပနီယတိ။
ဗာလာကာနံ ပိတာ ထေရော၊ ပရာဂါရေသု ဘိက္ခတိ။

ဒဏ္ဍောဝ ကိရ မေ သေယျော၊ ယဉ္စေ ပုတ္တာ အနဿဝါ။
စဏ္ဍမ္ပိ ဂေါဏံ ဝါရေတိ၊ အထော စဏ္ဍမ္ပိ ကုက္ကုရံ။

အန္ဓကာရေ ပုရေ ဟောတိ၊ ဂမ္ဘီရေ ဂါဓမေဓတိ။
ဒဏ္ဍဿ အာနုဘာဝေန၊ ခလိတွာ ပတိ တိဋ္ဌတိ။

ယေဟိ၊ အကြင်သားတို့သည်။ ဇာတေဟိ၊ ဖွားမြင်လတ်ကုန်သည်ရှိသော်။ အဟံ၊ အကျွန်ုပ်သည်။ နန္ဒိဿံ၊ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရဖူးပြီ။ ယေသဉ္စ၊ အကြင်သားတို့၏လည်း။ ဘဝံ၊ စည်းစိမ်ချမ်းသာဖြင့် ကြီးပွားခြင်းကို။ ဣစ္ဆိသံ၊ အလိုရှိရဖူးလေပြီ။ တေ၊ ထိုသားတို့သည်။ မံ၊ ငါ့ကို။ ဒါရေဟိ၊ မယားတို့နှင့်။ သံပုစ္ဆ၊ တိုင်ပင်၍။ သူကရံ၊ ဝက်ကို။ သာ၊ ခွေးတို့သည်။ ဝါရေန္တိ ဣဝ၊ တားမြစ်ကုန်သကဲ့သို့။ ဝါရေန္တိ၊ တားမြစ်ကြကုန်၏။

အသန္တာ၊ သူတော်ကောင်း မဟုတ်ကုန်သော။ ဇမ္မာ၊ ယုတ်မာလှသော သားမိုက်ဖြစ်ကုန်သော။ ရက္ခသာ၊ ဘီလူးတို့သည်။ ပုတ္တရူပေန၊ သား၏အသွင်ဖြင့်။ မံ၊ ငါ့ကို။ တာတ တာတာတိ၊ ဖခင်,ဖခင်ဟူ၍။ ဘာသရေ ကိရ၊ ဆိုကြကုန်သတတ်။ တေ၊ ထိုသားမိုက် လေးယောက်တို့သည်။ ဝယောဂတံ၊ ကြီးရင့်သော အရွယ်သို့ရောက်သောငါ့ကို။ ဇဟန္တိ ၊ စွန့်ပစ်ကြကုန်၏။

ဇိဏ္ဏော၊ အိုမင်းသော။ နိဗ္ဘောဂေါ၊ သုံးဆောင်ခြင်းငှာ မထိုက်သော။ အဿော၊ မြင်းကို။ ခါဒနာ၊ အစာမှ။ အပနီယတိ ဣဝ၊ ပယ်အပ်သကဲ့သို့။ အဟံ၊ ငါ့ကို။ အပနီယာမိ၊ ပယ်အပ်၏။ ၊ ထိုသို့ ပယ်လေသောကြောင့်။ ဗာလကာနံ၊ သားမိုက်တို့၏။ ပိတာ၊ ဖခင်ဖြစ်သော။ ထေရော၊ အဘိုးအိုကြီးသည်။ ပရာဂါရေသု၊ သူတစ်ပါးတို့၏ အိမ်တို့၌။ ဘိက္ခတိ၊ တောင်းစားရ၏။

မေ၊ ငါ၏။ ဒဏ္ဍောဝ၊ တောင်ဝှေးသည်သာလျှင်။ သေယျာ ကိရ၊ မြတ်ပေသတတ်။ အနဿဝါ၊ အာကိုးရာမရကြကုန်သော။ ဝါ၊ မိဘစကား နားမထောင်ကြကုန်သော။ ပုတ္တာ၊ သားတို့သည်။ ယံ စေ၊ မမြတ်ကြကုန်။ မေ၊ ငါ၏။ ဒဏ္ဍော၊ တောင်ဝှေးသည်။ စဏ္ဍံ၊ ကြမ်ကြုတ်သော။ ဂေါဏမ္ပိ၊ နွားကိုလည်း။ ဝါရေတိ၊ တားမြစ်နိုင်၏။ အထော၊ ထိုမှတစ်ပါး။ စဏ္ဍကုက္ကုရမ္ပိ၊ ကြမ်းကြုတ်သော ခွေးကိုလည်း။ ဝါရေတိ၊ တားမြစ်နိုင်၏။

အန္ဓကာရေ၊ အမိုက်တိုက်၌။ ပုရေ၊ ရှေ့သွားအဖော်သည်။ ဟောတိ၊ ဖြစ်ပေ၏။ ဂမ္ဘီရေ၊ အစောက်နက်သော ချောက်၌။ ဂါဓံ၊ ထောက်ရာတည်ရာကို။ ဧဓတိ၊ ရနိုင်၏။ ဒဏ္ဍဿ၊ တောင်းဆုံး၏။ အာနုဘာဝေန၊ အာနုဘော်ကြောင့်။ ခလိတွာ၊ ချွတ်ချော် တိမ်းလဲသည်ရှိသော်။ ပတိတိဋ္ဌတိ၊ တည်တံ့နိုင်ပေ၏။

ဂါထာ၏တန်ခိုးဖြင့် ပြန်၍ချမ်းသာခြင်း

ဤသို့လျှင် ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏အထံတော်၌ ထိုဂါထာတို့ကို သင်ယူပြီးလျှင် ပုဏ္ဏားတို့၏ ထိုသို့သဘောရှိသော အညီအညွတ် စည်းဝေးရာနေ့ရက်၌ ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော သားတို့သည် ထိုသဘင်သို့သက်ဝင်၍ ပုဏ္ဏားတို့၏အလယ် မြတ်သောသူတို့သာ နေခြင်းငှာ ထိုက်သောနေရာ၌ ထိုင်နေကြကုန်သည်ရှိသော် “ဤအခါသည် ငါဝင်ချိန် အခါတန်ပြီ”ဟု သဘင်၏အလယ်သို့ဝင်၍ လက်ကိုမြှောက်ချီလျက် “ငါသည် သင်တို့အား ဂါထာတို့ကိုဆိုခြင်းငှာ အလိုရှိပါသည်။ နားထောင်ကြပါကုန်လော့”ဟု ဆို၍ “ပုဏ္ဏားကြီး- ဆိုပါလော့၊ နားထောင်ကြပါကုန်အံ့”ဟု ပြန်ဆိုသည်ရှိသော် ရပ်လျက်သာလျှင် ရွတ်ဆိုလေ၏။

(ထိုအခါ၌ကား လူတို့အား ဤသို့သော ကျင့်ဝတ်ရှိသည်ဖြစ်၏။ အကြင်သားသမီးသည် အမိအဘတို့၏ ဥစ္စာကိုစား၍ အမိအဘတို့ကို မလုပ်ကျွေး၊ ထိုသားသမီးကို သတ်အပ်၏ဟု ကျင့်ဝတ်ရှိသည်ဖြစ်၏။)

ထို့ကြောင့် ထိုပုဏ္ဏား သားလေးယောက်တို့သည် ဖခင် ပုဏ္ဏားကြီး၏ ခြေရင်းတို့၌ဝပ်လျက် “ဖခင်- ကျွန်တော်တို့အား အသက်ကို ပေးတော်မူကြပါကုန်လော့”ဟု တောင်းပန်ကြလေကုန်၏။ ထိုပုဏ္ဏားကြီးသည်လည်း စိတ်နှလုံး နူးညံ့သည်အဖြစ်ကြောင့် “အချင်းတို့ ငါ၏သားတို့ကို မဖျက်ဆီးကြပါကုန်လင့်၊ ငါ့ကို ကျွေးမွေးကြပါလိမ့်မည်”ဟု ဆိုလေ၏။ ထို့နောင်မှ ပုဏ္ဏားကြီး၏သားတို့ကို လူတို့သည် “အချင်းတို့- ယနေ့ကိုအစပြု၍ ဖခင်ကို အကယ်၍ ကောင်းစွာ မလုပ်ကျွေးကြကုန်သည်ဖြစ်အံ့၊ သင်တို့ကို သတ်ပစ်ကြရလိမ့်မည်”ဟု ပြောဆိုကြလေကုန်၏။

ထိုသားလေးယောက်တို့သည် ကြောက်လန့်ကြကုန်သည် ဖြစ်ရကား ဖခင်ပုဏ္ဏားကြီးကို အင်းပျဉ်၌ နေစေပြီးမှ ကိုယ်တိုင်ထမ်းလျက် အိမ်သို့ဆောင်သဖြင့် ကိုယ်ကို ဆီဖြင့်နယ်၍ ပွတ်သပ်၍ နံ့သာမှုန့် စသည်တို့ဖြင့် ရေချိုးပေးပြီးလျှင် ပုဏ္ဏေးမတို့ကို ခေါ်စေသဖြင့် “ယနေ့ကိုအစပြု၍ ငါတို့၏ဖခင်ကို ကောင်းစွာ လုပ်ကျွေးကြကုန်လော့၊ မေ့လျော့ခြင်းသို့ အကယ်၍ ရောက်ကုန်သည်ဖြစ်အံ့၊ သင်တို့ကို နှိပ်စက်ကြရကုန်လတ္တံ့”ဟု ဆို၍ မွန်မြတ်သော ဘောဇဉ်ကို ကျွေးမွေးကြလေကုန်၏။ ပုဏ္ဏားကြီးသည် ကောင်းစွာ စားရခြင်းကိုလည်းကောင်း၊ ကောင်းစွာ အိပ်ရခြင်းကိုလည်းကောင်း အစွဲပြု၍ နှစ်ရက်,သုံးရက်လွန်သောအခါ ဖြစ်သောအားရှိသည်ဖြစ်၍ ပြည့်ဖြိုးသော ဣန္ဒြေရှိသည်ဖြစ်၍ အတ္တဘောကို ကြည့်ရှုလျက် “ငါသည် ဤစည်းစိမ်ချမ်းသာကို ရဟန်းဂေါကမကိုမှီ၍ ရအပ်ပေ၏”ဟု လက်ဆောင်အလို့ငှာ တစ်စုံသောအဝတ်ပုဆိုးကိုယူ၍ မြတ်စွာဘုရား၏အထံတော်သို့ သွားပြီးလျှင် ပြုအပ်သော ပဋိသန္ဓာရ စေ့စပ်ခြင်းရှိသည်ဖြစ်၍ တင့်အပ်လျောက်ပတ်သောအရပ်၌နေလျက် ထိုပုဆိုးအစုံကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ထား၍ “အို..ရှင်ဂေါတမ- တပည့်တော်တို့ ပုဏ္ဏားတို့မည်သည်ကား ဆရာ့အလို့ငှာ ဆရာတွက်ဥစ္စာကို ရှာလေ့ရှိကြပါကုန်၏။ ရှင်ဂေါတမသည် တပည့်တော်၏ ဆရာဖြစ်ပါသည်။ ဆရာ၏အဖို့ဥစ္စာကို ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။

ဘုရားအား ပုဏ္ဏားကြီး ဆွမ်းဝတ်တည်ခြင်း

မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီးအား အစဉ်သနားသဖြင့် ပုဆိုးအစုံကို ခံယူတော်မူပြီး၍ တရားဟောတော်မူ၏။ ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားသည် သရဏဂုံသုံးပါးတို့၌ တည်သဖြင့် “အို..ရှင်ဂေါတမ- တပည့်တော်အား သားတို့သည် အမြဲမပြတ် လေးလုံးသော ထမင်းအိုးတို့ကို ပေးအပ်ကုန်၏။ ထိုလေးလုံးသော ထမင်းအိုးမှ တပည့်တော်သည် မြတ်စွာဘုရားတို့အား နှစ်လုံးသော ထမင်းအိုးတို့ကို လှူပါ၏ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ပုဏ္ဏားကြီးကို မြတ်စွာဘုရားသည် “ပုဏ္ဏားကြီး- ကောင်းသောသဘောရှိ၏။ ငါတို့သည်ကား နှစ်သက်ရာအရပ်သို့သာ သွားကြကုန်အံ့”ဟု ဆို၍ လွှတ်လိုက်လေ၏။ ပုဏ္ဏားကြီးသည် အိမ်သို့သွားပြီးလျှင် သားတို့ကို “အို..ချစ်သားတို့- ရဟန်းဂေါတမသည် ငါ၏ အဆွေခင်ပွန်းဖြစ်၏။ ငါသည် ထိုရဟန်းဂေါတမအား အမြဲ နှစ်လုံးသော ထမင်းအိုးတို့ကို လှူအပ်ကုန်၏။ သင်တို့သည် ရဟန်းဂေါတမ ရောက်လာသည်ရှိသော် မမေ့မလျော့ကြကုန်လင့်”ဟု ဆိုလေ၏။ ထိုသားတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံကြလေကုန်၏။ မြတ်စွာဘုရားသည် တစ်ဖန် မိုးသောက်သောနေ့၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလတ်သည်ရှိသော် သားကြီး၏အိမ်တံခါးသို့ ရောက်သွားတော်မူလေ၏။ သားကြီးသည် မြတ်စွာဘုရားကိုမြင်ရလျှင် သပိတ်တော်ကိုယူ၍ အိမ်သို့ပင့်သွင်း၍ မြတ်သောသူတို့အား နေခြင်းငှာ ထိုက်သော ပလ္လင်၌နေစေပြီးလျှင် မွန်မြတ်သောဘောဇဉ်ကို လှူဒါန်းလေ၏။ ဘုရားရှင်သည် တစ်ဖန် မိုးသောက်သောနေ့၌ ထိုမှတစ်ပါးသော သားတစ်ယောက်အိမ်သို့လည်းကောင်း အစဉ်အတိုင်းအားဖြင့် ခပ်သိမ်းသောသားတို့၏အိမ်သို့ ကြွသွားတော်မူလေ၏။ ခပ်သိမ်းသော သားတို့သည် ထို့အတူသာလျှင် ပူဇော်သက္ကာရကို ပြုကြလေကုန်၏။

သားများလည်း ဘုရားကိုကြည်ညိုခြင်း

တစ်နေ့သ၌ သားကြီးသည် မင်္ဂလာကို ဖြစ်စေအပ်သည်ရှိသော် ဖခင်ပုဏ္ဏားကြီးကို “ဖခင်- အဘယ်သူအား မင်္ဂလာကို ပေးလှူကြရပါကုန်အံ့နည်း”ဟု ဆိုလေ၏။ “ငါသည် တစ်ပါးသောပုဂ္ဂိုလ်တို့ကို မသိ၊ ရဟန်းဂေါတမသည် ငါ၏အဆွေခင်ပွန်းဖြစ်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ဖခင်သည် နက်ဖြန်ကောင်းမှုအလို့ငှာ ငါးရာသောရဟန်းတို့နှင့် အတူတကွ ပင့်ဖိတ်ကြပါကုန်လော့”ဟု ဆိုသဖြင့် ပုဏ္ဏားကြီးသည် ထိုသားကြီးဆိုသောအတိုင်း ပြုလေ၏။ မြတ်စွာဘုရားသည် တစ်ဖန် မိုးသောက်နေ့၌ အခြံအရံနှင့်တကွ ထိုသားကြီး၏အိမ်သို့ ကြွသွားတော်မူလေ၏။ ထိုသားကြီးသည် စိုစွတ်သော နွားချေးဖြင့် လိမ်းကျံအပ်သော ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သောအိမ်၌ ဘုရားရှင် အမှူးရှိသော ရဟန်းသံဃာကို နေစေပြီးလျှင် ရေမရောသော ကောင်းသောအရသာရှိသော နို့ဃနာဖြင့်လည်းကောင်း၊ မွန်မြတ်သော ခဲဖွယ်ဖြင့်လည်းကောင်း လုပ်ကျွေးသမှုပြုစုလေ၏။ ဆွမ်းဘုဉ်းပေးခြင်း၏ အတွင်း၌သာလျှင် ပုဏ္ဏားကြီး၏ သားလေးယောက်တို့သည် မြတ်စွာဘုရား၏ အထံတော်၌နေ၍ “အို..ရှင်ဂေါတမ- တပည့်တော်တို့သည် တပည့်တော်တို့၏ဖခင်ကို လုပ်ကျွေးကြပါသည်။ မမေ့မလျော့ကြပါ။ ထိုဖခင်ပုဏ္ဏားကြီး၏ အတ္တဘောကို ကြည့်ရှုတော်မူကြပါဘုရား”ဟု လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားသည် “သင်တို့သည် ကောင်းသောအမှုကို ပြုအပ်ပေ၏။ အမိအဖတို့ကို လုပ်ကျွေးခြင်းမည်သည်ကား ရှေးပညာရှိတို့၏ အလေ့အကျက်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် တဿနာဂဿ ဝိပ္ပဝါသေန၊ ဝိရူဠှာ သလ္လကီစ ကုဋဇာစ အစရှိသည်ဖြင့် ဧကာဒသက နိပါတ်၌လာသော အမိကိုလုပ်ကျွေးသော ဤဆင်မင်းဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူလို၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၂၄] ဓနပါလောနာမ ကုဉ္ဇရော၊ ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ၊ သုမရတိ နာဂဝနဿ ကုဉ္ဇရော။

ဓနပါလောနာမ၊ ဓနပါလ အမည်ရှိသော။ ကုဉ္ဇရော၊ ဆင်ပြောင်သည်။

(ထိုအခါ ကာသိကရာဇ်မင်းကြီးသည် ဆင်ဆရာကိုစေလွှတ်၍ မွေ့လျော်ဖွယ်ကောင်းသော ကံ့ကော်တော၌ ဖမ်းယူစေအပ်သော ဆင်ပြောင်၏အမည်သည် “ဓနပါလ”မည်၏ ဟူလို။)

ကဋုကဘေဒနော၊ ထက်သော မုန်ယစ်ခြင်း ရှိသည်ဖြစ်၍။ ဒုန္နိဝါရယော၊ တားမြစ်နိုင်ခဲ၏။

(ဆင်တို့အား မုန်ယစ်လတ်သောအခါ နားပန်စွန်းမှ ကွဲထွက်၏။ ပကတိအားဖြင့်လည်း ဆင်တို့သည် ထိုအခါ ချွန်းတောင်းဖြင့်လည်းကောင်း၊ လှံမ,ခက်ရင်းဖြင့်လည်းကောင်း နှိပ်စက်ရလောက်အောင် ကြမ်းကြုတ်ကြပါကုန်၏။ ဓနပါလဆင်ကား အလွန်ကြမ်းကြုတ်လှသည် ဖြစ်၍ တားမြစ်နိုင်ခဲ၏ဟူလို။)

ဗဒ္ဓေါ၊ ဖမ်းထားအပ်သည်ဖြစ်၍။ ကဗဠံ၊ အစာအာဟာရကို။ န ဘုဉ္ဇတိ၊ မစားနိုင်။

(ထိုဆင်ပြောင်ကို ဖွဲ့ချည်ထားသည် မဟုတ်သော်လည်း ဆင်တင်းကုပ်သို့ဆောင်၍ ဆန်းကြယ်သော ကန့်လန့်ကာတို့ကို ကာရံစေလျက် အပြေအပြစ်ပြုအပ်သော နေရာ၏အထက်၌ ဖွဲ့အပ်သော ဆန်းကြယ်သော မျက်နှာကြက်ရှိသော မြေအဖို့၌ ထားအပ်၏။ မင်းကြီးသည် မင်အား ထိုက်တန်သော အထူးထူး ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ဖြင့် ကျွေးမွေးစေအပ်သော်လည်း တစ်စုံတစ်ခုသော အစာအာဟာရကို စားသောက်ခြင်းငှာ အလိုမရှိ။ ဆင်တင်းကုပ်သို့ သွင်းထားခြင်းမျှကိုပင် ရည်စူ သောအားဖြင့် ဖမ်ထားအပ်သည်ဖြစ်၍ အစာအာဟာရကို မစားနိုင်ဟု ဆိုခြင်းဖြစ်၏ဟူလို။)

ကုဉ္ဇရော၊ ဆင်ပြောင်သည်။ နာဂဝနဿ၊ အမိနေရာကံ့ကော်တောအရပ်ကို။ သုမရတိ၊ အလွန်အောက်မေ့၏။

(ထိုဆင်ပြောင်ကြီးသည် မွေ့လျော်ဖွယ်ကောင်းသောအရပ်ဟု ကံ့ကော်တောကို အောက်မေ့သည်မဟုတ်၊ သူ၏မိခင် မျက်မမြင် ဆင်မအိုကြီးသည် သားနှင့်ကွေကွင်းသဖြင့် ဆင်းရဲခြင်းသို့ရောက်ရရှာ၏။ ထိုဆင်ပြောင်သည် မိဘကို လုပ်ကျွေးသောငါ့အား တရားမပြည့်၊ ဤဘောဇဉ်ဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု တရားနှင့်အညီ မိဘလုပ်ကျွေးသော တရားကိုသာလျှင် လွမ်းဆွတ်အောက်မေ့လေ၏။ ထိုတရားကိုကား ထိုကံ့ကော်တော၌သာ နေသဖြင့် ဖြည့်ကျင့်ခြင်းငှာ တတ်ကောင်းလေသောကြောင့် ဆင်ပြောင်သည် ကံ့ကော်တောကို အလွန်အောက်မေ့၏ဟု ဆိုသည်ဟူလို။)

ဒေသနာတော်၏ အကျိုး

မြတ်စွာဘုရားသည် ကိုယ်တော်၏ ဤရှေးအကျင့်ကို ဆောင်တော်မူ၍ ဟောကြားတော်မူစဉ်ပင်လျှင် အလုံးစုံသော ထိုပုဏ္ဏားတို့သည် မျက်ရည်အလျဉ်တို့ကို ဖြစ်စေလျက် နူးညံ့သော စိတ်နှလုံး ရှိကြကုန်သဖြင့် နားထောင်ကြလေကုန်၏။ ထို့နောင်မှ မြတ်စွာဘုရားသည် ထိုသူတို့အား လျောက်ပတ်သည်ကို သိတော်မူသဖြင့် သစ္စာလေးပါးတရားတို့ကို ပြတော်မူလျက် တရားဟောတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ သားလေးယောက်တို့နှင့်လည်းကောင်း၊ ချွေးမလေးယောက်တို့နှင့်လည်းကောင်း အတူတကွ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ပုဏ္ဏားအို၏သားများ ဝတ္ထု ပြီး၏။