ပန်းလှူရကျိုး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၃။ ပန်းလှူရကျိုး (ကျောင်းသားကိုင်သို့)
339356ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၃။ ပန်းလှူရကျိုး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

ပန်းလှူရကျိုး

သင်ယူမှုဦးတည်ချက် ။ ။ မြတ်စွာဘုရားအားပန်းကပ်လှူရခြင်း၏အကျိုးကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်လွတ်များ၊ ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ဘုရားကျောင်းဆောင်ရှေ့မှာထိုင်ပြီး ဘုရားရှိခိုးဖူးကြလား”ဟု မေးပြီး နိဒါန်းပျိုးပါ။

֍ပြီးလျှင် ကလေးအားလုံးကို မျက်စိမှိတ်ခိုင်းပြီး “သားတို့၊ သမီးတို့ရဲ့ အိမ်ထဲမှာရှိတဲ့ ဘုရား ကျောင်းဆောင်မှာ ဘာတွေရှိသလဲဆိုတာ စဉ်းစားကြည့်ရအောင်၊ ဘုရားကျောင်းဆောင် ကို မျက်စိထဲ မြင်ယောင်ကြည့်ပါ”ဟု ပြောပါ။

֍ဘုရားကျောင်းဆောင်တွင် ရှိသည့်အရာများကို တစ်ယောက်တစ်မျိုး ပြောကြည့်ပါစေ။

[သတိပြုရန် 1]

֍ကလေးများပြောသမျှ ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပါ။ အဖြေတူလျှင် ထပ်မရေးပါနှင့်။

֍ထို့နောက် ကလေးအားလုံးကို မျက်လုံးပြန်ဖွင့်စေပြီး သင်ပုန်းပေါ်ရှိစာကို ပြိုင်တူဖတ်ပြ ကြပါစေ။

֍တစ်ဖန် “စေတီပုထိုးတွေမှာ ဘာတွေလှူထားတာ တွေ့ ရသလဲ”ဟု မေး၍ မျက်လုံးမှိတ်ကာ စဉ်းစားကြည့်ပါစေ။ တွေ့ ဖူးသမျှ တစ်ယောက်တစ်မျိုး ပြောပါစေ။

[သတိပြုရန် 2]

֍ကလေးများပြောသမျှ ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပါ။ အဖြေတူလျှင် ထပ်မရေးပါနှင့်။

֍ထို့နောက် ကလေးအားလုံးကို မျက်လုံးပြန်ဖွင့်စေပြီး သင်ပုန်းပေါ်ရှိစာကို ပြိုင်တူဖတ်ပြ ကြပါစေ။

֍ပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့အိမ်မှာရော ဘယ်သူက ဘုရားပန်းကပ်တာလဲ။
-ဘုရားပန်းအိုး ရေလဲတာရော ဘယ်သူလဲ။
-ကလေးတို့ရော ကူညီဖူးသလား။
-ကိုယ်တိုင်ရော ဘုရားပန်းကပ်ဖူးလား။
-ဘုရားပန်းကပ်ပြီးရင် စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ။

֍ထို့နောက် ကလေးတိုင်းအား စာရွက်လွတ်များ ဝေပါ။

֍ပြီးနောက် “ဟုတ်ပြီ၊ သားတို့၊ သမီးတို့အနေနဲ့ ဘုရားမှာ ဘယ်လိုပန်းတွေ ကပ်လှူချင်ကြ သလဲ။ သားတို့၊ သမီးတို့ကပ်လှူချင်တဲ့ ပန်းလေးတွေကို ပုံဆွဲကြည့်ရအောင်၊ ပန်းနာမည် လေးတွေကိုပါ ရေးရမယ်နော်၊ ပြီးရင် သားတို့၊ သမီးတို့နာမည်ကို စာရွက်မှာရေးပြီး သင်ပုန်း/နံရံမှာ လာကပ်ကြရမယ်”ဟု ဆိုကာ ကလေးများစိတ်ကြိုက် ပန်းပုံများ ဆွဲပြီးလျှင် သင်ပုန်း/နံရံတွင် လာကပ်ကြပါစေ။

֍နောက်ဆုံးတွင် “အခု သားတို့၊ သမီးတို့က ဘုရားမှာ လှူချင်တဲ့ပန်းတွေကို ကိုယ်တိုင် ဆွဲကြည့်ပြီးသွားပြီ။ ဆွဲထားတဲ့ ပန်းပုံလေးတွေကလည်း အလွန်လှတယ်။ ဒီတော့ နောက်တစ်ချိန်မှာ ဘုရားပန်းကပ်လှူရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတာကို ဇာတ်လမ်းလေးနဲ့ ပြောပြမယ်” စသည်ဖြင့်ပြောကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပဒုမ္မာနတ်သမီး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ပဒုမ္မာနတ်သမီး ဇာတ်လမ်းကို ရုပ်ပုံများပြ၍ ပြောပြပါ။

ပဒုမ္မာနတ်သမီး

ဟိုးရှေးရှေးတုန်းက အလွန်လှပအေးချမ်းတဲ့ တိုင်းပြည်တစ်ပြည်ရှိပါတယ်။ တိုင်း ပြည်အုပ်ချုပ်တဲ့ ဘုရင်ကြီးဟာ အခြွေအရံတွေအများကြီးနဲ့ တိုင်းခန်းလှည့်လည်လေ့ရှိ တယ်။ ဆင်တွေ၊ မြင်းတွေ၊ အခြွေအရံတွေ အများကြီးနဲ့ ဘုရင်ကြီး တိုင်းခန်းလှည့်လည်ပုံ ဟာ နတ်ပြည်က နတ်သားတွေလို ခမ်းနားကြီးကျယ်လှတယ်။ အဲဒီအချိန်မှာ အမျိုးသမီး ငယ်တစ်ယောက်ဟာ ဘုရင်ကြီးရဲ့ ခမ်းနားကြီးကျယ်ပုံ၊ ကျက်သရေရှိပုံတွေကို မြင်ပြီး ရင်သပ်ရှမော အံ့ဩနေမိတယ်။ “ဒီဘုရင်ကြီးဟာ ဘယ်လိုကောင်းမှုကုသိုလ်တွေ လုပ်ခဲ့လို့ အခုလို အကျိုးပေးနေရတာပါလိမ့်”လို့ စဉ်းစားမိတယ်။ အမျိုးသမီးငယ်လေးဟာ ဘုရင်ကြီး ကို အားကျပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ချင်စိတ်တွေ ဖြစ်ပေါ်နေခဲ့တယ်။

နောက်တစ်နေ့မှာ မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ရောက်လာရင် လှူမယ်ဆိုပြီး ပဒုမ္မာ ကြာပန်းတွေကို ပန်းမွေ့ ရာပုံသဏ္ဌာန် ခင်းလိုက်တယ်။ ပန်းမွေ့ရာပေါ်မှာ ပလ္လင်ကိုထားပြီး ပန်းကုံးပန်းဆိုင်းတွေကို ချိတ်ဆွဲထားလိုက်တယ်။ ဒါ့အပြင် နို့ဆန်ပြုတ်ကိုလည်း အဆင် သင့် ပြင်ဆင်ထားလိုက်တယ်။ ဆွမ်းခံချိန်ရောက်တော့ အရှင်သာရိပုတ္တရာမထေရ်မြတ် ဟာ အမျိုးသမီးငယ်လေးရဲ့ အိမ်ရှေ့ကို ရောက်လာခဲ့တယ်။ မထေရ်မြတ်ကို မြင်တဲ့အခါ “အရှင်ဘုရားပန်းမွေ့ရာပေါ်မှာ သီတင်းသုံးတော်မူပါဘုရား”လို့ ပင့်လျှောက်ပြီး နို့ဆန် ပြုတ်ကို ရိုရိုသေသေနဲ့ လောင်းလှူကာ ပလ္လင်ပေါ်မှာ ဘုဉ်းပေးရန် လျှောက်ထားလိုက် တယ်။ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ သပိတ်ကိုဆေးပြီး စားသောက်ဖွယ်ရာတွေကို သပိတ် အပြည့် လောင်းလှူပါတယ်။ ပန်းတွေကိုလည်း ကျောင်းကို ပို့ဆောင်လှူဒါန်းပါတယ်။

အဲဒီလို ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် အမျိုးသမီးငယ်ဟာ နောက်ဘဝ ရောက်တော့ တာဝတိံသာနတ်ပြည်မှာ နတ်သမီးဖြစ်ပြီး ရွှေဗိမာန်ကြီးကို ပိုင်ဆိုင်ရတယ်။ ရွှေဗိမာန်ကြီးမှာ အခြွေအရံနတ်သမီးတွေ အများကြီးကိုလည်း ပိုင်ဆိုင်တယ်။ ပဒုမ္မာကြာ ပန်းလေးလိုလည်း လှပချောမောတဲ့ နတ်သမီးလေး ဖြစ်ရတယ်။ ပဒုမ္မာကြာပွင့်ချပ်သဏ္ဌာန် ရတနာတွေနဲ့ တန်ဆာဆင်ထားတဲ့ ယာဉ်ပျံတစ်ခုလည်း ရရှိပိုင်ဆိုင်တယ်။ နတ်သမီးလေး ဟာ ယာဉ်ကိုစီးပြီး ဥယျာဉ်ကို သွားတဲ့အခါ နတ်သမီးလေးရဲ့ အလှဟာ တခြားနတ်သမီး တွေထက် ပိုပြီး ချောမောလှပပြီး အများက ငေးမောကြည့်ရှုနေကြရတယ်။ နတ်သမီးလေးရဲ့ အဲဒီစည်းစိမ်ဥစ္စာတွေဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ပန်းလှူခဲ့တဲ့အတွက် ရရှိ လာတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

မှီငြမ်း ။ ။ ကုဉ္ဇရဝိမာနဝတ္ထု၊ ဝိမာနဝတ္ထု မြန်မာပြန်။၅။ ဝိမာနဝတ္ထု၊ ဋ္ဌ၊ ၂၇။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် 3]

-သားတို့၊ သမီးတို့ ကြာပန်းမြင်ဖူးလား။ ကြာပန်းက ဘယ်လိုပုံစံလဲ၊ ဘာအရောင် လဲ၊ အရွယ်အစားကရော ဘယ်အရွယ်ရှိသလဲ။
-ပဒုမ္မာကြာပန်းကိုရော မြင်ဖူးကြလား။ ဘယ်လိုပုံစံရှိလဲ ပြောကြည့်ပါဦး။
-ဇာတ်လမ်းထဲက အမျိုးသမီးက ရှင်သာရိပုတ္တရာမထေရ်မြတ်ကို ဘာတွေလှူလဲ။
-အမျိုးသမီးငယ် သေပြီးတဲ့နောက် ဘယ်ရောက်သွားသလဲ။ ဘာဖြစ်သွားသလဲ။
-သူ ဘာတွေလှူခဲ့လို့ အဲဒီလို အကျိုးကျေးဇူးတွေ ရရှိတာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မြတ်ဘုရားကို ပန်းလှူမယ် သီချင်းကဗျာ၊ ကဗျာရေးထားသော ကတ်ပြား၊ ပန်းပွင့်ပုံ ကတ်ပြားများနှင့် ပန်းအမည် ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ပြီးနောက် “ကဲ ... ဟုတ်ပြီ၊ သားတို့၊ သမီးတို့က ဇာတ်လမ်းလည်း နားထောင်ပြီးပြီဆို တော့ ပန်းလှူရကျိုးတွေကိုလည်း သိသွားကြပြီ။ ဒီတစ်ခါ ပန်းစကားထာဖွက်ကြမယ်”ဟု ပြောပြီး မိမိသိလိုသောပန်း၏ အရောင်၊ အနံ့၊ အရွယ်၊ အသုံးပြုပုံ စသည်တို့ကို ပြောပြ ပြီး ပန်း၏အမည်ကို ကလေးများက ပြောပြရသော ကစားနည်းကို ကစားပါ။

ဥပမာ (၁) - အပွင့်က သေးသေး၊ အနံ့က စူစူးရှရှ မွှေးတယ်။ အရောင်က အဖြူရောင်၊ ကြိုးနဲ့သီပြီး ဘုရားပန်းကပ်လို့လည်း ရတယ်။ အဲဒါ ဘာပန်းလဲ။ ( ဇွန်ပန်း )

[သတိပြုရန် 4]

ဥပမာ (၂) - သူ့အပင်က အကြီးကြီးပဲ၊ များသောအားဖြင့် ဘုန်းကြီးကျောင်းဝင်းထဲမှာ အပင် တွေ အများကြီး ရှိတယ်။ အပွင့်လေးတွေက အပင်ကြီးပေါ်ကနေ တစ်ပွင့်ချင်း ကြွေကျတာ မြေပြင်ပေါ်မှာ အများကြီး ပြန့်ကြဲနေတယ်။ ကြိုးနဲ့သီပြီး ဘုရားပန်း ကပ်လို့လဲရတယ်။ အဲဒီပန်းနာမည်က ခကွေးနဲ့ စတယ်။ အဲဒါ ဘာပန်းလဲ။ (ခရေပန်း)

ဥပမာ (၃) - ဒီပန်းရဲ့ ရိုးတံမှာ ဆူးတွေ ရှိတယ်။ အရောင်ကတော့ မျိုးစုံရှိတယ်။ အဝါရောင်၊ အနီရောင်၊ အဖြူရောင် စသဖြင့် ရှိတယ်။ အနံ့ကလည်း သင်းသင်းလေး မွှေးတယ်။ ဘုရားပန်း ကပ်လို့ရတယ်။ ဈေးမှာလည်း ပေါတယ်။ အဲဒီပန်းနာမည်က ဘာလဲ။(နှင်းဆီပန်း)

ဥပမာ (၄) - အပွင့်က ဖြူဖြူလေး၊ အလွန်မွှေးတယ်။ အရွယ်အစားက ဒီလောက်လောက် လေးပဲ ရှိတယ်၊ (ဆရာက စံပယ်ပန်းအရွယ် ဝိုင်းပြပါ)။ ပန်းပွင့်နာမည်က စလုံးနဲ့ စတယ်။ နာမည်က နှစ်လုံးတည်း။ အဲဒါ ဘာပန်းလဲ။ (စံပယ်ပန်း)

ဥပမာ (၅) - ဒီတစ်ခါပြောမယ့်ပန်းကတော့ လက်ဝါးနှစ်ဖက်ကို လက်အုပ်ချီတဲ့ပုံစံ လုပ်ကြည့် လိုက်ရင် အဲဒီပန်းရဲ့ အဖူးပုံလေးရတယ်။ ရေထဲမှာ ပေါက်တာ။ နာမည်က တစ်လုံးတည်း။ အဲဒါ ဘာပန်းလဲ။

֍ပန်းအဖြေမှန်လျှင် တစ်မျိုးကို (၁) မှတ်ပေးပါ။ (ကြာပန်း)

֍နောက်ဆုံးတွင် မည်သည့်အုပ်စုက အနိုင်ရကြောင်းကို ကြေညာပေးပါ။ အနိုင်ရသော အုပ်စုကို အားလုံးက လက်ခုပ်တီး၍ ချီးကျူးအားပေးကြပါစေ။

သို့မဟုတ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ပန်းပွင့်ပုံကတ်ပြားများနှင့် ပန်းအမည်ကတ်ပြားများကို သင်ပုန်းတွင် ယှဉ်တွဲကပ်ထားပါ။

ကလေးများအား (၃) မိနစ်ခန့် ကြည့်မှတ်စေပြီးလျှင် ပန်းအမည်ကတ်ပြားများကို ဖြုတ် လိုက်ပါ။

֍ပြီးနောက် ပန်းပွင့်ကိုထောက်၍ ၎င်းပန်း၏အမည်ကို ဖြေကြပါစေ။

֍အမြန်ဆုံးနှင့် မှန်အောင် ဖြေဆိုနိုင်သောအုပ်စုကို အမှတ်ပေးထားပါ။

֍နောက်ဆုံးတွင် မည်သည့်အုပ်စုက အနိုင်ရကြောင်းကို ကြေညာပေးပါ။ အနိုင်ရသော အုပ်စုကို အားလုံးက လက်ခုပ်တီး၍ ချီးကျူးအားပေးကြပါစေ။

֍ကစားပြီးသောအခါ အောက်ပါ မြတ်ဘုရားကိုပန်းလှူမယ် သီချင်းကဗျာကို သံစဉ်ထည့်၍ ရွတ်ဆိုကြပါစေ။

[သတိပြုရန် 5]

မြတ်ဘုရားကို ပန်းလှူမယ်

မြတ်ဘုရားထံကို အတူတူကွယ်၊
တို့များ သွားကြမယ်၊
မောင်လေးလည်း လိုက်မယ်၊
ညီမလေးလည်း လိုက်မယ်၊
ကိုကိုမမ အားလုံးသွားကြမယ်။
မြတ်လေး စံပယ် ဇီဇဝါရယ်၊
ဇွန်ပန်းလည်း ကပ်မယ်၊
ရနံ့လေးလည်း မွှေးတယ်၊
အရောင်လေးလည်း လှတယ်၊
ရောင်စုံနှင်းဆီလည်း ကပ်ဦးမယ်။။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားပန်းအိုးများ၊ ဘုရားပန်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ဆရာက ဘုရားပန်းအိုးများနှင့် ဘုရားပန်းများကို အဆင်သင့် ပြင်ထားပါ။

[သတိပြုရန် 6]

֍ထို့နောက် အုပ်စုတိုင်းအား ဘုရားပန်းအိုးတစ်အိုးစီပေးပြီး ၎င်းတို့စိတ်ကြိုက် ဘုရားပန်း ရေဆေးခြင်း၊ ဘုရားပန်းထိုးခြင်းများ ပြုလုပ်ကြပါစေ။

֍အုပ်စုတိုင်းအား ချီးကျူးပေးပါ။

֍ထို့နောက် ကလေးများကိုယ်တိုင် ဘုရားတွင် ကပ်လှူပူဇော်ကြပါစေ။

֍နောက်ဆုံးတွင် ရှေ့စာသင်ချိန်များနှင့် ချိတ်ဆက်ပြီး လိုအပ်သလို အနှစ်ချုပ်ပေးပါ။

  1. “ဘုရားပန်းအိုး” ပါသည်အထိ ပြောရန် လှုံ့ဆော်မေးမြန်းပါ။
  2. “ဘုရားပန်းလှူထားတာ တွေ့ ပါတယ်”အထိ ပြောရန် လှုံ့ ဆော်မေးမြန်းပါ။
  3. ကလေးများ သိသည့် အတိုင်း ပြောကြပါစေ။ ကလေးများ မသိလျှင် ဆရာက ပြောပြပေးပါ။
  4. ဥပမာပေးထားခြင်းဖြစ် သည်။ မိမိတို့ အရပ် ဒေသတွင် ရနိုင်ပြီး ကလေးများနှင့် ရင်းနှီးသော ပန်းများကို သုံးနိုင် ပါသည်။
  5. သီချင်းကဗျာရေးထားသော ကတ်ပြားကို ဦးစွာ ချိတ်ထားပြီးမှ သင်ပေးပါ။
  6. ပန်းခူးရန် အဆင်ပြေ သော နေရာတွင် ဆရာနှင့်အတူ ကလေးများ ကိုယ်တိုင် ပန်းခူးကြပါစေ။