ပန်းလှူရကျိုး

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၃။ ပန်းလှူရကျိုး
326937ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၃။ ပန်းလှူရကျိုးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

ပန်းလှူရကျိုး[edit]

ပဒုမ္မာနတ်သမီး ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါး ရှိလေသည်။ သူသည် နတ်မင်းကြီး တိုင်းခန်းလှည့်လည်သည့်ပမာ အခြွေအရံများစွာဖြင့် ကြီးကျယ်ခမ်းနားစွာ တိုင်းခန်းလှည့်လည်လေ့ ရှိသည်။ ဘုရင်ကြီး တိုင်းခန်းလှည့်လည်ပုံကို မြင်တွေ့ နေရသော အမျိုးသမီးငယ်တစ်ဦးသည် “ဘယ်လို ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့လို့ အခုလို အကျိုးပေးနေပါလိမ့်”ဟု စဉ်းစားလျက် ကုသိုလ်ပြုလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

နောက်တစ်နေ့တွင် အမျိုးသမီးငယ်သည် “မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်ရှိရင် လှူမယ်”ဟု ရည်ရွယ်၍ ပဒုမ္မာကြာပန်းများကို ပန်းမွေ့ရာ ခင်းထားသည်။ လှူဖွယ်အဖြစ် နို့ဆန်ပြုတ်ကိုလည်း ပြင်ဆင်ထားသည်။ အမျိုးသမီးငယ်သည် ဆွမ်းခံကြွလာသော အရှင်သာရိပုတ္တရာမထေရ်မြတ် ကြီးအား “ပန်းမွေ့ရာပေါ်မှာ သီတင်းသုံးတော်မူပါဘုရား”ဟု ပင့်လျှောက်ပြီး နို့ဆန်ပြုတ်ကို ရိုသေစွာ ဆက်ကပ်လှူဒါန်းလိုက်သည်။ ထို့အပြင် အမျိုးသမီးငယ်သည် မထေရ်မြတ် ဘုဉ်းပေးပြီးသော သပိတ်ကို ဆေးပြီး စားသောက်ဖွယ်ရာများနှင့် ပန်းများကိုလည်း ထပ်မံလှူဒါန်းလိုက်လေသည်။

ထိုကုသိုလ်ကောင်းမှုကြောင့် အမျိုးသမီးငယ်သည် နောက်ဘဝ၌ တာဝတိံသာနတ်ပြည်တွင် နတ်သမီးလေးတစ်ပါး ဖြစ်သွားခဲ့သည်။ နတ်သမီးလေးသည် ရွှေဗိမာန်ကြီးတွင် နတ်သမီးအခြွေအရံ များစွာဖြင့် နေထိုင်ရ၏။ ပဒုမ္မာကြာပွင့်ချပ်နှင့်တူသော ရတနာများဖြင့် အလှဆင်ထားသည့် ယာဉ်ပျံ တစ်စီးကိုလည်း ပိုင်ဆိုင်သည်။ နတ်သမီးလေးသည် ထိုယာဉ်ပျံကို စီးပြီး ဥယျာဉ်ထဲသို့ သွားသော အခါ အခြားနတ်သမီးများထက် ပို၍ ချောမောလှပနေသဖြင့် နတ်အများက ငေးမောကြည့်ကြရသည်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား ပဒုမ္မာကြာပန်းများ လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ထိုအကျိုးများ ရရှိခြင်း ဖြစ်ပါသည်။

မြတ်ဘုရားကို ပန်းလှူမယ်[edit]

မြတ်ဘုရားထံကို အတူတူကွယ်၊
တို့များ သွားကြမယ်၊
မောင်လေးလည်း လိုက်မယ်၊
ညီမလေးလည်း လိုက်မယ်၊
ကိုကိုမမ အားလုံးသွားကြမယ်။
မြတ်လေး စံပယ် ဇီဇဝါရယ်၊
ဇွန်ပန်းလည်း ကပ်မယ်၊
ရနံ့လေးလည်း မွှေးတယ်၊
အရောင်လေးလည်း လှတယ်၊
ရောင်စုံ နှင်းဆီလည်း ကပ်ဦးမယ်။ ။