ပဉ္စာဝုဓမင်းသား (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၄။ ပဉ္စာဝုဓမင်းသား(ကျောင်းသားကိုင်သို့)
348332ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၄။ ပဉ္စာဝုဓမင်းသား(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

သင်ခန်းစာခေါင်းစဉ်။ ။ ပဉ္စာဝုဓ မင်းသား

သင်ယူမှုဦးတည်ချက်။ ။ ကောင်းသော အလုပ်များကို လုပ်ရာ၌ ရဲစွမ်းသတ္တိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-ရဲစွမ်းသတ္တိဆိုတာ ဘာလဲ။ ဘယ်လို နားလည်သလဲ။ (ကလေးများအား စဉ်းစားချိန်ပေးပါ။ ကလေးများ နားလည်သည့်အတိုင်း ဖြေကြပါစေ။)

֍ ကလေးများဖြေဆိုပြီးပါက “ရဲစွမ်းသတ္တိဆိုတာ အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ကြုံတွေ့လာရင် မကြောက် မရွံ့ ရင်ဆိုင်ရဲတာကို ခေါ်တယ်”စသည်ဖြင့် ရှင်းလင်းပြောပြပါ။

֍ ထို့နောက် ကလေးများကို နှစ်ယောက်တစ်တွဲစီတွဲ၍ အောက်ပါမေးခွန်းကို ဆွေးနွေးကြပါစေ။ (နှစ်ယောက် တစ်တွဲ ဆိုရာတွင် တွဲချင်သူနှင့် တွဲခြင်းမဟုတ်ဘဲ မိမိနှင့်ကပ်လျက် ထိုင်နေသူနှင့်သာ တွဲရမည်။ ညာဘက်/ ဘယ်ဘက် ကြိုက်နှစ်သက်ရာဘက်မှ တွဲနိုင်သည်။)

-ရဲစွမ်းသတ္တိဆိုတာ နေရာတိုင်းမှာ ရှိသင့်သလား။ ဘယ်လိုနေရာမျိုးတွေမှာ ရဲစွမ်းသတ္တိရှိရင် ပိုကောင်းမလဲ။

֍ ဆွေးနွေးချက်များကို နှစ်ဦးသဘောတူ ညှိနှိုင်း၍ မှတ်စုစာအုပ်တွင်ရေးစေပြီး တစ်ဦးက ပြန်လည်တင်ပြပါစေ။ ကျန်သောအတွဲများက ဆက်လက်တင်ပြရာတွင် မတူသော အချက်များကိုသာ တင်ပြကြပါစေ။

֍ ကလေးများ၏ ဆွေးနွေးတင်ပြချက်များကို ဆရာက မှတ်သားထားပြီး လိုအပ်ချက်များရှိပါက ဖြည့်စွက်ပေး၍ “ရဲစွမ်းသတ္တိဆိုတာ ဘယ်လိုနေရာမျိုးမှာ ရှိသင့်ကြောင်း ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နောက်စာသင် ချိန်မှာ လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“သားတို့သမီးတို့ ... ပဉ္စာဝုဓမင်းသားဆိုတာ ကြားဖူးကြလား။ ပဉ္စာဝုဓမင်းသားလို့ ဘာကြောင့်ခေါ်တယ်လို့ ထင်သလဲ”ဟု ဆရာကမေးပါ။ ကလေးများ နားလည်သည့်အတိုင်း ဖြေဆိုကြပါစေ။ ကလေးများ ဖြေဆိုပြီးသောအခါ “ကလေးတို့ရဲ့ အဖြေ မှန်မမှန်သိရဖို့. ဇာတ်လမ်းကို ဖတ်ကြည့်လိုက်ကြရအောင်”ဟု ပြော၍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ပဉ္စာဝုဓ မင်းသား

ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးနဲ့ မိဖုရားကြီးတို့မှ သားတော်လေးတစ်ပါးကို ဖွားမြင်ပါတယ်။ သားတော်လေးကို နာမည်ပေး ကင်ပွန်းတပ်တဲ့နေ့မှာ ပညာရှိအမတ်ကြီးတွေကို ခေါ်ပြီး သားတော်လေးရဲ့ ဘဝကံကြမ္မာကို မေးတယ်။ ပညာရှိအားလုံးက သားတော်ဟာ ကြီးမြတ်တဲ့ ဘုရင်ကြီးတစ်ပါး ဖြစ်လာပြီး ဂုဏ်ကျက် သရေနဲ့ ပြည့်စုံတဲ့ဘဝကို ရရှိလိမ့်မယ်လို့ တညီတညွတ်တည်း ဟောကြတယ်။ အဲဒီအပြင် လက်နက်ငါးမျိုးကို ကျွမ်း ကျင်စွာ ကိုင်တွယ်နိုင်တဲ့ မင်းသားလည်း ဖြစ်လိမ့်မယ်လို့ ထပ်ပြီး ဟောခဲ့ကြတယ်။ ဘုရင်ကြီးက ဝမ်းသာသွားပြီး ပညာရှိအမတ်တွေကို ဆုတော်လာဘ်တော်တွေ အများကြီး ချီးမြှင့်လိုက်တယ်။

မင်းသားလေးကို ပညာရှိ အမတ်တွေက လက်နက်ငါးမျိုးကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တဲ့မင်းသား ဖြစ်မယ်လို့ ဟောတဲ့အတွက် “ပဉ္စာဝုဓမင်းသား”လို့ နာမည်ပေးလိုက်တယ်။ မင်းသားဟာ အရွယ်ရောက်လာတော့ တက္ကသိုလ်ပြည်က ဆရာကြီးဆီကိုသွားပြီး ပညာသင်ကြားခဲ့တယ်။ ပညာသင်ပြီး ပြန်လာတော့ ဆရာကြီးက မင်းသားကို လက်နက်ငါးမျိုး လက်ဆောင်ပေးလိုက်တယ်။ မင်းသားလေးက ဆရာကြီးပေးတဲ့ လက်ဆောင်ကိုယူပြီး သူ့တိုင်းပြည်ကို ပြန်လာခဲ့တယ်။ တိုင်းပြည်ပြန်လာတဲ့လမ်းက တောအုပ်ထဲမှာ စေးကပ်တဲ့ အမွေးတွေရှိတဲ့ ဘီလူး တစ်ကောင် နေထိုင် ကျက်စားနေကြောင်း၊ တောအုပ်ထဲ ရောက်လာတဲ့လူ မှန်သမျှကို သတ်စားလေ့ရှိကြောင်း လူတချို့ ပြောတာကို မင်းသားလေး ကြားရတယ်။ အဲဒါနဲ့ မင်းသားလည်း ဘီလူးကြီးကို နှိမ်နင်းမယ်ဆိုပြီး တောအုပ် ထဲကို ဝင်သွားခဲ့တယ်။

မင်းသားကိုတွေ့တော့ ဘီလူးကြီးဟာ “ဒီတောအုပ်ထဲ ရောက်လာတဲ့သူမှန်သမျှ ငါစားခဲ့တာ၊ အခု မင်းကိုလည်း စားမယ်”ဆိုပြီး ကြုံးဝါးတော့ မင်းသားက ကြောက်ရွံ့ခြင်းမရှိဘဲ ရဲစွမ်းသတ္တိအပြည့်နဲ့ “ဒီတောထဲဝင်လာတာ မင်းကို မကြောက်လို့ပဲ၊ အခု မင်းကို မြားနဲ့ပစ်သတ်မယ်”ဆိုပြီး မြားနဲ့ပစ်လိုက်တာ မြားက ဘီလူးကြီးရဲ့ အမွေးမှာ သွားကပ်နေတယ်။ မင်းသားမှာရှိတဲ့ မြားတွေလည်း ကုန်သွားရော ဘီလူးကြီးက ရှေ့ကိုတိုးလာတယ်။ မင်းသားကလည်း မကြောက်ဘဲ ပါလာတဲ့ ဓားကိုထုတ်ပြီး ဘီလူးကြီးကို ခုတ်လိုက်တယ်။ ခုတ်လိုက်တဲ့ဓားကလည်း စေးကပ် နေတဲ့ ဘီလူးကြီးရဲ့ အမွေးမှာ သွားကပ်နေပြန်တယ်။ ဒါပေမဲ့ မင်းသားက ထိတ်လန့်မသွားဘဲ လှံနဲ့ထပ်ပစ်တယ်။ လှံကလည်း ကပ်နေပြန်တယ်။ မင်းသားဟာ စိတ်ဓာတ်မကျဘဲ တင်းပုတ်နဲ့ ထပ်ထုတယ်။ တင်းပုတ်ကလည်း ဘီလူးရဲ့ ချိုင်းအောက်မှာရှိတဲ့ ထူထဲနေတဲ့ အမွေးမှာ ထပ်ကပ်နေတယ်။

မင်းသားဟာ သူ့မှာပါလာတဲ့ လက်နက်တွေ ကုန်သွားတာတောင် ကြောက်ရွံ့ မသွားဘဲ “ဘီလူး ...ငါဟာ လက်နက်ငါးမျိုးမင်းသားဖြစ်တယ်။ ဒီတောထဲဝင်လာကတည်းက ငါ့ရဲ့ လက်နက်တွေကို ယုံကြည်လို့ ဝင်လာတာ ဖြစ်တယ်။ လက်နက်တွေမရှိလည်း အခု ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ထားပြီး သင့်ကို ချေမှုန်းပစ်မယ်ဆိုပြီး ညာလက်သီးနဲ့ ထိုးတယ်။ ပြီးတော့ ဘယ်လက်သီးနဲ့ ထပ်ထိုးတယ်။ လက်နှစ်ဖက်လုံး ဘီလူးရဲ့ အမွေးမှာ ကပ်နေ ပြန်တယ်။ လက်နှစ်ဖက်ပြီးတော့ ခြေထောက်နဲ့ ထပ်ပြီးကန်ပြန်တယ်။ ခြေထောက်နှစ်ဖက်လည်း ဘီလူးရဲ့ အမွေးမှာ ထပ်ပြီး ကပ်နေပြန်တယ်။ မင်းသားလေးဟာ ခြေရော၊ လက်ရော ဘီလူးကြီးရဲ့ အမွေးတွေမှာ ကပ်နေပေမဲ့ “သင့်ကို ဖုန်မှုန့်ဖြစ်အောင် ချေမှုန်းပစ်မယ်”ဆိုပြီး ခေါင်းနဲ့ ထပ်တိုက်တယ်။ မင်းသားရဲ့ခေါင်းဟာ ဘီလူးကြီးရဲ့ အမွေးတွေမှာ ကပ်နေပေမဲ့ ပဉ္စာဝုဓ မင်းသားက လုံးဝမကြောက်တော့ ဘီလူးကြီးကအံ့ဩနေတယ်။

“မင်းသား ... သင့်ရဲ့တစ်ကိုယ်လုံး ငါ့အမွေးတွေမှာ ကပ်နေပေမဲ့ ဘာဖြစ်လို့ မကြောက်ရတာလဲ”လို့ မေးလိုက်တော့ “ဘီလူး၊ ငါ့ရဲ့ ခန္ဓာကိုယ်တွင်းမှာ ဓားတစ်ချောင်းရှိတယ်။ သင်က ငါ့ကိုစားပေမဲ့လည်း အဲဒီဓားကို ကျေအောင် စားနိုင်မှာ မဟုတ်ဘူး။ အဲဒီဓားက သင့်ရဲ့ကလီစာတွေကို နုပ်နုပ်စဉ်းသလိုဖြစ်ပြီး ငါသေသလို သင်လည်း သေရမှာမို့ ငါမကြောက်ပါ”လို့ ပြန်ဖြေလိုက်တယ်။ မင်းသားပြောတဲ့ဓားက သူရဲ့ ဉာဏ်ပညာကို ရည်ရွယ် ပြောတာဖြစ်တယ်။ ဒါပေမဲ့ ဘီလူးကြီးက မင်းသားလေးရဲ့ စကားကို ကြောက်ရွံ့ သွားပြီး မင်းသားကို မသတ် တော့ဘဲ လွှတ်ပေးလိုက်တယ်။ ပဉ္စာဝုဓ မင်းသားက “ဘီလူး ... သင်ဟာ အရင်ဘဝက ကောင်းမှုကုသိုလ်တွေ မလုပ်ခဲ့လို့ ဒီဘဝမှာ အသားစားတဲ့ ဘီလူးကြီး ဖြစ်နေရတာ၊ အခု ဘဝမှာလည်း ဒီမကောင်းတဲ့ အကုသိုလ်အလုပ်တွေ လုပ်နေမယ်ဆိုရင် ဒီထက်ဆိုးတဲ့ ဘဝတွေ တစ်ခုပြီးတစ်ခု ရောက်လိမ့်မယ်”ဆိုပြီး ဆုံးမလိုက်တော့ ဘီလူးဟာ “ဘယ်တော့မှ လူမသတ်တော့ပါဘူး”လို့ မင်းသားလေးကို ကတိပေးလိုက်ပါတယ်။

မှီငြမ်း။ ။ ပဉ္စာဝုဓဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၂၃၂။ ဇာ၊ဋ္ဌ၊၁၊၂၉၀။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မင်းသားရဲ့ နာမည်က ဘယ်သူလဲ။ ဘာကြောင့် အဲဒီလို ခေါ်ရတာလဲ။
-ဆရာကြီးက မင်းသားလေးကို ဘာတွေပေးလိုက်လဲ။
-လက်နက်ငါးမျိုးက ဘာတွေလဲ။
-မင်းသားလေးဟာ တောထဲကို ဘာကြောင့်ရောက်လာတာလဲ။
-မင်းသားလေးက ဘီလူးကြီးကို ကြောက်လား။ ဘာကြောင့်လဲ။
-မင်းသားလေးက ဘီလူးကြီးကို ဘယ်လိုလက်နက်တွေနဲ့ အဆင့်ဆင့် တိုက်ခိုက်ခဲ့တာလဲ။ နောက်ဆုံး ဘာလက်နက်နဲ့ အနိုင်ရခဲ့သလဲ။
-ဘီလူးကြီးက မင်းသားလေးကို ဘာကြောင့် ကြောက်တာလဲ။
-မင်းသားလေးက ဘီလူးကြီးကို ဘယ်လိုဆုံးမလိုက်သလဲ။
-ကလေးတို့ဆိုရင်ရော ဘာလက်နက်ကို အမြဲဆောင်ထားမလဲ။ ဘာကြောင့်လဲ။
(မျှော်မှန်းအဖြေ = ဉာဏ်ပညာ လက်နက်)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် သင်ခန်းစာကို စတင်ပါ။

“ဇာတ်တော်ထဲက မင်းသားလေးလို ရဲစွမ်းသတ္တိရှိတဲ့ အခြားဘယ်သူတွေကို သားတို့သမီးတို့ ကြားဖူး၊ သိဖူး သလဲ။ ဘာကြောင့် သူတို့ကို ရဲစွမ်းသတ္တိရှိသူတွေလို့ ပြောရတာလဲ” (ကလေးများအား စဉ်းစားချိန်ပေး၍ တစ်ဦးစီ ဖြေဆိုကြပါစေ။)

ကလေးများဖြေဆိုသော ရဲစွမ်းသတ္တိရှိသူ၏ အရည်အချင်းများကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပေး ပါ။ ထိုအကြောင်းအရာများကို ဆရာက ကလေးများနှင့်ဆွေးနွေးပြီး အောက်ပါအချက်များ မပါရှိပါက ဖြည့်စွက် ဆွေးနွေးပေးပါ။

-“မှန်လည်း မှန်တဲ့၊ အကျိုးလည်း ရှိတဲ့ လုပ်ရပ်ကိုလုပ်သူ၊ အခက်အခဲအန္တရာယ်တွေနဲ့ ကြုံတွေ့လာရင် မကြောက်မရွံ့ဘဲ ရင်ဆိုင်ရဲသူကို ရဲစွမ်းသတ္တိရှိတဲ့သူလို့ သတ်မှတ်ကြတယ်”ဟု ဆရာကပြော၍ စာသင် ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ဖြစ်ရပ်နှစ်ခု ရေးသားထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့၍ သင်ပုန်းပေါ်တွင် ရေးသားထားသော အောက်ပါ ဖြစ်ရပ်နှစ်ခုကို ဖတ်ကြပါစေ။

ဖြစ်ရပ်(၁)

စတုတ္ထတန်း ကျောင်းသားတစ်ဦးဖြစ်သော အောင်အောင်သည် ကျောင်းဆင်းချိန်တွင် ခုံပေါ်တက် မတ်တတ် ရပ်၍ “မင်းတို့ထဲက ဘယ်သူသတ္တိရှိလဲ။ ငါနဲ့ဘယ်သူ လက်သီးချင်း ယှဉ်ထိုးရဲလဲ”ဟု အတန်းဖော် သူငယ်ချင်းများကို စိန်ခေါ်နေသည်။

ဖြစ်ရပ်(၂)

မောင်ကျော်သူသည် သူတစ်ပါးကို ကူညီတတ်သော ကျောင်းသားတစ်ဦး ဖြစ်သည်။ မောင်ကျော်သူနှင့် သူငယ်ချင်းများသည် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်တက်ရန် ရွာဦးဘုန်းကြီးကျောင်းသို့ သွားရသည်။ ဘုန်းကြီးကျောင်းသို့ ရောက်ရန် တံတားတစ်ခုကို ကူးရသည်။ တစ်နေ့တွင် မောင်ကျော်သူသည် တံတားကို ဖြတ်ကူးစဉ် သူ့ရှေ့ တွင်ရှိသော ကလေးငယ်တစ်ယောက် တံတားပေါ်မှ ရေထဲသို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်သည်။ ထိုခဏ ချင်းပင် မောင်ကျော်သူသည် ရေထဲသို့ခုန်ဆင်း၍ ကလေးငယ်ကို ကယ်တင်လိုက်လေသည်။

֍ အထက်ပါ ဖြစ်ရပ်နှစ်ခုတွင် မည်သူ၏အပြုအမူက ရဲစွမ်းသတ္တိရှိသော အပြုအမူလဲ၊ ဘာကြောင့်လဲ ကိုယ့် အုပ်စုအလိုက် ဆွေးနွေးစေပြီး အုပ်စုကိုယ်စားလှယ် တစ်ဦးချင်းစီက ပြန်လည်တင်ပြပါစေ။

֍ ကလေးများ ဆွေးနွေးတင်ပြနေစဉ် ဆရာက အရေးကြီးသည့်အချက်များကို မှတ်သားထားပြီး အောက်ပါ အချက်များ ပါအောင် အနှစ်ချုပ်ပေးပါ။

“သူတစ်ပါးကို ဒုက္ခရောက်အောင်လုပ်တာ၊ ရန်ဖြစ်တာ၊ သူတစ်ပါးအသက် သတ်တာ၊ သူတစ်ပါးပစ္စည်း ခိုးတာ စတဲ့အရာတွေမှာ ရဲစွမ်းသတ္တိ မရှိသင့်ဘူး။ အဲဒါတွေကို လုပ်ရဲခြင်းက ရဲစွမ်းသတ္တိမဟုတ်ဘူး၊ မိုက်မဲ ခြင်းသာ ဖြစ်တယ်။ အများကောင်းကျိုးအတွက် သာသနာရေး လုပ်ငန်းတွေလုပ်တာ၊ ပရဟိတ လူမှုရေး လုပ်ငန်းတွေ လုပ်တာ စတဲ့နေရာတွေမှာတော့ ရဲစွမ်းသတ္တိ ရှိသင့်တယ်။ ဘဝရဲ့အခက်အခဲတွေကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက် ဇွဲ၊ လုံ့လ ဝီရိယ၊ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာရှိဖို့လိုတယ်။ သားတို့သမီးတို့ဟာ ရဲစွမ်းသတ္တိ ရှိပြီး ဉာဏ်ပညာ အမြော်အမြင် ရှိစွာနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ သားလိမ္မာသမီးလိမ္မာ လေးတွေ ဖြစ်ကြပါစေ”