တစ်လုတ်စားဖူး သူ့ကျေးဇူး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၃။ တစ်လုတ်စားဖူး သူ့ကျေးဇူး(ကျောင်းသားကိုင်သို့)
348331ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၃။ တစ်လုတ်စားဖူး သူ့ကျေးဇူး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

သင်ခန်းစာခေါင်းစဉ်။ ။ တစ်လုတ်စားဖူး သူ့ကျေးဇူး

သင်ယူမှုဦးတည်ချက်။ ။ မိမိအပေါ် ကျေးဇူးပြုဖူးသူများကို ကျေးဇူးပြန်ဆပ်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများကို ကလေးများနှင့် အပြန်အလှန်ဆွေးနွေးပြီး စာသင်ချိန်ကို စတင်ပါ။

-တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတာ ကြားဖူးကြသလား။ ဘယ်လိုနားလည်ပါသလဲ။
-အပြန်အလှန်၊ အတုံ့အလှည့်ဆိုတာရော သိကြသလား။
-သားတို့သမီးတို့ အခြားသူတွေကို အကူအညီပေးဖူးသလား။ ဘယ်လိုအကူအညီတွေ ပေးဖူးသလဲ။
-သားတို့သမီးတို့ကိုရော အခြားသူတွေက အကူအညီပေးကြသလား။
-ဘယ်သူတွေက ဘယ်လိုအကူအညီတွေ ပေးကြသလဲ။

֍ ကလေးများနှင့် အထက်ပါအတိုင်း ဆွေးနွေးပြီးသောအခါ “သားတို့သမီးတို့ ... လောကမှာ အခြားသူတွေကို လိုအပ်သလို အကူအညီပေးတတ်တဲ့သူ၊ ကိုယ့်အပေါ် အကူအညီပေးဖူးတဲ့ သူတွေကို ပြန်လည် ကျေးဇူးဆပ် တတ်တဲ့သူဟာ လူတော်လူကောင်းဖြစ်တယ်” စသည်ဖြင့် ပြောပါ။

֍ ထို့နောက် အချိန်အပေါ်မူတည်၍ ယခင်အတန်းများတွင် သင်ကြားခဲ့ပြီးသော ကျေးဇူးတရားနှင့် သက်ဆိုင်သည့် ဇာတ်လမ်းများကို မှတ်မိခြင်း ရှိမရှိ မေးမြန်းပါ။

֍ ပြန်ပြောလိုသူများကို အတန်းရှေ့ထွက်၍ ပြောကြပါစေ။ လိုအပ်လျှင် ဆရာက လမ်းကြောင်းပေးပါ။

ဆရာသိရန်-

-ပထမတန်းတွင် သင်ကြားခဲ့သော “မိဘများကို ကူညီမယ် (သင်ခန်းစာ ၁၇)”
-ဒုတိယတန်းတွင် သင်ကြားခဲ့သော “သုတနုဆင်းရဲသားလေး (သင်ခန်းစာ ၂၀)”
-တတိယတန်းတွင် သင်ကြားခဲ့သော “မိဘကို လုပ်ကျွေးသော ဆင်ဖြူတော်လေး (သင်ခန်းစာ ၁၄)”၊ “သူ့ ကျေးဇူးကို သိတတ်ပါ (သင်ခန်းစာ ၁၉)”၊ “နှမ်းခိုးစားသော မင်းသားငယ် (သင်ခန်းစာ ၂၁)”တို့ကို ကြိုတင် သိရှိထားရန် လိုအပ်သည်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “အခု ဆရာ/ဆရာမတို့ သူတစ်ပါးကျေးဇူးကို သိတတ်တဲ့ နွားလိမ္မာလေး တစ်ကောင်အကြောင်း ဖတ်ကြရအောင်”ဟု အစပျိုးပြီး အောက်ပါဇာတ်လမ်းကို ကလေးများအား ဖတ်ကြပါစေ။

ကျေးဇူးသိတတ်သော နွားလိမ္မာ

ရှေးအခါက ဗာရာဏသီပြည်မှာ နွားငယ်လေးတစ်ကောင်ရှိတယ်။ သူ့သခင်က နွားငယ်လေးကို ငယ်စဉ်ကတည်းက အမေအိုတစ်ယောက်ဆီမှာ အခကြေးငွေပေးပြီး အပ်ထားတယ်။ အမေအိုက နွားငယ်ကို သားအရင်းလို ချစ်ပြီး ယာဂုထမင်း စတာတွေကို တိုက်ကျွေးပြီး ကောင်းမွန်စွာ မွေးထားတယ်။

ဒီလိုနဲ့ နွားငယ်လေး အရွယ်ရောက်လာတဲ့အခါ အလွန်သန်စွမ်းပြီး အကျင့်လည်းကောင်းပါတယ်။ အလွန် လိမ္မာတဲ့အတွက် နွားလိမ္မာလို့လည်း ခေါ်ကြတယ်။ ကလေးတွေက နွားလိမ္မာရဲ့ ချိုကို ဆွဲပြီးကစားကြတယ်။ အမြီးကို ကိုင်ပြီး ကစားကြတယ်။ ကျောပေါ်ကို တက်စီးကြတယ်။ နွားလိမ္မာလေးက ရန်မပြုဘဲ သည်းခံကာ ကလေးတွေနဲ့ အတူတူ ကစားတယ်။ တစ်နေ့မှာ နွားလိမ္မာလေးက “ငါ့အမေဟာ ငါ့ကို ပင်ပင်ပန်းပန်း ကျွေးမွေးထားရတယ်။ ငါ့ကို သားအရင်းလိုလည်း ချစ်တယ်။ ဒါကြောင့် ငါဟာ အခစားအလုပ်ကို လုပ်ပြီး အမေ့ကို ကျေးဇူးပြန်ဆပ်ရမယ်”လို့ စဉ်းစားမိတဲ့နေ့က စပြီး အလုပ်ရှာဖွေတော့တယ်။

တစ်နေ့မှာ လှည်းကုန်သည်တစ်ဦးက လှည်းငါးရာနဲ့ ကုန်သွယ်လာရင်း နွားလိမ္မာတို့ ရွာအနီးမှာ ရှိနေတဲ့ ဗွက်ထနေသော ရေဆိပ်တစ်ခုသို့ ရောက်လာတယ်။ အဲဒီ ဗွက်ထနေသောရေဆိပ်ကို လွန်မြောက်အောင် ကုန်သည်ရဲ့ နွားတွေဟာ မစွမ်းနိုင်ကြဘူး။ အဲဒီအခါ ကုန်သည်က လှည်းတွေကို ဆွဲထုတ်ဖို့ နွားရှာထွက်လာခဲ့တယ်။ ကုန်သည်ဟာ နွားလက္ခဏာကျမ်းကို ကျွမ်းကျင်သူ ဖြစ်တဲ့အတွက် နွားလိမ္မာကို မြင်တဲ့အခါ သူ့ရဲ့လှည်းတွေကို ဆွဲနိုင်မယ်ဆိုတာ သိလိုက်တယ်။

ဒါနဲ့ ကုန်သည်ဟာ “ဒီနွားကို ဘယ်သူပိုင်သလဲ။ ငါ့လှည်းတွေကို ဆွဲခိုင်းချင်ပါတယ်”လို့ နွားကျောင်းသား တွေကို မေးမြန်းစုံစမ်းတယ်။ “ဒီနွားရဲ့ ပိုင်ရှင်ဟာ ဒီနေရာမှာ မရှိဘူး။ ယူပြီး ခိုင်းနိုင်ပါတယ်”လို့ နွားကျောင်းသား တွေက ပြန်ပြောတဲ့အတွက် ကုန်သည်လည်း နွားလိမ္မာကို လှည်းမှာတပ်ဖို့ ခေါ်တယ်။

နွားလိမ္မာက “ဒီလူဟာ ငါ့ကို ငွေဘယ်လောက် ပေးမယ်ဆိုတာ မပြောသေးဘူး။ ငွေပေးမှ ငါလိုက်မယ်”လို့ ကြံစည်ပြီး မလှုပ်ဘဲနေလိုက်တယ်။ ကုန်သည်လည်း နွားရဲ့ အလိုကို သိတော့ “သင်သာ ဒီလှည်းတွေကို ဆွဲပေးရင် လှည်းတစ်စီးကို နှစ်ကျပ်ကျနဲ့ ငွေတစ်ထောင်ပေးပါ့မယ်”လို့ ပြောတဲ့အခါကျမှ နွားလိမ္မာက လက်ခံပြီး လှည်းတွေဆီ သွားတယ်။ ပြီးတော့ လှည်းတွေကို တစ်စီးမကျန် ဆွဲတင်ပေးတယ်။

လှည်းတွေအားလုံး ဆွဲတင်ပြီးသွားတဲ့အခါ ကုန်သည်က ငွေငါးရာကိုသာထုပ်ပြီး နွားလိမ္မာရဲ့လည်မှာ ချည် ထားပေးလိုက်တယ်။ အဲဒီအခါ နွားလိမ္မာက “ဒီလူဟာ ငါ့ကိုပြောထားတဲ့ အဖိုးအခပြည့်အောင် မပေးဘူး။ ဒါကြောင့် သူ့ကိုလည်း ငါသွားခွင့်မပြုနိုင်သေးဘူး”လို့ ကြံစည်ပြီး လှည်းအုပ်ကြီးရဲ့ ရှေ့ကနေရပ်နေတယ်။ ကုန်သည်က ဆွဲ ဖယ်ပေမဲ့ နွားလိမ္မာက မဖယ်ပေးဘူး။

ကုန်သည်လည်း “ဒီနွားဟာ ငွေမပြည့်တာကို သိနေပါလား”လို့ ပြောပြီး ငွေတစ်ထောင်ပြည့်အောင် ပြန်ဖြည့် ပေးလိုက်တယ်။ နွားလိမ္မာဟာ ငွေတစ်ထောင်ထုပ်ကို ယူဆောင်ပြီး အမေအိုဆီကို ပြန်လာတယ်။ လမ်းမှာ ကလေး တွေက “ဘာထုပ်ဆွဲထားသလဲ”လို့ မေးပြီး အနားကပ်လာတာကိုတောင် မကပ်စေဘဲ ခြောက်လှန့်ထုတ်တယ်။ နွားလိမ္မာဟာ လှည်းငါးရာကို ဆွဲခဲ့ရတဲ့အတွက် ပင်ပန်းလွန်းပြီး မျက်စိတွေလည်း နီနေတယ်။

အမေအိုဟာ ငွေထုပ်ကို မြင်တဲ့အခါ “ဘယ်နေရာက ရလာသလဲ”လို့ မေးတယ်။ ဒီအခါ နွားကျောင်းသား တွေက အဖြစ်အပျက်အားလုံးကို ပြောပြကြတယ်။ အမေအိုက “သားရယ်... ငွေရှာပြီး အမေ့ကို လုပ်ကျွေးလိုသလား။ ကျေးဇူးသိတတ်လွန်းတဲ့ သားလေးရယ်၊ ဘာလို့ ဒီလောက်တောင် . အပင်ပန်းခံရတာလဲ”လို့ ပြောပြီး နွားလိမ္မာလေးကို ရေနွေးနဲ့ ချိုးပေးတယ်။ ပြီးတော့ အစားကောင်းတွေ ကျွေးမွေးတယ်။ အမေအိုဟာ နွားလိမ္မာလေး အစာစားနေတာကို ကြည့်ပြီး ကျေးဇူးသိတတ်လွန်းတဲ့ နွားငယ်လေးအတွက် ပီတိဖြစ်နေတယ်။ ဒီလိုနဲ့ အမေအိုနဲ့ နွားလိမ္မာဟာ အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင် အတူတကွ နေထိုင်သွားကြပါတယ်။

မှီငြမ်း။ ။ ကဏှဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၁၂၅။ ဇာ၊ဋ္ဌ၊၁၊၂၀၉။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-အမေအိုဟာ နွားလိမ္မာလေးကို ဘယ်လို ကျွေးမွေးစောင့်ရှောက်ထားသလဲ။
-နွားလိမ္မာလေးဟာ ဘယ်လိုတွေးမိပြီးတော့ အလုပ်ရှာဖွေတာလဲ။
-နွားလိမ္မာလေးဟာ ဘယ်လိုကျေးဇူးဆပ်ခဲ့သလဲ။
-အခကြေးငွေ ဘယ်လောက်ရသလဲ။
-အဲဒီအခကြေးငွေက ဘယ်သူ့ကို ကျေးဇူးဆပ်ဖို့လဲ။
-နွားလိမ္မာလေး ဘာကြောင့် လှည်းအုပ်ကြီး ရှေ့ကနေ ရပ်နေတာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စတင်ပါ။

-နွားငယ်လေးက မလိမ္မာဘူး၊ ကျေးဇူးမသိတတ်ဘူးဆိုရင် အမေအိုက ချစ်ပါ့မလား။ အစားအသောက် ကောင်းတွေရော ကျွေးမှာလား။ ဘယ်လိုထင်သလဲ။
-နွားငယ်လေးကို အမေအိုကြီးက ကျွေးမွေးစောင့်ရှောက်သလိုပဲ သားတို့သမီးတို့ကိုရော ဘယ်သူတွေက ကျွေးမွေး စောင့်ရှောက်ထားသလဲ။ သားတို့သမီးတို့ စားဖို့၊ ဝတ်ဖို့၊ ပညာတတ်ဖို့အတွက် ဘယ်သူတွေက အကူအညီပေးသလဲ။

֍ အောက်ပါမေးခွန်းများကို သင်ပုန်းပေါ်တွင်ရေး၍ ကလေးများအား အုပ်စု(၅) စုဖွဲ့ကာ အုပ်စုလိုက် ဆွေးနွေး၍ စာရွက်လွတ်တွင် ရေးစေပြီး အုပ်စုကိုယ်စားလှယ်က အလှည့်ကျ တင်ပြပါစေ။

-ကျွေးမွေးစောင့်ရှောက်သူအပြင် အခြားသူတွေဆီက အကူအညီရတာမျိုး ရှိဖူးသလား။
-ဘယ်သူတွေ ဆီကလဲ။ ဘယ်လိုအကူအညီမျိုးတွေလဲ။

֍ ကလေးများ ဆွေးနွေးပြီးနောက် အောက်ပါအတိုင်း အနှစ်ချုပ်ပါ။

“သားတို့သမီးတို့ လောကမှာ တွေ့ရခဲသူ နှစ်ဦးရှိတယ်လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတယ်။ သူတို့ကတော့ ...

၁။ ပုဗ္ဗကာရီ = ရှေးဦးစွာကျေးဇူးပြုသူ။

၂။ ကတဝေဒီ = သူတစ်ပါးက ပြုဖူးသော ကျေးဇူးကိုသိတတ်၊ ပြန်ဆပ်တတ်သူတို့ဖြစ်တယ်။ (အံ၊၁၊၈၆)

ဒါကြောင့် ကိုယ့်အပေါ်မှာ နည်းနည်းပဲဖြစ်ဖြစ် များများပဲဖြစ်ဖြစ် အကူအညီပေးဖူးသူဟာ ကျေးဇူးရှိတာပါပဲ။ အဲဒီလို ကူညီပေးတဲ့သူတွေကို ဘယ်လိုကျေးဇူးဆပ်မယ်ဆိုတာ နောက်တစ်ချိန်မှာ ဆွေးနွေးကြမယ်”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မင်္ဂလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စုဖွဲ့ပြီး အောက်ပါအတိုင်း ဆွေးနွေးပါ။

“သားတို့သမီးတို့ကို ဘယ်သူတွေက အကူအညီပေးခဲ့တယ်။ ဘယ်လိုကူညီခဲ့တယ် ဆိုတာကို စာသင်ချိန် (၃)မှာ ဆွေးနွေးခဲ့ပြီးပြီ။ အခုစာသင်ချိန်မှာတော့ ကိုယ့်ကိုကျေးဇူးပြုခဲ့ကြသူ၊ ကူညီခဲ့တဲ့သူတွေကို ဘယ်လို ကျေးဇူး ပြန်ဆပ်ရင် ကောင်းမလဲဆိုတာ အုပ်စုလိုက် ဆွေးနွေးပြီး စာရွက်ပေါ်မှာ ချရေးကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ဆွေးနွေးထားသော အချက်များကို အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ဖတ်ပြကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “လောကမှာ ကိုယ့်ကို ကျေးဇူးပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေကို သိပြီး ကျေးဇူးပြန်ဆပ်နိုင်ဖို့ ကြိုးစားတဲ့သူဟာ လူတော်လူကောင်းဖြစ်တယ်။ အဲဒီကျေးဇူးပြုခဲ့တဲ့ သူတွေထဲမှာ “မိဘ”က ကျေးဇူးအကြီး မားဆုံး ဖြစ်တယ်။ ဒါကြောင့် မိဘနဲ့ ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့သူတွေကို ကျေးဇူးပြန်ဆပ်ကြပါ”ဟု အနှစ်ချုပ်ပေးပြီး အောက်ပါ မင်္ဂလာကဗျာကို ရွတ်ဆိုခြင်းဖြင့် သင်ခန်းစာကို အဆုံးသတ်ပါ။ (ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး စာကြောင်းနှင့်ပတ်သက်၍ ဆရာက ရှင်းပြပါ။)

မင်္ဂလာကဗျာ

အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။