နေမိဇာတ်တော်ကြီး/အခန်း-၃၅

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၅။ ဇာတ်တော်ကို ပေါင်းခန်း

ဤသို့ မဃဒေဝမင်းမှစ၍ ၈-သောင်း ၄-ထောင်ကုန်သောမင်းတို့သည် သားတော်, မြေးတော် အစဉ်အဆက်မပျက် ရဟန်းပြုကြကုန်၏။ နေမိမင်း၏သားတော် ကာလရဋ္ဌမင်းတွင် အစပြု၍ကား ပဗ္ဗဇ္ဇဝင်ပြတ်လေ၏။

ဤသို့ မြတ်စွာဘုရားသည် တရားပရိသတ်တို့၏အလိုအားလျော်စွာ အကျယ်ဖြစ်သောဒေသနာဖြင့် နေမိမင်းကြီးအတ္ထုပ္ပတ္တိ မဟာဘိနိက္ခမကို ဟောကြားတော်မူပြီးလျှင် စကားဆက်ဝေး၍ ရှေးစကားရင်း မပျောက်စေခြင်းငှာ၊ “န ဘိက္ခဝေ ဣဒါနေဝ၊ ပုဗ္ဗေပိ တထာဂတော မဟာဘိနိက္ခမနံ နိက္ခန္တောယေဝ” ဟူသော အဆုံးနိဂုံးဒေသနာဖြင့်-

“ဤတရားသဘင်၌ တရားနာပရိသတ်အပေါင်းတို့။ ယခုမှသာလျှင် မဟာဘိနိက္ခမကို ပြုတော်မူသည်မဟုတ်။ ရှေးသံသရာကလည်း လာခြင်းကောင်းသော ငါဘုရားသည် မြတ်သောတောထွက်ခြင်းကိုပြု၍ ဈာန်၏စံပယ်ခြင်းဖြင့် စံပယ်လျက် ဤသရက်ဥယျာဉ်၌ နေတော်မူဖူးပြီ”ဟု မိန့်တော်မူပြီးလျှင် ဤသို့ဇာတ်တော်ကို ပေါင်းတော်မူ၏။

“ငါ၏တပည့်သားတော်အပေါင်းတို့။ ထို နေမိမင်းကြီးဖြစ်တော်မူသောအခါ တာဝတိံသာနတ်ပြည်မှ မိထိလာပြည်သို့လာ၍ ငါ၏ယုံမှားခြင်းကို ပျောက်စိမ့်သောငှာ ဖြေဆိုပြောဟောလာပြီးလျှင် နတ်သဘင်သုဓမ္မာ၌ ငါ၏ ဂုဏ်ကျေးဇူးကို အထူးချီးမွမ်း၍မျှ တင်းမတိမ်၊ နတ်ပြည်စည်းစိမ်ကိုအပ်နှင်းသော သိကြားမင်းကား ယခု ငါဘုရားဖြစ်တော်မူသောအခါ ငါ၏ဘထွေးတော်ဖြစ်သော ဓောတောဒန သာကီဝင်မင်း၏သား အနုရုဒ္ဓါထေရ် ဖြစ်လာ၏။”

“ထိုအခါ သိန္ဓောမြင်း၁၀၀၀ က,အပ်သော ဝေဇယန္တာရထားဖြင့် ငါ့ကိုတင်ဆောင်၍ ငရဲပြည်, နတ်ပြည်တို့ကိုညွှန်ပြပေသော ရထားမှူးမာတလိကား ယခုအခါ ငါ၏ဘထွေးတော်အငယ် အမိတ္တောဒန သာကီဝင်မင်း၏သား အာနန္ဒာထေရ် ဖြစ်လာ၏။”

“ထိုအခါ နေမိမင်းကြီး၏မယ်တော်ကား ယခုအခါ ငါ၏မယ်တော် သိရီမဟာမာယာဒေဝီ ဖြစ်လာ၏။”

“ထိုအခါ ၈၄၀၀၀-သော ပဗ္ဗဇ္ဇဝံသမင်းဆက်တို့တွင် မဃဒေဝမင်း, နေမိမင်း ဤမင်း၂-ယောက်ကိုထား၍ ကြွင်းသော ပဗ္ဗဇ္ဇဝံသမင်းအပေါင်းတို့သည် ယခုအခါ ငါဘုရား၏ ရဟန်းပရိသတ်, လူပရိသတ် ဖြစ်လာကြကုန်၏။”

“ထိုအခါ ပဗ္ဗဇ္ဇဝင်အနွယ်၏ အမွန်အစဖြစ်သော မဃဒေဝမင်း, ပဗ္ဗဇ္ဇဝင်အနွယ်၏ အဆုံးအကွပ်သဖွယ်ဖြစ်သော နေမိမင်းကြီးကား ယခုအခါ ခပ်သိမ်းသော‌ ဉေယျဓံတရားတို့ကို သိတော်မူပြီးသည်ဖြစ်၍ လောက ၃-ပါး၌ သမ္မာသမ္ဗုဒ္ဓဟု ထင်ရှားစွာအမည်ရသော ငါဘုရားလျှင်တည်း”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

(ဤဇာတ်ပေါင်း၌ ဘုံခန်းလင်္ကာမှာ ရှင်အနုရုဒ္ဓါကို “ကျော်တင်ဝှန့်တက်၊ ငါ့လက်ထက်၌၊ ဖြစ်ဆက်ကြိုက်လာ၊ ယခုခါဝယ်၊ ပြင်လျာလှထွား၊ ဘထွေးသားတည့်”ဟူ၍ ဘထွေးတော် ဓောတောဒနမင်းကြီး၏ သားဖြစ်ကြောင်းကို စပ်လေသည်။ နောက် ရေးကူးသူတို့ အယူတွင်ပါ၍ အက္ခရာမှားယွင်းသဖြင့် “ပြင်လျာလှထွား၊ သူဌေးသားတည့်”ဟု စာအများပင်ရှိ၍ ဖတ်ကြလေသည်။ မသင့်။ နောက်ဆင့်ပြောင်းလွဲသူတို့ အက္ခရာယွင်းမှားသောကြောင့် လင်္ကာဆရာမှာ အပြစ်ခိုက်ပေသည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရည် စကားတည်ကိုထောက်ထား၍ အမှားပင်မြင်သော်လည်း အပြစ်တင်မဦးစေနှင့်ဟု မှတ်အပ်၏။)

နေမိဇာတ်တော်ကြီး ပြီး၏