နေမိဇာတ်တော်ကြီး/အခန်း-၃၃

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၃။ တာဝတိံသာနတ်ဘုံမှ ဆင်းသက်တော်မူခန်း

နေမိမင်းကြီးစကားကိုကြားလျှင် သိကြားမင်းလည်း “မိထိလာပြည်ကြီးသခင် ဖြစ်တော်မူသောမင်းမြတ်။ ကြွတော်မူလိုတပြီးကား ကောင်းပြီ။ ကြွတော်မူပါလော့။ မာတလိနတ်ရထားမှူးကိုပင် ပို့စေရဦးတော့မည်”ဟု ဆို၍ မာတလိနတ်သားကိုခေါ်ပြီးလျှင်၊ “ရထားမှူးမာတလိ။ ငါ၏အဆွေတော် ယခု လူ့ပြည်သို့ သက်တော်မူလိုသတတ်။ နတ်မြင်းဆောင်အပ်သော ဝေဇယန္တာရထားနှင့်ပင် သင် ပို့ချေဦး”ဟုဆို၏။ ရထားမှူး မာတလိနတ်သားသည်လည်း “အရှင်မင်းကြီး။ ကောင်းပါပြီ”ဟု ဝန်ခံ၍ သိန္ဓောမြင်း၁၀၀၀ က,အပ်သော ဝေဇယန္တာရထားကို သုဓမ္မာသဘင် အရှေ့တံခါးသို့ကပ်ပြီးသော် နေမိမင်းကြီးအား “အရှင်မင်းကြီး။ ဝေဇယန္တာရထားကို ပြင်ဆင်၍ပြီးပြီ။ အလိုရှိတိုင်း ကြွတော်မူပါလော့”ဟု လျှောက်ကြား၏။

ထိုအခါ နေမိမင်းကြီးသည် သိကြားမင်းမှစ၍ နတ်ပရိသတ်အပေါင်းတို့အား သွားအံ့သောအခြင်းအရာကို ပန်ကြားပြောဆို ကြည်ညိုလေးမြတ်စွာ အာလာပသလ္လာပပြုတော်မူလျက် နေရာပလ္လင် သုဓမ္မာသဘင်မှထွက်ကြွ၍ ရထားထက်သို့ တက်နေစံပယ်တော်မူ၏။ သိကြားမင်းအမှူးရှိသော နတ်ပြည်သူနတ်ပြည်သားတို့လည်း နေမိမင်းကြီးကို ခြံရံပတ်ဝန်းလျက် အညီအညွတ် ဝမ်းမြောက်ဝမ်းသာပြောဆို၍ ရထားထက်သို့ တက်သည်တိုင်အောင် လိုက်ပို့ကြကုန်၏။

နေမိမင်းကြီး ရထားထက်သို့ရောက်ပြီးသော် မာတလိနတ်သားသည် သုဒဿနမြို့မှ အရှေ့တံခါးဖြင့်ထွက်၍ လူ့ပြည်သို့ ရှေးရှုနှင်သဖြင့် အရှေ့ဝိဒေဟကျွန်းမှ လပြည့်ဝန်းထွက်သကဲ့သို့ အရှေ့မျက်နှာအရပ်က နတ်ရထား ထွန်းပေါ်လေ၏။

ထိုအခါ မိထိလာပြည်သားအပေါင်းတို့သည် လထွက်သည့်အခါ မဟုတ်သောအချိန်တွင် တောက်ထိန်လျှံလက် ထွက်ပေါ်လာသော ရထားစက်ကိုမြင်လျှင် “တို့အရှင်မင်းကြီး ယခု ကြွတော်မူလာပြီ”ဟု တညီတညွတ် ဝမ်းမြောက်ဝမ်းသာ ပြောဆိုမျှော်ရှုလျက် နေကြကုန်၏။ ထိုသို့ ပြည်သူပြည်သားတို့မျှော်လင့်စဉ်ပင် နတ်မြင်း၁၀၀၀ ဆောင်အပ်သော ဝေဇယန္တာရထားသည် မာတလိနတ်သား၏အစီအမံဖြင့် ယုဂန်ခရီးမှ အလျင်အမြန်လာလတ်၍ မိထိလာရာဇဌာနီ မင်းနေပြည်ကြီးကို လက်ယာရစ် ၃-ပတ်လှည့်ပြီးသော် နန်းတော်စမုတ် အရှေ့လေသာပြတင်း၌ နတ်မြင်း၁၀၀၀ လှည့်ဝိုက်၍ ရထားဆိုက်လျှင် နေမိမင်းကြီးသည် ဝေဇယန္တာရထားမှူး မာတလိနတ်သားအား လေးမြတ်ကြင်နာ မေတ္တာစကားပြောဆို၍ လွှတ်လိုက်ပြီးသော် မျက်စိတဆုံးရှုမျှော်၍ မမျှော်နိုင်သောကာလမှ နန်းပေါ်သဘင်သို့ သက်ဝင်စံပယ်တော်မူလေ၏။

မာတလိနတ်သားသည် နေမိမင်းကြီးကို အရှေ့စမုတ် ပြတင်းလေသာ နေရာပလ္လင်၌ ချတင်ပြီးလျှင် “အရှင်မင်းကြီး။ အကျွန်ုပ် နတ်ပြည်သို့ ပြန်လည်အံ့”ဟု ပြောဆိုမြတ်နိုး ရှိခိုးဖူးမြော်၍ တိမ်ပေါ်ကောင်းကင်ခရီးဖြင့် တန်ခိုးကြီးသောသိကြားမင်းစံရာ တာဝတိံသာနတ်ပြည်သို့ ပြန်လေ၏။

ထိုသို့ နတ်ပြည်က နေမိမင်းကြီးရောက်တော်မူသောအခါ မိဖုရားကြီး, မိဖုရားငယ်, သားတော်, မြေးတော်, ဆွေတော် မျိုးတော်, မှူးတော်, မတ်တော်, ပြည်သားပြည်သူ လူအပေါင်းတို့သည် အညီအညွတ် စည်းဝေးလာလတ်၍ “အရှင်မင်းကြီး ကိုယ်တော်ကို နတ်ပြည်သို့ပင် အဖြောင့်တင်ဆောင်၍ သွားလေသလော။ နတ်ပြည်ဆိုသည်ကား အသို့နည်း။ ဤမိထိလာနေပြည်တော်ကြီးထက်ပင် အနုအပျို အစည်အပင် သဘင်ပွဲလမ်း ထူးဆန်းအံ့ဖွယ် အသွယ်သွယ်စည်းစိမ် သာချေဦးမည်လော။ ကျွန်ုပ်တို့ပြည် လူ့စည်းစိမ်နှင့် အသို့ထူးသနည်း။ သိခဲ့မြင်ခဲ့တော်မူတိုင်း မိန့်ကြားတော်မူပါ”ဟု မေးမြန်းလျှောက်ကြကုန်၏။

ထိုအခါ နေမိမင်းကြီးသည် မိဖုရား, သားတော်တို့မှစ၍ ပြည်သူပြည်သားအပေါင်းတို့အား နတ်သားမာတလိ တင်ဆောင်လာသည်မှစ၍ နန်းတော်သို့ ပြန်ရောက်သည့်တိုင်အောင် ချမ်းသာ,ဆင်းရဲ ငရဲပြည်,နတ်ပြည် တည်ဟန်နေဟန် ခံ,စံရသောသတ္တဝါတို့၏ အကြောင်းအရာအလုံးစုံကို အကုန်အစင် တွေ့မြင်ကြားသိခဲ့သည်အတိုင်း မကြွင်းမကျန် ပြန်ကြားပြောဆိုတော်မူပြီး၍၊ အထူးသဖြင့် တာဝတိံနတ်ပြည်၏ သာယာခြင်း နတ်မင်း,နတ်မိဖုရား, နတ်သားနတ်သမီးတို့၏ ကြီးမြတ်သောတန်ခိုးကျက်သရေ အရောင်အဝါတို့ကို ချီးမွမ်းပြောဆိုတော်မူပြီးလျှင် ခင်မင်အပ်သော နတ်၏ကာမဂုဏ်မှာ အာရုံကပ်ငြိသဖြင့် ပီတိဖြစ်လေပြီးသော ပရိသတ်အပေါင်းတို့အား-

“အချင်းတို့။ ထိုသို့သောစည်းစိမ်ချမ်းသာကို ခံစားရကြကုန်သော သိကြားနတ်မင်း, နတ်မိဖုရား နတ်သား နတ်သမီးတို့သည် ရှေးလူဖြစ်သောအခါက ယခု သင်တို့ပြုသောကောင်းမှုကဲ့သို့သော ရွှင်လန်းကြည်ညိုစွာ ကုသိုလ်တရား၌ အားထုတ်ဆောင်ရွက် လေ့ကျက်ခဲ့ဖူးလေသောကြောင့် ထိုသို့သောစည်းစိမ်ကို ရကြလေသည်။ နတ်ပြည်စည်းစိမ်နှင့် ငါတို့လူမင်းစည်းစိမ်ကိုစာသော် မင်းတို့စံရာ ရတနာမြနန်းဆောင်နှင့် သူကောင်စွန့်ပစ်ရာသုသာန် ဂုဏ်မတူတန်၍ စံမနှုန်းသင့်သကဲ့သို့ ငါတို့လူ့ဘုံမှာ ဂုဏ်ဝါသေးနုပ် သုသာန်အသွင် မနှိုင်းယှဉ်သင့် ဖြစ်ချေသည်။ အထွေထွေအပြားပြား များစွာသောစည်းစိမ် တာဝတိံသာရွှေမြေရပ် နတ်မင်း, နတ်မိဖုရား, နတ်သား, နတ်သမီးအဖြစ်ကို အလိုရှိကုန်သောသူတို့သည် နှစ်လို့ကြည်ဖြူ၊ အလှူသီတင်း မကင်းသော ဘာဝနာ, မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတရားတို့ကို ငါဆုံးမသည့်အတိုင်း မမေ့မလျော့ ကြိုးစားအားထုတ်ကြကုန်။ ထိုဘုံနန်းရပ်၌ မချွတ်လျှင် သင်တို့ ဖြစ်ကြကုန်လတ္တံ့”ဟု တရားစကား ဟောကြားဆုံးမတော်မူ၏။

ဤသို့ နေမိမင်းကြီးသည် မင်းဖြစ်တော်မူသည်မှစ၍ အလှူပေးခြင်း သီလဆောက်တည်ခြင်းစသောကုသိုလ် သုစရိုက်တရားတို့၌ ကိုယ်တော်အားလည်းကောင်း၊ တိုင်းသားပြည်သူ လူအပေါင်းတို့အားလည်းကောင်း မွေ့လျော်ပျော်ပါး ကြိုးစားအားထုတ်စေဟောင်းတွင် ကောင်းမှုမကောင်းမှုအလျောက် အကျိုးအပြစ်ရောက်သည်ကို မျက်မှောက်ထင်စွာ မာတလိနတ်သား, သိကြားမင်းတို့ကိုမှီ၍ တွေ့ကြုံသိမြင်ခဲ့ရသည်ကို အလွန်လျှင်နှစ်သက်သဖြင့် ကံ,ကံ၏အကျိုးကိုယုံကြည်ခြင်း သဒ္ဓါစေတနာပြဋ္ဌာန်းလျက် နတ်နန်းဝတိံသာက ရောက်လာသည်မှစ၍ ဒါန, သီလ, ဘာဝနာတို့ကို အခါမပြတ်အားထုတ်တော်မူခြင်း၊ ပြည်သူပြည်သားတို့အားလည်း ဒါနကထာ, သီလကထာ, ဘာဝနာကထာတို့ဖြင့် ပုံစံဥပဒေ ထုံးသက်သေပြလျက် ဆုံးမစောင့်ရှောက်တော်မူခြင်းနှင့် ပြည့်စုံစွာ ခန္ဓာအာယုကပ်ကို ၄-ဖို့ပြု၍ တတိယတစ်စုအဆုံးတိုင်အောင် ရန်သူရန်ဖက် နှောင့်ယှက်ခြင်းကင်းသော ဧကရာဇ်မင်း၏စည်းစိမ်ကို စိုးစံတော်မူလျက် လောက၏အစီးအပွားကို ဆောင်တော်မူ၏။

ထို နေမိမင်းကြီး၏ လက်ထက်တော်၌ကား ယခု ဘုရားပွင့်တော်မူသောအခါကဲ့သို့ ဘုရားလောင်း၏ အဆုံးအမ၌သာ တည်ကြကုန်သည်ဖြစ်၍ ဤဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် ထိုသို့သောမင်းနေပြည် မြို့ ရွာ, နိဂုံး, ဇနပုဒ်တို့၌နေကုန်သော အမျိုး ၄-ပါး ပြည်သားပြည်သူ လူအပေါင်းတို့သည် သဒ္ဓါ,သီလ, သုတ, စာဂ, ပညာ, ဟီရိသြတ္တပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာ ၇-ဖြာသောတရားတို့ကို ကြိုးစားအားထုတ်လျက် မယုတ်သောအပ္ပမာဒ ရှိကုန်၏။