နေမိဇာတ်တော်ကြီး/အခန်း-၃၂

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၂။ တာဝတိံသာနတ်သဘင်သို့ဝင်ခန်း

“ယခု နတ်အများလည်း သိကြားမင်းနတ်ဒေဝိန်နှင့် ကသစ်ပွင့်ချိန် ရာသီထူး ၂-ဦးအပျော်အရွှင် သဘင်ကာလအခိုက် ဖူးထိုက်၍ကြည်ဖြူစွာ ဇမ္ဗူလုံးသခင် အရှင်မင်းမြတ်ကို စွဲကပ်သောစိတ်နှင့် ညွတ်ညိတ်သောနှလုံး ရှိကြပါသည်။ ပယင်းရောင်အသွေးဖြင့် ရေကြည်ရောင်ပြေးသော နတ်သဘင်အတွင်း နတ်မင်းစံရာသို့ ဤမင်္ဂလာတံခါးဖြင့် ရထားမှဆင်းသက်၍ အရှင်မင်းကြီး ဝင်ကြွတော်မူလော့”ဟုဆိုလျက် မာတလိနတ်သားသည် သုဓမ္မာ အရှေ့မျက်နှာတံခါးသို့ အစဉ်အတိုင်းသွား၍ ရထားဦး ဆိုက်လေ၏။

ထိုအခါ နေမိမင်းကြီးသည် ဝေဇယန္တာရထားထက်မှ ဆင်းသက်၍ မျက်နှာတော်ရွှင်ရွှင်နှင့် တရားသဘင်သို့ နတ်လုလင် စည်းဝေးရံဝန်းလျက် ပန်းနံ့သာအသီးသီး ချီးမြှောက်ပူဇော်ရာ များစွာအသွယ်သွယ် တင့်တယ်သောဂုဏ်ကျက်သရေဖြင့် ရေမြေရှင်မင်းဘုရားလည်း စိတ်ထားတော်ပြကတေ့နှင့် သိမ်မွေ့နူးညံ့ တည်ကြည်စွာဝင်လျှင်၊ နတ်ဘုရင်သိကြားလည်း တရားဟောနေရာ ပလ္လင်ကိုပြင်စေပြီး၍ ခရီးဦးကြိုလင့်လျက် “လူမင်းနေရာ ဤမှာ ပြင်ဆင်ပါပြီ။ ဖြန့်ချီဖဝါး တက်သွားစံနေတော်မူပါလော့”ဟု ကြည်ဖြူနှစ်သက် နှုတ်ဆက်မေးမြန်းကာ အတ္ထက္ခာယီ ခင်ပွန်းစစ်ဖြစ်သူတို့ ဝတ်မလွတ်စေရသဖြင့် မြင့်မြတ်သော ရတနာပလ္လင်ထက်၌ စံနေစေ၏ဟူလို။

ထိုအခါ နတ်အပေါင်းတို့သည် ရွှင်ပြုံးညံ့သက် စုံမက်ဖွယ်ဣန္ဒြေဖြင့် ဖန်မြေကိုနင်း၍ နေမိမင်းကြီးလာသည်ကို ဖူးမြင်ရဦးကပင်လျှင် ကြည်ရွှင်သောစေတနာဖြင့် - “သွာဂတံ တေ မဟာရာဇ” အစရှိသော ၂-ဂါထာဖြင့် ဝမ်းမြောက်စကား လျှောက်ကြားဖိတ်မန်ကြကုန်၏။

အဓိပ္ပာယ်ကား-

“နတ်ဝယ်အရေအတွက် ၁၀-ရက်ကမဖြူ၊ လူမှာ အနှစ် ၁၀၀၀ မြားမြောင်ရှည်ကြာမှ စိတ္တလတာတွင်သောဥယျာဉ်တွင် တစ်ခါတစ်ခါသီးလာသော ရသာနှစ်သိမ့် ချိုဆိမ့်မျိုးအဆီ အာသာဝတီနွယ်သီးသည် နတ်သမီးနတ်သားတို့ ဆန္ဒအားညီလျောက်အောင် ဖြစ်ပေါ်လာသည်ထက် ဤမင်္ဂလာအခါသဘင်ကဲ့သို့ ဘယ်တွင်မျှမကြိမ်စဘူး ကံထူး၍ကျေးဇူးသခင်ကို တို့အရှင်ချီပင့်သဖြင့် အသင့်ဖူးမြော် ပူဇော်ရပေသည်။ လူ့ပြည်လုံးသခင် အရှင်မင်းတရား ကိုယ်တော်အားကို ရိုသေကြည်နူး ဖူးမြင်လို၍ မြင်းမိုရ်လုံးသခင်လည်း လျင်စေမြန်စေ တမန်အခေါက်ခေါက်နှင့် ခရီးထောက်အခန့်အလျော်ကို မျှော်လင့်လျက် မြင့်ရှည်စွာရှိပြီ။ ဤနတ်သဘင်သို့ အရှင်မင်းမြတ်ရောက်တော်မူခြင်းသည် အပြစ်ကင်းလျက် သတင်းကျေးဇူးဖြိုးအောင် အကျိုးရှိသောရောက်ခြင်း ဖြစ်ပါစေ။ နေရာတော်ထိုင်ပလ္လင်အခင်း၌ နတ်မင်းနှင့်အနီး ယှဉ်ပြိုင်ထိုင်နေတော်မူ၍ လူ့တို့အဓိပတိ မိထိလာပြည်ကြီးသခင် စံရွှင်နှစ်သက် နှုတ်ဆက်မေးမြန်း စိတ်ဝမ်းရွှင်ပျော် စက်တော်မူပါ”ဟု ပျူပျူငှာငှာ မေတ္တာသဘော ဇောကုသိုလ်စိတ် မိတ်ဆွေအစစ်ဖြင့် နှစ်သိမ့်ကြစေကုန်၏။

သိကြားမင်းသည်လည်း အလွန်စုံမက် နှစ်သက်မြတ်နိုးသောအားဖြင့် ၅-ပါးသောကာမဂုဏ် စုံညီထူးမြတ်လှစွာသော တာဝတိံသာနတ်ပြည်ကို အလုံးစုံနှင်းလို၍-

“သာဓုခေါသိ အနုပ္ပတ္တော၊ အာဝါသံ ဝသဝတ္တိနံ။

ဝသ ဒေဝေသု ရာဇီသိ၊ သဗ္ဗကာမသမိဒ္ဓိသု။

တာဝတိံသေသု ဒေဝေသု၊ ဘုဉ္ဇ ကာမေ အမာနုသေ။”

ဟူသောဂါထာဖြင့် ဆို၏။

ရာဇီသိ၊ မင်းမြတ်။ ဝသဝတ္တိနံ၊ ဝသဝတ္တီနတ်တို့၏။ ဝါ၊ မိမိအလိုသို့ ကာမဂုဏ်ကိုလိုက်စေတတ်သောသူတို့၏။ အာဝါသံ၊ နေရာသို့။ သာဓုခေါ၊ ကောင်းစွာလျှင်။ တွံ၊ သင်မင်းမြတ်သည်။ အနုပ္ပတ္တော၊ အစဉ်ရောက်လာသည်။ အသိ၊ ဖြစ်ပြီ။ ဒေဝေသု၊ နတ်တို့၌။ ဝသ၊ နေတော်မူလော့။ သဗ္ဗကာမသမိဒ္ဓိသု၊ ခပ်သိမ်းသောကာမဂုဏ် အလိုဟူသမျှတို့နှင့် ပြည့်စုံကုန်ထသော။ တာဝတိံသေသု၊ တာဝတိံသာပြည်သူပြည်သား နတ်သမီးနတ်သားတို့၌။ အမာနုသေ၊ နတ်၌ဖြစ်ကုန်သော။ ဝါ၊ လူ့ပြည်၌ အိပ်မက်တွင်မျှ မထင်ရကုန်သော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ဘုဉ္ဇ၊ ခံစား စံပျော်တော်မူလော့။ ဤကားအနက်။

အဓိပ္ပာယ်ကား-

“မိထိလာပြည်ကြီးသခင်ဖြစ်သော နေမိမင်းမြတ်။ ခပ်သိမ်းသော ဘောဂသမ္ပတ္တိတို့ကို ကိုယ်အလိုရှိရာသို့ လိုက်စေတတ်သော, နတ်ပြည် ၆-ထပ်တွင် ၂-ဆင့်မြောက်ဖြစ်သော ဤတာဝတိံသာနတ်ပြည်သို့ အကြည်တော်ရောက်လာလျှင် ဝမ်းမြောက်ခြင်းစေတနာ ကျွန်ုပ်မှာအလီလီ မရောက်မီကပင်ဖြစ်သည်နှင့် နှစ်သက်ဖွယ်ကာမဂုဏ် စုံညီလှသော ဤတာဝတိံသာနတ်ပြည်စည်းစိမ်ကို အပ်နှင်း၍ မင်းကြီး၏အဆုံးအမကိုခံလျက် အမှုဝန်ကို အလိုတော်မညှိုးရအောင် ကိုးကွယ်ရတော့မည်။ ရည်မှတ်တိုင်းအညီ ဤသမ္ပတ္တိကို မိထိလာပြည်ကြီးရှင်အား အကုန်အစင်အလုံးစုံ အပ်နှင်းပါ၏။

“ဤ တာဝတိံသာနတ်ပြည်သည် အတည်တည်သောဥယျာဉ်, ရေကန်,ဗိမာန်,ဘုံနန်း အဆန်းဆန်းအသီးသီး နတ်သမီးတို့အပျော်အပါးလည်း မင်းယောက်ျားတို့စိတ်ကို ချိတ်၍ငင်သကဲ့သို့ ရွှင်ပျော်ဖွယ် ကာမဂုဏ်တို့ဖြင့်လည်း အလုံးစုံတင့်တယ်၏။ ပင်လယ်ကသစ်ပင်, တရားသဘင်သုဓမ္မာ, ပဏ္ဍုကမ္ဗလာကျောက်မျက်ရှင် ဤ ၃-အင် ဂုဏ်တင်သကဲ့သို့ အဘယ်ပြည်တွင် ရှိ၏ဟူ၍လည်း မသိမထင် မမြင်စဘူး။

“၂-ဦးရာသီစပ် နတ်တို့ကာလ နက္ခတ်သဘင်ကြိမ်မူ နန္ဒဝန်, စိတ္တလတာ, ဖရုသက, မိဿက, သုဓမ္မာ အစရှိသော သဘင်ဥယျာဉ်တို့သို့ လှည့်လည်လိုသောအခါလည်း ဧရာဝဏ်နတ်ဆင် အမြင့်ယူဇနာ ၁၅၀-မှာ ၃-ဂါဝုတ်, ၂-ဂါဝုတ်စီ အဝန်းရှိသော ဦးခေါင်းဦးကင်း ၃၃-လုံးတို့၏အလယ်၊ ယူဇနာ ၃၀-အဝန်းရှိသော သုဒဿနဦးကင်းမြတ်၌ ပြာသာဒ်အဝန်း ၁၂-ယူဇနာဖန်ဆင်း၍၊ အလံတိုင်အမြင့် ၁-ယူဇနာစီ ရတနာ ၇-လီ စဉ်ညီဝန်းကျင်စိုက်လွှားလျက် ပြာသာဒ်နားသတောင်းလယ်မှာ ရတနာကွန်ရက် ခြူဆည်းလည်းဆွဲ၍ နှဲ, ခရာ, ပတ်သာ, စောင်းငြင်းသံလို အဆိုအငြိမ့် လေအိမ့်တိုင်းကျူးတုံ ဘုံအလယ်ချက်တွင် ပတ္တမြားပလ္လင် ထီးဖြူ ၁-ယူဇနာ မင်းနေရာခင်းကျင်းလျက်၊ အရံဦးကင်း ၃၃-လုံးမှာ တစ်လုံးတစ်လုံး၌ အရှည် ယူဇနာ ၅၀-စီ အစွယ် ၇-ချောင်းပေါက်သော, ၂၃၁-ဖြစ်သော ထိုအစွယ် တစ်ခုတစ်ခုအပေါ်ယံတွင် ရေကန် ၇-ခု,၇-ခု အစုစုရေကန်ပေါင်း ၁၆၁၇-ကန်၊ တစ်ကန်တစ်ကန်မှာ ပဒုမ္မာကြာပင် ၇-ရုံစီ အညီတွက်စုပေါင်း ၁၁၃၁၉-ရုံ တစ်ရုံတစ်ရုံမှာ ကြာ ၇-ပွင့်စီ အညီတွက်ပေါင်း ၇၉၂၃၃-ပွင့်၊ တစ်ပွင့်တစ်ပွင့်၌ ပွင့်ချပ် ၇-ခုစီ အညီတွက်စုပေါင်း ၅၅၄၆၃၁-ချပ်၊ ပွင့်ချပ် တစ်လွှာတစ်လွှာမှာ ပတ်သာစောင်းငြင်း အမှုတ်အတီးနှင့် နတ်သမီး၇-ယောက်စီ အညီတွက်စုပေါင်း နတ်သမီး ၃၈၈၂၄၁၇-ယောက် ဝမ်းမြောက်ရွှင်ပျ သီကတီးမှုတ်ခြင်း သဘင်အရွှင်အပျော်နှင့် အကြည်တော်နှစ်သက်ရာ နတ်သမီးကိုရွေး၍ ၄-ယောက်သော နတ်မိဖုရားကြီးတို့၏ အမည်နှင့်တူစွာ မိဖုရားကြီးအရာနှင့်တင်ထားလျက်၊ ရှေ့က သုဓမ္မာဒေဝီ, နောက်ဆီက သုနန္ဒာ, လက်ဝဲမှာ သုစိတ္တာဒေဝီ, လက်ယာတောင်ညာမှာ သုဇာတာဒေဝီ၊ ဤနတ်ပြည်၌ မင်းစဉ်မင်းဆက် မပျက်သောစံစားရိုးဖြင့် အစိုးတရပိုင်သစွာ စံတော်မူပါလျှင် ဇမ္ဗူကျွန်းသူ လူတို့ပြည်မှာ ဆက်ရှည်မော်ကွန်း ဥဒါန်းမဆုံးနိုင်အောင်ရှိ၍၊ ပီတိနှံ့သောကိုယ်ဖြင့် ကုသိုလ်ကောင်းမှု သုစရိုက်တရား ပွားများရာသောအကြောင်းလည်း ဖြစ်ပါသည်။

“မဟာပထဝီနှင့် စပ်လျက်တည်သော အပြည်ပြည်ဘုံနန်းတကာတို့၏ အထွတ်ဖြစ်၍လည်းကောင်း၊ လူအပေါင်းနတ်အပေါင်းတို့၌ ကောင်းကျိုးမင်္ဂလာ ပွားများရာသည်ကို အောက်ပြည်, အထက်ပြည် အတည်တည်နတ်ဗြဟ္မာ သုဓမ္မာသို့လာ၍ ကြည့်ရှုဆင်ခြင် တိုင်ပင်ဟောကြား တရားသဘင်ခံရာဖြစ်၍လည်းကောင်း ပြည်တကာတို့ထက်မြတ်သော ဤနတ်ပြည်စည်းစိမ်သည် ဂုဏ်အကျင့်သတင်းအားဖြင့် မင်းတကာတို့ထက်မြတ်သော မိထိလာပြည်ကြီးရှင် မင်းမြတ်နှင့် အလွန်ထိုက်တန်၏။ လူ့ပြည်သို့မပြန်ဘဲ စိုးစံတော်မူလော့”ဟု တာဝတိံသာ ပြည်စည်းစိမ်ဖြင့် ပူဇော်ဖိတ်ကြားလေ၏။

(ဤအရာ၌ ဂါထာတွင် တာဝတိံသာနတ်ပြည်ကို “ဝသဝတ္တိနံ”ဟု ဆိုခြင်းသည်ကား တစ်စွန်းတစ်မြိတ်သော သမုဒ္ဒရာကို မြင်ဖူးကာမျှဖြင့်၊ “သမုဒ္ဒေါ မယာ ဒိဋ္ဌော၊ သမုဒ္ဒရာကို ငါမြင်ဖူး၏”ဟု ဆိုသကဲ့သို့ အထက်နတ်ပြည် ၄-ထပ်၌ဖြစ်သော ကာမဂုဏ်စည်းစိမ်ကို မိမိအလိုသို့ မလိုက်စေနိုင်သော်လည်း မိမိတို့ပြည် စာတုမဟာရာဇ် နတ်ပြည်၌ဖြစ်သော ကာမဂုဏ်စည်းစိမ်တို့ကို မိမိအလိုသို့ လိုက်စေနိုင်သောအကြောင်း တစ်စိတ်မျှကိုစွဲလျက် ဧကဒေသူပစာရအားဖြင့်တင်စား၍ သိကြားမင်း ဆိုသည်။ တစ်နည်းလည်း မိမိတန်ခိုးဖြင့် အစိုးရထိုက်သော ကာမဂုဏ်တို့ကို အလိုရှိတိုင်း ပြီးစေနိုင်သည်ဖြစ်၍ နတ်ပြည် ၆-ထပ် နတ်တို့သည် ဝသဝတ္တိချည်းပင် မည်ကောင်းသောကြောင့် မိမိဂုဏ်ကို ချီးမြှောက်သောအားဖြင့် ဝသဝတ္တိနံဟု သိကြားမင်းဆိုလေသည်ဟု သိအပ်၏။)

ဤသို့ သိကြားမင်းသည် နတ်ပြည်စည်းစိမ်ဖြင့် နေမိမင်းကြီးအားဖိတ်ကြားလေသော် ဘုရားလောင်း နေမိမင်းကြီးသည် “ကိုယ့်ဘုန်းကံ အချီးအပင့်မဟုတ်ဘဲ သူတစ်ပါးချီးမြှင့်၍ ပွင့်လန်းရသောစည်းစိမ်သည် ဣန္ဒြေမတည်ကြည်ရာ။ ငါကား လူမင်းစည်းစိမ်နှင့် သူကားနတ်ဇာတ်မျိုးနွယ် တစ်သွယ်တစ်ကြောင်း သူ့ကောင်းမှုအကျိုးမှာ ငါ တန်ခိုးလွှမ်းမိုးနိုင်မည် မဟုတ်။ အုတ်အုတ်သဲသဲ ဤပွဲသဘင်တွင် နတ်ဘုရင်နှင့်တကွ ချီးမြှောက်ကြသော သမာနသုခမိတ္တအရာကို ငါ မလေးမလောက် အခေါက်ခေါက်ပြုရမည်လည်း ပဏ္ဍိတဂုဏ် အလုံးစုံပင် မသင့်။ အခွင့်နှင့်လျော်စွာ ဥပမာပြ၍ ဓမ္မကထာဖြင့် ညွှန်ကြားပြောဆိုရလျှင် အကြည်အညိုကုသိုလ် ထိုသူတို့လည်းမပျက် ငါနှစ်သက်ရာလည်း ပြည့်စုံအံ့သည်”ဟု ရည်ကြံတော်မူလျက်၊ “ယထာ ယာစိတကံ ယာနံ၊ ယထာ ယာစိတကံ ဓနံ” အစရှိသော ၄-ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“နတ်ပြည် ၂-ထပ်လုံးကို ရှေးဘုန်းရှေးကံ၏အကျိုးဆက် ခုဆက်ဆံသောတန်ခိုးဖြင့် အစိုးတရ ပိုင်သအုပ်ချုပ်လျက် အယုဇ္ဈပုရိန် ဝဇိရစိန်လက်နက်သခင်ဖြစ်သော နတ်ဘုရင်သိကြားမင်း။ အခင်းအကျင်း အပြုအနေ ကျက်သရေသမ္ပတ္တိ ဣဿရိယဘောဂ လောကစည်းစိမ် ဤဝတိံသာ ထူးမြတ်ကြောင်းနှင့် မဟာမိတ်ကောင်း ပေါင်းဖက်လိုသော ဝတိံရှင်က ကြည်ရွှင်သောစိတ်ဖြင့် ဖိတ်မန်သည်မှာ လူ့ပြည်မှ နတ်ဘောင်သို့ တင်ဆောင်ချီပင့်၍ နတ်မင်းတို့ပူဇော်ရိုး မြတ်နိုးခြင်းသဘော ပြီးပြည့်စုံညီ၍ အသင့်အတင့်အခွင့်မျိုး မချွတ်မလွတ် ဝတ်ကုန်လှပေသည်။ ၃-တည်သောသမ္ပတ္တိ ပရိဘောဂ ဥပဘောဂ ဣဿရိယမျိုးကို တန်ခိုးကြီးသောနတ် ပေးအပ်ဖန်ဆင်း၍ မရနိုင်ရာ။ အနုဂါမိကဥစ္စာမျိုး တန်ခိုးကြီးသောကုသိုလ်ကံ စီမံဖန်ဆင်း ဆောင်နှင်းပေးအပ်မှသာ ရရာချေသည်။ မြေကောင်း,ရေကောင်း, အပြုအစုကောင်း အကြောင်းသင့်ပျိုးသော်လည်း မျိုးစေ့နဂိုရှင်မှ အပင်ကောင်းရာချေသည်။ ဝေဖန်တတ်သောကုသိုလ်ကံလည်း ကိုယ်လိုတိုင်းမဆောင်မသွေး သိကြားမင်းအပေးနှင့်သာ အကြွေးအငှားစည်းစိမ် ဤဝတိံသာကို ငါလူမင်းစံရမည်မှာ ဥပမာဆိုလျှင် ကုသိုလ်ကံဆိုင်၍ မပိုင်စားရ။ သူတစ်ပါးတို့အပင့်အထောက် အမြှောက်အချီးနှင့်သာ စီးနင်းဝတ်စားစိမ့်မည်။

“ကြည်ညို၍ပင် ဆင်, မြင်း, ဆိတ်, ရထား, လှည်း, သံလျင်း, ထမ်းစင်, ဝေါ, ယာဉ်, ထီး, ကျိုင်း, ကွမ်းအုပ်,ကွမ်းခွက် စသည်အဆောင်အရွက်မျိုး၊ ပုဆိုးအဝတ် ဥစ္စာရွှေငွေ စသည့်အသုံးအဆောင်မျိုးတို့ကို ပေးငှားသဖြင့် ဝတ်စားစီးနင်းရစေကာမူ ပျောက်ရှယွင်းယို ကွဲပြိုပျက်စီးခဲ့ချေလျှင် ဥစ္စာရှင်ကြည်ဖြူသော်လည်း စီးနင်းဝတ်စား သုံးဆောင်သူ အခွင့်မသိရာရောက်သည်ကားဟု အငှားဥစ္စာကိုမှီ၍ အလီလီအဝဝ ကြောင့်ကြစိုးရိမ် မကင်းနိုင်ရာသကဲ့သို့ ၊ ဤဝတိံသာနတ်နန်းကို သိမ်းမြန်းစိုးစံပါဟု နတ်များဘုရင်က နှင်းအပ်သည်မှာ စေတနာမယွန်းမထောင့် ဖြောင့်မှန်သောအယူ ကြည်ဖြူသောနှလုံးရှိသည်ကို အသိပင်ဖြစ်သော်လည်း အတော်အသင့်သို့လိုက်၍ အခိုက်ခေတ္တမျှသာ အပိုင်အစိုးကို အကျိုးနှင့်အကြောင်း မညီတန်သဖြင့် နောင်တစ်ဖန်စိုးရိမ်ရန် ကြောင့်ကြဖွယ်အသွယ်သွယ် မကင်းနိုင်ရာထင်သောကြောင့် နှောင့်ယှက်ကြောင့်ကြ နောင်တတစ်ဖန် စိုးရိမ်ရန်မရှိအောင် သမ္ပတ္တိတကာတို့၏အကြောင်းဖြစ်သော ကောင်းမှုကုသိုလ်ပွားရာ ငါတို့လူ့ပြည်သို့ဆင်း၍ သီတင်းသီလ သံယမနှင့် ဒါနကုသိုလ်ကို ဖြည့်ဆောင်လိုသောနှလုံးသာ ငါ၌ဝင်သည်။

“နတ်ဘုရင်စကား ကောင်းသော်လည်း အကြောင်းမဆုံးသေးသောကြောင့် အပေးခံ၍ စံလိုသောစိတ်မရှိ၊ ရမိသည့်စည်းစိမ်၌သာ သိမ်မွေ့ငြိမ်သက်စွာ ကျင့်ရာသည့်တရား ပွားအပ်သောကုသိုလ်၌ ကိုယ်ကို အလုံအခြုံတည်စေဦး၍ ကျေးဇူးခံလူ တိုင်းသူတိုင်းသား အများသတ္တဝါအပေါင်းတို့ကိုလည်း မကောင်းသောဥပဒ်ဘေးဒဏ် ရန်မီးရန်ဆူး မစူးမခိုက်ရအောင် ကံထိုက်၍ရသောဘုန်းဖြင့် ဖြန့်ဖုံးမိုးကာလျက် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မစိုရ်မကင်း အချင်းချင်းအကျိုးလို ကြည်ညိုမြတ်နိုး မညှိုးမနွမ်း ရွှင်လန်းသောနှလုံးဖြင့် သုံးအပ်သောသီတင်း မကင်းအပ်သောသီလ ဆုံးမအပ်သောကိုယ်နှုတ် အားထုတ်အပ်သောအလှူ အယူဖြောင့်မှန်ကြောင်း ကောင်းမြတ်သောတရား၌ ညွှန်ကြားဆုံးမ ပြသဆော်နှိုး၍ ကိုယ့်အကျိုး သူ့အကျိုး ပစ္စုပ္ပန်အကျိုး သံသရာအကျိုး တိုးပွားကြောင်း မျိုးစေ့စိုက်ပျိုးရာအရပ်၌ သူမြတ်သူကောင်းအဖြစ်ကို ရခိုက်လို့ ထိုက်သမျှစည်းစိမ် ပြည့်စုံအောင် အားထုတ်ဦးအံ့သည်။ ဤနတ်ပြည်စည်းစိမ်ကြီး အကျိုးပြီးကိုသာ သုံးဆောင်ရာအရပ် နတ်မင်းတို့ကို ငါလူမင်း မတုသာသေး” ဟုဆို၍ နတ်စည်းစိမ်ကို လက်မခံ ပယ်တော်မူ၏။

(နတ်ပြည်၌ ဆင်စသောတိရစ္ဆာန်တို့ကား ဇာတိတိရစ္ဆာန် မဟုတ်။ နိမ္မိတတိရစ္ဆာန် ဖြစ်သည်။ ဇာတိအားဖြင့်ကား နတ်သားချည်းတည်း။ သိကြားမင်း၏တန်ခိုးကြောင့် အချို့သောနတ်သည် ဆင်, အချို့သောနတ်သည် မြင်း, အချို့သောနတ်တို့သည် ဟင်္သာ, ဝမ်းဘဲ စသည်ဖန်ဆင်း၍ သိကြားမင်းနှလုံးကို မွေ့လျော်စေလျက် အသီးသီးအစွမ်းနှင့်လျော်စွာ အမှုထမ်းရွက်ကြသည်ဟု မှတ်အပ်၏။ ဒေဝလောကေ တိရစ္ဆနဂတာ နာမ နတ္ထိ။ ။ ဋီကာပါဌ်။ ပရမတ်၌လည်း အာယတန ယမိုက် စသည်တို့မှာ ဆင်ခြင်၍သိရမည်။)

ဤသို့ ဘုရားလောင်းနေမိမင်းကြီးသည် လက်သို့ရောက်ပြီးသော နတ်၏ကာမဂုဏ်ကို ဥပမာနှင့်တကွ ထုံးသက်သေရရစ်အောင်သာ ဓမ္မကထာဖြင့်ပယ်ပြီးလျှင် လူတို့၏အရေအတွက်အားဖြင့် လာသည်မှ ပြန်သည်တိုင်အောင် ၇-ရက်အတိုင်းအရှည် နတ်တို့၏အရေအတွက်အားဖြင့် တစ်ပြန်နှင့်တစ်ခရာဝက်ခန့်သာ ကြာစေလျက် နတ်ပြည်၌နေသမျှကာလပတ်လုံး သိကြားမင်းအမှူးရှိသော နတ်ပရိသတ်အပေါင်းတို့အား အလှူပေးခြင်း၌အကျိုး၊ ကံ,ကံ၏အကျိုးကိုယုံကြည်ခြင်း၌ အကျိုး၊ အယူမှားခြင်း၌အပြစ်၊ သီလနှင့်ပြည့်စုံခြင်း၌ အကျိုး၊ သီလမရှိခြင်း၌ အပြစ် ဤသို့စသောအားဖြင့်ပြားသော တရားစကားတို့ကို သာယာနာပျော်ဖွယ်ရှိသောအသံဖြင့် ဟောကြားဆုံးမခြင်းကိုလည်း ပြုတော်မူ၏။ ထိုနတ်သား, နတ်သမီး နတ်မင်းတို့၏ ပြည့်စုံသောဂုဏ် ကျက်သရေတို့ကိုလည်းကောင်း၊ ထိုဂုဏ်ကျက်သရေတန်ခိုးတို့၏ အကြောင်းဖြစ်သော ကောင်းမှုတို့ကိုလည်းကောင်း ချီးမွမ်းအံ့သြခြင်းဖြင့် ရွှင်လန်းဝမ်းမြောက်စေလျက် ထက်သောသဒ္ဓါ မေတ္တာစေတနာကိုလည်း ပွားစေတော်မူ၏။ အထူးသဖြင့် မာတလိနတ်သား၏ဂုဏ်ကို ချီးမွမ်းလို၍လည်း နတ်ပရိသတ်၏အလယ်၌-

“ဗဟုပကာရော နော ဘဝံ၊ မာတလိ ဒေဝသာရထိ။

ယော မေ ကလျာဏမ္မာနံ၊ ပါပါနံ ပရိဒိဿယိ။”

ဟူသော ဂါထာကိုဆို၏။

ဘဝံ၊ ရှင်သိကြား။ ဒေဝသာရိထိ၊ နတ်၏ရထားမှူးလည်း ဖြစ်ထသော။ ယော မာတလိ၊ အကြင်မာတလိ နတ်သားသည်။ နော အမှာကံ၊ ငါတို့အား။ ဗဟုပကာရော၊ များစွာသောကျေးဇူး ရှိပေ၏။ သော မာတလိ၊ ထို မာတလိနတ်သား ရထားမှူးသည်။ မေ၊ ငါ့အား။ ကလျာဏကမ္မာနံ၊ ကောင်းမှုကို ပြုကုန်သောသူတို့၏။ ဌာနာနိ စ၊ ဘုံဗိမာန်စံရာ အရပ်ဌာနတို့ကိုလည်းကောင်း။ ပါပါနံ၊ မကောင်းမှုကိုပြုကုန်သောသူတို့၏။ ဌာနာနိ စ၊ ငရဲဝေဒနာခံရာ အရပ်တို့ကိုလည်းကောင်း။ ပရိဒိဿယိ၊ သိသိသာသာ ညွှန်ပြပေ၏။ ဤကား အနက်။

အဓိပ္ပာယ်ကား-

“နတ်အပေါင်းတို့၏အရှင်ဖြစ်သော သိကြားမင်း၏ နတ်ပြည်နယ်အတွင်းတွင် မာတလိနတ်သားကဲ့သို့ အဆင်းအရောင်အဝါ တေဇာရွှင်ဖြိုး တန်ခိုးကြီးသောနတ်ကိုရှာလျှင် ငင်ကာကောက်ကာပင် ရလွယ်ဖွယ် ရှိ၏။ ခွင့်သိလိမ္မာ ပညာနဂိုဖြင့် သူ့အလိုကိုယ့်အခွင့် အရှင့်အရေးကို တစ်ထွေးတည်းပါအောင် အရာကိုရှု၍ အမှုကိုဆောင်လျှင် အထောင်သောဂုဏ်ပေါ်လျက် ကျော်စော၍မပြီး ချီးမွမ်း၍မကုန်ရာ။ ပညာနှင့်ဘုန်းကို အသုံးတတ်ခြင်း၌ နတ်မင်းမတ်ရင်းမာတလိနှင့် ညှိ၍ရွေးသော်လည်း အလေးတူခဲပေရာသည်။ လူ့ပြည်မှနတ်ဘောင်သို့ ဆောင်တင်ချေကာမျှသာ စေလိုက်သောရာဇသံကို ဉာဏ်စဉာဏ်မြိတ်မရွှင်သူ အယူတစ်ပင်တိုင်သာဖြစ်လျှင် “တင်ဆောင်ချီပို့က ကူးတို့အမှု ကုန်တော့သည်”ဟု တရည်တည်းစိတ်နှင့် အမှုရိပ်စကားမြွက်ကို အချက်ကောင်းမရှာ အရာသင့်တင့်အောင် အခွင့်၌မကျွမ်းနိုင်၍ ဂုဏ်မပြိုင်မဝေခန့် စေရင်းဖြင့်သာ အမှုစင်ချောရှိရာဖိမ့်သည်။

“နှစ်သိမ့်ဖွယ်ပညာနှင့် ဤမာတလိမူကား အယူအကြံ ဉာဏ်နှလုံးဝယ် အကယ်၍ပင် အရှင်က အလျင်အမြန်ကိုသာ အလိုတော်ရှိလျှင် “လျင်လျင်တင်ချေ။ အထွေထွေခရီးကောက်အောင် ချီးမြှောက်၍ မကြာစေနှင့်”ဟု နောက်ဆင့်၍ ပဋိသိမ်ပိတ်တော်မူလိုက်စကောင်းလျက် “အကြောင်းနှင့်အခွင့်လျော်အောင် အတော်အသင့် ချီးပင့်ဆောင်တင်စေလိုသဖြင့် အချိန်ကိုမတွက် နေ့ရက်ကိုမခန့် ကန့်သတ်၍မှာတော်မမူ။ ဤလူမင်းလည်း အကြောင်းရင်းကံကို စိတ်သန်၍နှလုံးနူး၊ ငါ့သခင်လည်း ဝတိံခွင်နတ်မှူး၊ ငါလည်း တမန်တွင်အထူး၊ ကျေးဇူးကိုမပြလျှင် ငါ့ကိုရွေးမှတ်၍ စေလွှတ်တော်မူမျိုး ဆံတစ်ရိုးတစ်မျှင်လောက်မျှ တွင်တော့မည် မဟုတ်”ဟု သရုပ်ကိုသိတတ်သော မာတလိနတ်မင်းသည် ဆင်းရဲအတည်တည်ဖြင့် ငရဲပြည်မှာခံရသော သတ္တဝါအပေါင်းကို မကောင်းမှုကံရင်းနှင့်တကွ မကြွင်းရအောင် ပြညွှန်းဖော်ကြား၍၊ ရထားတုံ့လည်ကာ နတ်ပြည်သို့နှင့်ပြန်လျှင် ရွှင်စဖွယ်အသီးသီး နတ်သမီးနတ်သားတို့ ခံစားကြသောဘုံဗိမာန် သတ္တရဘန် ၇-ခွေ ရေတစ်ထပ်တောင်တစ်ထပ် နတ်မင်းကြီးတို့စံရာအထူးထူးကို ကျေးဇူးရင်းကုသိုလ်ကံနှင့် မကျန်မကြွင်း ဆင်းရဲချမ်းသာခံစံရာအရပ်ကို နတ်မင်းမတ်ရင်းမာတလိသည် သိသိသာသာ သညာသရုပ် အတ္ထုပ္ပတ္တိအစုံ ပုံစံဥပဒေ သက်သေမော်ကွန်း တည်ထွန်းရစ်အောင် ပြညွှန်းပေသောကြောင့် အမှောင့်ရောဂါ ကိလေသာအန္တရာယ် တစ်စွယ်တစ်စက ကျရောက်ကပ်ငြိသဖြင့် သတိ, ဝီရိယစသောကုသိုလ် ကိုယ်မအီမသာလျှင် စင်ကွာပျောက်ကင်း သန့်ရှင်းစေကြောင်း ကောင်းစွာပြညွှန်း ဖော်ကြားခြင်းထုံးသက်သေ နတ်ဆေးမျိုးအကျိုး အတိုင်းမသိကို မာတလိနတ်မင်းပေးအပ်၍ ယခုရပေသည်နှင့်အညီ ထောက်မှီစာနာ ပညာတည်းဟူသောဆေးသမား၌ သဒ္ဓါတရားတည်းဟူသော လက်ဖြင့်သွေး၍ သင်းမွှေးပျံ့ကြူး နမ်းရှူးသုတ်လိမ်းရသဖြင့် ခပ်သိမ်းသောလူအပေါင်းအား ကောင်းမှုတရား ပွားများရာအကြောင်း လမ်းကောင်းထွင်ပေသော မိတ်ကျွမ်းဝင်မာတလိသည် ဆရာ,မိဘအလား ငါတို့လူအပေါင်းအား များစွာကျေးဇူးရပ် ဆပ်၍မကုန်နိုင်အောင် ဆောင်ရွက်ပေ၏”ဟု ရထားမှူးမာတလိ ဂုဏ်ကျေးဇူးကို ဖော်ထုတ်၍ ချီးမွမ်းပြောဆိုတော်မူ၏။

ဤသို့ ဘုရားလောင်းနေမိမင်းကြီးသည် နတ်ပရိသတ်အလယ်၌ အသွယ်သွယ်တရားစကားဖြင့် ဟောကြားပြောဆို၍ လူတို့အရေအတွက် ၇-ရက်မြောက်ပြီးသော် အဖျော်ဘောဇဉ် ခဲဖွယ်နှစ်သက်ဖွယ် အမြိန်အမြတ် နတ်သုဓာကို သုံးဆောင်တော်မူရသော်လည်း၊ ကိုယ်တော်၏ကရဇကာယကို သိမ်မွေ့လှစွာသောနတ်သြဇာဖြင့် ခံစားစေခြင်းငှာ မစွမ်း၊ နေပြည်တော် နန်းမိထိလာက အာဟာရသက်လည်း ၇-ရက်တွင် အဆုံး၊ ကိုယ်တော်လည်း ခွေနုံးသဖြင့် နှလုံးတော် နေပြည်နန်းသို့လွမ်းဆွတ် တမ်းညွတ်တော်မူလျှင် နတ်ဘုရင်သိကြားမင်းအား “နတ်များအထွတ်ဖြစ်သော သိကြားမင်း။ သတင်းနှံ့ပျံ့ အခန့်မရှိကျော်အောင် အကြည်တော်ပင့်ချီ၍ အညီအညွတ် နတ်ပရိသတ် အပျော်အရွှင်နှင့် ဤသဘင်တွင် ဖူးမြင်တွေ့ကြုံ ကြည်ယုံမြတ်နိုး အကျိုးအကြောင်း အဟောင်းအသစ် ထုတ်လှစ်ပြောဆိုကာ မေတ္တာမိတ်ဝင် မင်္ဂလာပွဲပြု၍ ယခု ရောင့်ရဲလောက်ကြပြီ။ တစ်လီတစ်ကြိမ် အချိန်လည်းအခန့်တော် မျှော်လင့်ကြသော မိထိလာပြည်သူ လူအများနှင့် ငါ၏မိဖုရားကြီး, ငါ၏သားတော်, ဆွေတော်မျိုးတော်တို့ကိုလည်း ထိုနတ်ပြည်မှာ ငါ မရှည်မကြာစေဘဲ တစ်ခဏချင်းပြန်မည် မှာခဲ့သည့်အချက်အတိုင်း နေ့ကိုတွက်၍ ရောက်ချိန်ရက် ယခုတန်သဖြင့် အကြံအထွေထွေအပြားပြားနှင့် စိုးရိမ်များကြလေတော့မည်ဖြစ်၍ ယနေ့ယခုပင် လူ့ပြည်နေရပ်သို့ ပြန်ချင်တော့သည်”ဟု ဆို၏။