နေမိဇာတ်တော်ကြီး/အခန်း-၃၀

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၀။ စာတုမဟာရာဇ်ဘုံကို ပြသောအခန်း

ဤသို့ မာတလိနတ်သားသည် အာကာသဋ္ဌ ဗိမာန်ဘုံနန်းတို့ကို ပြန်ကြားပြီးလျှင် သုဓမ္မာသဘင် သိကြားမင်းအထံသို့သွားအံ့သောငှာ နေမိမင်းကြီးအား တိုက်တွန်းချီးပင့်ခြင်းကိုပြလို၍ “ဝိဒိတာနိ တေ မဟာရာဇ” အစရှိသော တစ်ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ကရုဏာမေတ္တာဖြင့် ချမ်းသာရှေးရှု ရန်သူတို့ကိုဆုံးမတတ်သော မဟာဓမ္မရာဇ်မင်းမြတ်။ အောက်ရပ်ငရဲရွာ၌ ၃-ဖြာသောဒုစရိုက်အပေါင်း မကောင်းမှုကိုပြုဖူးသူ လူဆိုးလူယုတ်တို့ ကြမ်းကြုတ်စွာခံရသော ဆင်းရဲအတန်တန်ကိုလည်း သံဝေဂရှိလောက်အောင် သိမြင်တော်မူရပြီ။ ဤ ကောင်းကင်နတ်ရပ်မှာလည်း ၃-ဖြာသုစရိုက်အပေါင်း ကောင်းမှုဖြစ်ဖူးသူ လူသူတော်ကောင်းတို့ စည်းစိမ်စိုးရိမ် မယှက်သန်းသော ဘုံနန်းဗိမာန် အထူးထူးကိုလည်း ညွတ်နူးစုံမက် နှစ်သက်ခြင်းပီတိ ယှက်စွဲကပ်၍ ရောင့်ရဲတော်မူလောက်အောင် မြင်တော်မူရပြီ။ ယခုတစ်လီ ဤဗိမာန်များထက်အထူး နတ်မှူးဝတိံရှင် စံရွှင်တော်မူရာ ဝတိံသာရွှေမြေ၌ ဘုန်းကျက်သရေအတည်တည် မြို့ပြည်ဘုံနန်းအခင်းအကျင်းနှင့် နတ်မင်းတန်ခိုးကို လူမျိုးအရှင် ရှုမြင်ရအောင် ကြွတော်မူဦးလော့”ဟု ဆိုပြီးလျှင်

တောင်မြင်းမိုရ်သို့ ရှေးရှုနှင်ပြန်လေသော်၊ ရွှေတောင်မြင်းမိုရ်အရံ သတ္တရဘန်တောင်ရပ်သို့ နတ်ရထားရောက်သောအခါ ထက်အောက်ထင်ထင် ရှုမြင်လွယ်အောင် အလယ်တောင်ထိပ်တွင်တန့်နား၍ အခြားခြားသီဒါ ခွေကာရစ်သန့်လျက် ခန့်တာယူဇနာ ကျယ်စွာဝေးဘိ လူ့မျက်စိပြကတေ့ဖြင့် တွေ့မြင်ခြင်းငှာမတန်သော တောင်ရံ ၇-လီ, သီဒါ ၇-ခွေ အနေအထားကို နတ်သား၏တန်ခိုးကျက်သရေဂုဏ်ဖြင့် ကြေးမုံမှန်အပြင် တစ်ထွာခန့်မှာ ပစ္စယာ ၇-ဆင့် မြင့်ကျယ်လှသောစေတီကြီးကို ထီးတိုင်အောင်ပြသကဲ့သို့ အဆုံးအစမကြွင်းရအောင် တကွနတ်လင်းစေ၍ ရှင်းရှင်းမြင်သာအောင် ပြလေ၏။

ထိုအခါ နေမိမင်းကြီးသည် သီဒါအကြားချပ်၍ အထပ်ထပ်အဆင့်ဆင့် စွင့်မြင့်ကြီးကျယ်သော တောင်၇-လုံးကိုမြင်သော် ရှုမျှော်လည်လှည့် ကြည့်လေတိုင်းအံ့ဖွယ် အသွယ်သွယ်များသည်ဖြစ်၍ နှစ်သက်ရွှင်လန်းသောအားဖြင့် ရထားမှူးမာတလိနတ်သားအား “နတ်ရထားမှူးမာတလိ။ သင်သိတိုင်း ပြောပါဦး။ အထူးထူးအဆန်းဆန်းနှင့် ပန်းနွယ်ပန်းတံ ခက်လံဖားဝေ ရွှေအဆင်းမြအဆင်း ဦးဝင်းထင်ယောင် ထိုတောင်ဤတောင် အဆင့်ဆင့်အထပ်ထပ် ပတ်ရစ်၍နေသောရေအဝှမ်းလည်း ချမ်းမြေ့အေးကြည်ယောင်အသွင် ကမ်းဆိပ်အပြင် တောင်ထိပ်အပြင်၌ သဘင်သံ, သစ်ပင်သံဟု အမှန်မသိရ ညိုးညိုးငြိမ့်မျှ သိမ့်သိမ့်သဲသဲ တစ်ခဲနက်အသံ ထင်ယောင်ထင်မှား ရှိခဲ့သည်။ ဤတောင်, ဤပြည်ကား အဘယ်အမည် ရှိသနည်း”ဟုမေး၏။

နေမိမင်းကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် မိမိသိမြင်တိုင်း ညွှန်ကြားလို၍-

“သုဒဿနော ကရဝိကော၊ ဤသန္ဓရော ယုဂန္ဓရော။

နေမိန္ဓရော ဝိနတကော၊ အဿကဏ္စော ဂိရိ ဗြဟာ။”

“ဧတေ သီဒန္တရေ နဂါ၊ အနုပုဗ္ဗသမုဂ္ဂတာ။

မဟာရာဇာနမာဝါသာ၊ ယာနိ တွံ ရာဇ ပဿသိ။”

ဟူ၍ ၂-ဂါထာဖြင့် ဆို၏။

မဟာရာဇ၊ နေမိမင်းကြီး။ သုဒဿနော၊ သုဒဿနတောင်။ ကရဝိကော၊ ကရဝိကတောင်။ ဤသန္ဓရော၊ ဤသန္ဓရတောင်။ ယုဂန္ဓရော၊ ယုဂန္ဓိုရ်တောင်။ နေမိန္ဓရော၊ နေမိန္ဓရတောင်။ ဝိနတကော၊ ဝိနတကတောင်။ ဗြဟာ၊ အပြင်ကျယ်သော။ အဿကဏ္ဏော ဂိရီ၊ အဿကဏ်တောင်။

သီဒန္တရေ၊ သီဒါအကြား၌။ ဧတေ နဂါ၊ ထိုတောင် ၇-လုံးတို့သည်။ အနုပုဗ္ဗသမုဂ္ဂတာ၊ အစဉ်အတိုင်းမြင့်ကုန်၏။ မဟာရာဇာနံ၊ နတ်မင်းကြီးတို့၏။ အာဝါသာ၊ နေရာဖြစ်ကုန်၏။ ရာဇ၊ နေမိမင်းကြီး။ ယာနိ ပဗ္ဗတာနိ၊ အကြင်တောင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုတောင်တို့ကို။ တွံ၊ အရှင်မင်းကြီးသည်။ ပဿသိ၊ ရှုတော်မူလော့။ ဤကား အနက်။

အဓိပ္ပာယ်ကား-

“သူတစ်ပါးလည်း မှတ်သားဥပဒေ ရရစ်စေဟူသောနှလုံးဖြင့် မဖုံးမဝှက် အနက်သတ္တိကို မသိသောအရာထင်လျှင် လျင်စွာဆွေးနွေး မေးမြန်းလေ့ရှိတော်မူသော နေမိမင်းမြတ်။ မှတ်နာတော်မူဦးလော့။ ရထားဦးကွန်းထောင်ချရာ ဤတောင်မြတ်ကား “သုဒဿန”အမည်ခေါ်၏။ ဤမှအတွင်း သမုဒ္ဒရာပေါ်ကို မျှော်ရှုပြန်လျှင် သုဒဿနတောင်ထက် ထမ်းပိုးဆင့်၍ မြင့်ကျယ်မောက်မိုသော ထိုတောင်ဂိရိကား “ကရဝိက”အမည် ခေါ်ဝေါ်ကြ၏။ ထိုမှအတွင်းလည်း မွှေးသင်းသောရေ ရစ်ခွေအေးမြလျက် ကရဝိကတောင်ထက် ထမ်းပိုးဆင့်၍ မြင့်ကျယ်မောက်မိုသော ထိုတောင်ညိုအမည်ကိုကား “ဤသန္ဓရ”ဟုခေါ်ဆိုကြ၏။ ထိုမှအတွင်းနေ ရေကြည်မြရိပ်နှင့် ဤသန္ဓရတောင်ရိုးထက် ထမ်းပိုးတက်၍ မြင့်ကျယ်မောက်မိုသော ထိုတောင်ကြီးဖြိုးဖြိုးကား တန်ခိုးကြီးမြတ်သော နတ်မင်း ၄-ပါးတို့ပျော်ရာ နဂိုရ်မြင်းမိုရ်တောင်ခါးပန်းနှင့် ထမ်းပိုးတန်းအမျှ နေလတာရာ သွားရာခရီးခွင်နှင့်လည်း အမြင့်ထပ်တူ လူ,နတ်တို့အခေါ်အဆို “ယုဂန္ဓိုရ်”အမည်ရှိ၏။ နောက်လှည့်တစ်ဖန် ပြန်လည်စဉ်လျှောက်၍ အောက်ကတောင် ၃-ခုကို ရှုတော်မူပါဦး။ ဤသုဒဿနတောင်အောက် တစ်ဝက်လောက်နိမ့်သော ထိုတောင်အခွေကား “နေမိန္ဓရ” အမည်တွင်၏။ ထိုတောင်ပြင်က သီဒါကိုဆီးကာပတ်ခွေလျက် နေမိန္ဓရတောင်အောက် တစ်ဝက်လောက် နိမ့်ကြုံသောနဂိုရ်ဖြင့် ထိုတောင်ဂိရိကား “ဝိနတက” အမည်ဆို၏။

ထိုမှ အပြင်စွန်းသီဒါကို ဆီးကာပတ်ချုပ်၍ သမုဒ္ဒရာဆားငန်ကို ပြင်နံပါးထိလျက် ဝိနတကတောင်အောက် တစ်ဝက်လောက် အစောက်အနံ နိမ့်ကြုံသောနဂိုရ် ထိုတောင်အစွန်းကား “အဿကဏ်”အမည်ရှိ၏။ ထိုတောင်စဉ် ၇-တန်သည် အဿကဏ်မှစ၍ အနံအစဉ်သင့် ၂-ပြန်ဆင့်၍ အမြင့်ကျယ်ဆောင်လျက် တောင်မြင်းမိုရ်နန်းနှင့် စောင်းတန်းလှေကားသွင် ဝန်းကျင်ရံပတ်သော ၇-ထပ်အခြေတွင် ၇-ခွေရေညို မှီခိုပတ်လျှောက်၍ မြလက်ကောက်၇-ခြည်လို အေးကြည်ချမ်းမြေ့စွာ လဲဝါဂွမ်းမွေးကိုမျှ အလေးမခံ နှိပ်နွံဆွဲထုတ် မြှုပ်နှစ်တတ်သောသတ္တိ ရှိသည့်ပြီပြီ “သီဒါသမုဒ္ဒရာ”ဟု လူ့ရွာနတ်ပြည် အမည်ထင်ရှားစွာ ဤသီဒါသမုဒ္ဒရာ ဆီးကာပတ်ရံ၍ ဤသတ္တရဘန် တောင် ၇-လုံးသည် ဘုန်းတန်ခိုးတောက်ပလျက် လောကအစောင့်အထိန်း ခပ်သိမ်းသော နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်, ရက္ခိုသ်တို့၏သေဌ်နင်း နတ်မင်းကြီး ၄-ယောက်တို့၏နိုင်ငံ စံပျော်ရာနေရပ်ဖြစ်သည် မှတ်တော်မူလော့”ဟု ညွှန်ကြားပေ၏။

(ဤအရာ၌ ထိုဂါထာ၏အဖွင့် နေမိဇာတ်တော်အဋ္ဌကထာတွင် “တတ္ထ သုဒဿနောတိ အယံ မဟာရာဇ ဧတေသံ သဗ္ဗာဗာဟိရော သုဒဿနော နာမ၊ တဒန္တရေ ကရဝိကောနာမ သော သုဒဿနတော ဥစ္စတရော” စသည်ဖြင့် ဂါထာ၌လာသော တောင်မည်အစဉ်အတိုင်း သုဒဿနတောင်ကို ပြင်စွန်းပြု၍ အဿကဏ်တောင်ကို အတွင်းဆုံးပြုလျက် ဖွင့်၏။ ဝိသုဒ္ဓိမဂ်, ပါရာဇိကဏ်, အဋ္ဌသာလိနီ စသောအဋ္ဌကထာတို့၌ကား အဿကဏ်တောင်ကို ပြင်စွန်းပြု၍ ယုဂန္ဓိုရ်တောင်ကို အတွင်းဆုံးပြု၍ဆို၏။ ဤ နေမိဇာတ်တော်ပါဠိ၌ မည်သည့်တောင်ကနေ၍ ပြကြောင်းကို မဆို။ ထိုဇာတ်တော်အဖွင့် အဋ္ဌကထာ၌သာ ပြင်စွန်းကနေ၍ပြကြောင်းကို အတ္ထုပတ္တိအားဖြင့် လာ၏။ ထိုအဋ္ဌကထာလာတိုင်း သုဒဿနတောင်ကို ပြင်စွန်းပြုချေလျှင် တစ်ပါးသောအဋ္ဌကထာတို့နှင့် မညီမညွတ်ဖြစ်ခဲ့၏။ ထိုအဋ္ဌကထာ စကား၂-ရပ်ကို ညီညွတ်အောင်ပြု၍ အချို့ဆရာတို့ယူသည်ကား နေမိမင်းကြီး ဖြစ်တော်မူသောကာလက ပညတ်သောအမည်နှင့် ယခုပညတ်သောအမည် ကွဲသည်ဖြစ်ရာ၏။ ယခုကား ပြင်စွန်းတောင်ကို အဿကဏ်, နေမိမင်းလက်ထက်ကား ပြင်စွန်းတောင်ကို သုဒဿန၊ ဤသို့ နာမပညတ်ခြားသောကြောင့် ခေါ်ဝေါ်ပညတ်ရာ ကာလသို့လိုက်၍ဆိုသည်ဟု ယူကုန်၏။ ထိုကာလအမည် အခြားတွင်ကြောင်းကို အဋ္ဌကထာ မဖွင့်၊ အထောက်အထားနှင့်လည်းမဆို ညီစေလိုသောဆန္ဒနှင့်သာ ကြံဆ၍ယူသော ဝါဒဖြစ်ခြင်းကြောင့် ထိုဆရာတို့၏စကားကို ဆင်ခြင်အပ်၏။

အဘယ်သို့ ဆင်ခြင်ရာသနည်းဟူမူ အကယ်၍ နေမိမင်းဖြစ်တော်မူသောကာလ ထိုတောင်တို့သည် အမည်အထူး ရှိသည်ဖြစ်အံ့။ နေမိမင်းကြီးကာလကား ဝေးသေးသည် မဟုတ်။ ဤအန္တရကပ် အသင်္ချေမှဆုတ်၍ အနှစ် ၂-သိန်းကျော်၊ ၃-သိန်း အသက်တမ်းမျှလောက်တွင်သာဖြစ်ခြင်းကြောင့် မြတ်စွာဘုရားလက်ထက်တော်တိုင်အောင်ပင် ပြင်စွန်းတောင်ကို သုဒဿနဟု သမုတ်အပ်သော ရှေးအမည်မပျက် ရှိရာသည်။ ထိုနေမိမင်း မဖြစ်မီကပင် တည်ထောင်သမုတ်နှင့်သော ရာဇဂြိုဟ်, မိထိလာ အစရှိသောပြည်တို့သည် ထိုတောင်တို့ကဲ့သို့ အလိုအလျောက်ရှိရသည် မဟုတ်။ ထီးနန်းအပြောင်းအလဲ အဖန်များစွာ ရှိလျက်ပင်လည်း အဓွန့်ရှည်စွာ ခေါ်ဝေါ်အပ်သောအမည် မပျောက်မတိမ်နိုင် ဖြစ်တုံသေး၏။ ထို့ကြောင့် ထိုဆရာတို့၏အယူကို ဆင်ခြင်အပ်၏။

သာရတ္ထဒီပနီ ဋီကာဆရာကား အထူးမဆုံးဖြတ်။ နေမိဇာတ်တော် အဋ္ဌကထာ, ဝိသုဒ္ဓိမဂ်, ပါရာဇိကဏ်အဋ္ဌကထာ စသောကျမ်းတို့၌ မညီမညွတ်လာကြောင်းကိုသာ သာမညဆို၏။

ဇိနာလင်္ကာရ ဋီကာဆရာကား ခြင်္သေ့သံကဲ့သို့ ရွံ့ရှားကင်းသောစကားဖြင့် ဤသို့ဆို၏။ ဤနေမိဇာတ်တော်ဂါထာ၌၊ “သုဒဿနော ကရဝိကော” စသည်ဖြင့် သင်္ဂါယနာဆရာတို့ ၃-ကြိမ်တိုင်အောင် သင်္ဂါယနာတင်အပ်သော ဘုရားပါဠိတော်ဂါထာ ဖြစ်သည်။ ပါရာဇိကဏ် အဋ္ဌသာလိနီ စသည်တို့၌လည်း “ယုဂန္ဓရော ဤသန္ဓရော” အစရှိသော ဂါထာသည်လည်း ၃-ကြိမ်တိုင်အောင် သင်္ဂါယနာတင်အပ်သောဂါထာပင် ဖြစ်သည်။ အခိုင်အခံ့ ကျမ်းချည်းပင်ဖြစ်၍ မညီမညွတ် မရှိသင့်။ ထိုစကားလည်း ထင်ရှားသိမြင်သော စကားပင်ဖြစ်သောကြောင့် ဒိဗ္ဗစက္ခုဉာဏ်, သုတမယဉာဏ် စသည်တို့ဖြင့် သိခြင်းငှာ မခဲ။ ဤမျှခန့်သောအရာကိုမျှ ကျမ်း၂-ကွဲရှိခဲ့လျှင် သိမ်မွေ့စွာသော ပရမတ္ထဒေသနာတော်၌ ညီညွတ်နိုင်တော့မည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓရက္ခိတအမည်ရှိသော ငါ ဇိနာလင်္ကာရ ဋီကာဆရာသည် ထိုစကား ၂-ရပ်ကို ညီညွတ်အောင်ဆုံးဖြတ်ခြင်းငှာ စွမ်းနိုင်၏။ အဘယ်သို့ ဆုံးဖြတ်ရအံ့နည်းဟူမူကား ထိုတောင်တို့၏ ရှေးပညတ်နှင့်ခြား၍ ယခုပညတ်သောကြောင့် “သုဒဿနော” စသည်ဖြင့် ဆိုသည်မဟုတ်။ မာတလိနတ်သားသည် အာကာသဋ္ဌဗိမာန်များကို ပြပြီးသဖြင့် တောင်မြင်းမိုရ်သို့ ရှေးရှုနှင်၍ တောင်စဉ်၇-ထပ်တွင် အလယ်ဖြစ်သော သုဒဿနတောင်သို့ရောက်သောအခါ ထိုတောင်ထိပ်၌နေလျက် နေမိမင်းကြီးအား သုဒဿနတောင်မှစ၍ အထက်အထက်၌ အဆင့်အဆင့်တည်သော တောင်တို့ကိုပြလို၍ “သုဒဿနော ကရဝိကော ဤသန္ဓရော ယုဂန္ဓရော”ဆိုပြီးမှ အောက်အောက်သော တောင်တို့ကိုပြလို၍ “နေမိန္ဓရော ဝိနတကော အဿကဏ္ဏော”ဟု ဆိုသည်။ ဤသို့ယူသည်ရှိသော် ဤနေမိဇာတ်တော်ပါဠိနှင့် တစ်ပါးသောအဋ္ဌကထာတို့သည် ညီညွတ်ခြင်းသို့ ရောက်၏။

ထိုသုဒဿနတောင်ကို အလယ်ထား၍ ဖွင့်အပ်သည်ဖြစ်လျက် ထိုနေမိဇာတ်တော်အဖွင့်ဖြစ်သော အဋ္ဌကထာ၌ ပြင်စွန်းထား၍ဖွင့်လေသည်ကား အဋ္ဌကထာဆရာတို့ သတိမေ့လျော့၍သာ ရေးမိလေသည်။ အမှန်ရေးလို၍ ရေးသည်မဟုတ်ဟု ထိုစကားကို ဋီကာဆရာ နုတ်တော်မူသည်။

ပါဌ်ကား-

“ယံ ပန နေမိဇာတကဋ္ဌကထာယံ သုဒဿနောတိ အယံ မဟာရာဇ သဗ္ဗဗာဟိရော သုဒဿနပဗ္ဗတော နာမာတိအာဒိ လိမိတံ၊ သတိသမ္မောသေန လိခိတန္တိ ဂဟေတဗ္ဗံ၊ ဤပါဌ်လျှင်တည်း။

နေမိဇာတကဋ္ဌကထာယံ၊ နေမိဇာတ်တော် အဋ္ဌကထာ၌။ သုဒဿနောတိပဗ္ဗတောနာမာတိအာဒိ၊ ပဗ္ဗတောနာမ ဤသို့အစရှိသော။ ယံ ဝစနံ၊ အကြင်စကားကို။ အာစရိယေဟိ၊ အဋ္ဌကထာဆရာတို့သည်။ လိခိတံ၊ အက္ခရာတင်အပ်၏။ တံ ဝစနံ၊ ထိုစကားကို။ သတိသမ္မောသေန၊ သတိမေ့လျော့တော်မူသဖြင့်။ လိခိတန္တိ၊ ရေးအပ်သော စကားဟူ၍။ ဂဟေတဗ္ဗံ၊ ယူအပ်၏။ ဋီကာပါဌ်အနက်။

ဤသို့ဆိုအပ်သော ဇိနာလင်္ကာရ ဋီကာဆရာ့စကားကိုပင် ငါတို့လည်း နှစ်သက်သည်ဖြစ်၍ ၎င်းဋီကာလာတိုင်း ဂါထာ၌ အဓိပ္ပာယ်ကို ဆိုလိုက်သည်။ ဘုံခန်လင်္ကာ၌လည်း ဤအဓိပ္ပာယ်ကိုပင် စပ်ပြသည်။)