နေမိဇာတ်တော်ကြီး/အခန်း-၂၉

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၉။ အာကာသဋ္ဌ ဝိမာနခန်း

ဤသို့ ဆိုအပ်ခဲ့ပြီးသော ၈-ရပ်သောဘုံဗိမာန်ရှင် နတ်သားနတ်သမီးတို့သည် လူဖြစ်သောအခါက ရတနာ ၃-ပါးသို့ ကိုးကွယ်ဆည်းကပ် မပြတ်ဖူးမြော် ပူဇော်ချီးမြှောက်လေ့ရှိသော ဥပါသကာ, ဥပါသိကာတစေချည်းတည်း၊ ထိုဥပါသကာ ဥပါသိကာတို့သည် မိမိတို့ကျင့်အပ်သော ပဉ္စသီလနှင့်လည်း ပြည့်စုံကုန်၏။ မိမိတို့အသက်မွေးအပ်သော သတ္ထဝါဏိဇ္ဇ အစရှိသည်တို့မှကြဉ်၍ သန့်ရှင်းကောင်းမြတ်သော အသက်မွေးခြင်းနှင့်လည်း ပြည့်စုံကုန်၏။ ထိုသီလအာဇီဝနှင့်ပြည်စုံခြင်းကြောင့် “ဥပါသကစဏ္ဍာလ”မှလွတ်၍ “ဥပါသကပဒုမ”အဖြစ်သို့လည်း ရောက်ကုန်၏။ ထိုဥပါသကပဒုမအဖြစ်သို့ ရောက်ခြင်းကြောင့် မိမိတို့နှစ်သက်အပ်, တောင့်တအပ်သော သုခသမ္ပတ္တိတို့နှင့် ပြည့်စုံကုန်၏။

(ဤကိုထောက်၍ ရတနာ ၃-ပါးသို့ ဆည်းကပ်ကိုးကွယ်သဖြင့် သရဏဂုံတည်ကုန်သော သူတော်ကောင်းတို့သည် ဥပါသကပတိကိဋ္ဌ, ဥပါသကစဏ္ဍာလမှ လွတ်၍ ဥပါသက ပဒုမ, ဥပါသက ပုဏ္ဍရိကဖြစ်စေခြင်းငှာ “ပါဏာတိပါတာ ဝေရမဏိ” အစရှိသော ပဉ္စသီလကို တစ်နေ့မပြတ် ဆောက်တည်စောင့်ရှောက်ခြင်း၊ သတ္ထဝါဏိဇ္ဇ ဓား, လှံ, မြား, မြှုံး, ပိုက်ကွန် အစရှိသောလက်နက်ကုန်၊ သတ္တဝါဏိဇ္ဇ သူ့ကိုမတော်လှန်စေကြောင်း ရောင်းစားခြင်းကုန်၊ မံသဝါဏိဇ္ဇ ဆိတ်, ဝက်, ကြက်, ဝမ်းဘဲ စသည်တို့ကို အသားပိုအောင်မွေး၍ သားထိုး, ငှက်ခတ်, မုဆိုး, တံငါ ပြုခြင်းတည်းဟူသော အသားကုန်၊ မဇ္ဇဝါဏိဇ္ဇ ယစ်မျိုး, ယစ်မျိုးနှင့်ရောစပ်သော ဝတ္ထုတို့ကို ရောင်းစားခြင်း ယစ်မျိုးကုန်၊ ဝိသဝါဏိဇ္ဇ အဆိပ်, အဆိပ်နှင့်ရောစပ်သော ဝတ္ထုတို့ကို ရောင်းစားခြင်း အဆိပ်ကုန်၊ ဤ ၅-ပါးသော အဓမ္မိက ကုန်သွယ်ခြင်းတို့မှကြဉ်၍ ကောင်းသောလယ်လုပ်ကုန်သွယ် ရောင်းဝယ်ဖောက်ကား၍အသက်မွေးခြင်း အားထုတ်နိုင်သည်ရှိသော် ဥပုသ်အဋ္ဌင်္ဂ, ဒသင်္ဂသီလ သမထ ဝိပဿနာအားဖြင့်ပြားသော ကမ္မဋ္ဌာန်းအားနှင့်လျော်စွာ ဒါန၊ စာဂ စသောကုသိုလ်တို့ကိုသာလျှင် ကြိုးစားအားထုတ်ကြကုန်လျက် ပုထုဇဉ်အလျောက် မှားရောက်ခဲ့မိသော အပြစ်ရှိသော်လည်း ထိုအပြစ်တို့ကို မအောက်မေ့ဘဲ ဖျောက်လွှင့်၍ တင့်တယ်စွာပြုအပ်သော ကုသိုလ်ကောင်းမှုတို့ကိုသာလျှင် တစ်နေ့မလပ် မပြတ်ရအောင် အဖန်များစွာ ပွားစေရာသည်ဟု မှတ်အပ်၏။ ဤကား စကားချပ်တည်း။)

ဤသို့ မာတလိနတ်သားသည် အခြားခြားအသွယ်သွယ် တင့်တယ်ခြင်းအဆန်းဆန်းနှင့် ရထားလမ်းကောင်းကင်ပြည် တည်ဟန်စံဟန် ဗိမာန် ၈-ဦးကို ညွတ်နူးသောဇောပီတိရှိအောင် နေမိမင်းကြီးအားပြကာ ပြန်ကြား၍နေစဉ်ပင်လျှင် သုဓမ္မာသဘင်၌ မျှော်လင့်ကုန်သော နတ်ပရိသတ်တို့၏ တောင့်တခြင်းအလိုအားဖြင့် သိကြားမင်းသည် “ငါ၏ ရထားမှူးမာတလိ ကြာလေစွ။ အဘယ်အကြောင်းကြောင့်နည်း”ဟု ကြည့်လတ်သည်ရှိသော်၊ ဗိမာန်အထူးအဆန်း ကောင်းကင်နန်းများကို ရထားတန့်ကာ ပြ၍နေကြောင်းကိုမြင်လျှင် “နတ်လုလင်မာတလိသည် နေမိမင်းကြီးနှလုံးမှာ ရွှင်ပြုံး၍အံ့မကုန်အောင် နတ်ဘုံများကိုပြလျက် နှစ်သက်မြတ်လေး ဆေးဆေးနွှဲနွှဲ ပွဲပြု၍လာသည်မှာ အလွန်တရာလျောက်ပတ်ပေသည်ပင်။ ယခုဖူးမြင်ရမည့်စိတ်နှင့် ယိုဖိတ်မတတ်သော နတ်ပရိသတ်တို့၏ဆန္ဒကိုလည်း အလိုအတိုင်း ပြည့်စေလွယ်မှသာ ငါတို့သူတို့ နှစ်လို့ခြင်းတညီတမျှ ဖြစ်ကြချေမည်”ဟုကြံ၍၊ တစ်ဖန် ဇဝနအမည်ရှိသော နတ်တမန်တစ်ယောက်ကိုခေါ်ပြီးလျှင်

“အချင်းဇဝန။ ယခင်တွင် မဟာဇဝနနတ်ကို စေထပ်လိုက်သည်မူ၍လည်း လူမင်းနှင့်ရထားမှူး ၂-ဦးလုံးသောသူတို့၏အမူအရာ မေးရည်ဖြေရည်ကို ရွှင်ကြည်စုံမက် နှစ်သက်မြတ်နိုးခြင်းဖြင့် မနှိုးမဆော် ပျော်ဖက်ပြု၍ ယခုနေချေပြီ။ တစ်လီ သင်နတ်သား သွား၍ထပ်ဦးမှ ရထားမှူး ပြန်တော့မည်။ ကောင်းကင်ပြင်ဘုံရပ်ကို စေ့စပ်အောင်ပြလျှင် ကာလသာကုန်၍ ဘုံဆုံးနိုင်မည် မဟုတ်ရာ။ အခါနှင့်ချင့်၍ သင့်ရာများကိုသာ အခန့်တော်ပြပြီးလျှင် အလျင်အမြန် တင်ဆောင်၍လာခဲ့ ငါအမိန့်တော်ရှိကြောင်းကို ယခု ပြန်ကြားချေ”ဟု စေထပ်လိုက်၏။

ဇဝနနတ်သားလည်း သိကြားမင်းဆိုတိုင်း အလျင်အမြန်သွား၍ ရထားမှူးမာတလိနတ်သားအား ပြန်ကြားလေ၏။ ထိုအခါ မာတလိနတ်သားသည် သိကြားမင်းရာဇသံကြောင့် ဗိမာန်အလီလီကို တစ်ခုစီမထုတ်ဘဲ တစ်အုပ်တစ်ခရိုင် တစ်ပြိုင်နက်တည်းဖွင့်လတ်၍ အရပ် ၄-မျက်နှာတို့၌ များစွာသော အာကာသဋ္ဌ ဗိမာန်အလုံးကို ကျုံး၍ကျင်းသကဲ့သို့ လင်းလင်းထင်ထင် ရှုမြင်သာအောင်ပြလေ၏။

ထိုသို့သော ရတနာ ၇-မည် အတည်တည်အဆန်းဆန်းနှင့် ဘုံနန်းဗိမာန်အဆူဆူကို တူရူလည်လှည့် ရှုကြည့်ခြင်းဖြင့် နေမိမင်းကြီးမြင်လျှင် ဇောဘဝင်တဒါရုံ မကြုံစတောင်းသောနတ်စည်းစိမ်ကို တွေ့ကြိမ်ရှုမော အံ့ဩမပြီးနိုင်အောင်ရှိသည်နှင့် မာတလိနတ်သားအား “ဝေဟာယသာ မေ ဗဟုကာ” အစရှိသော ၂-ဂါထာခွဲဖြင့်မေးပြန်၏။

အဓိပ္ပာယ်ကား-

“သိကြားမင်း၏နှလုံးကို ပိုက်ကျုံး၍အကုန်အစင် သိမြင်တိုင်းအသင့် အခွင့်၌လိမ္မာစွာသော မာတလိရထားမှူး။ အထူးထူးအထွေထွေ ကြည့်လေတိုင်းအသွယ်သွယ် အံ့ဖွယ်အဆန်းဆန်းနှင့် ဤဘုံနန်းဗိမာန်ဆောင် အထောင်အရာမက ကောင်းကင်ဝတစ်ပြင်လုံး ဆုံးနိုင်ဟန်မရှိ။ လျှံညီဝင်းဝါ ရတနာရောင်ခြည်လည်း တို့ပြည်လူ့ဘုံမှာ နယုန်နွယ်တာ ရာသီမိုးဦးကြိမ်လျှင် တိမ်တိုက်တိမ်ထပ်က လျှပ်စစ်ရောင်နွယ် အသွယ်သွယ်ကူးယှက်၍ တလက်လက်လျှံသကဲ့သို့ ဤဗိမာန်နှင့်ထိုဗိမာန် အလျှံချင်းယှက်ငြိ၍ မျက်စိမျှမရှုဝံ့အောင် အံ့ဖွယ်အတိပြီးသော နတ်သမီးနတ်သားတို့ဝတ်စားသော အဝတ်တန်ဆာရောင်, ဗိမာန်ရောင်, ဘုံနန်းဆောင်အသီးသီးပင် မြင်ခဲ့ရသမျှဗိမာန်ထက် နှစ်သက်ဖွယ်လွန်ကဲသော စည်းစိမ်ကိုတွေ့ကြိမ်ရသဖြင့် ယခုတစ်ဖန် ကိုယ်စံရပြီးကဲ့သို့ နှစ်လိုခြင်းပီတိ ရှိပြန်ရသည်ယူဆ၍ ဖြေဆည်သာအောင် သံသရာဟောင်းက ထိုနတ်သားအပေါင်းတို့အကြောင်း ကုသိုလ်ကံကို တစ်ဖန်နတ်ရထားမှူး ကြားပါဦးလော့”ဟု မေး၏။

နေမိမင်ကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် သိမြင်တိုင်းကြားပြန်လို၍ “သဒ္ဓါယ သုနိဝိဋ္ဌာယ” အစရှိသော တစ်ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“လူ့ပြည်နှင့်နယ်စပ်သော ဤဘုံရပ်ဗိမာန်နန်းများကို ဆွတ်လှမ်းလောက်သည်မထင်၊ ထက်ရပ်ခွင် ဘုံအထွတ်မှာ ရန်လွတ်သောဘုံနန်းကို သိမ်းမြန်းစိုးယူ စံတော်မူမည့်နှလုံးနှင့် ဘုန်းသစ်ဘုန်းဟောင်း ထပ်လောင်းဆင့်ဖြိုးသော တန်ခိုးသတင်းဖြင့် နတ်မင်းတို့၏အဆွေဖြစ်တော်မူသော နေမိမင်းမြတ်။ မှတ်နာတော်မူဦးလော့။ ဤအထူးထူးအဆန်းဆန်း ဘုံနန်းသူအပေါင်းတို့ ရှေးအကြောင်းကုသိုလ်ကံမှာ သံသရာဘဝဟောင်းက ကဿပမြတ်စွာဘုရားသာသနာတော်တွင်း၌ သဒ္ဓါခြင်းနှင့်ပြည့်စုံသူ လူသူတော်ကောင်းဖြစ်ကြသဖြင့် အဆုံးအမပိဋကတ် မြတ်စွာဘုရားသာသနာတော်ကို ချီးမြှောက်ရွှင်လန်းစွာ ရဟန်းသာမဏေပြုလတ်၍ ပညတ်တော်မူတိုင်း ဖြူစင်သန့်ရှင်းသောသီလရှိလျက် ရဟန်းတရားကိုပွားစေသဖြင့် ကိလေသာ ၂-တန်ကို မဂ်ဉာဏ်ဖြင့်ပယ်ဖြတ်၍၊ သောတာပတ္တိဖိုလ်ကို ကြည်ညိုနှစ်သက် မျက်မှောက်ပြုလျက် အထက်မဂ်ကို အလိုမပြည့်မကုန်သဖြင့် လူ့ဘုံနတ်ရွာ သံသရာစက်မှ မထွက်ရသေးသော အရိယသီလဝန္တ ကလျာဏပုထုဇဉ် ဖြစ်ကြ၍ သီလဘာဝနာ ပညာသုတကို နေ့ညညွတ်နူး ပြုဖူးသောကုသိုလ်ကံကြောင့် ဤဗိမာန်ဘုံနန်း၌ ထူးဆန်းလျောက်ပတ် မြင့်မြတ်သောနတ်စည်းစိမ်ကြီးမှာ အသီးသီးခံစား မွေ့လျော်ကြရသည် မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။