နေမိဇာတ်တော်ကြီး/အခန်း-၂၅

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၅။ ဒုတိယဖလိက ဝိမာနခန်း

ဤသို့ ကျောက်မျက်ရွဲဗိမာန်ရှင် နတ်သားနတ်သမီးတို့၏ ရှေး၌ပြုဖူးသောကောင်းမှုကို နေမိမင်းကြီးအား ပြန်ကြားပြီးလျှင် မာတလိနတ်သားသည် တောင်မြင်းမိုရ်သို့ ရှေးရှုနှင်ပြန်၍၊ တစ်ဖန်ကောင်းကင်ပြင် ရထားလမ်းအနီးတွင် ဖန်ဖြင့်ပြီး၍ ညီးညီးတောက်လျက်၊ အစောက်အနံကျယ်စွာ အရာမကသောရတနာ စုလစ်မွန်းချွန်တို့ဖြင့် ထွန်းတောက်တင့်တယ်ခြင်းဖြင့်၊ မွှေးသင်းပျံ့ထုံ ရဂုံပန်းစဉ် ဥယျာဉ်ပင်ပျိုတို့ဖြင့် ခြံရံလျက်၊ ကျေးငှက်အပေါင်း ရင့်ငြောင်းကြူးအေးသံလည်း တရံမပြတ်၊ ပတ်ရစ်ခွေကာ သာယာသောဆိပ်ကမ်း အထူးအဆန်းသောရွှေသဲပြင်ကျွန်း ထွန်းလျက်စီးသော ရေကြည်မြစ်အသွယ်သွယ်ဖြင့်လည်း တင့်တယ်စွာရံဝန်း၍၊ ထိုဖန်နန်းဗိမာန်ဆောင်ဝယ် အထောင်အရာမကသော နတ်သမီးတစ်စု ပျော်မှုနှင့်အသွယ်သွယ် ချစ်စဖွယ်ပြုပြင်၍ ပတ်ဝန်းကျင်ခစားသော နတ်သားဗိမာန်ရှင်၏ ဂုဏ်အင်လျှံမိုးသော တန်ခိုးကျက်သရေကို နေမိမင်းကြီးအား ရထားကိုရပ်တန့်၍ အခန့်တော်ရာက မာတလိနတ်သား ပြလေ၏။

ထိုအခါ နေမိမင်းကြီးသည် နတ်သမီးအပေါင်း ခညောင်းဝန်းရံလျက်စံနေသော ဖန်နန်းရှင်နတ်သားကိုမြင်လျှင် အလွန်ရွှင်ပျသောနှလုံးဖြင့် ကိုယ်သုံးဆောင်ရသောစည်းစိမ်ကဲ့သို့ နှစ်လို့ခြင်းရှိသည်ဖြစ်၍ မာတလိနတ်သားအား “ပဘာသတိမိဒံ ဗျမှံ” အစရှိသော ၃-ဂါထာခွဲဖြင့် မေးပြန်၏။

အဓိပ္ပာယ်ကား-

“အများသတ္တဝါတို့၏ ချမ်းသာဆင်းရဲကြောင်း ကောင်းမကောင်းအမှုကို မျှော်ရှုတိုင်းလျင်လျင် သိမြင်တတ်သော နတ်ရထားမှူး မာတလိ။ မျက်စိနှင့်နား မြင်ကြား၍မငြီးငွေ့သာအောင် ရတနာ ၇-မျိုး ပြိုးပြိုးပြက်ပြက်တောက်ထွန်းသော အမွှန်းစိန်ပျံ မှန်ကင်းစိန်ဖူး မုတ်ကူးလည်သီးတို့မှ ယိုစီးမတတ်သောရောင်ခြည်နှင့် သီတိုင်, မုတ်တိုင် အမိုးနံရံ ဖန်အတိပြီးသော ထိုဗိမာန်ကြီးအဝင်မာရဘင် ဥကင်ရာဇပလ္လင်ထီးဖြူရိပ်၌ ဖိတ်ဖိတ်တောက်သောကိုယ်ရောင်, အဝတ်တန်ဆာရောင်, ဗိမာန်ရောင်တို့ဖြင့် အထောင်မကသော နတ်သမီးအပေါင်းဝန်းရံလျက် စံစားသော ထိုနတ်သား၏စည်းစိမ်ကို ယခုတွေ့ကြိမ်ပြန်ရသည်မှာ ငါမြင်ခဲ့ရသမျှ ကျေးဇူးထက်ထူး၍ တင့်တယ်သည်ပင် ထင်မိသည်။ ရေသီဒါမြစ်ဝှမ်းမှာလည်း ဆိပ်ကမ်းသာယာစွာ ရစ်ကာစီးဝင်လျက်, ပန်းပင်မျိုးအထူးထူးမှာလည်း ညွန့်ဖူးပွင့်ဖူးဆင်လျက် ပွဲသဘင်အခန်းမှာလည်း ယခင်ကဘုံနန်းထက်ထူးဆန်း၍ သာယာခြင်းနှင့် ဤနတ်မင်းဘုန်းကံသည် အလွန်ပင် ကြီးဟန်ရှိ၏တကား။ သင်သိမြင်တိုင်း ကြားပါဦး။ ဤနတ်သမီးများအမှူး ဖန်နန်းရှင်လည်း သံသရာရှေးအဖို့က ဘယ်မြို့သတ်မှတ် ဘယ်အရပ်မှာ ကောင်းမြတ်တင့်တယ် အဘယ်မည်သောကောင်းမှုကို ပြုခဲ့ဖူးလေသနည်းဟု မေး၏။

နေမိမင်းကြီး၏စကားကိုကြားလျှင် မာတလိနတ်သားသည် သိမြင်တိုင်းပြန်ကြားလို၍ “မိထိလာယံ ဂဟပတိ” အစရှိသော ၄-ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ပစ္စုပ္ပန်သံသရာ ၂-ဖြာစီးပွား များအံ့သောအကြောင်း ဘုန်းသစ်လောင်း၍ ဘုန်းဟောင်းတန်ခိုးဖြင့် လူမျိုးတကာတို့၏အရှင်ဖြစ်သော နေမိမင်းမြတ်။ မှတ်နာတော်မူဦးလော့၊ ဤဗိမာန်ထူး ဖန်နန်းရှင်သည် ရှေးအလျင်သံသရာက မိထိလာပြည်ကြီးဝယ် သူကြွယ်ဖြစ်လတ်၍ ကဿပမြတ်စွာဘုရားသာသနာတော် တည်ထွန်းဆဲခဏနှင့် ကြိမ်ရသည့်အားလျော်စွာ ရဟန္တာအရိယာ သံဃာတော်မြတ်တို့ကို ကြည်ညိုသဒ္ဓါ စေတနာရွှင်လန်းလျက် သင်္ကန်း, ဆွမ်း, ဆေး, ပရိက္ခရာ, အိပ်ရာနေရာ ဒါနဝတ္ထုတို့ဖြင့် ပြုစုပူဇော် ဖူးမြော်အားရင့် ချီးမြှင့်ကိုးကွယ်လျက် တစ်ရက်မကင်း သီတင်း ၅-မည် ၃-တည်သောသရဏဂုံ ခိုလှုံအားထုတ် စာတုဒ္ဒသီ ပန္နရသီ အဋ္ဌမီ ပါဋိဟာရိယ တစ်လတစ်လတွက်၌ ၁၂-ရက်သော ဥပုသ်နေ့တိုင်လျှင် စွမ်းနိုင်သည်နှင့်လျော်ညီစွာ အင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော ဥပေါသထ စာရိတ္တသီလကို ဥဿာဟပြုလျက် စက္ခုသောတ စသည်မသွေ ဣန္ဒြေ ၆-သွယ်ကိုလည်း တင့်တယ်သောအာရုံ၌ လုံခြုံစွာပိတ်ဆို့ခြင်းနှင့် ရေတွင်းရေကန် အာရာမ်ကျောင်းဇရပ်တို့ကိုလည်း သူမြတ်အရိယာ ထေရ်သံဃာတို့အား ညွတ်တွားရည်မှတ်၍ တတ်အားသမျှကြိုးကုတ် ဆောက်လုပ်တူးဖော် ပူဇော်လှူဒါန်း ခွဲခြမ်းဝေဖန် စီမံထုံးဖွဲ့ခြင်းကုသိုလ်ကိုသာ အခါလေးမြင့် ပွားဆင့်မပျက် အသက်ထက်ဆုံး ပြုခဲ့ဖူးသော ကောင်းမှုထူးခံ စီမံသည်အားလျော်စွာ ထိုခန္ဓာဆုံးသည်၏အခြားမဲ့၌ပင် ဤကောင်းကင်တိမ်ယံတွင် ဖန်အတိပြီးသောဗိမာန်ကြီးပတ်ဝန်း ကျွန်းငယ်အတန်တန် ရေကန်ဥယျာဉ် ပန်းစဉ်မြစ်ငယ် အသွယ်သွယ်အဖြာဖြာ များစွာရံဆောင်လျက် အထောင်မကသောနတ်သမီး ဇနီးအိမ်သူနှင့်တကွ ဤဒေဝသမ္ပတ္တိ အတိုင်းမသိသော စည်းစိမ်ကြီးသခင် ဖြစ်လာသည်။ မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။

(ဤဖလိက ဝိမာနခန်း၌ ဘုံခန်းလင်္ကာမှာ “စွမ်းအင်လက်ရုံး၊ တန်ခိုးမှုန်းလျက်” ချီသည့်ပိုဒ်တွင် “သပြေတခန်း၊ ကျွန်းကားဇမ္ဗူ၊ လူကားမြန်မာ၊ တောင်ခန်းဝါထက်၊ သော်တာဆန်း၍၊ ဝန်းသည့်နေ့တွင်၊ ဖူးတွေ့ငါ့ကို၊ မြမြချိုလျက်” စသည်ဖြင့်ဆိုသော အာလုတ်စကား၌ မိထိလာပြည်သူပြည်သားကို မြန်မာမျိုးပြု၍ စပ်လေသည်ကား မြန်မာဘာသာလင်္ကာဖြစ်သောကြောင့် မြန်မာတို့၏ နားတန်ဆာသာဖြစ်သဖြင့် ကုလား, ရှမ်း, တရုတ်မျိုးဟူ၍ဆိုလျှင် အမျိုးကွဲဖြစ်၍ သဒ္ဓါတရားတွန့်တိုသဖြင့် အရိုအသေပြု၍ မနာရာ၊ မနာသဖြင့် ထိုလင်္ကာ၌ပါသော ဒါနကထာ, သီလကထာတို့ကို မသိရာ။ မသိသဖြင့် အကျိုးယုတ်ခဲ့ရာ၏။ ထိုသို့သောအပြစ်ကို မြင်လေသောကြောင့် ယခုသာသနာတော် တည်ထွန်းဆဲဖြစ်သော မြန်မာတို့၏ အလေ့အကျင့်နှင့် နေမိမင်းကြီးအဆုံးအမ တည်ထွန်းဆဲ ဖြစ်သော မိထိလာပြည်သူပြည်သားတို့၏ အလေ့အကျင့် သဘောတူသည်ဖြစ်၍ ဂုဏ်အကျင့်အားဖြင့် အမျိုးစပ်လျက် ဤလင်္ကာကို လေ့ကျက်မှတ်နာကုန်သော မြန်မာတို့၏ သဒ္ဓါတရား ပွားများစေခြင်းငှာ နေမိမင်းကြီးကို အမျိုးတူပြု၍ စပ်လေသည်။ ဥပမာကား ဝိဝဋ္ဋဌာယီကပ်၌ နေတို့သည်လည်း ၂-စင်းပြိုင်၍ မထွက်,ဗုဒ္ဓုပ္ပါဒကာလ၌ မြတ်စွာဘုရားတို့သည်လည်း ၂-ဆူပြိုင်၍ မပွင့်။ နေ၏အရောင်အလျှံသည်လည်း ထင်ရှားရှိသော ရူပါရုံအပေါင်းကို ပြတတ်၏။ မြတ်စွာဘုရားတို့၏ အရဟတ္တမဂ် ဉာဏ်တော်အပေါင်းသည်လည်း အလုံးစုံသော ဉေယျဓမ္မတရားအပေါင်းကို ပြတတ်၏။ ဤသို့ နေမင်းနှင့် တစ်စိတ်တူသောဂုဏ်အားဖြင့် အမျိုးတူသည်ကိုစွဲ၍ အာဒိစ္စဗန္ဓု “နေမျိုးဖြစ်တော်မူသော မြတ်စွာဘုရား”ဟု ဆိုသကဲ့သို့ မှတ်အပ်၏။ ပါဠိ၌ကား မိထိလာပြည်သားကို အဘယ်အမျိုး ဖြစ်သည်ဟူ၍ မလာ။)