နေမိဇာတ်တော်ကြီး/အခန်း-၂၄

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂၄။ ဝေဠုရိယ ဝိမာနခန်း

ဤသို့ မာတလိနတ်သားသည် ဖန်ဗိမာန်ကိုပြပြီးလျှင် တောင်မြင်းမိုရ်သို့ ရှေးရှုနှင်ပြန်၍ တစ်ဖန် ထိုကောင်းကင်လမ်းခရီးအနီးတွင် မြေအပြင်မညီမညွတ်၌ မြတ်ထွတ်သောကျောက်မျက်ရွဲ မြပုလဲမျက်ရှင်တောင် ပြောင်ပြောင်ရွှန်းရွှန်း ထွန်းပသကဲ့သို့ အသို့ကျယ်စွာ သင့်ရာဝေဖန်လျက် ရေကန်ဥယျာဉ် ပန်းစဉ်ပန်းတော သာမောရှုဖွယ် မြစ်ငယ်သီဒါ ရစ်ကာခြံရံ၍ ရတနာ ၇-တန် စီမံခြယ်လှယ်သဖြင့် တင့်တယ်ထွန်းပြောင် ရောင်ခြည်အခိုးနှင့် အမိုးသီတိုင် မုတ်လိုဏ်နံရံ ဗိမာန်တွင်းပြင် မျက်ရှင်ကျောက်မျက်ရွဲ ရဲရဲတောက်လောင်အံ့သော ဗိမာန်ဘုံနန်းဆောင်ဝယ် အထောင်မကသောနတ်သမီးတို့ အသီးအသီး တီးမှုတ်ကသီ သံညီသံမြူး အေးချင်းကျူးကျော် အပျော်အပါးဖြင့် နတ်သားတစ်ဦးတစ်ဦး၌ အထူးထူးကိုယ်စီ တူညီဝန်းရံ ရွှင်စံပျော်ပါးလျက် နတ်သားနတ်သမီး ဇနီးမောင်နှံအစုံ ဘုံဗိမာန်တစ်ဆောင်တွင် အထောင်မကနေကြသော အစုအပေါင်းကို လမ်းကြောင်းခရီးနား၌ ရထားကိုတန့်စေ၍ နေမိမင်းကြီးအား ပြလေ၏။

ထိုအခါ ကျောက်မျက်ရွဲဗိမာန်၌ ပျော်စံကာနေကြသော နတ်သမီးနတ်သားတို့၏ များစွာသောတင့်တယ်ခြင်းတို့ကို နေမိမင်းကြီး မြင်လေသော် ရွှင်ပျော်နှစ်သက်ခြင်းအဟုန်ဖြင့် ရူပါရုံစက္ခုဖြင့် ရှုမြင်ရုံမတန် ကိုယ်စံရပြီးလောက် ဝမ်းမြောက်တော်မူသည်ဖြစ်၍ မာတလိနတ်သားအား “ပဘာဝတိမိဒံ ဗျမှံ” အစရှိသော ၄-ဂါထာခွဲဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“နတ်ရထားမှူးမာတလိ။ သီဒါမြစ်လည်း ဝန်းရစ်ပတ်ရံ ဥယျာဉ်ရေကန် အဖန်အဝေ အနေအခင်းလည်း သန့်ရှင်းတော်လျော်စွာ ထိုလူ့ပြည်လူ့ရွာမှာ ဘယ်ပညာရှိလူတတ် ကွပ်မှတ်စီမံ ဝေဖန်သည်ထက်မက တင့်တယ်လှသောအခင်းအကျင်းနှင့် တစ်ဆောင်လုံးပြောင်လင်းအောင် ဝင်းဝင်းလျှပ်ရောင်ခြည်စိုသော ထိုကျောက်မျက်ရွဲဗိမာန်နန်းမှာ အဆန်းဆန်းအထွေထွေ ကချေသည်နတ်သမီး ပဉ္စင်တီးအလီလီ သီချင်းသည်အခြားခြားနှင့် နတ်သားနတ်သမီး မငြီးပျော်မှု တစ်ခုတည်းသော ဘုံနန်းဗိမာန်ဆောင်၌ အထောင်အသောင်းမက ပျော်စံကြသောအခြင်းအရာကို ငါရှုမြင်၍မပြီး၊ အာလမ္ဗရမည်သော ပဟိုရ်စည်ကြီးကို မြှောက်ချီကာခတ်တီး၍ အသီးသီးသောသဘင်ပျော်ခန်းနှင့် ဘုံနန်းဆောင်အလုံး ငြိမ့်ငြိမ့်မွှမ်းမွှမ်းရှိသည်ကိုလည်း စိတ်အလိုနှစ်သက်ရာ နာ၍မရောင့်မရဲ အံ့အဲချီးမွမ်း၍ ဥဒါန်းမကုန်အောင် ထိုဘုံဆောင်ကျောက်မျက်ရွဲဗိမာန်ကြီး၌ နတ်သမီးနတ်သားအပေါင်းသည် ဘဝဟောင်းသံသရာက ဘယ်ကဘယ်ပြည်မှာ အဘယ်မည်သောကောင်းမှုကို ပြုခဲ့ကြဖူး၍ အထူးအဆန်းသော ဘုံနန်းဗိမာန်မှာ စံစားကြရလေသနည်း”ဟု မေး၏။

နေမိမင်းကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် ထိုနတ်သမီးနတ်သားတစ်စုတို့၏ ကောင်းမှုကို ပြန်ကြားလို၍ “ယေကေစိ မစ္စာ ဣဓ ဇီဝလောကေ” အစရှိသော ၄-ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“သတ္တဝါအပေါင်းအား အကြောင်းတော်ရာ ကံသာအဆွေဟု နှလုံးနေအယူ စုံတော်မူသော ဇမ္ဗူကျွန်းကြီးသခင် နေမိမင်းမြတ်။ ထိုနတ်သားနတ်သမီး ဗိမာန်ရှင်တစ်စုတို့၏ ပြုဖူးသောကောင်းမှုမှာ ကဿပအမည်ရှိသော မြတ်စွာဘုရားပွင့်တော်မူသောအခါ ဗာရာဏသီ မင်းနေပြည်ကြီး၌ အမျိုးသမီးအမျိုးသား တပေါင်းတစ်စုဖြစ်၍ အပြစ်စင်ကြယ်ကြောင်း အပေါင်းဖွဲ့လျက် မပျက်သောသဒ္ဓါတရားဖြင့် ရတနာ ၃-ပါးတို့အား ဆည်းကပ်ကိုးကွယ်ခြင်း, သရဏဂုံ ပဉ္စသီတို့ကို တစ်နေ့မကင်း ကျင့်ဆောင်ခြင်းနှင့်ပြည့်စုံစွာ ရဟန္တာအရှင်မြတ်တို့အားလည်းကောင်း၊ မြတ်သောတရားကို ဖြောင့်မတ်စွာကျင့်ဆောင်တော်မူကုန်သော အရိယာသံဃာ သီလဝန္တပုဂ္ဂိုလ်မြတ်တို့အားလည်းကောင်း၊ ညောင်စောင်း, ဖတိုင်, သရိုင်သင်ဖြူး, အင်းပျဉ်၊ ယာဉ်, သံလျင်း, အုံးမွေ့ရာစသည်တို့ဖြင့် များပြားသောအိပ်ရာနေရာ၊ ဆွမ်း, သင်္ကန်း, ဆေး, ပစ္စည်းအသုံးအဆောင်တို့ကို အားနှင့်လျော်စွာ အသီးသီးလှူဒါန်းပူဇော်ခြင်းနှင့် ရတနာ ၃-ပါးတို့အားရည်မှတ်၍ ဇရပ်,တန်ဆောင်း, ကျောင်းအာရာမ်, ရေကန်, ရေတွင်းတို့ကိုလည်း ကြည်ညိုအားထုတ် ဆောက်လုပ်ပူဇော်လျက် သီတင်းရက်နေ့ကို အကြိုအပို့နှင့်တကွ တစ်လလျှင် ၁၂-ရက်သော ဥပုသ်နေ့တို့၌လည်း နှစ်ခြိုက်ရွှင်လန်း စွမ်းနိုင်တိုင်းမမေ့မယုတ် အားထုတ်စောင့်သုံး ဆုံးမအပ်သောဣန္ဒြေရှိခြင်း၊ မကင်းသောသတိ, ဝီရိယ, ပညာဖြင့် စိတ်ဖြာဝေဖန် ကောင်းမွန်ဖြူစင်သော သဘောအလေ့သို့သာ နှလုံးသက်ဝင်ခြင်း၊ ယင်းသို့အလုံးစုံ ဆိုခဲ့ပြီးသမျှ ဒါန,သီလ,စာဂတည်းဟူသော ကောင်းမှုကို အပေါင်းအစုလုပ်၍ တစ်အုပ်တဆွေ တရွေတဖော်တည်း မွေ့လျော်စုံမက် နှစ်သက်ကြည်လင်စွာ ပြုခဲ့ဖူးသောကောင်းမှုကြောင့် ထိုအစုအပေါင်းမပျက် အသက်ခန္ဓာကုန်သည်၏ အခြားမဲ့၌ပင် ဤကောင်းကင်အလယ်၌ အလွန်ကျယ်ပြန့်သော ကျောက်မျက်ရွဲဗိမာန်ကြီးဝယ် နတ်သမီးနတ်သား မိတ်ဆွေစုံညီစွာဖြစ်၍ အပြစ်သန့်စင် ကြည်ရွှင်မညှိုး တန်ခိုးကျက်သရေဖြင့် တူနေချမ်းငြိမ် စည်းစိမ်ကြီးသခင် ဖြစ်လာကြပေသည် မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။

(ဤအရာ၌ အာလမ္ဗရစည်ကြီးဟူသည်ကား ကုဏာလအိုင်၌ ရေကျလာကုန်သော ဆင်, သမင်စသည်တို့ကို အစာပြုလျက်နေသော ကောက်နယ်တလင်းခန့် ကိုယ်သဏ္ဌာန်ရှိသော ပုစွန်ကြီးကို ဘုရားလောင်းဆင်မင်းသည် နှိပ်စက်ဖျက်ဆီးသဖြင့် ပုစွန်ကြီး၏လက်မတစ်ချောင်းသည် ထိုအိုင်မှ သမုဒ္ဒရာသို့ မျောပါလေသော် အသုရာနတ်တို့ရ၍ “အာလမ္ဗရ”ဟုသမုတ်လျက် စည်ကြီးလုပ်သည်ကို မြင်းမိုရ်သို့တက်၍ စစ်မက်အထိုးအပြိုင်တွင် မနိုင်၍ပြေးရသဖြင့် ထိုအာလမ္ဗရစည်ကြီးကို သိကြားမင်းက ရပြန်လေသည်။ ထိုပုစွန်လက်မစည်ကို အစွဲပြု၍ အာလမ္ဗရစည်နှင့် သဏ္ဌာန်တူစွာ ဖြစ်သမျှသောစည်ကိုလည်း အာလမ္ဗရစည်ဟု နတ်တို့မှာ သမုတ်ကြလေသည်။ ဤဝေဠုရိယဗိမာန်၌ အာလမ္ဗရစည်လည်း ပုစွန်လက်မစည်မဟုတ်။ ထိုစည်နှင့်တူသော သဏ္ဌာန်ရှိသောကြောင့် သဒိသူပစာရအားဖြင့် အာလမ္ဗရဟု သမုတ်သောစည်ကြီးဖြစ်သည်ဟု သိအပ်၏။

ဤဝေဠုရိယဘုံခန်း၌ ပါဠိမှာ “တေန ကဿပဗုဒ္ဓကာလေ ဗာရာဏသိဝါသိနော ဥပါသကာ ဂဏဗန္ဓနေန” စသည်ဖြင့် ဗာရာဏသီပြည်သူ ပြည်သားဖြစ်ကြောင်းကို လာသည်။ ဘုံခန်းလင်္ကာ၌ “ထိုသို့စေ့ရေ၊ မေးတုံလေသော်” ချီသည့်ပိုဒ်တွင် “တမလွန်ရှေး၊ ယခင်ဝေးက၊ လှူကျွေးချက်ကြ၊ ရပ်ဌာနကား၊ ဘုရားပါဠိ၊ သာဝတ္ထိဟု၊ ပြည်ကြီးမည်သော” စသည်ဖြင့် သာဝတ္ထိပြည်သူပြည်သားဖြစ်ကြောင်းကို စပ်လေသည်ကား ပါဠိကိုနှလုံးမမူမိ၍ တိမ်းတော်မူသည်။ ဤမျှခန့်သော ပမာဒလေခကို ရဟန္တာမှသော် မလွတ်ချေသေးဖြစ်သည်ဟု နှလုံးထား၍ ပါဠိလာတိုင်းသာ သဘောအရကို မှတ်ယူအပ်၏။)