နေမိဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၅။ နေမိမင်းကြီးကို နတ်ပြည်သို့ဆောင်ခန်း

ထိုအခါ နတ်ပရိသတ်အပေါင်းတို့သည် ဓမ္မတာအားဖြင့် သတ္တဝါတို့အား တစ်ပါးသောသူတို့ကို မိမိတို့နှလုံး အကျွမ်းဝင်သည့် အဆွေခင်ပွန်း, အရှင်စိုးမင်း, ယုံကြည်အပ်သည့်သမာဓိ ပညာရှိသောသူတို့ ချီးမွမ်းပြောဆိုလျှင် ထိုသူတို့၌ ဂုဏ်ရှိသည်ဖြစ်စေ ဂုဏ်မရှိသည်ဖြစ်စေ ချီးမွမ်းသောသူတို့စကားကိုသာ ပမာဏပြု၍ ယုံကြည်သဖြင့် နှစ်သက်မြတ်နိုးခြင်းရှိမြဲဖြစ်ရာတွင် နေမိမင်းကြီး၏ ဂုဏ်ကို သိကြားမင်းမပြောမီကပင် မိမိတို့နှလုံးအသိချည်းဖြစ်၍ နှစ်သက်မြတ်နိုးဟောင်းမှာ ရေကောင်းသောကန်၌ ဖူးတံရိုးဖြင့် အသင့်အတင့် ရင့်နှင့်ပြီးသော ပဒုမ္မာဝတ်မှုန်ကို နေအရုဏ်ချိန်ဆုံးသဖြင့် ကန်လုံးကျွတ်ပွင့်သကဲ့သို့ အသင့် နှလုံးကိုသွင်းကြတုန်းခါ မင်္ဂလာသဘင်ကြီးလည်းကြိမ်သဖြင့် ဣန္ဒြေမငြိမ်မသက်နိုင်အောင် စုံမက်ခြင်းတစ်ပြိုင်နက်ရှိသဖြင့် နေမိမင်းကို ခုဆင်း၍ ခုတင်ဖူးမြင်ကြိုက် ဆုံတွေ့ကြုံလိုသော ဆန္ဒအာသာဖြစ်လျက် သိကြားမင်းအား “အရှင်မင်းကြီး။ ယခု အရှင်ချီးမွမ်းမိန့်ကြားတော်မူသော နေမိမင်းကြီးကား တစ်ပါးမဟုတ်ပါ။ အကျွန်ုပ်တို့၏ ဆရာပေတည်း။ ထိုနေမိမင်းကြီးကို အကျွန်ုပ်တို့အမှီပြု၍သာလျှင် ဤနတ်ပြည်၌ ဘုရားဉာဏ်မျှ မပိုင်းခြားနိုင်ကောင်းအောင် ဤသို့သော ဒေဝသမ္ပတ္တိကို အကျွန်ုပ်တို့ ရပေ၏။ ယခုပင်လျှင် ထိုနေမိမင်းကြီးကို အကျွန်ုပ်တို့ ဖူးမြင်လိုပါသည်။ အပင့်အခေါ် တမန် စေလွှတ်တော်မူပါ”ဟု လျှောက်ထားကြကုန်၏။

(ဤအရာ၌ ထိုနတ်အပေါင်းတို့သည် နေမိမင်းကြီးကို ဖူးမြင်လိုသောဆန္ဒအားကြီးသည် အကယ်မှန်လျှင် မိမိတို့စိတ်လိုကိုယ်စိုး တန်ခိုးကြီးသောနတ်ချည်းဖြစ်၍ အလျင်တဆော လူ့ပြည်သို့ရောက်ခြင်းငှာ စွမ်းနိုင်လျက် အဘယ့်ကြောင့် မစွမ်းမမြင်သောသူတို့ကဲ့သို့ ပင့်စေခေါ်စေရသနည်းဟူမူ နေမိမင်းရှိရာ လူ့ပြည်သို့သွား၍ ဧည့်သည်၏အဖြစ်ဖြင့် ဖူးမြင်ရသောထက် တစ်သက်ပတ်လုံး ရှု၍မငြီးနိုင်အောင်တင့်တယ်သော တာဝတိံသာ မဟာသုဒဿနနတ်နန်း၌ အထူးထူးအဆန်းဆန်းသော ရတနာတို့ဖြင့်ခြယ်လှယ်၍ ယှက်နွယ်ယိုစီး ညီးညီးလျှံမျှ ထွန်းတောက်ပသော သုဓမ္မာသဘင်၌ နတ်လုလင်ပရိသတ်အပေါင်း ခညောင်းရံဝန်းလျက် ဘုန်းတန်းကျက်သရေတို့ကို ရှုစေတော်မူရလျှင် ပြောပ၍မကုန်နိုင်ရာ။ ကမ္ပည်းစဉ်ဆက် မပျက်သောဘုန်းတန်ခိုး သတင်းပျံနှံ့ခြင်းနှင့် လူမင်း၏အာနုဘော် ထင်ပေါ်ကျော်စောကြောင်း ကောင်းခြင်းဖြစ်ရာသောကြောင့် ပူဇာနုဂ္ဂဟအထူးပြုလို၍ ခေါ်စေပင့်စေသတည်းဟု ပရိဟာရပြု၍ ဖြေကြားအပ်၏။ ဤကား စကားအချက်ကို စောဒနာကင်းအောင် ထုတ်လိုက်သည်။)

ထိုသို့ နတ်အပေါင်းတို့ လျှောက်ကြသောအခါ သိကြားမင်းသည် “အချင်းတို့။ ထိုသို့တပြီးကား ကောင်းပြီ။ ယခုပင် ပင့်ခေါ်စေအံ့”ဟု ဝန်ခံပြီးလျှင်၊ ဝေဇယန္တာရထားမှူးဖြစ်သော မာတလိနတ်သားကို ခေါ်တော်မူစေ၍ “အချင်းမာတလိနတ်သား။ ဝေဇယန္တာရထားကို သိန္ဓောမြင်း၁၀၀၀က,လျက် မိထိလာပြည်သို့သွား၍ နေမိမင်းကြီးကို ယခု တင်ဆောင်ချေ”ဟု စေခိုင်းတော်မူလေ၏။ ရထားမှူး မာတလိနတ်သားသည်လည်း “အရှင်မင်းကြီး ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍၊ ဝေဇယန္တာရထားကို သွားအံ့သောအခြင်းအရာဖြင့် ခင်းကျင်းပြင်ဆင်လေ၏။

(ထိုသို့ ပြင်ဆင်ရာ၌ သိကြားမင်းသည် လူ့ပြည်ကရောတ်၍ နတ်ပရိသတ်နှင့် စကားပြောဟောသည်မှာ မာတလိနတ်သား ရထားက,၍ပြီးသည်တိုင်အောင် လူတို့အရေအတွက်အားဖြင့် တစ်လတိုင်အောင် ကြာလေသတည်း။ နတ်တို့အရေအတွက်နှင့် ချင့်တွက်ဆသော် လူတို့မှာ အနှစ်၁၀၀ရှိမှ တာဝတိံသာနတ်တို့မှာ တစ်ရက်ဖြစ်သောကြောင့် လူတို့၏အရေအတွက် အမှတ်အသားဖြစ်သော နာရီ၆၀-ကို ဗီဇနာပုံပြု၍ လူတို့နှင့်နှိုင်းရှည်ဝေငမူ လူတို့အရေအတွက် တစ်လလျှင် နတ်တို့အရေအတွက်အားဖြင့် ၃-ဗီဇနာသာ ရသည်။ ထို့ကြောင့် ထိုအခိုက် လူတို့အရေအတွက်အားဖြင့် တစ်လ၊ နတ်တို့အရေအတွက်အားဖြင့် ၃-ဗီဇနာခန့်ကြာသည်ဟု သိအပ်၏။

တာဝတိံသာနတ်ပြည်သည် ရှုမငြီးအောင် အဘယ်သို့ တင့်တယ်သနည်းဟူမူကား ၈-သောင်း ၄-ထောင် အမြင့်ဆောင်သော မြင်းမိုရ်ရွှေတောင်ထွတ်အပြင်၌ အကျယ်အပြန့် ၈-သောင်း ၄-ထောင်သော ရွှေမြေအရပ်သည်လည်းကောင်း၊ ထိုရွှေမြေအရပ်ဖြစ်သော တောင်ထွတ်နှင့်အညီအမျှ စကြဝဠာတောင်နားအခိုက်တည်သော ကောင်းကင်အရပ်သည်လည်ကောင်း ၂-ဆင့်မြောက်ဖြစ်သော တာဝတိံသာနတ်ပြည် မည်၏။ ထိုအရပ်၌နေကုန်သော ဘုမ္မစိုး, အာကာသစိုးဖြစ်ကုန်သော နတ်အပေါင်းတို့သည် တာဝတိံသာနတ် မည်ကုန်၏။ ထိုတာဝတိံသာ ရွှေမြေတောင်ထွတ်အပြင်၌ သိကြားမင်းစံရာဖြစ်သော မြို့ကား မဟာသုဒဿန အမည်ရှိ၏။ ထို မဟာသုဒဿနမြို့၏အကျယ်ကား အရှေ့အနောက်လည်း ယူဇနာ ၁-သောင်း, တောင်နှင့်မြောက်လည်း ယူဇနာ ၁-သောင်း ရှိ၏။ မြို့တစ်မျက်နှာတစ်မျက်နှာလျှင် တံခါးပေါင်း ၂၅၀-စီရှိသောအားဖြင့် တံခါးပေါင်းလည်း ၁၀၀၀-ရှိ၏။

အရှေ့မျက်နှာ၌ ရတနာမျိုးဖြင့် တံတိုင်းဝန်းကျင်၌ ရံအပ်သော နန္ဒဝန်ဥယျာဉ်ကား အဝန်းယူဇနာ ၁၀၀၀-ရှိ၏။ ထို နန္ဒဝန်ဥယျာဉ်တွင်း၌ ကြာမျိုး ၅-ပါးဖြင့် ဖုံးလွှမ်းလျက် ချမ်းကြည်စိမ်းမြစွာသော ရေရှိသောကန်သည်ကား မဟာနန္ဒာ, စူဠနန္ဒာဟူ၍ ၂-ကန် ရှိ၏။ ထိုရေကန်၌လည်း သားရဲရုပ် ရတနာတို့ဖြင့်ခံအပ်လျက် နူးညံ့သိမ်မွေ့စွာသောအတွေ့ရှိသော မဟာနန္ဒာ, စူဠနန္ဒာဟူ၍ ရတနာကျောက်ဖျာ ၂-ခု ရှိ၏။

တောင်မျက်နှာ၌လည်း ရတနာမျိုးတို့ဖြင့်ပြီးသော တံတိုင်း, မုခ်, တံခါးတို့ဖြင့် ဝန်းကျင်ရံအပ်သော ဟရုသကာဥယျာဉ်ကား အဝန်းယူဇနာ ၇၀၀-ရှိ၏။ ရှေးနည်းအတူ ထိုဥယျာဉ်တွင်း၌ ရေကန်သည်ကား ဘဒ္ဒါ, သုဘဒ္ဒါဟူ၍ ၂-ကန် ရှိ၏။

အနောက်မျက်နှာ၌လည်း ရတနာမျိုးတို့ဖြင့်ပြီးသော တံတိုင်း, မုခ်, တံခါးတို့ဖြင့် ဝန်းကျင်ရံအပ်သော စိတ္တလတာ ဥယျာဉ်သည်ကား အဝန်းယူဇနာ ၅၀၀-ရှိ၏။ ထိုဥယျာဉ်၏အတွင်း၌လည်း ဝိစိတ္တာ, စူဠဝိစိတ္တာဟူ၍ ရေကန် ၂-ကန် ရှိ၏။ ထိုဥယျာဉ်၌လည်း အာသာဝတီနွယ်ပင် ရောက်၏။

ထိုမြို့ မြောက်မျက်နှာ၌ကား ရတနာတို့ဖြင့် အတိပြီးသော တံတိုင်း, မုခ်, တံခါး, ဝန်းကျင်ရံအပ်သော မိဿကဥယျာဉ်ကား အဝန်းယူဇနာ ၅၀၀-ရှိ၏။ ထိုဥယျာဉ်တွင်း၌ကား ဓမ္မာ, သုဓမ္မာဟူ၍ ရေကန် ၂-ကန်ရှိ၏။ ထိုရေကန်နား၌လည်း ဓမ္မာ,သုဓမ္မာဟူ၍လည်း ကျောက်ဖျာ ၂-ခုရှိ၏။

မြို့၏အရှေ့မြောက်ထောင့်၌လည်း ရတနာမျိုးတို့ဖြင့်ပြီးသော မြို့တံတိုင်း, မုခ်, တံခါးတို့ဖြင့် ဝန်းကျင်ရံအပ်သော မဟာဝန်ဥယျာဉ်သည်ကား အဝန်းယူဇနာ ၇၀၀-ရှိ၏။ ထိုဥယျာဉ်တွင်း၌ သိကြားမင်းစံတော်မူရာ ရတနာ ၇-ပါးတို့ဖြင့်ပြီးသော ပြာသာဒ်ကွန်းဘုံဗိမာန်ကား ၁-သောင်းမျှလောက် အရေအတွက်ရှိ၏။ မဟာဝန်ဥယျာဉ်, နန္ဒဝန်ဥယျာဉ်တို့၏ အတွင်း၌ရှိသော နန္ဒာ, သုနန္ဒာ ရေကန်တို့ကား အဝန်းယူဇနာ ၁၀၀-စီ ရှိကုန်၏။

သုဓမ္မာသဘင်၏တင့်တယ်ခြင်းကား မြို့၏အရှေ့မြောက် ပင်လယ်ကသစ်ပင်၏အနီး၌ သုဓမ္မာသဘင်သည် ရှိ၏။ ထိုသုဓမ္မာသဘင်ကား အလျား, အနံအားဖြင့် ယူဇနာ ၃၀၀, အဝန်းယူဇနာ ၉၀၀, အမြင့်ယူဇနာ ၅၀၀-ရှိ၏။ နတ်အပေါင်းတို့ညီလာခံရာ သုဓမ္မာသဘင် မြေအပြင်သည်ကား ဖန်ဖြင့်ပြီး၏။ တိုင်, အခြင်, ထုပ်, လျောက် စသည်တို့ကား မြကျောက်မျက်ရွဲ, ပုလဲရတနာ, မသာရကန်, ဥဿဖရား, ပတ္တမြား, နီလာ, သန္တာကျောက်မျိုး ၉-ပါးသောရတနာတို့ဖြင့် ခြယ်လှယ်စီမံ ကံလျှင်အကြောင်းပြု၍ ဥတုသမုဌ် နတ်မလုပ်ဘဲ ပြီးစေအပ်၏။

ထိုသုဓမ္မာသဘင်၏ အနီး၌ရောက်သော ပင်လယ်ကသစ်ပင်ကား အမြင့် အချင်းယူဇနာ ၁၀၀-ရှိ၏။ လူတို့အရေအတွက် နှစ်၁၀၀-တိုင်မှ တစ်ကြိမ်ပွင့်၏။ ထိုပင်လယ်ကသစ်ပွင့်၏ အရောင်အဝါကား ကသစ်ပင်ဝန်းကျင် ယူဇနာ ၁၀၀-တိုင်တိုင်ထွက်၍ပျံ့နှံ့၏။ မွှေးသောအနံ့သည် အကြေသို့ ယူဇနာ ၁၀၀-တိုင်တိုင် လှိုင်၏။ ထိုအပွင့်ကို အပင်သို့တက်၍ ဆွတ်ခူးရခြင်းမည်သည် မရှိ။ ဆွတ်ခြွေတတ်သော ကဏ္ဍနလေသည် ထလတ်သဖြင့် အလိုလိုကြွေစေ၏။ ထိုအခါ သမ္ပဋိစ္ဆနမည်သောလေသည် မြေသို့အပွင့်မကျစေဘဲ ခံလင့်၏။ ပဝေသနမည်သော လေသည်လည်း ထိုအလုံးစုံသောအပွင့်တို့ကို သုဓမ္မာသဘင်အတွင်းသို့ သွင်းပေ၏။ သမ္မဇ္ဇနမည်သော တံမြက်လှည်းလေသည်လည်း သုဓမ္မာသဘင်၌ရှိနှင့်သော ပန်းမှိုက်ဟောင်းတို့ကို ထုတ်စွန့်သန့်စင်စေ၏။ သန္ထာရကမည်သော နေရာခင်းလေသည် ထိုအသစ်ဖြစ်သော ပင်လယ်ကသစ်ပွင့်တို့ကို ပန်းကုံးသီကြိုးတို့ဖြင့် ကောင်းစွာဖွဲ့ကုံးစီသကဲ့သို့ ကောင်းစွာဖွဲ့ကုံးခြယ်လှယ်၍ သုဓမ္မာသဘင်၏အလယ်၌ တရားဟောနေရာပလ္လင်ကို ဖြစ်စေ၏။ အချို့သောကသစ်ပွင့်တို့ကိုကုံး၍ ယူဇနာအဝန်းရှိသော ထီးဖြူကို စိုက်ဆောက်ဖြန့်မိုးလျက် တစ်ယူဇနာပမာဏရှိသော သိကြားမင်းနေရာ ရတနာပလ္လင်၏အပြင်၌ ပန်းအခင်းခင်း၍ အထက်၌လည်းပန်းအချက်တို့ဖြင့် ခြယ်လှယ်ဖြန့်မိုး၏။ ထိုသိကြားမင်းနေရာ ရတနာပလ္လင်နှင့်စပ်၍ စီခင်းအပ်သော ၃-ကျိပ် ၂-ပါးသော နတ်မင်းတို့၏နေရာ၌လည်း ပန်းအချက်ကို့ကို ဖြစ်စေ၏။ ထိုမှတစ်ပါး တန်ခိုးကြီးသောနတ်တို့၏နေရာ၌လည်း ပန်းအခင်း, ပန်းအချက်တို့ကို ဖြစ်စေ၏။

သိကြားမင်းသည် ထိုသုဓမ္မာသဘင်ဇရပ် နတ်၏လွှတ်တော်ကြီး၌ စည်းဝေးချိန်အခါရောက်၍ နတ်တို့ အစည်းအဝေးပြုလိုလတ်သော် သဘင်သို့မထွက်မီ ဝေဇယန္တာပြာသာဒ်နန်း၌နေလျက် ဝိဇယုတ္တအမည်ရှိသော ခရုသင်းကို မှုတ်၏။ ထိုခရုသင်းသည်ကား အတောင်၂၀၀-ခန့် ပမာဏရှိ၏။ သိကြားမင်းမှုတ်သော ခရုသင်း၏အသံသည်ကား ယူဇနာ ၁-သောင်းကျယ်ရှိသော တာဝတိံသာနတ်ပြည်အလုံးကိုနှံ့လျက် လူတို့အရေအတွက်အားဖြင့် ၄-လတိုင်မှ အသံစဲ၏။ သိကြားမင်းသည် ဧရာဝဏ်ဆင်ကိုစီး၍ နတ်ဖိဖုရားကြီး ၄-ယောက်နှင့်တကွ ၃-ကုဋေ ၆-သန်းမျှလောက်ကုန်သော နတ်သမီးအပေါင်း ဝန်းရံခစားလျက် များစွာသောပရိသတ်တို့ဖြင့် ပတ်ဝန်းကျင်ပြည့်စေ၍ ထိုသဘင်သို့ ထွက်စံပယ်တော်မူသဖြင့် ကြီးစွာသောအစည်းအဝေးပွဲသဘင်ကို ဖြစ်စေ၏။

ထိုသုဓမ္မာသဘင်တော်အစည်းအဝေး၌ ရံခါရံခါလည်း တရားဟောတတ်သောနတ်တို့ကို တရားဟောပလ္လင် ထက်သို့တက်၍ ဟောစေ၏။ ရံခါရံခါလည်း မိမိကိုယ်တိုင်ပင်လျှင် ဟော၏။ ရံခါရံခါလည်း သနင်္ကုမာရမည်သော ဗြဟ္မာမင်းသည် လောက၏အစီးအပွားကို ဆောင်လိုသဖြင့် နတ်အစည်းအဝေးသို့ လာလတ်၍ ပဉ္စသိခနတ်သား၏ အသွင်ဖန်ဆင်းလျက် တရားဟော၏။ အဘယ့်ကြောင့် ထိုနတ်သား၏အသွင်ကို ဖန်ဆင်းလေသနည်းဟူမူကား ပဉ္စသိခနတ်သားသည် ရှေးလူဖြစ်သောအခါ အလှူသီတင်းတို့ကို မပြတ်အားထုတ်၍ပြုခဲ့သဖြင့် စာတုမဟာရာဇ်နတ်ပြည်၌ အနှစ် ၉-သန်းပတ်လုံး စံခဲ့ပြီးမှ ထိုကောင်းမှု၏ အစွမ်းအားဖြင့်လျှင် တာဝတိံသာနတ်ပြည်၌ ပဉ္စသိခနတ်သားဟု ဖြစ်လာ၏။ ထိုနတ်သားသည် ရွှေစင်အစုကဲ့သို့ ၃-ဂါဝုတ်မျှလောက်သော ကိုယ်၏သဏ္ဌာန်သည် ပြိုးပြိုးပြက်တောက်ပလျက် ကြည်ညိုဖွယ်ရှိ၏။ ကိုယ်၌ဆင်ယင်အပ်သော အဝတ်တန်ဆာအပေါင်းကား လူ့ပြည်၌ လှည်း ၁၀၀၀-တိုက် ဝန်ရှိ၏။ ကိုယ်၌ပန်ဆင်ကုန်သော ပန်းနံ့သာတို့သည်ကား တစ်ကြိမ်တစ်ကြိမ်လျှင် အိုးစရည်းကြီး ၉-လုံး, ၉-လုံး အပြည့်ခန့်ရှိ၏။

ထိုပဉ္စသိခနတ်သားသည် နီစွာသောအဝတ်ပုဆိုး, နီစွာသောလက်ကောက်, နားတောင်းအစရှိသော တန်ဆာတို့ကို ဝတ်ဆင်လျက် ဦးခေါင်း၌ ဆံပင်ကို ၅-စုပြု၍၊ ဦးစွန်း ၅-ခု ထုံးခြင်းကြောင့် “ပဉ္စသိခ”ဟု အမည်တွင်၏။ နတ်အပေါင်းတို့သည် ထိုပဉ္စသိခနတ်သားကို မြင်ချင်ရှုချင် ချစ်ခင်မြတ်နိုးခြင်း ရှိ၏။ ထို့ကြောင့် သနင်္ကုမာရ ဗြဟ္မာမင်းသည် တစ်ပါးသောအသွင်ဖြင့်မဖန်ဆင်းဘဲ ပုဂ္ဂိုလ်ခင်မှ တရားကိုမင်သည်ဖြစ်၍ ပဉ္စသိခနတ်သား၏အသွင်ဖြင့်ဖန်ဆင်းလျက် တရားဟောလေ၏။

ထို သုဓမ္မာသဘင်နတ်တို့၏အစည်းအဝေးကား လူတို့ အရေအတွက်အားဖြင့် ၄-လတိုင်မှ ပြီး၏။ နတ်တို့အရေအတွက်ကား ၁၂-ဗီဇနာ ကြာလေ၏။ ထိုအစည်းအဝေး၌ကား စာတုမဟာရာဇ်နတ်မင်း ၄-ယောက်တို့လည်း မိမိအခြံအရံ နတ်ဘီလူး, ကုမ္ဘဏ်, နဂါး, ဂဠုန်တို့နှင့်တကွ ခစားကြကုန်၏။ လူ့ပြည်၌ လဆန်း,လဆုတ် ၈-ရက်နေ့ကြိမ်ခိုက်ဖြစ်လျှင် စာတုမဟာရာဇ်နတ်မင်း၏ အမတ်ဖြစ်သော နတ်တို့ကို သုဓမ္မာကစေလွှတ်၍ လူ့ပြည်၌ ဤမည်သော မြို့ရွာ နိဂုံး ဇနပုဒ်တို့၌ ဤမည်သောယောကျာ်း ဤမည်သောမိန်းမသည် သာသနာတော်တွင်းဖြစ်မူ ဘုရားကို ကိုးကွယ်၏၊ တရားတော်ကို ကိုးကွယ်၏၊ သံဃာတော်ကို ကိုးကွယ်၏။ ဤမည်သောအလှူကို ပေး၏။ သီလဆောက်တည်၏၊ ဥပုသ်သီတင်းသုံး၏၊ အမိအဖကိုလုပ်ကျွေး၏၊ အစ်ကို, အစ်မ, ဦးရီး, အရီး, ဘကြီး, ဘထွေး, မိကြီး, မိထွေးစသော အမျိုးအဆွေ အကြီးအကဲတို့ကို ရိုသေလေးမြတ်၏၊ တရားနာ၏။ တရားဟောသောသူတို့အား ပူဇော်ချီးမြှောက်ခြင်းကိုပြု၏။ စေတီ, ဗောဓိပင်, ရုပ်တုတော်တို့ကို ပူဇော်ရှိခိုး ကိုးကွယ်ဆည်းကပ်၏၊ ကုသိုလ်ကမ္မပထတရား ၁၀-ပါးတို့ကို ပြည့်စုံစေလျက် နေလေ့ရှိ၏၊ သုစရိုက် ၃-ပါးကို ဖြည့်လေ့ရှိ၏။ ဤသို့စသည်ဖြင့် ရွှေပုရပိုက်၌ ကမ္ပည်းအက္ခရာနှင့် ရေးတင်မှတ်သွင်းပြီးလျှင် ပဉ္စသိခနတ်သားအား အပ်ရ၏။

ပဉ္စသိခနတ်သားကလည်း ဝေဇယန္တာရထားမှူး မာတလိနတ်သားအား အပ်ရ၏။ မာတလိနတ်သားကမှ သိကြားမင်းအား ဆက်သရ၏။ သိကြားမင်းသည် ပုရပိုက်၌ပါသော မှတ်ချက်စာရင်းကိုကြည့်၍ စာရင်းမှတ်ချက် အကျနည်းလျှင် “အချင်းတို့။ ယခု လူတို့ပြည်၌ ကုသိုလ်တရားကို မေ့လျော့ကြခဲ့၏”ဟုဆို၏။ ထိုအခါ “ငါတို့ နတ်ပြည်မှာ ဆိတ်ညံအံ့သည်တကား”ဟု နတ်အပေါင်းတို့ နှလုံးမသာ ရှိကြ၏။ ၎င်းစာရင်းပုရပိုက်တွင် ကုသိုလ်ကောင်းမှုပြုသောသူတို့၏ စာရင်းမှတ်ချက် အပါများမူကား “လူတို့သည် ကုသိုလ်ကောင်းမှုအရာ၌ မမေ့လျော့ အားထုတ်ကုန်သည်ဖြစ်၍ အပါယ် ၄-ဘုံ ဆိတ်လတ္တံ့။ ငါတို့နတ်ပြည် စည်ပင်လတ္တံ့”ဟု ဝမ်းမြောက်ကြကုန်၏။

ထိုပုရပိုက်စာရင်းကို သိကြားမင်းကြည့်ပြီးလျှင် နတ်ပရိသတ်တို့အလယ်၌ ပြကတေ့သောအသံဖြင့် ဖတ်၏။ ထိုပြကတေ့သော သိကြားမင်းအသံကား ၁၂-ယူဇနာတိုင်အောင် ကြား၏။ ပြင်းပြင်းဖတ်မူကား တာဝတိံသာနတ်ပြည် ၁-သောင်းလုံး ကြား၏။

လူ့ပြည်၌ လကွယ်နေ့ကြိမ်မူ စာတုမဟာရာဇ်နတ်မင်းတို့၏သားဖြစ်သော လုလင်တို့ကိုစေ၍ မှတ်သားစေ၏။ လပြည့်နေ့ဖြစ်မူ နတ်မင်းကြီး ၄-ယောက်တို့ ကိုယ်တိုင်ဆင်း၍ မှတ်သားပြီးလျှင် ရှေးကဆိုထားခဲ့သည့်အတိုင်း အဆင့်ဆင့်ပေးအပ်ရ၏။

သုဓမ္မာသဘင် ပင်လယ်ကသစ်ပင် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာတို့ကား မြို့၏အရှေ့မြောက် ပုဏ္ဍရီကဥယျာဉ်၌ ရောက်သတည်း။

သုဒဿနမြို့၏အလယ်၌ သိကြားမင်းစံရာဖြစ်သော ဝေဇယန္တာဘုံနန်း ပြာသာဒ်သည်ကား အမြင့်ယူဇနာ ၇၀၀-ရှိ၏။ ထိုပြာသာဒ်ကို ခြံရံ၍ ပတ်ဝန်းကျင် အောင်လံတံခွန်ကြီးတို့ဖြင့် အများအပြား စိုက်ဆောက်အပ်ကုန်၏။ ထိုအလံတို့၏ အမြင့်ကား ယူဇနာ ၃၀၀-မြင့်၏။ ရဲရဲညီသော ရွှေအလံတိုင်၌ ပတ္တမြားညို, မြ, နီလာ အလံရွက်တို့သည် ဖြစ်ကုန်၏။ မြ, နီလာ, ပတ္တမြား အလံတိုင်၌ ရွှေဖြင့်ပြီးသောတံခွန်ရွက်တို့သည် ဖြစ်ကုန်၏။ သန္တာဖြင့်ပြီးသောတိုင်၌ ပုလဲအလံရွက်တို့သည် ဖြစ်ကုန်၏။ ထိုပုလဲအလံတိုင်၌ သန္တာအလံရွက်တို့သည် ဤသို့သောနည်းဖြင့် အသင့်ခြယ်လှယ်စီမံ၍ အလုံးစုံသော အလံတိုင်, အလံရွက်တို့သည် ရတနာ ၇-ပါးတို့ဖြင့် ပြီးကုန်၏။

မာတလိနတ်သားအမှူးရှိသော ဝေဇယန္တာရထားသည်ကား ရထားရှေ့ဦးမှသည် နောက်ဆုံးအဖျားတိုင်အောင် ယူဇနာ ၁၅၀-ရှိသည်ဆိုသော်၊ ရှေ့ဦးက ရထားအိမ်အထိယူဇနာ ၅၀, အလယ်ရထားအိမ်လည်း ယူဇနာ ၅၀, နောက်စွန်းလည်း ယူဇနာ ၅၀၊ ၃-ရပ်ပေါင်း၍ ယူဇနာ ၁၅၀-ရှိ၏။ အနံကား ယူဇနာ ၅၀-ရှိ၏။ အဝန်းအားဖြင့် ယူဇနာ ၄၀၀-ရှိ၏။ ရသားအိမ်၏အလယ်၌ သိကြားမင်းနေရာ ရတနာပလ္လင်ကား တစ်ယူဇနာအမြင့်,အကျယ်ရှိ၏။ ထိုပလ္လင်၌ စိုက်ဆောက်ဖြန့်မိုးအပ်သော ထီးဖြူအဝန်းကား ၃-ယူဇနာရှိ၏။ တစ်ခုတည်းသော ထမ်းပိုး၌သာလျှင် အာဇာနည်သိန္ဓောမြင်းပျံ ၁၀၀၀တို့ကို ကတောင်တင်ရန်း ရင်လွှမ်းအုပ်ခက် ဆက်သိုင်းမေးတွ ကြိုးကတန်ဆာ ရတနာတို့ဖြင့် တင့်တယ်သော ရွှေဖြူ၊ ရွှေကြယ်စသည် စီခြယ်ပြင်ဆင်လျက် တပေါင်းတစည်းတည်း က,အပ်၏။ ထိုမြင်း ၁၀၀၀-ကား တိရစ္ဆာန်မြင်းမဟုတ်။ သိကြားမင်း၏အမှုတော်ဝန်ကို ထမ်းရွက်သော နတ်သားတို့သည် ကမ္မဇိဒ္ဓိတန်ခိုး၏အစွမ်းဖြင့် ဖန်ဆင်းသော မြင်းတို့ချည်းတည်း။ ထိုရထား၌ စိုက်ဆောက်အပ်သော အောင်လံတို့ကား ယူဇနာ ၁၅၀-မြင့်၏။ အလံရွက်တို့သည်လည်း ရတနာ ၇-ပါးတို့ဖြင့်ပြီး၏။ စည်မျိုး ၅-ပါးတို့ဖြင့် တီးမှုတ်အပ်သော အသံတို့ကဲ့သို့ လေခတ်တိုင်းလှုပ်သော် အလံရွက်တို့မှအသံတို့သည် ညံညံငြိမ့်ငြိမ့် နှစ်သိမ့်သာယာ နာ၍မငြီးနိုင်အောင် ထွက်ကုန်၏။ ထိုသို့ ဆိုအပ်ခဲ့ပြီးသည်မှတစ်ပါး ရထား၌ဆင်ယင်အပ်သော တန်ဆာတို့သည်ကား အတိုင်းအရှည်ပမာဏမရှိ အထူးအဆန်း တင့်တယ်ကုန်၏။ ဤသို့လျှင် တာဝတိံသာနတ်ပြည်၏ တင့်တယ်ခြင်းကို သိအပ်၏။

ဤသို့ ပြဆိုအပ်ပြီးသော တာဝတိံသာ၏အကြောင်း အတ္ထုပ္ပတ္တိတို့ကို အကျယ်နှင့်တကွ သိသာမှတ်သားလိုလျှင် ပါရာဇိကဏ် အဋ္ဌကထာ, အဋ္ဌသာလိနီ အဋ္ဌကထာ, ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းတို့၌ လာသောအရာတို့ကို တံကဲပြု၍ သာရတ္ထဒီပနီဋီကာ, ဇိနာလင်္ကာရဋီကာကျမ်းတို့မှ ယူအပ်၏။ ဤဝတ္ထု၌ အကျယ်မဆိုလိုက်သည်ကား ၎င်းကျမ်း၏ ဂန္ထဂရုဖြစ်၍ စကားဆက်ဝေးလွန်းမည်ကို စိုးသောကြောင့် မဆိုလိုက်သည်။ ပညာကြီးကြသောသူတို့ ထိုကျမ်းတို့ကိုကြည့်လျှင် အသေအချာ သိပါလိမ့်မည်။ ဤကား စကားချပ်ဖြစ်သည်။)

ဝေဇယန္တာရထားမှူးဖြစ်သော မာတလိနတ်သားသည် ရထားကို အလုံးစုံပြင်ဆင်၍ သိန္ဓောမြင်း၁၀၀၀ က,ပြီးလျှင် ရထားဦး၌နေလျက် ၁၀၀၀သောဆက်ကြိုးကို တပေါင်းတည်းပြု၍ဆွဲကိုင်ကာ တာဝတိံသာနတ်ပြည်မှ အရှေ့မျက်နှာ မင်္ဂလာတံခါးဖြင့် ထွက်နှင်ဆင်းသက်ခဲ့သဖြင့် အရှေ့ပုဗ္ဗဝိဒေဟကျွန်းမှ လပြည့်ဝန်းအထွက်နှင့် တစ်ချက်တည်းပြိုင်ညီလျက် လူတို့မျက်စိဖြင့်မြင်ရအောင် လမင်း၏ပေါ်လာသောအလားနှင့် ထင်ရှားပြလေသော် နေမိမင်းကြီးသည် ထိုနေ့လည်း လပြည့်ဥပုသ်နေ့ဖြစ်သည်နှင့် ဥပုသ်ဆောက်တည်သဖြင့် ညချမ်းသောအခါ ခြင်္သေ့ခံသော အရှေ့စမုတ်ဝပြတင်းကိုဖွင့်၍၊ ညီလာခံရာ နန်းပြာဿဒ်အပြင်၌ မှူးတော်မတ်တော်အပေါင်းခြံရံလျက် ဆောက်တည်အပ်သောသီလကို ဆင်ခြင်၍ အရှေ့လောကဓာတ်သို့ မျက်နှာမူကာနေစဉ် လရထားနှင့် အတူပြိုင်၍တက်ထွန်းသော ဝေဇယန္တာရထား၏အဝန်းကို မြင်ကြလေ၏။

ပြည်သူပြည်သားအပေါင်းတို့သည် ထမင်းညစာစားပြီးလျှင် မိမိတို့အိမ်တံခါးဝ၌ အသီးသီး စိတ်နှစ်သက်ရာ ချမ်းသာသောစကားတို့ဖြင့် ပြောဟောလျက်နေကြစဉ် လပြည့်နေ့ လပြည့်ဝန်းနှင့်အတူ ပြိုင်၍ထွန်းသော ဝေဇယန္တာရထားအဝန်းကို မြင်ကြသော် “ယနေ့ကား အကြောင်းအဘယ်သို့နည်း။ လမင်း၂-ဆူ ထွက်လတ်သည်တကား”ဟု အညီအညွတ်မျှော်ရှု ပြောဆို၍နေကြသည့်အခိုက်တွင် ဝေဇယန္တာရထားသည် လေ၏လျင်ခြင်းဖြင့်လာလတ်၍ ရထား၏အဖြစ်ကို သိသိထင်ထင် မြင်ကြလေ၏။ ထိုအခါ လူအပေါင်းတို့သည် “ငါတို့ကား လပြည့်ဝန်းဟု အများပင် အထင်မှားကြ၏။ လ,မဟုတ်။ နတ်တို့၏ ရထားအရောင် ရှိသည်”ဟု တွေးဆမျှော်ကြည့်ကြစဉ် မာတလိနတ်သား၏ နှိုးဆော်ချီးပင့်ခြင်းနှင့် သိန္ဓောမြင်း၁၀၀၀ က,အပ်သော ဝေဇယန္တာရထား၏အဖြစ်ဖြင့် ထင်ရှားစွာ မျက်စိအနီးအပါးသို့ ရောက်လာလျှင် “အဘယ်အကြောင်းကြောင့် နတ်၏ယာဉ်သည် လာလတ်သနည်း”ဟု ကြည့်ရှုလျက် “သူတစ်ပါးတို့အလို့ငှာ မဟုတ်ရာ။ ငါတို့အရှင်မင်းကြီးကား တရား ၁၀-ပါး စောင့်တော်မူ၏။ ထိုငါတို့အရှင်၏ ဘုန်းတန်ခိုးအာနုဘော်သည် လူ့ပြည်ကတက်၍ နတ်ပြည်သို့တိုင်အောင် ကျော်စောသည်ဖြစ်၍ နတ်အပေါင်းတို့ မြတ်နိုးခြင်းဖြင့် ဤရထားကို သိကြားမင်း စေလွှတ်လိုက်သည်ဖြစ်မည်။ ငါတို့အရှင်မင်းကြီးကား အလွန်အံ့သြဖွယ် ရှိစွတကား”ဟု နှစ်သက်ဝမ်းမြောက်ကြသည်ဖြစ်၍၊ “အဗ္ဘုတော ဝတ လောကသ္မိံ” အစရှိသော ဂါထာဖြင့် ချီးမွမ်းအံ့သြပြောဆို ရွှင်လန်းကြကုန်၏။

အဓိပ္ပာယ်ကား-

“ယခုအခါ ငါတို့မတွေ့မမြင်ရစဖူးသည်ကို ကံထူးစီရင် အရှင်ကောင်းကျွန်ဖြစ်သဖြင့် ငါတို့မြင်ကြပေသည်။ ဤရွှေပြာသာဒ် နတ်ရထား, နတ်သားမြင်းပျံတို့ကြောင့် ရှုကြည့်၍မကုန်စင်နိုင်အောင် စိတ်ရွှင်ဝမ်းသာခြင်းဖြင့် မွေးညင်းကြက်သီး ထကြီးမကထအောင် ဝိဒေဟရာဇ်တိုင်းသူ လူတို့သေဌ်နင်း မင်းတကာတို့၏အထွတ်ဖြစ်တော်မူသော ငါတို့အရှင်၏ ဘုန်းတော်ကျေးဇူးတော်မြတ်ကို ထုတ်ဖော်အံ့သြ ပြောပချီးမွမ်း၍ ဥဒါန်းစဉ်လျှောက် မပျောက်နိုင်အောင် ဖြစ်ခဲ့၏တကား”ဟု စကားပြောဟော အံ့ဩကြ၏။

ထိုသို့ ပြည်သူတို့ အံ့ဩပြောဟော၍နေစဉ်ပင် မာတလိနတ်သားသည် လေ၏လျင်ခြင်းဖြင့်လာလတ်၍ နတ်ရထားကို နန်းတော်အပါး အခိုက်တန့်ရောက်လျှင် နောက်လာခဲ့သောလမ်းကို ရစ်သန်းပိုက်လှည့်၍ အရှေ့နန်း စမုတ်ဝအနီး၌ ရထားမြီးယှဉ်ကပ်လျက် ကောင်းကင်ရပ်အပြင်ဝယ် တင်ဆောင်အပ်သောအလားဖြင့် တံခါးခုံတွင်ခိုက်စေ၍ ဆိုက်လေ၏။

(ဤအရာ၌ ရထားအိမ် အလျား, အနံ, အကျယ် ယူဇနာ ၁၅၀-ရှိသောကြောင့် အမြင့်လည်း ထိုအနံနှင့်တန်အောင် မြင့်ရာသည်ဖြစ်၍ ရထားစက်ဘီးသည် နေမိမင်းကြီး နန်းတော်မကပင် မြင့်ရာ၏။ နေမိမင်းကြီးနန်းတော်ကား အသက်ရှည်သော ကာလပင်ဖြစ်သော်လည်း ထိုရထားစက်ဘီး၏ထက်ဝက် အချက်ပုံတောင်းကိုမျှ မမီနိုင်ကောင်း။ ထိုသို့ဖြစ်ခဲ့လျှင် ရထားထဲသို့ နေမိမင်းတတ်သောအခါ လှေကားထောင်မှသာ တက်နိုင်ရာ၏။ မာတလိနတ်သား ပိုက်ချီ၍တင်မှသော်လည်း တက်နိုင်ရာ၏။ နန်းတော်စမုတ်ဝပြင်နှင့် ရထားနောက်မြီးအပြင် မျှကြောင်းကိုဆိုသဖြင့်လည်း ကြီးမြတ်လှစွာသော ရထားစက်ဘီး၏အခြေသည် မြေ၌ထိဖွယ်ရှိ၏။ မြေ၌ထိခဲ့လျှင် အလျား ယူဇနာ ၁၅၀-ရှိသောရထားသည် အဝန်း ၇-ယူဇနာခန့်မျှသာရှိသော မိထိလာပြည်၌ ကျရောက်လာသောအခါ မြို့ပြ, တန်ဆောင်း, အိမ်, ကျောင်း, ဇရပ်, သတ္တဝါများ၌ ရထား၏ဥပဒ်မှ မလွတ်နိုင်ရာဖြစ်သော်လည်း ဖြစ်ခဲ့ရာ၏။

ဤအရာများကို မည်ကဲ့သို့အကြောင်းဖြင့် သိအပ်သနည်းဟူမူ လူတို့လုပ်ဆောင်၍သာ ပြီးသည့်ရထားဖြစ်လျှင် ဤမျှသာ ကြံဖန်စောဒနာခွင့်ရှိသည် မဟုတ်သေး။ ရထားထက်သို့ နေမိမင်းကြီးရောက်စေကာမူ တစ်ယူဇနာခန့်ပမာဏရှိသော ရာဇပလ္လင်ပေါ်သို့ ရောက်အောင်ပင်သော်လည်း အလိုအလျောက်ဖြစ်က တပင်တပန်းကြံ၍ တက်ရဦးမည်ဖြစ်သည်။ ဤအရာ၌ကား စေလိုက်သောသူလည်း သိကြား, သွားသောသူလည်း မာတလိနတ်သား, မြင်းရထားလည်း နတ်ဖြစ်, လူမင်းလည်း ဧကရာဇ် ဘုန်းသစ်ဘုန်းဟောင်း ပေါင်းဆုံဆင့်ထပ် မြင့်မြတ်ပေါ်ထွန်းခိုက် ဆိုက်လိုရာအခွင့်မျိုးကို အစိုးရသောတန်ခိုးရှင်ချည်းဖြစ်၍ အထွေထွေအပြားပြား စကားအိမ်ဖွဲ့လျက် ဘုန်းမဲ့သောသူမှာကဲ့သို့ အယူအကြံ ဉာဏ်လွန်ခွင့်မရှိ။ ကမ္မဇိဒ္ဓိအရာ ဖြစ်သည်။ ဤသို့သော လူမင်းနတ်မင်း၏ ကမ္မဇိဒ္ဓိကို ထားဘိဦး။ သီဟိုဠ်ကျွန်း အနုရာဓပြည်၌ မိမိနန်းကနေ၍ မိမိ၏သွားကို လက်ဖြင့်ခေါက်ခါမျှပင်လျှင် ကုဋုမ္ဗသူကြွယ်၏ ဇီဝိတိန္ဒြေကိုကြွေစေတတ်သော အနုရာဓမင်း၏ ကမ္မဇိဒ္ဓိကိုသော်လည်းကောင်း၊ တစ်ညဉ့်ချင်းဖြင့် အတောင် ၆၀-ခန့်မျှ ရှည်လျားသော ကြာရိုးတို့ကိုလည်းကောင်း, တစ်နေ့ချင်းဖြင့် မြို့ရိုးအပြင်ထက်ဝန်းကျင်၌ ဝါးရင်းရှိရှိကြီးသော စပါးပင်ကောက်မျိုးတို့ကို ဖြစ်စေရသော အမတ်သုခမိန် မဟောသဓာ၏ ကမ္မဇိဒ္ဓိကိုသော်လည်းကောင်း မကြံအပ်မကြံနိုင်သည်သာ ဖြစ်၏။ ထို့ကြောင့် ကြံရေးကြံဖွယ် မရှိပြီ။ ဤသည်ကား စကားချပ်တည်း။)

ဤသို့ ရထားဆိုက်ပြီးလျှင် တန်ခိုးကြီးလှစွာသော ရထားမှူးမာတလိနတ်သားသည် ဘုန်းကြီးလှစွာသော နေမိမင်းကြီးအား ပင့်ဖိတ်လျှောက်ကြားလို၍ “ဧဟိ မံ ရထမာရုယှ” အစရှိသောဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရပ် ၁၀-မျက်နှာတို့ကို အစိုးရတော်မူသော မင်းမြတ်။ ယခု တာဝတိံသာနတ်ပြည်ဝယ် သုဓမ္မာသဘင်၌ နတ်တကာတို့ကိုအစိုးရတော်မူသော အကျွန်ုပ်တို့သခင် အရှင်သိကြားမင်းနှင့်တကွ အလုံးစုံသော နတ်ပရိသတ်အပေါင်းတို့သည် မိထိလာပြည်ကြီးသခင်ဖြစ်သော အရှင်မင်းကြီး၏ ကျေးဇူးသတင်း ကျော်စောခြင်းရှိသည်ဖြစ်၍ ဖူးမြင်လိုသောကြောင့် ဝေဇယန္တာ ရထားမှူးဖြစ်သဖြင့် မာတလိဟုမှတ် သမုတ်အပ်သော အကျွန်ုပ်ကို စေလွှတ်လိုက်သည်နှင့် အရှင်မင်းကြီးကို ယခု နတ်ပြည်သို့ ပင့်ခေါ်တင်ဆောင်မည်ဟု အကျွန်ုပ် လာရောက်ပါသည်။ အကျွန်ုပ်အားလည်းကောင်း၊ အဆွေတော် သိကြားမင်းနှင့်တကွ အလုံးစုံသော နတ်အပေါင်းတို့အားလည်းကောင်း သင်္ဂြိုဟ်ထောက်ပင့်ချီးမြှင့် သင်္ဂဟတရားကိုရှေးရှု၍ ယခုပင့်ခေါ်ရောက်လာသော ရထားထက်သို့ တက်ကြွတော်မူပါ”ဟု တောင်းပန်လျှောက်ကြား၏။

ထိုအခါ မာတလိနတ်သားစကားကိုကြားလျှင် နေမိမင်းကြီးလည်း “ငါကား ဤနတ်ရထား၌လိုက်လျှင် ဘိုးဘေးစဉ်ဆက် မမြင်စဖူးသော နတ်ပြည်ကိုလည်း မြင်ရလတ္တံ့။ ငါအလိုရှိတိုင်းလည်း ငါ့အား မာတလိနတ်သားသည် ထောက်ပံ့သင်္ဂြိုဟ်ခြင်းကို ပြုလတ္တံ့။ ထိုသို့ဖြစ်၍ လိုက်ရသော်ကောင်း၏”ဟု ကြံပြီးမှ ဖိဖုရားကြီး, မိဖုရားငယ်, မောင်းမကိုယ်လုပ်မကြွင်း နန်းတွင်းသူနန်းတွင်းသား အပေါင်းတို့ကိုလည်းကောင်း၊ ဆွေတော်မျိုးတော် မှူးတော် မတ်တော်တို့မှစ၍ ပုရောဟိတ်မကြွင်း မြို့တွင်းမြို့ပ နေကြကုန်သော ပြည်သူပြည်သား သိ,ကြား,လိမ္မာ, အရာတွင်သူတို့ကိုလည်းကောင်း စည်းဝေးခေါ်စေပြီးလျှင် “အချင်းတို့။ ယခု သိကြားမင်းက ငါ့ကိုရထားနှင့် တင်ဆောင်လာသည်ဖြစ်သောကြောင့် တာဝတိံသာနတ်ပြည်သို့ တစ်ခဏမျှ ငါ လိုက်တော်မူအံ့သည်။ ငါမရှိသည်ဟူ၍ အလှူပေးခြင်း, သီလဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှု ပြုမြဲဝတ်ကို မချွတ်မယွင်း။မကင်းမပေါ့ မလျော့မမေ့ရစ်ကြနှင့်။ ငါလည်း နတ်ပြည်မှာ အကြာအရှည် နေမည်မဟုတ်။ အလျင်အမြန် ပြန်လည်တော်မူခဲ့မည်”ဟု မှာထားပြောဆိုတော်မူ၍ အရှေ့စမုတ်ဝနန်းတံခါးဖြင့် ရထားမြီးစမုတ်သို့ဝင်လျက် ရတနာပလ္လင်ထက်၌ တက်စီးတော်မူပေ၏။

(ဤအရာ၌ တစ်ယူဇနာကျယ်စွာသော ပလ္လင်ထက်ဝယ် နေမိမင်းကြီးနေသောအခါ မြင်းမိုရ်တောင်ဖျား၌နားသော ဟင်္သာငှက်ကဲ့သို့ မမြင်မထင်သာ ရှိရာသလောဟူမူ အသက်ရှည်သောကာလဖြစ်၍ ယခုထက် ကိုယ်သဏ္ဌာန်လည်း ကြီးမြင့်ရာ၏။ ပြကတေ့သောကိုယ်သဏ္ဌာန်ဖြင့် မတင့်တယ်လောက်သော်လည်း ဘုန်းထောက်ပံ့ဖန်ဆင်းသဖြင့် သိကြားမင်းနေသောအခါကဲ့သို့ မြင်သာထင်သာ တင့်တယ်ရာ၏။ ကမ္မဇိဒ္ဓိအရာ၌ မကြံအပ်သည်ကို ဆိုခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကမ္မဇိဒ္ဓိဖြစ်သောတန်ခိုး၌ အံသြဖွယ်ဖြစ်သည်ကား ပစ္ဆိမဘဝိကဖြစ်သော ဘုရားလောင်းတို့သည် ဖွားတော်မူစသာဖြစ်လျက်လည်း ၁၆-နှစ်အရွယ်ကဲ့သို့ လူနတ်တို့ထင်ကြရ၏။ ပကတိ အဝတ်တန်ဆာမရှိသေးဘဲလျက်လည်း အဝတ်တန်ဆာတို့ဖြင့် ဝတ်ဆင်အပ်သော ဗြဟ္မာမင်းကဲ့သို့ အများထင်ကြရ၏။ ထို့ကြောင့် ကမ္မဇိဒ္ဓိ၌ အထူးကြံဖွယ်မရှိဖြစ်၍ ထိုရာဇပလ္လင်၌ နေမိမင်းကြီး၏နေခြင်းသည် မထင်မရှား မရှိနိုင်ရာဟု မှတ်အပ်၏။)

ဤသို့ နေမိမင်းကြီး ရထားထက်သို့ရောက်လာသောအခါ မာတလိနတ်သားသည် “တမန်သာမညမဟုတ်။ ဂုဏ်အထူးနှင့်ပြည့်စုံသော နတ်တမန်တည်း”ဟု မိမိဂုဏ်ကိုပြလို၍ “ကေန တံ နေမိ မဂ္ဂေန”အစရှိသော ဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“အရပ် ၁၀-မျက်နှာတို့၏အရှင်ဖြစ်တော်မူသော နေမိမင်းမြတ်။ ယခုသွားရမည့် ခရီးသည်ကား မကောင်းမှုကို ပြုကျင့်သောသူတို့၏ခံရာ ငရဲပြည်အနီးသို့သွားသော ခရီးလည်း ရှိသည်။ ကောင်းမှုကိုပြုကျင့်သော သူတို့၏စံရာ နတ်ပြည်ဘုံဗိမာန်အနီးသို့သွားသော ခရီးလည်းရှိသည်။ ထိုခရီး ၂-ကြောင်းတွင် အဘယ်ခရီးဖြင့် သွားတော်မူလိုသနည်း။ အလိုရှိရာ အမိန့်တော်မြတ် ရှိတော်မူပါလော့။ အရှင်မင်းကြီး အလိုတော်ရှိသော ခရီးဖြင့်သာလျှင် အကျွန်ုပ် သွားပါအံ့။ အကယ်၍ မကောင်းမှုကိုပြုသောသူတို့၏ခံနေရာ ငရဲ၏အနီးလမ်းသို့ ကြွသွားတော်မူလျှင် မိမိကံအကြောင်းနှင့်တကွ မကောင်းသောအရာ၌ အကျိုးပေးသဖြင့် ခံလျက်ခံလျက်နေကုန်သော သတ္တဝါတို့ကို မင်းကြီးမြင်တော်မူရလတ္တံ့”ဟု ရထားမှူးဖြစ်သော မာတလိနတ်သားသည် လျှောက်ထား၏။

(ဤအရာ၌ မာတလိနတ်သားသည် နေမိမင်းကြီးလည်း မြင်လိုပါသည်ပြပါဟူ၍ မတိုက်တွန်း၊ မိမိအရှင် သိကြားမင်းကလည်း ငရဲပြည်,နတ်ပြည် ဘုံဗိမာန်တို့ကိုပြ၍ ဆောင်ယူခဲ့ရမည်ဟု မမှာထားဘဲလျက် အရှင့်အရေးမကုန်မီ မိမိဂုဏ်ကိုပြ၍ ကာလကြန့်ကြာအောင် ပြုထိုက်ပါအံ့လောဟူမူ မိမိအရေးမှ အရှင့်အရေးတို့၌ အပြစ်အစွန်းမငြိ အကျိုးရှိမည့်အရာဖြစ်လျှင် မိမိဂုဏ်အစွမ်းကိုပြခြင်းသည် တမန်တို့ဓလေ့ပင်ဖြစ်၍ ဤနေမိမင်းကြီးကို အတင်အဆောင် မိမိအရှင်က စေလွှတ်လိုက်သည်မှာလည်း စစ်ခွင့်ကြောရန် ဒဏ်အမှုပြုလို၍ စေသည်မဟုတ်။ သမုဒ္ဒရာမှရတနာအားလုံးကို ကျုံး၍ကျင်းသကဲ့သို့ နေမိမင်း၏ကျေးဇူးဂုဏ်ကို နတ်ပရိသတ်တို့အလယ်တွင် တင့်တယ်ကျော်ရှိန်အောင် တာဝတိံသာပြည်အလုံးကို ပန်းကုံးအမှတ်ဖြင့် နတ်မင်းပူဇော်လို၍ ပင့်ခေါ်စေသည်ဖြစ်သောကြောင့် အဖြောင့်လျင်လျင် တင်ဆောင်သောထက် နှစ်သက်ရာအလိုကို ပြည့်စေသဖြင့် အတင့်အတယ် အဖွယ်အရာ ဖြစ်စေခြင်းငှာ ဆောင်သည်ဖြစ်၍ အပြစ်မရှိ။ မိမိဂုဏ်ကိုပြခြင်း၌ အကျိုးတိုးတက်ရာသည်မှာ တာဝတိံသာနတ်ပြည်သားတို့ မျက်မြင်ဖူးရစေကြောင်းနှင့် ကောင်းမြတ်သောကျေးဇူးကို ရထားမှူးပြောသည်သဘောထားပင် မှန်ပေရာ၏။ ငါအလိုရှိတိုင်းပြည့်စိမ့်မည် နှလုံးရှိ၍ မာတလိနတ်သား မေးပေသည်ဟု နေမိမင်းကြီး၏စိတ် ယုံကြည်ဟောင်းတွင် ဆင့်လောင်း၍ယုံစေသဖြင့် မင်း ၂-ပါးတို့၏ကျေးဇူးကို အထူးဆောင်ရာလည်း ရောက်ရာ၏။

နေမိမင်းကြီးသည် ကံ,ကံ၏အကျိုးကို ယုံကြည်သူဖြစ်သည်နှင့်အညီ အပြစ်သင့်သူ, အကျိုးမြင့်သူတို့ကို မြင်စေရလျှင် ထိုအပြစ်အကျိုးတို့၏အကြောင်း မကောင်းမှုကိုခွာ၍ ကောင်းမှုကိုရှာမြဲတွင် တွေ့မြင်သောသက်သေထုံးကို နှလုံးနှစ်ခြိုက်လျက် ဒုစရိုက်ကို သံတွေမီးပုံအလား, သုစရိုက်ကို စံရွှေနိတုံအလား မှတ်သားစေရသဖြင့် မြင့်ရာတွင် မြတ်စေခြင်းရှိ၍ နေမိမင်းကြီး၏အကျိုးတော်ကိုလည်း ဆောင်ရာရောက်၏။ မာတလိနတ်ရထားမှူးမျှ ဤသို့သော တန်ခိုးရှိလျှင် မိမိအရှင်ဖြစ်သောသိကြားမင်းကား အကြောင်းရင်းကုသိုလ်ကံ ဖွံ့သန်လှစွာသောဘုန်းဖြင့် နတ်ပြည်အလုံးကို အစိုးရတော်မူသည့် တန်ခိုးရှင်ဖြစ်ခြင်းကြောင့် ထုတ်လှစ်၍ မကုန်ရာချေ။ ပဂေဝ ဖြစ်တော့သည်ဟု ထောက်ဆစာနာ ယူဖွယ်ရာရှိသဖြင့် မိမိအရှင့်ဂုဏ်ကို ချီးမြှောက်သည်လည်း မည်၏။ ဤသို့သော အတ္ထာပတ္တိရှိသဖြင့် မာတလိနတ်သားသည် မိမိဂုဏ်ကို ပြသတည်း၊ ဤမျှခန့်ရုံကြာသော်လည်း မျှော်လင့်ကုန်သောနတ်တို့၏ ဆန္ဒအာသာဖြင့် သဒ္ဓါ, မေတ္တာ, စေတနာ ပွားများတုန်းအချိန်သင့်ဖြစ်၍ ကာလကြန့်ကြာအောင်ပြုသည်ဟု မဆိုထိုက်သည်သာဖြစ်၏။ ဤကိုထောက်၍ မင်းခစားသော တပည့်လုလင်တို့သည် အရှင်, အမိ, အဖ, ဆရာကြီးသူတို့စေလျှင် ကြီးသူ, ဆရာ, မိဖ, အရှင်တို့၏ အခွင့်လည်းပြေအောင်၊ ကိုယ်ကိုလည်း သူကောင်းသူမြတ်ပေဟု ချီးမွမ်းရအောင်၊ ခေါ်ချေအပ်သောသူကိုလည်း အယူမနှောင့်နှေး စိတ်အေးအောင် အရေးကိုထောက်စာ၍ အရာကိုသိဖြင့် မိမိအစွမ်းကို ပြရာသတည်းဟု မှတ်အပ်၏။ ဤသည်ကား စကားချပ်တည်း။)

ထိုသို့ မာတလိနတ်သားမေးလျှောက်သောအခါ နေမိမင်းကြီးလည်း ခရီး ၂-ကြောင်းလုံးပင် မြင်လိုသည်ဖြစ်၍ “ဥဘယေနေဝ မံ နေဟိ” အစရှိသော ဂါထာဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“မာတလိနတ်သား။ ငါအလိုရှိတိုင်း သယ်ဆောင်လိုလျှင် ငရဲပြည်, နတ်ပြည် ၂-ပြည်လုံးကိုပင် မြင်လိုသည်”ဟု ဆို၏။

ထိုအခါ မာတလိနတ်သားသည် အောက်,အထက်ဖြစ်၍ သွားဆစ်မနီးသော ခရီး၂-ကြောင်းကို တပေါင်းတည်းဆိုင်လျက် တစ်ပြိုင်နက်တည်းမပြနိုင်ခြင်းကြောင့် မေးလျှောက်ပြန်လို၍ “ကေန တံ ပဌမံ နေမိ” အစရှိသော ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းတကာတို့ အထွတ်အမြတ်ဖြစ်တော်မူသော နေမိမင်းမြတ်။ ထို ခရီး ၂-ကြောင်းတို့တွင် အဘယ်ခရီးကို ရှေးဦးစွာ ကြွမြင်တော်မူလိုပါသနည်း။ အလိုရှိရာ အမိန့်တော်ရှိတော်မူပါ”ဟု လျှောက်ထား၏။

မာတလိနတ်သား၏စကားကိုကြားလျှင် နေမိမင်းကြီးသည် ယခု နတ်ပြည်ကိုပင် ငါတက်မည်ဖြစ်၍ နတ်ဘုံဗိမာန်ကို မချွတ်မြင်ရလတ္တံ့။ ငရဲပြည်ကိုကား လမ်းမသင့်ဖြစ်၍ မြင်ရခဲ၏။ ထိုကြောင့် ငရဲပြည်ကိုကြည့်ပြီးမှ နတ်ပြည်သို့တက်ရသော် ကောင်း၏”ဟု ကြံပြီးလျှင် “နိရယံ တာဝ ပဿာမိ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“နတ်ရထားမှူးဖြစ်သော မာတလိ။ ဒါန,သီလစသည့် အကျင့်သုစရိုက်မရှိ မိမိတို့ပြုသော အကုသိုလ်ဒုစရိုက် ညှဉ်းပန်း၍ ကြမ်းကြုတ်စွာခံရကုန်သော ငရဲသူငရဲသားတို့ကို ရှေးဦးစွာမြင်လို၏။ ထိုအရပ်သို့ ရှေးဦးစွာ ရထားကို နှင်ဦးလော့”ဟု ဆို၏။

ထိုအခါ နတ်ရထားမှူးဖြစ်သော မာတလိနတ်သားသည် သဉ္ဇိုဝ်းငရဲမင်းကြီး၏ အရံဖြစ်သော ဥဿဒရက်ငရဲပြည်သို့ မြင်းပျံ၁၀၀၀ ဆောင်အပ်သော ဝေဇယန္တာနတ်ရထားကို ဆောင်နှင်လေ၏။