နေမိဇာတ်တော်ကြီး/အခန်း-၀၄

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၄။ သိကြားမင်း ပုစ္ဆာဖြေဆိုခန်း

ထိုစကားကိုကြားလျှင် သိကြားမင်းသည် ဒါန၏အကျိုးထက် သီလ၏အကျိုးလျှင် မြတ်သည်၏အဖြစ်ကို ပြလို၍-

“ဟီနေန ဗြဟ္မစရိယေန၊ ခတ္ထိယေ ဥပပဇ္ဇတိ။

ပဇ္ဈိမေန စ ဒေဝတ္တံ၊ ဥတ္တမေန ဝိသုဇ္ဈတိ။”

“န ဟိ တေ သုလဘာ ကာယာ၊ ယာ စ ယောဂေန ကေနစိ။

ယေ ကာယေ ဥပပဇ္ဇန္တိ အနာဂါရာ တပဿိနော။”

ဟူသော ၂-ဂါထာဖြင့် ဆို၏။

မဟာရာဇ၊ နေမိမင်းကြီး။ ဟီနေန၊ ယုတ်သော။ ဗြဟ္မစရိယေန၊ သီတင်းသုံးခြင်းဖြင့်။ ခတ္တိယေ၊ မင်းမျိုး၌။ ဥပပဇ္ဇတိ၊ ဖြစ်သေး၏။ မဇ္ဈိမေန စ၊ အလတ်ဖြစ်သော သီတင်းသုံးခြင်းဖြင့်ကား။ ဒေဝတ္တံ၊ နတ်၏အဖြစ်သို့။ ဥပပဇ္ဇတိ၊ ရောက်တတ်လေ၏။ ဥတ္တမေန၊ အမြတ်ဖြစ်သော သီတင်းသုံးခြင်းဖြင့်။ ဝိသုဇ္ဈတိ၊ ကိလေသာတို့မှ စင်ကြယ်လေ၏။

ဇနိန္ဒ၊ လူတို့သေဌ်နင်းဖြစ်တော်မူသော နေမိမင်းမြတ်။ အနာဂါရာ၊ အိမ်ရာမထောင်ကုန်သော။ တပဿိနော၊ ခြိုးခြံစွာကျင့်ကုန်သော။ ယေ ဣသယော၊ အကြင်ရသေ့တို့သည်။ ကာယေ၊ ဗြဟ္မာ့ပြည်၌။ ဥပပဇ္ဇန္တိ၊ ဖြစ်လေကုန်၏။ တေ ကာယာ၊ ထိုဗြဟ္မာအပေါင်းတို့ကို။ ကေနစိ၊ တစ်စုံတစ်ရာသော။ ယာ စ ယောဂေန၊ ပေးလှူပူဇော် စွန့်ကြဲခြင်းဖြင့်။ န ဟိ သုလဘာ၊ မရလွယ်သည်သာတည်း။

အဓိပ္ပာယ်ကား-

“လူအပေါင်းတို့ကို အစိုးရတော်မူသော နေမိမင်း။ အလှူပေးခြင်း, သီလဆောက်တည်ခြင်း ဤတရား၂-ပါးတို့တွင် အမြတ်ဆုံးဖြစ်သော မဟာဒါန၏အကျိုးဖြစ်တုံသော်လည်း အယုတ်ဆုံးဖြစ်သော ဥပုသ်သီလ၏အကျိုးကို မတူမညီ, မမီနိုင်ရာ။ ဥပုသ်အင်္ဂါ တစ်ခုတည်းမျှ ပြည့်စုံသည်ဖြစ်၍ အယုတ်ဆုံးဖြစ်သော သီတင်းသုံးခြင်းပင်လျှင် ပဒေသရာဇ်မင်း, ဧကရာဇ်မင်း, စကြာမင်းတို့၏စည်းစိမ်ကို ပေးတတ်၏။ အလတ်ဖြစ်သော ဥပုသ်သီတင်းသည် လူမင်းစည်းစိမ်တို့ထက် အဆအရာမကမြတ်လှသော နတ်မင်းစည်းစိမ်ကို ပေးတတ်၏။ အမြတ်ဆုံးဖြစ်သော ဥပုသ်သီတင်းသည်ကား လူမင်း,နတ်မင်းတို့၏စည်းစိမ်ထက် အဆအထောင် အဆအသောင်းမက လွန်မြတ်သော ကိလေသာစင်ခြင်းဖြင့် ဗြဟ္မာမင်း၏အဖြစ်သို့ ရောက်တတ်၏။ ထိုသို့ အိမ်ရာမထောင်ဘဲ ခြိုးခြံစွာ အကျင့်ကိုကျင့်ကုန်သော ရသေ့ရဟန်းတို့သည် ချမ်းသာတကာတို့၏ ပေါင်းဆုံရာဖြစ်သော ဗြဟ္မာမင်း၏အဖြစ်သို့ ရောက်ဖူးကြလေသည်ကား များလှလေပြီ။ ထိုဗြဟ္မာမင်း၏အဖြစ်ကို ဤတစ်ကျွန်းလုံး၌အပြည့် ဒါနဝတ္ထု အထူးအမြတ်တို့ကိုစုပုံ၍ အသက်ထက်ဆုံး အမြဲလှူဒါန်းပူဇော်ငြားသော်လည်း ရလွယ်သည် မဖြစ်နိုင်ရာ”ဟု ဆို၏။

(ဤစကားအပေါင်းတွင် ဥတ္တမေန ဝိသုဇ္ဈတိဟူသော ပါဌ်ဖြင့် ဘုရားပွင့်တော်မူသောကာလ မဟုတ်ဖြစ်၍ ဒေသနာတော်နည်းကို မရခြင်းကြောင့် ကိလေသာကာမဂုဏ်တို့ကို ဝိက္ခမ္ဘနသတ္တိဖြင့် ငြိမ်းစေကွာစေခြင်းရှိသော ဗြဟ္မာ့ပြည်ကိုပင် နိဗ္ဗာန်ဟု ဆိုစကုန်သည်ကိုအစွဲပြု၍ ဝိသုဇ္ဈတိဟု သိကြားမင်း ဆိုလေသည်။ ထို့ကြောင့် ဤဇာတ်တော် အဋ္ဌကထာ၌ “တံ ဗာဟိရကာ နိဗ္ဗာနန္တိ ကထေန္တိ၊ တေနာဟ ဝိသုဇ္ဈတီတိ”ဟု မိန့်တော်မူလေသည်။ ဗာဟိရကာ၊ သာသနာတော်မှအပဖြစ်ကုန်သော ရသေ့ရဟန်းတို့သည်။ တံ၊ ထိုဗြဟ္မာ့ပြည်၌ဖြစ်ခြင်းကို။ နိဗ္ဗာနန္တိ၊ နိဗ္ဗာန်မည်၏ဟူ၍။ ကထေန္တိ၊ ဟောကြားကုန်၏။ တေန၊ ထို့ကြောင့်။ သက္ကော၊ သိကြားမင်းသည်။ ဝိသုဇ္ဈတီတိ၊ ဝသုဇ္ဈတိဟူ၍။ အာဟ၊ ဆိုတော်မူ၏။

ထိုသာသနာပ၌ အဘယ်ကို ဟီနဗြဟ္မစရိယဆိုသနည်းဟူမူကား “ပုထတိတ္ထာယတနေ မေထုနဝိရတိမတ္တံ သီလံ ဟီနံနာမ။” ဟူသော အဋ္ဌကထာနှင့်အညီ များစွာသော တိတ္ထိတို့၏ကျောင်း၌ မေထုနဓမ္မ ကြဉ်ရှောင်ခြင်းကိုပြုသော တစ်ခုသော ဝိရတိစေတနာမျှ သီလသည် ဟီနမည်၏။

မဇ္ဈိမဟူသည်ကား “ဈာနဿ ဥပစာရမတ္တံ မဇ္ဈိမံနာမ” ဟူသည်နှင့်အညီ ၈-ပါး, ၁၀-ပါးသောသီလတို့၌ မြဲစေလျက် ကသိုဏ်းအသုဘ အစရှိသော ကမ္မဋ္ဌာန်းသို့ရှေးရှု လုံ့လပြုသဖြင့် ဈာန်၏အနီးသို့ရောက်၍ နီဝရဏတို့ကို တဒင်္ဂသတ္တိဖြင့်စွန့်ခွာနိုင်သော မဟာကုသိုလ်စေတနာဟု ဆိုအပ်သော သီလသည် မဇ္ဈိမ မည်၏။

ဥတ္တမဟူသည်ကား “အဋ္ဌသမာပတ္တိမတ္တံ ဥတ္တမံနာမ။” ဟူသည်နှင့်အညီ ကမ္မဋ္ဌာန်းကိုအားထုတ်သဖြင့် ဈာန်ကိုရ၍ သမာပတ် ၈-ပါးနှင့် ပြည့်စုံခြင်းသည် ဥတ္တမ မည်၏။

မြတ်စွာဘုရားသာသနာတော်တွင်းဖြစ်မူကား တစ်စုံတစ်ခုသော နတ်မင်း,သိကြားမင်းအဖြစ်တို့ကို တောင့်တလျက် စတုပါရိသုဒ္ဓိသီလကို စင်ကြယ်စွာစောင့်ရှောက်သောရဟန်း၏ မြတ်သော ဗြဟ္မစရိယစေတနာသည် မိမိတောင့်တတိုင်း ဒေဝသမ္ပတ္တိကိုသာ ပေးစွမ်းနိုင်သောကြောင့် ဟီန မည်၏။

စတုပါရိသုဒ္ဓိသီလ ၄-ပါးနှင့် ပြည့်စုံစွာသော ရဟန်းသည် ဗြဟ္မာ့ပြည်ကို တောင့်တသဖြင့် ကမ္မဋ္ဌာန်း၌လုံ့လပြု၍ သမာပတ် ၈-ပါးနှင့်ပြည့်စုံခြင်း ဗြဟ္မစရိယသီလသည် ဗြဟ္မာ့ပြည်၌သာလျှင် ဖြစ်စွမ်းနိုင်လေသောကြောင့် မဇ္ဈိမ မည်၏။

စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသောရဟန်း၏ ဝိပဿနာကိုပွားစေသဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ရောက်၍ ရဟန္တာဖြစ်ခြင်းသည် စင်ပြီးသော ကိလေသာရှိခြင်းကြောင့် ဥတ္တမသီလ မည်၏။)

ဤသို့ မျက်စိ၁၀၀၀ အမြင်ဆောင်သော သိကြားမင်းသည် ရှေး၌ဖြစ်ဖူးကြလေသော ဒါနရှင်, သီလရှင်တို့၏ ဂုဏ် အယုတ်အမြတ်ကို မိမိမျက်မှောက်ထင်ထင် တွေ့မြင်မှတ်သား ကြားဖူးသည်လည်းဖြစ်၍ ထို ၂-ဂါထာတို့ဖြင့် နေမိမင်းကြီးအားဟောကြားပြီးလျှင်၊ အတိတ်ဖြစ်သော ဥဒါဟရုဏ်ကိုထုတ်လျက် သက်သေညွှန်းလိုသောကြောင့် “ဒုဒီပေါ သာဂရော သေလော” အစရှိသောဂါထာ, “ဧတေစညေစ ရာဇာနော”အစရှိသော ဂါထာ, “အထယီမေ အဝတ္တိံသု” အစရှိသော ဂါထာ, “သမုဒ္ဒေါ မာဃော ဘရတော စ” အစရှိသောဂါထာ။ ဤ၄-ဂါထာဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“လူအပေါင်းတို့ကို အစိုးရတော်မူသော နေမိမင်းကြီး။ ဒါနထက် သီလအကျိုးကြီးကြောင်းကို ငါကြားဖူးသောအတိုင်း သက်သေထုတ်ဦးအံ့။ နာလော့။ ငါ ကြားဖူးသည်ကား ရှေး၌ ဒုဒီပ အမည်ရှိသောမင်း, သာဂရမင်း, သေလမင်း, မုဇကိန္ဒမင်း, ဘဂီရသမင်း, ဥသိဒ္ဓရမင်း, ပုထုဇ္ဇနမင်း ဤမင်းတို့သည်လည်းကောင်း၊ ဤမှတစ်ပါး များစွာကုန်သော မင်းပုဏ္ဏားတို့သည်လည်းကောင်း အလုံးစုံကောင်းမြတ်သော လှူဖွယ်ဝတ္ထုတို့ဖြင့် ပေးလှူပူဇော်ခြင်းဟုဆိုအပ်သော မဟာဒါနကို ပြုဖူးကြကုန်ပြီ။ ထိုမင်းပုဏ္ဏားတို့သည် မိမိတို့ပြုအပ်သော မဟာဒါနအစွမ်းသည် ချမ်းသာသောစည်းစိမ်ဘက်ကို တောင့်တလျက် အမြဲ ချင်ရဲမပြေ နေတတ်သောကြောင့် ပြိတ္တာဘုံဟူ၍လည်းကောင်း သမိုက်အပ်သော ကာမာဝစရနတ်ပြည်ထက်လွန်၍ အကျိုးကိုမပေးနိုင်သည်၏အဖြစ်ဖြင့် ပြိတ္တာဘုံဆိုအပ်သော ကာမာဝစရနတ်ပြည်၌သာ ဖြစ်ကြရကုန်၏။ နေမိမင်းကြီး၊ အိမ်ရာမထောင်ဘဲ ခြိုးခြံစွာသောအကျင့်ကိုကျင့်ကုန်သော ရသေ့ရဟန်းတို့၌ကား ယာမဟနု အမည်ရှိသော ရှင်ရသေ့, သောကယာဂရှင်ရသေ့, မနောဇရှင်ရသေ့, သမုဒ္ဒရှင်ရသေ့, မာဃရှင်ရသေ့, ဘရတရှင်ရသေ့, ကာလပုရက္ခတရှင်ရသေ့၊ ဤ ရသေ့ညီနောင် ၇-ယောက်တို့သည်လည်းကောင်း၊ အင်္ဂီရသရှင်ရသေ့, ကာဿပရှင်ရသေ့ ကိသဝစ္ဆရှင်ရသေ့, အကတ္တိရှင်ရသေ့၊ ဤ ရသေ့ ၄-ယောက်တို့သည်လည်းကောင်း။ ထို အလုံးစုံသော ရှင်ရသေ့တို့သည် အိမ်ရာထောင်ခြင်းမှကြဉ်၍ သီလဖြင့် ခြိုးခြံခြင်းရှိကုန်သည်ဖြစ်၍ ပြိတ္တာဘုံဟု သမိုက်အပ်သော ကာမာဝစရ နတ်ပြည်ကိုလွန်လျက် အလွန်စင်ကြယ်စွာသော ဗြဟ္မာမင်း၏အဖြစ်သို့ ရောက်ကြလေကုန်ပြီ။ ထိုကြောင့် အလှူ၏အကျိုးထက် ဗြဟ္မာစရိယ သီလ၏အကျိုးသည် အဆအထောင်, အဆအသိန်းမက မြတ်သည်သာ ဖြစ်၏ မှတ်တော်မူလော့”ဟု ဆို၏။

(ဤဂါထာတို့တွင် ပေတတ္တံ နာတိဝတ္တိံသုဟူသော သာဓကပုဒ်၌ နတ်ပြည် ၆-ထပ်ကို ပြိတ္တာဘုံဟု သိကြားမင်းဆိုခြင်းသည်ကား ကိလေသာကာမဟု ဆိုအပ်သော လောဘဇော၏ကျက်စားရာ မှီခိုငြိတွယ်ရာ ၅-ဖြာသောအာရုံ ကာမဂုဏ်ဟု ဆိုအပ်သော ဝတ္ထုကာမကို မရသည်ရှိသော် တောင့်တခြင်းဖြင့် အလွန်ပူပန်တတ်သောကြောင့် ရေဆာငတ်မွတ်သောပြိတ္တာ၏ ရေကိုတောင့်တလျက် ပူပန်ခြင်းဖြစ်သည်နှင့် တူသည်ဖြစ်၍ နတ်ပြည် ၆-ထပ်ကို သဒိသူပစာရအားဖြင့် ပြိတ္တာဘုံ ဟု ဆိုသတည်း။

အဋ္ဌကထာဆရာသည် ထိုစကားကို သိကြားမင်း ဆိုသင့်ပေ၏ဟု မြဲစေလို၍ “ကာမာဝစရဒေဝတာ ဟိ ရူပါဒိနော ကိလေသဝတ္ထုဿ ကာရဏာ ပရံ ပစ္စာသိသတော တာပနတာယ ပေတာတိ ဝုစ္စန္တိ။”ဟု မိန့်အပ်၏။ ဟိ သစ္စံ၊ ထိုသိကြားမင်းဆိုတိုင်း မှန်၏။ ကာမာဝစရဒေဝတာ၊ ကာမာဝစရနတ်တို့သည်။ ရူပါဒိနော၊ ရူပါရုံအစရှိသော။ ကိလေသဝတ္ထုဿ၊ ကိလေသာ၏ ကျက်စားရာဖြစ်သော ဝတ္ထုကာမ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ပရံ၊ ပျော်ရွှင်ဖွယ်ကို။ ပစ္စာသိသဘော၊ အခါခါ တောင့်တသောအားဖြင့်။ တာပနတာယ၊ ပူပန်သည်၏အဖြစ်ကြောင့်။ တေ၊ ထို နတ်ပြည် ၆- ထပ်တို့ကို။ ပေတာတိ၊ ပြိတ္တာဘုံ မည်ကုန်၏ဟူ၍။ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။

အဋ္ဌကထာဆရာသည် မိမိစကားကို တစ်ဆင့်တစ်ထပ် ကြပ်တည်းတော်မူစေလိုပြန်၍။ “ဝုတ္တမ္ပိစေတံ ယေ အဒုတိယ န ရမန္တိ ဧကိကာ၊ ဝိဝေကဇံ ယေ န လဘန္တိ ပီတိံ။ ကိဉ္စာပိ တေ ဣန္ဒသမာနဘောဂါ၊ တေ ဝေ ပရာဓိနသုခါ ဝရာကာတိ စ။”ဟူသော ပါဠိတော်ကို ဆောင်တော်မူပြန်သည်။ အနက်ကား။ ဘိက္ခဝေ၊ ရဟန်းတို့။ ယေ၊ အကြင် ကာမာဝစရနတ်တို့သည်။ အဒုတိယာ၊ အဖော်မရှိကုန်ဘဲ။ ဧကိကာ၊ တစ်ယောက် အထီးတည်း။ န ရမန္တိ၊ မမွေ့လျော်ကုန်။ ဝိဝေကဇံ၊ ဆိတ်ဆိတ်နေခြင်း၌ဖြစ်သော။ ပီတိံ၊ နှစ်သက်ခြင်းကို။ ယေ၊ အကြင် ကာမာဝစရနတ်တို့သည်။ န လဘန္တိ၊ မရကုန်။ ယေ၊ အကြင် ကာမာဝစရနတ်တို့သည်။ ကိဉ္စာပိ ဣန္ဒသမာနဘောဂါ၊ အကယ်၍ သိကြားမင်းစည်းစိမ်နှင့် တူတူပင် ဖြစ်စေကုန်ကာမူ။ တေ၊ ထို ကာမာဝစရနတ်တို့သည်။ ဝေ၊ စင်စစ်။ ပရာဓိနသုခါ၊ မိမိမှတစ်ပါး စံပျော်ဖက်နှင့်စပ်ယှက်သော ချမ်းသာရှိခြင်းကြောင့်။ ဝရာကာ၊ ဆင်းရဲကုန်၏။ ဣတိ စ၊ ဤသို့လည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တမ္ပိ စ ဝုတ္တမ္ပိ ဧဝ၊ ဟောတော်မူအပ်သလျှင်ကတည်း။

ဤပါဠိတော်၌ နတ်ပြည် ၆-ထပ်ကိုသာ ပြိတ္တာဘုံဟု ဟောတော်မူခြင်းသည် နိဒဿနနည်းမျှသာတည်း။ အကြောင်းအားဖြင့်သော်ကား ကာမာဝစရ ၁၁-ဘုံသည် ကာမတဏှာ၏ ကျင်လည်ရာချည်းပင် ဖြစ်သောကြောင့် ကိလေသာကို မခွာကုန်သေးသမျှသတ္တဝါတို့သည် ဝတ္ထုကာမကိုတောင့်တခြင်းဖြင့် ပူပန်ခြင်း မကင်းရာဖြစ်၍ ပြိတ္တာမည်ကုန်၏။ အပါယ် ၄-ပါးအဝင်ဖြစ်သော ပြိတ္တာကား မုချပြိတ္တာတည်း။ ထိုမှကြွင်းသော ကာမာဝစရဘုံကား သဒိသူပစာရ ပြိတ္တာတည်းဟု သိအပ်၏။)

ဤသို့ သိကြားမင်းသည် ဒါနထက် သီလအကျိုးကြီးကြောင်းကို မိမိ ကြားဖူးမှတ်သားဖူးသောအတိုင်း သက်သေထုတ်၍ နေမိမင်းကြီးအား ပြဆိုပြီးလျှင် မျက်မှောက်ထင်ထင် မိမိတွေ့မြင်ဖူးသော သက်သေကိုထုတ်ပြန်လို၍၊ “ဥတ္တရေန နဒီ သီဒါ” အစရှိသောဂါထာ, “ပရူဠှကစ္ဆာ တဂရာ” အစရှိသောဂါထာ, “အဟံ သေဋ္ဌောသ္မိ ဒါနေန” အစရှိသော ဂါထာ, “ဇာတိမန္တံ အဇစ္စဉ္စ” အစရှိသောဂါထာ, “သဗ္ဗေ ဝဏ္ဏာ အဓမ္မဋ္ဌာ” အစရှိသောဂါထာ၊ ဤ ၅-ဂါထာတို့ဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“လူအပေါင်းတို့ကို အစိုးရတော်မူသော နေမိမင်းကြီး။ ဒါနအကျိုးထက် သီလအကျိုးကြီးမြတ်သောအဖြစ်ကို သက်သေတခြား ထုတ်ဦးအံ့။ နာဦးလော့။ ဤလူ့ပြည်မှ မြောက်အရပ်ဖြစ်သော ဟိမဝန္တာ၌ ရွှေတောင်၂-လုံးတို့၏အကြားကို ရစ်ခွေကာစီးသဖြင့် နေရောင်မသန်းသည်ဖြစ်၍ ချမ်းမြေ့အေးကြည်စွာလျက် သီဒါအမည်ရှိသောမြစ်သည် ရှိ၏။ ထိုမြစ်ကိုကား လှေဖောင်ဖြင့်ကူးခြင်းငှာ ခက်ခဲ၏။ လေးစွာသော ဝတ္ထုကိုထား၍ ထိုရေ၏အပြင်၌ အလွန်ပေါ့လှစွာသော ဥဒေါင်းရင်မွေး ဂွမ်းဝါထွေးတို့မျှ ကျရောက်သော်လည်း မတည်နိုင်သည်ဖြစ်၍ နစ်ခြင်းသို့သာ ရောက်ရလေကုန်၏။ ထိုသို့ အမှိုက်မြူချေး ဂွမ်းဝါ အမွေးစသည်တို့ကို နစ်စေတတ်လျက် မြရည်ကဲ့သို့ စိမ်းမြအေးကြည်သော ရေရှိခြင်းကြောင့် ထိုမြစ်သည် သီဒါနဒီ အမည်ရှိ၏။ ထိုမြစ်ကမ်းနား ၂-ဘက်သည်လည်း ကျူမီးရောင်အဆင်းကဲ့သို့ ဝင်းဝင်းညီးသော ရွှေစင်အတိသာလျှင် ဖြစ်ကြ၏။ ထို ရွှေမြေဆိပ်ကမ်း တောင်ဝှမ်း တောင်ယံတို့၌ တောင်ဇလပ်, စွယ်တော်, ကံ့ကော်, စကား, ချယား, သရဖီ, နှင်းဆီ, မိုးစွေ, သင်းခွေ, ပုန်းညက်, ကရမက်, စန္ဒကူး အထူးထူးသော နံ့သာပင်, ပန်းပင်, ဆေးပင်တို့သည်လည်း ရွှေစင်အပြား၌ ၉-ပါးသောမျက်မျိုးဖြင့် ကြိုးနွယ်ကူးယှက် ခက်လက်ရှည်တွယ် ခြယ်လှယ်စီမံဘိသကဲ့သို့ နှစ်လိုဖွယ်သော အပွင့်အသီးကိုဆောင်လျက် အသီးသီးတည်ကြကုန်၏။ ထို သီဒါနဒီမြစ်နားဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော မြေအရပ်၌ ရှေးသောအခါ ၁-သောင်းမျှလောက်ကုန်သော ရှင်ရသေ့တို့သည် နေကြကုန်၏။ ထိုရှင်ရသေ့တို့သည် အဘိညာဉ်၅-ပါး, သမာပတ် ၈-ပါးတို့ကို ရကြကုန်သည်သာတည်း။ တစ်ပါးသော ရှင်ရသေ့မျှ မရသောမည်သည် မရှိ။ ဆွမ်းမှီဝဲလိုသောအခါ၌ကား အချို့သောရှင်ရသေ့တို့သည်ကား ဤကျွန်းဦး၌ရောက်သော ဇမ္ဗူ့သပြေပင်သို့သွား၍ မြောက်ဥတ္တရကုရုကျွန်းသို့သွား၍ ဆွမ်းခံကုန်၏။ အချို့သောရှင်ရသေ့တို့သည် အသီးကိုဆောင်ကုန်၏။ အချို့သော ရှင်ရသေ့တို့သည်ကား ထိုဟိမဝန္တာ၌ပင် ချိုဆိမ့်ကောင်းမွန်သော သစ်သီးတို့ကို ယူဆောင်သုံးဆောင်ကုန်၏။ အချို့သောရှင်ရသေ့တို့သည်ကား ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထိုထိုသို့သော မြို့ရွာတိုင်းပြည်သို့သွား၍ ဒါယကာတို့အိမ်၌ ဆွမ်းခံကုန်၏။ တစ်ယောက်သောရှင်ရသေ့မျှ ရသတဏှာဖြင့် နှိပ်စက်ခြင်းမည်သည် မရှိ။ မိမိတို့ကိုယ်ခန္ဓာ၏ မျှတခြင်းငှာသာလျှင် အာဟာရကို မှီဝဲကုန်၍ ဈာန်ချမ်းသာဖြင့်သာလျှင် ကာလကို လွန်စေ၏။

“ထိုအခါ ရှင်ရသေ့တစ်ပါးသည် ဗာရာဏသီပြည်သို့ လာလတ်၍ ကောင်းစွာဝတ်ရုံလျက် ငြိမ်သက်သောဣန္ဒြေဖြင့် မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် ဗာရာဏသီမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားအိမ်သို့ ရောက်လေလျှင် ထိုရှင်ရသေ့၏ ဣန္ဒြေနှင့်ပြည့်စုံခြင်းကိုမြင်၍ ကြည်ညိုသဖြင့် ပုရောဟိတ်ပုဏ္ဏားသည် မိမိအိမ်တွင်းသို့ ထိုရှင်ရသေ့ကို ပင့်ဆောင်လျက် ဆွမ်းလုပ်ကျွေးလေ၏။ ဤသို့သောနည်းဖြင့် ထိုရှင်ရသေ့ ရောက်လာတိုင်းပင့်၍ ၂-ရက်,၃-ရက် ဆွမ်းလုပ်ကျွေးလေလျှင် ပုရောဟိတ်ပုဏ္ဏားသည် ရှင်ရသေ့နှင့် အကျွမ်းဝင်လတ်သော် “ရှင်ရသေ့။ အဘယ်အရပ်၌ ရှင်ရသေ့ နေတော်မူသနည်း”ဟု မေးလျှောက်လေ၏။ ရှင်ရသေ့လည်း ဟိမဝန္တာဝယ် သီဒါနဒီမြစ်နား၌ နေကြောင်းကို ကြားပေ၏။ ပုရောဟိတ်ပုဏ္ဏားလည်း “အရှင်ဘုရား။ ထို သီဒါနဒီမြစ်နား၌ ကိုယ်တော်တစ်ပါးတည်းပင် နေတော်မူသလော။ ရသေ့ရဟန်း တစ်စုံတစ်ယောက် အဖော်ရှိတော်မူပါသလော”ဟု မေး၏။ ရှင်ရသေ့ကလည်း “ဒကာ အဘယ်သို့ဆိုသနည်း။ သီဒါနဒီမြစ်နား၌ ငါတစ်ယောက်တည်းသာ မဟုတ်၊ အဖော်အပေါင်းဖြစ်သော ရသေ့ကား ၁-သောင်းခန့် အရေအတွက် ရှိ၏။ ထို ၁-သောင်း အရေအတွက်ရှိကုန်သော ရသေ့တို့သည် အဘိညာဉ် ၅-ရပ်, သမာပတ် ၈-ဦး အထူးထူးနှင့် ပြည့်စုံကြသည်ချည်းတည်း။ မိမိတို့တန်ခိုးဖြင့် လိုရာအသီးသီး ဥတ္တရကုရုကျွန်း ဇမ္ဗူ့သပြေပင် အစရှိသည်တို့သို့သွား၍ အာဟာရကို ဆောင်ယူသုံးဆောင်ကြရ၏။” ဤသို့စသည်တို့ဖြင့် ရသေ့တို့၏ ဂုဏ်ကိုချီးမွမ်း၍ ပုရောဟိတ်ပုဏ္ဏားအား ထိုရှင်ရသေ့ပြောလျှင် ပုရောဟိတ်ပုဏ္ဏားသည် အဘိညာဉ်တန်ခိုးတို့၌ တပ်သောစိတ်ဖြင့် ရဟန်းအဖြစ်သို့ ညွတ်သောနှလုံး ရှိသည်ဖြစ်၍ “အရှင်ဘုရား။ အကျွန်ုပ်သည်လည်း အရှင်ဘုရားတို့ကဲ့သို့ ရသေ့ရဟန်း ပြုလိုပါ၏။ ထိုဟိဝမန္တာသို့ဆောင်၍ အကျွန်ုပ်ကို ရသေ့ရဟန်းပြုတော်မူပါ”ဟု လျှောက်ဆိုတောင်းပန်၏။ ရှင်ရသေ့လည်း “ဒကာ ပုရောဟိတ်ပုဏ္ဏား။ သင်ကား မင်းကြီး၏ အစွယ်အပွားဖြစ်သော ပုရောဟိတ်အမတ် ဖြစ်ပေသည်။ မင်းကြီးထံ အခွင့်မရဘဲ သင့်ကို ငါ ရဟန်းမပြုထိုက်”ဟု ဆိုလတ်သော်၊ ထိုပုရောဟိတ်ပုဏ္ဏားသည် “အရှင်ဘုရား။ ထိုသို့တပြီးကား ယနေ့ မင်းကြီးအား ရဟန်းပြုရအံ့သောအခွင့်ကို လျှောက်ထားတောင်းပန်၍ အသင့်နေနှင့်ပါမည်။ နက်ဖြန် မိုးသောက်လျှင်သာ အကျွန်ုပ်အိမ်သို့ အရှင်ဘုရား ကြွတော်မူခဲ့ပါ”ဟု လျှောက်ဆိုတောင်းပန်သဖြင့်၊ ရှင်ရသေ့လည်း “ကောင်းပြီ။ နက်ဖြန်ခါ ငါလာဦးအံ့”ဟုဆို၍ ကောင်းကင်ခရီးဖြင့် မိမိနေရာ သီဒါနဒီမြစ်သို့ ပြန်သွားလေ၏။

ပုရောဟိတ်ပုဏ္ဏားလည်း ရှင်ရသေ့သွာပြီးသည်၏နောက်၌ ထမင်းနံနက်စာစားပြီးသော် နန်းတော်သို့ဝင်၍ “အရှင်မင်းကြီး အကျွန်ုပ် ရဟန်းပြုလိုပါသည် အခွင့်ပေးတော်မူပါ”ဟု လျှောက်တောင်းပန်၏။ မင်းကြီးလည်း “ပုရောဟိတ်အမတ်။ သင် အဘယ်ကြောင့် ရဟန်းပြုလိုပါသနည်း”ဟု မေး၏။ ပုရောဟိတ်အမတ်ကလည်း “အရှင်မင်းကြီး၊ ဝတ္ထုကာမ, ကိလေသာကာမတို့၌ အပြစ်ကိုလည်းကောင်း၊ ရဟန်းပြုခြင်း၌အကျိုးကိုလည်းကောင်း မြင်သောကြောင့် ရဟန်းပြုလိုပါသည်”ဟု လျှောက်ထားတောင်းပန်လတ်သော်၊ မင်းကြီးသည် “ပုရောဟိတ်အမတ်။ ထိုသို့တပြီးကား ကောင်းပြီ။ ရဟန်းပြုလေလော့၊ ရဟန်းပြုပြီးလျှင်ကား ဟိမဝန္တာမှာသာ မနေပါလေနှင့်။ ငါ့ထံသို့လည်း လာ၍ပြလင့်ပါ။ ရဟန်းရသေ့၏အသွင်ဖြင့် လာသောသင့်ကို ငါ မြင်လိုသည်”ဟု ဆို၍ အခွင့်ပေးလေ၏။ ပုရောဟိတ်အမတ်လည်း “အရှင်မင်းကြီး။ ကောင်းပါပြီ”ဟုဆို၍ နန်းတော်မှ မိမိအိမ်သို့ပြန်ပြီးလျှင် သားကြီးကိုခေါ်ပြီး၍ ရဟန်းပြုအံ့သော အခြင်းအရာကိုပြောဆိုလျက် “ငါကဲ့သို့ မင်းကြီးထံတော်မှာ ပုရောဟိတ်အရာကိုခံ၍ မင်းရေးမင်းမှုတို့ကို မလစ်ဟင်းရအောင် လုံ့လသတိဖြင့် အမျိုးအနွယ်ကိုစောင့်ရှောက်ရစ်”ဟု အဆုံးအမပေး၍ သက်ရှိသက်မဲ့ ဥစ္စာရပ်တို့ကိုလည်း ကမ္ပည်းစာရင်းနှင့်တကွ အပ်နှင်းပြီးသော် သင်္ကန်းသပိတ်စသော ရသေ့ရဟန်းတို့၏ပရိက္ခရာကို အသင့်ပြင်ဆင်ပြီးလျှင် ရှင်ရသေ့လာအံ့သောအခါကို မျှော်လင့်၍နေ၏။

ရှင်ရသေ့လည်း နံနက်မိုးသောက်လျှင် ကောင်းကင်ခရီးဖြင့် ထိုပုရောဟိတ်ပုဏ္ဏားအိမ်သို့ ရောက်လာလတ်၏။ ပုရောဟိတ်ပုဏ္ဏားလည်း ရှင်ရသေ့အား လုပ်ကျွေးမြဲတိုင်းသော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဆွမ်းလုပ်ကျွေးပြီးသော် “အရှင်ဘုရား။ မင်းကြီးထံမှ ရဟန်းပြုအံ့သောအခွင့်ကို အကျွန်ုပ် ရအပ်ပြီ။ ယခု အသို့ပြုရအံ့နည်း”ဟု လျှောက်မေးလျှင်၊ ရှင်ရသေ့သည် “ထိုသို့တပြီးကား ကောင်းပြီ။ ယခု ဟိမဝန္တာသို့ သွားကြကုန်အံ့”ဟု ဆို၍ ပုဏ္ဏား၏လက်ကိုဆွဲလျက် မိမိတန်ခိုးဖြင့် သီဒါနဒီမြစ်သို့ဆောင်၍ ပုရောဟိတ်ပုဏ္ဏားကို ရသေ့ရဟန်းပြုစေသဖြင့် “ဤမည်သော ကသိုဏ်းကိုစီးဖြန်း”ဟု ကမ္မဋ္ဌာန်းတရားတို့ကိုပေး၍ ကျောင်း၌နေစေလျက် ထိုပုရောဟိတ်ဖြစ်သော ရသေ့အား ဈာန်အဘိညာဉ်တရားတို့ကို မရသမျှကာလပတ်လုံး တစ်ပါးသောအရပ်မှ ဘောဇဉ်ခဲဖွယ်တို့ကိုဆောင်ယူ၍ ကျွေးမွေး၏။ ပုရောဟိတ်ဖြစ်သောရှင်ရသေ့လည်း ဆရာနည်းပေးသည့်အတိုင်း ကမ္မဋ္ဌာန်းကိုအားထုတ်သဖြင့် ၂-ရက်-၃-ရက်တိုင်လျှင် အဘိညာဉ်သမာပတ်တရားတို့တို့ကိုရ၍ မိမိအလိုရှိတိုင်း ထိုထိုသို့သောအရပ်သို့ ကောင်းကင်ခရီးဖြင့် ဆွမ်းခံသွားနိုင်လေ၏။

“တစ်နေ့သ၌ ထိုပုရောဟိတ်ရသေ့သည် “မင်းကြီးအား ဝန်ခံသောပဋိညာဉ်သည် ငါ၌ရှိချေသည်တကား”ဟု ကြံ၍၊ ဆရာရှင်ရသေ့များကို ရှိခိုးပြီးလျှင် ကောင်းကင်ခရီးဖြင့် ဗာရာဏသီမြို့သို့သွားလျက် ဆွမ်းခံဝင်လေသော် အစဉ်အတိုင်း မင်းကြီးနန်းတော်တံခါးဝသို့ ရောက်လေ၏။ မင်းကြီးလည်း ရှင်ရသေ့ကိုမြင်လျှင် မိမိပုရောဟိတ်မှန်းသိသဖြင့် နန်းတွင်းသို့ပင့်၍ ပူဇော်သက္ကာရပြုပြီးလျှင် “ရှင်ရသေ့။ အဘယ်အရပ်၌ နေတော်မူသနည်း”ဟုမေး၏။ ရှင်ရသေ့လည်း “ဒကာတော်မင်းကြီး၊ မြောက်ဟိမဝန္တာဝယ် ရွှေတောင်နှလုံးတို့၏အကြားသို့စီးသော သီဒါနဒီမြစ်နား၌နေသည်”ဟု ပြောကြားလျှင်၊ မင်းကြီးလည်း “ရှင်ရသေ့။ ထိုဟိမဝန္တာ၌ တစ်ပါးတည်းပင် နေတော်မူသလော”ဟုမေး၏။ ပုရောဟိတ်ရှင်ရသေ့လည်း “ဒကာတော်မင်းကြီး ထိုအရပ်၌ ငါတစ်ပါးတည်းသာ နေသည်မဟုတ်။ ငါတို့ဆရာရှင်ရသေ့တို့ကား ၁-သောင်းမျှလောက် အရေအတွက် ရှိကုန်၏။ ထို၁-သောင်းမျှလောက်သော ရှင်ရသေ့တို့သည် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံကုန်သည်ချည်းတည်း၊ တစ်ပါးမျှ မပြည့်စုံသောမည်သည် မရှိ”ဟု ရှင်ရသေ့တို့၏ ကျေဇူးစကားကိုကြားလျှင် အလွန် သဒ္ဓါကြည်ညိုခြင်းရှိသည်ဖြစ်၍ ၁-သောင်းသောရှင်ရသေ့တို့အား ဆွမ်းလှူလိုသောအကြံသည် ဖြစ်၏။ ထိုအခါ မင်းကြီးသည် ရှင်ရသေ့အား “အရှင်ဘုရား။ ထို ၁-သောင်းကုန်သော ရှင်ရသေ့တို့အား အကျွန်ုပ် ဆွမ်းလှူလိုပါသည်။ အဘယ်သို့ ကြံရပါအံ့နည်း”ဟု လျှောက်၏။ ရှင်ရသေ့လည်း “ဒကာတော်မင်းမြတ်။ ထို ၁-သောင်းသောရှင်ရသေ့တို့ကား လျှာရှိခြင်းကြောင့် အရသာတို့တွင် အဖန်, အငန်, အဆိမ့်, အချို, အချဉ်, အခါး, အစပ်တို့ကို သိတတ်ကာသာ၊ ထိုအရသာတို့၌ တပ်မက်မောခြင်းတဏှာ မရှိသည်ဖြစ်၍ ဤပြည်သို့ ငါပင့်ဖိတ်သော်လည်း ကြွလာမည်မထင်”ဟုဆိုလျှင်၊ မင်းကြီးသည် “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍ ထို ၁-သောင်းသောရှင်ရသေ့တို့အား ဆွမ်းလုပ်ကျွေးလိုပါသည်။ အကြောင်းတစ်ခုခုဖြင့် လုပ်ကျွေးရအောင် ကြံဆောင်တော်မူပါ”ဟု လျှောက်၏။

“ရှင်ရသေ့လည်း မင်းကြီးစကားကိုကြားလျှင် “ဒကာတော်မင်းမြတ်။ ထိုသို့တပြီးကား ၁-သောင်းသောရှင်ရသေ့တို့အား ဆွမ်းလုပ်ကျွေးလိုလျှင် အသင်မင်းကြီးကို အခြွေအရံနှင့်တကွ ငါ ဆောင်ယူအံ့။ ဟိမဝန္တာ သီဒါနဒီမြစ်နား၌နေ၍ အလိုရှိတိုင်း လုပ်ကျွေးလော့”ဟုဆို၏။ ရှင်ရသေ့စကားကိုကြားလျှင် မင်းကြီးသည် “အရှင်ဘုရား။ ထိုသို့တပြီးကား ကောင်းပါပြီ”ဟုဝန်ခံ၍၊ သုံးဆောင်ရန် အလုံးစုံသောအဆောက်အဦးတို့ကိုယူလျက် စစ်အင်္ဂါ ၄-ပါး မင်းဖိဖုရားနှင့်တကွ ရှင်ရသေ့လျှင်လမ်းညွှန်ရှိသဖြင့် ဗာရာဏသီပြည်မှ အလုံးအရင်းကြီးစွာနှင့် ထွက်သွား၍ ဗာရာဏသီပိုင်နက်နိုင်ငံ၏အဆုံး မြေခြားသို့ ရောက်လေ၏။

“ထိုအခါ ပုရောဟိတ်ရှင်ရသေ့သည် မင်းကြီးနှင့်တကွ ထို များစွာသောဗိုလ်ပါအလုံးအရင်းကို မိမိအဘိညာဉ်တန်ခိုးဖြင့်ဆောင်၍ ဟိမဝန္တာဝယ် သီဒါနဒီမြစ်နား သင့်ရာအရပ်၌ချထားပြီးလျှင် သစ်တပ်တဲနန်း တည်ထောင်၍နေစေပြီးမှ မိမိနေရာကျောင်းသင်္ခမ်းသို့သွား၍၊ ထိုနေ့မိုးသောက်ပြန်သော် တစ်ဖန် သစ်တပ်နန်းသို့လာလတ်သဖြင့် မင်းကြီးလည်း ထိုရှင်ရသေ့အား မွန်မြတ်သောဘောဇဉ်တို့ဖြင့် ဆွမ်းကျွေးလတ်၏။ ထိုအခါ မင်းကြီးသည် ရှင်ရသေ့အား “အရှင်ဘုရား။ နက်ဖြန်ခါ ၁-သောင်းသော ရှင်ရသေ့တို့အား အကျွန်ုပ်စကားဖြင့် ပင့်ဖိတ်လျှောက်ကြား၍ ဤသစ်တပ်သို့ ဆွမ်းစားကြွတော်မူပါ”ဟုလျှောက်၏။ ရှင်ရသေ့သည်လည်း “ကောင်းပြီ”ဟု ဝန်ခံလျက် မိမိကျောင်းသို့ပြန်၍ နက်ဖြန်မိုးသောက်ရောက်လတ်သော် ဆွမ်းခံအံ့သောအခါ၌ ၁-သောင်းကုန်သော ရှင်ရသေ့တို့သို့ကပ်၍ “အရှင်တို့။ ဗာရာဏသီမင်းကြီးသည် အရှင်တို့အား ဆွမ်းလုပ်ကျွေးလိုသောကြောင့် ဤအရပ်သို့လာလျက် ဘောဇဉ်ခဲဖွယ်တို့ကိုစီရင်ပြီးလျှင် အရှင်ရသေ့ အပေါင်းကို ဆွမ်းလုပ်ကျွေးလိုပါသည်။ တစ်ပါးမကျန် ကြွတော်မူပါမည့်အကြောင်းကို လျှောက်ပါလေဟု အကျွန်ုပ်ကို ဖိတ်ကြားလိုက်ပေသည်။ ယနေ့ တစ်ပါးအရပ်သို့မကြွဘဲ အစဉ်သနားတော်မူသည်ကို အကြောင်းပြု၍ မင်းကြီးနန်းသို့ ကြွတော်မူကြပါ”ဟုဆို၏။ ထိုပုရောဟိတ်ရှင်ရသေ့နှင့်တကွ ၁-သောင်းမျှကုန်သော ရှင်ရသေ့တို့သည် “ကောင်းပြီ”ဟု ဝန်ခံ၍ ကောင်းကင်ခရီးဖြင့် သွားကြပြီးလျှင် သစ်တပ်မြို့နှင့်မနီးမဝေး၌ ကောင်းကင်မှသက်ကြ၍ မင်းကြီးနေရာတဲနန်းသို့ ရှေးရှုသွားကြလေ၏။ ထိုအခါ ဗာရာဏသီမင်းကြီးသည် အစဉ်အတိုင်း မိမိသို့ရှေးရှုလာသော ရှင်ရသေ့အပေါင်းတို့ကိုမြင်လျှင် အလွန်ကြည်ညိုခြင်းဖြင့် ခရီးဦးကြိုဆိုလျက် သစ်တပ်မြို့သို့ပင့်၍ ခင်းအပ်သောနေရာ၌နေစေပြီးသော် ကောင်းမြတ်စွာစီရင်အပ်သော ဘောဇဉ်ခဲဖွယ်တို့ဖြင့် ရောင့်ရဲစေ၏။ ထိုအခါ မင်းကြီးသည် ရှင်ရသေ့တို့၏ ငြိမ်သက်သောဣန္ဒြေကိုမြင်သဖြင့် သဒ္ဓါတရားပွားများလတ်၍ “နက်ဖြန်လည်း အရှင် ၁-သောင်းလုံးပင် ယနေ့ကဲ့သို့ ကြွတော်မူပါ”ဟု ဖိတ်မန်လျှောက်ထားလိုက်ပြန်၏။ ဤသို့နည်းဖြင့် ဗာရာဏသီမင်းကြီးသည် ၁-သောင်းမျှလောက်ကုန်သော ရှင်ရသေ့တို့အား တစ်နေ့မပြတ် ဆွမ်းလုပ်ကျွေးလျက် ထိုသီဒါနဒီမြစ်နား၌ပင်လျှင် ကျုံး, တံခါး, ပြ, တန်ဆောင်း, ပစ္စင်, ရင်လျှောက်, အခင်းအကျင်းအလုံးနှင့်တကွ မြို့နန်းတည်ထောင်ပြီးလျှင် လုပ်ခင်း, ဆောင်ခင်း, လယ်ယာ, ချောင်းတာ တီထွင်၍ အနှစ် ၁-သောင်းကာလပတ်လုံး နေလေ၏။

“လူအပေါင်းတို့ကို အစိုးရသောနေမိမင်းကြီး၊ ထိုဟိမဝန္တာတော၌ အနှစ် ၁-သောင်းပတ်လုံး ၁-သောင်းမျှလောက်ကုန်သော ရှင်ရသေ့တို့ကို တစ်နေ့မပြတ် ဆွမ်းလုပ်ကျွေး၍နေသော ဗာရာဏသီမင်းကြီးကား အခြားသူမဟုတ်။ ငါ သိကြားတည်း။ နေမိမင်းကြီး။ ထိုဗာရာဏသီမင်းဖြစ်သောအခါ ငါသည် စောင့်ရှောက်အပ်သော သီလ, ဆုံးမအပ်သောဣန္ဒြေဖြင့် အနေအထိုင် အသွားအလာ အရာရာမျိုး၌ မြတ်ကုန်သည်သာဖြစ်ကုန်သော ထိုရှင်ရသေ့ ၁-သောင်းတို့ကို အမျိုးမြတ်ယုတ် မရွေးမူ၍ မိမိတို့၏ဂုဏ်ကိုသာလျှင် မြတ်နိုးကြည်ညိုခြင်းဖြင့် နှစ်,လ,ရက် ရှည်မြင့်စွာ ရှိခိုးဖူးမြော်ခြင်း, ပူဇော်ခြင်း, အလှူဒါနအကြီးအကျယ်ပြု၍ မဟာဒါနကြီးကို တစ်နေ့မပြတ် ငါပြု၏။ ထိုသို့ အမျိုးယုတ်ညံ့ မရွေးမူ၍ ကြီးစွာသောပူဇာနုဂ္ဂဟကို ငါပြုသည်ကား ခပ်သိမ်းကုန်သော သတ္တဝါတို့သည် ကံသာလျှင် အဆွေအမျိုးဖြစ်ကုန်ခြင်းကြောင့် တရားကိုမကျင့်ကုန်သော သတ္တဝါတို့သည် အောက်ငရဲသို့လားရလေမြဲတည်း။ တရားကိုကျင့်ကုန်သော သတ္တဝါတို့သည် မြတ်သောစင်ကြယ်ခြင်းသို့ ရောက်စမြဲတည်း။ ဤသို့ ကံကိုလည်းကောင်း, ကံ၏အကျိုးကို လည်းကောင်း ယုံကြည်ခြင်းသဒ္ဓါတရား အားကြီးသည်ဖြစ်၍ မဟာဒါနကိုပြုသတည်း။ ထို အနှစ် ၁-သောင်းပတ်လုံးပြုအပ်သော ငါ၏ဒါနကုသိုလ်သည်ကား ဆကာမာဝစရ နတ်ပြည်တည်းဟူသော ပြိတ္တာဘုံကို မလွန်နိုင်သည်ဖြစ်၍ ယခု ငါသိကြား ဖြစ်လာ၏။ ၁-သောင်းမျှလောက်ကုန်သော ရှင်ရသေ့တို့သည်ကား အိမ်ရာမထောင်ဘဲ တစ်ယောက်ထီးတည်း သီလဣန္ဒြေကို ဆုံးမပြည့်စုံစေလျက် မြတ်သောအကျင့်တို့ကိုကျင့်ခြင်းကြောင့် အနှစ်၁-သောင်းပတ်လုံး ကောင်းစွာစီရင်အပ်သော ငါ၏ဆွမ်းပစ္စည်းကိုသုံးဆောင်၍လျှင် ကာမာဝစရနတ်ပြည်တည်းဟူသော ပြိတ္တာဘုံကိုလွန်သဖြင့် မြတ်သောစင်ကြယ်ခြင်းရှိသော ဗြဟ္မာ့ပြည်မှာချည်း ဖြစ်ကုန်၏။

“လူအပေါင်းတို့ကို အစိုးရတော်မူသော နေမိမင်းကြီး၊ ထိုသို့သော ထုံးသက်သေတို့ကို ကြားဖူး၍လည်းကောင်း၊ မြင်ဖူး၍လည်းကောင်း ဒါနထက် ဗြဟ္မစရိယသီလသာလျှင် အကျိုးကြီးမြတ်သည်ဟု ငါဆိုသတည်း။ ယင်းသို့ဖြစ်သော်လည်း ထို ဒါနကုသိုလ်, သီလကုသိုလ် ၂-ပါးသည် ကံ,ကံ၏အကျိုးကို ယုံကြည်ကုန်သော ယောက်ျားမြတ်သူတော်ကောင်းတို့၏ အကြံအဆောင် အလေ့အကျက်ချည်းပင်ဖြစ်၍ မင်းကြီးသည်လည်း ဒါနကုသိုလ်,သိလကုသိုလ် ၂-ပါးလုံးကိုပင် မမေ့မလျော့ ပြည့်စုံစေလော့”ဟု

နေမိမင်းကြီးအား အဆုံးအမပေးခဲ့ပြီးလျှင် သိကြားမင်းသည် မိမိနေရာ တာဝတိံသာနတ်ပြည်သို့ ပြန်တက်လတ်သော်၊ ထိုနေ့ကား လပြည့်နေ့ဖြစ်၍ သုဓမ္မာသဘင်၌ နတ်တို့အစည်းအဝေးပြုသည့်အခါ ကြိမ်သည်နှင့် သုဇာတာမိဖုရားရှိရာ ဝေဇယန္တာနန်းပြာသာဒ်သို့ မသွားဘဲ သုဓမ္မာသဘင် နတ်ပရိသတ်အလယ်တွင်ခင်းအပ်သော သိကြားနေရာ၌ ထိုင်လျက်လျှင် ကိုယ်ကိုပြလေ၏။

ထိုသို့ သုဓမ္မာသဘင်၌ သိကြားမင်း ပေါ်ရောက်သောအခါ နတ်အပေါင်းတို့သည် “အရှင်မင်းကြီး။ ဘယ်အရပ်သို့ ကြွတော်မူချေသနည်း”ဟု မေးလျှောက်ကြကုန်၏။ သိကြားနတ်မင်းသည်လည်း “အချင်းနတ်များအပေါင်းတို့။ မိထိလာပြည်၌ နေမိမင်းကြီးအား တစ်ခုသောယုံမှားခြင်းဖြစ်သည်ကိုမြင်၍ ထိုမင်း၏ယုံမှားခြင်းပြဿနာကို ဖြေဆိုအံ့ငှာ ငါ သွားချေသဖြင့် ယခု ထိုမင်း၏ယုံမှားခြင်းကို ပြေငြိမ်းစေပြီးမှ ဤနတ်သဘင်သို့ ငါပြန်လည်တော်မူခဲ့သည်”ဟု ပြောဆိုပြီးလျှင် “နေမိမင်း။ အဘယ်သို့ ယုံမှားခြင်းရှိလေသနည်း”ဟု မသိကုန်သော နတ်တို့အား သိစေခြင်းငှာ နေမိမင်းကြီး၏ယုံမှားခြင်းကိုပြလို၍ “ဣမံ ဘောန္တော နိသာမေထ”စသော ဂါထာ, “ယထာ အယံ နေမိရာဇာ”စသော ဂါထာ, “တဿ တံ ဒဒတော ဒါနံ”စသော ဂါထာ ဤ၃-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“သုဓမ္မာဘင် အစည်းအဝေးဖြစ်ကုန်သော အချင်းနတ်အပေါင်းတို့။ လူ့ပြည်၌ ဝိဒေဟရာဇ်တိုင်းသားတို့၏ အရှင်ဖြစ်သော နေမိမင်းကြီးအား ဤသို့အားဖြင့် ကြီးကြီးငယ်ငယ်ဖြစ်ကုန်သော ဂုဏ်ကျေးဇူးအပေါင်းတို့သည်ကား များစွာရှိကုန်၏။ ထိုသို့ ကြီးကြီးငယ်ငယ် အယုတ်အမြတ်များစွာ ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော နေမိမင်းကြီး၌ ယုံမှားခြင်းဖြစ်သည်မှာ “များစွာပြုအပ်လေသော ငါ၏ဒါနသည်တည်း အကျိုးကြီးအံ့လော၊ စင်ကြယ်စွာဆောက်တည်အပ်သော ငါ၏ဥပုသ်သီလသည်တည်း အကျိုးကြီးအံ့လော”ဟု ကြံလတ်သဖြင့် ထိုအကြံကို ဉာဏ်ဖြင့်ဆုံးဖြတ်ခြင်းငှာ မိမိမတတ်နိုင်သည်ဖြစ်၍ ယုံမှားခြင်းဖြစ်သတည်း။ ထိုမင်း၏ ယုံမှားခြင်းကို ဤမည်သောအကြောင်းကိုပြ၍ ငါ ဖြေဆိုဆုံးဖြတ်ခဲ့၏။ အချင်းနတ်အပေါင်းတို့။ လူ့ပြည်၌ နေမိမင်းကြီး၏ ဂုဏ်ကျေးဇူးသည်ကား ဤသို့အားဖြင့် များစွာအံ့ဖွယ်ရှိပေစွ”ဟု အတိုင်းထက်အလွန် နေမိမင်းကြီး၏ ဂုဏ်ကျေးဇူးကိုသာလျှင်ထုတ်ကာဆောင်ကာ နတ်ပရိသတ်တို့အား ကြားသိစေခြင်းငှာ ချီးမွမ်းပြောဆို၏။

(ဤအရာ၌ ဒါနကိုရည်၍ အယုတ်,အငယ်၊ သီလကိုရည်၍ အမြတ်,အကြီးဆိုသည်ဟု မှတ်အပ်၏။)