နေမိဇာတ်တော်ကြီး/အခန်း-၀၂

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂။ နေမိမင်း ပဋိသန္ဓေနေတော်မူခန်း

ဤသို့ ရဟန်းပြုကြကုန်သော မဃဒေဝမင်း၏ သားတော်အစဉ် မြေးတော်အဆက်ဆက် မင်းအပေါင်းကား မဃဒေဝမင်းနှင့်တကွ ၈-သောင်း ၃-ထောင် ၉-ရာ့ ၉-ကျိပ် ၉-ယောက်တိုင်အောင် ဆင်းသက်၍ဖြစ်၏။ ထိုသို့ အဆုံးဖြစ်သော မင်း၏လက်ထက်ရောက်သောအခါ ဤပဗ္ဗဇ္ဇဝံသမင်းတို့၏ အစပထမဖြစ်သော မဃဒေဝမင်းသည် ဗြဟ္မာ့ပြည်၌ ဗြဟ္မာမင်း၏အဖြစ်ဖြင့်တည်လျက်လျှင် လူ့ပြည်၌ မိမိအမျိုးအနွယ်ဖြစ်သော မင်းတို့ကို ရှုကြည့်လတ်သော် “ငါ၏သားတော်မှစ၍ ၂-ယောက်ယုတ်, ၈-သောင်း ၄-ထောင်သောမင်းတို့သည် ငါ၏အဆုံးအမအတိုင်းမပျက် ငါကဲ့သို့ချည်း ရဟန်းပြုကြပေ၏တကား”ဟု သိမြင်လတ်လျှင် အလွန်နှစ်သက်တော်မူ၍ တစ်ဖန် “ယခုပြုသောမင်းမှ နောက်ကို အမျိုးတို့၏အကျင့်မပျက် ဆက်ခံမည့်မင်း ဖြစ်ပါဦးမည်လော”ဟု ကြည့်ရှုဆင်ခြင်ပြီးလျှင်၊ ပဗ္ဗဇ္ဇဝံသ အနွယ်ပျက်အံ့သည်ကိုမြင်သဖြင့် ငါ၏အနွယ်ကို ငါပင် အဆုံးကွပ်၍ ဆက်စပ်အံ့”ဟု ကြံပြီးလျှင်၊ ဘုရားလောင်းတို့အား အဓိဋ္ဌာန်ခြင်းသာလျှင် ပြဋ္ဌာန်းခြင်းရှိသည်ဖြစ်၍ ဈာန်၏အာနုဘော်အားဖြင့် ဗြဟ္မာတို့၏အသက်တမ်း မကုန်မဆုံးသော်လည်း ဗြဟ္မာ့ပြည်မှစုတေခဲ့သဖြင့် မိထိလာပြည်၌ မင်းကြီး၏မိဖုရားဝမ်းတွင် ပဋိသန္ဓေ စွဲယူတော်မူ၏။

မိဖုရားကြီးသည် ပဋိသန္ဓေဝန်ကိုရွက်ဆောင်၍ ၁၀-လစေ့လတ်သော် ဘုန်းပညာ လက္ခဏာကြီးငယ်နှင့် ပြည့်စုံစွာသော, ရွှေအဆင်းကဲ့သို့အဆင်းရှိသော သတို့သားကို ဖွားမြင်တော်မူလေ၏။ ထိုအခါ ခမည်းတော်မင်းကြီးသည် ဘုရားလောင်းမင်းသားအား အမည်မှည့်အံ့သောနေ့၌ နိမိတ်လက္ခဏာ ဖတ်တတ်ကုန်သော ပုဏ္ဏားတို့ကို စည်းဝေးစေပြီးလျှင် “ဆရာတို့။ ငါ၏သား၌ နိမိတ်လက္ခဏာကို အဘယ်သို့ ထင်မြင်ကြသနည်း”ဟု မေးတော်မူ၏။

နိမိတ်ဖတ်ပုဏ္ဏားတို့သည် မင်းသား၏ အလုံးစုံသောနိမိတ်လက္ခဏာတို့ကို ဆင်ခြင်ကြည့်ရှုပြီးလျှင် ဤသို့ ဖတ်ကြား လျှောက်ထားကြကုန်၏။

“အရှင်မင်းကြီး။ ဤမင်းသားကား အရှင်မင်းကြီးတို့၏အနွယ်ကို ဆက်ခံဖွဲ့ထုံး၍ အဆုံးကွပ်လျက် ဖြစ်လာ၏။ ဤမင်းသား၏ ဘုန်းအာနုဘော်တော်သည်လည်း ခမည်းတော် ဘိုးတော် ဘေးတော် ဘီတော် အဆက်ဆက်သော ရှေးမင်းတို့ထက် ဘုန်းတန်ခိုးကြီးလတ္တံ့။ အရှင်မင်းကြီးတို့၏ အနွယ်တော်ကား ပဗ္ဗဇ္ဇဝင် အနွယ်တော်တည်း။ ဤမင်းသားမှတစ်ပါး ထိုပဗ္ဗဇ္ဇအနွယ်တော်ကို နောက်ဆက်ခံမည့်သူ မရှိလတ္တံ့”ဟု ဖတ်ကြားလျှောက်ထားကြကုန်၏။

ထိုစကားကိုကြားလျှင် မင်းကြီးလည်း-

“အမတ်တို့။ ဤ ငါ၏သားတော်ကား ရထားစက်ဘီး၌ အစအဆုံးကိုဆက်တတ်သော အကွပ်ကဲ့သို့ ငါတို့၏ ပဗ္ဗဇ္ဇဝင်အနွယ်ကို အဆုံးကွပ်လျက် ဖွားသည်ဖြစ်သောကြောင့် တစ်ပါးသောအမည်ကို မှည့်ခြင်းငှာ မထိုက်ပြီ။ ရထားစက်အကွပ်နှင့် တူသည်ဖြစ်၍ ငါ၏သားတော်အား “နေမိကုမာရ”ဟူသောအမည်ကို တွင်စေ” ဟူ၍ အမည်ပေးတော်မူ၏။

ထိုဘုရားလောင်း နေမိကုမာရမင်းသားသည် ငယ်သောအခါမှစ၍ အလှူပေးခြင်း, သီလဆောက်တည်ခြင်း ဥပုသ်သီတင်းသုံးခြင်းတို့၌ အလွန်မွေ့လျော်တော်မူသတည်း။

ခမည်းတော်မင်းကြီးသည် ရှေးမင်းကဲ့သို့ ဦးခေါင်း၌ ဆံဖြူရောက်သည်ကို မြင်သောအခါ သားတော် နေမိကုမာရမင်းသားအား တိုင်းပြည်ထီးနန်းတို့ကို အပ်နှင်းတော်မူ၍ အဆုံးအမပေးပြီးလျှင် သရက်ဥယျာဉ်တော်၌ ရဟန်းပြုသဖြင့် ဗြဟ္မာ့ဝိဟာရကိုပွားစေလျက် အသက်၏အဆုံး၌ မပျက်သောဈာန်အာနုဘော်ဖြင့် ဗြဟ္မာ့ပြည်၌ ဖြစ်တော်မူ၏။

နေမိမင်းကြီးသည် ခမည်းတော်၏အရိပ်အရာကိုယူ၍ မင်းဖြစ်ပြီးသော် မြို့တံခါး ၄-မျက်နှာ, မြို့လယ် ဤ ၅-ဌာနတို့၌ အလှူဇရပ်ကြီးတစ်ဆောင်စီ ဆောက်စေ၍ တစ်ဆောင်တစ်ဆောင်သော ဇရပ်၌ အသပြာကဟာပဏပေါင်း ၁-သိန်းစီအားဖြင့် တစ်နေ့လျှင် ၅-သိန်း,၅-သိန်း ထုတ်စွန့် လှူဒါန်းတော်မူ၏။ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုး၊ သူဆင်းရဲမျိုးတည်းဟူသော အမျိုး ၄-ပါးတို့နှင့်ထိုက်တန်ရာ သုံးဆောင်ဖွယ်သော အဝတ်အစား, အသုံးအဆောင်, လှူဖွယ်ဝတ္တုတို့ကိုလည်း ဇရပ်အပြည့်ဖြစ်စေလျက်၊ တစ်နေ့တည်းဖြင့် ကုန်စေခြင်းငှာ တံခါး ၄-မျက်နှာ၌ထား၍ တောင်းလာခံလာသမျှသော အလှူခံ အမျိုး ၄-ပါး ရသေ့ရဟန်းတို့အား အလိုရှိတိုင်းသော သုံးဆောင်ဖွယ်တို့ကို ပေးလှူစွန့်ကြဲစေ၏။ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ နေမိမင်းကြီး အလှူဝတ္ထုကို မသုံးဆောင်ရသောသူမည်သည် မရှိ။ အနှံ့အပြန့် သုံးဆောင်ကြရသည်ဖြစ်၏။ ပါဏာတိပါတာ ဝေရမဏိ အစရှိသော ၅-ပါးသောသီလတို့ကိုလည်း အမြဲနေ့တိုင်းမပြတ် ဆောက်တည်ကျင့်ဆောင်တော်မူ၏။ လပြည့်လကွယ်နေ့တို့၌လည်း အမြဲတစ်နေ့မပြတ် ဥပုသ်ဆောက်တည်တော်မူ၏။ ပြည်သူပြည်သားအပေါင်းတို့အားလည်း အမြဲနေ့တိုင်းမပြတ် ဆောက်တည်ကျင့်ဆောင်စေတော်မူ၏။ မင်းရေးစိုးမှု မပြုမကြံ ဘေးရန်အနှောင့်အယှက် အမှုအခင်းမရှိစေရဘဲ အားနှင့်လျော်စွာ အလှူပေးခြင်း, သီလဆောက်တည်ခြင်း, ဥပုသ်သုံးခြင်း အစရှိသည်တို့ကို မပြတ်နှိုးဆော်ချီပင့်လျက် ပြုစေတော်မူ၏။ အခါမပြတ်လည်း အစည်းအဝေးသဘင်ပြု၍ ပြည်သူပြည်သားတို့အား ငရဲဘေးဖြင့် ခြိမ်းခြောက်လျက် နတ်ပြည်ခရီးကို ညွှန်ကြားပြသဆုံးမခြင်းဖြင့် တရားဟောတော်မူ၏။

ဇမ္ဗူဒိပ်ကျွန်းအပြင်၌ရှိကုန်သော ပြည်သူပြည်သား အပေါင်းတို့သည်လည်း ဧကရာဇ်ဖြစ်တော်မူသော နေမိမင်းကြီးဆုံးမတိုင်း အလှူပေးခြင်း, သီလဆောက်တည်ခြင်း အစရှိသော ကုသိုလ်သုစရိုက်တို့ကိုသာ များစွာအားထုတ်သဖြင့် ကျင့်ကြကုန်သည်ဖြစ်၍ အသက်အဆုံး၌ နတ်ပြည် ၆-ထပ်သို့ လားရသည်သာ များကြကုန်၏။ ထို နေမိမင်းလက်ထက် နတ်ပြည်ဘုံဗိမာန်တို့၌ နတ်သမီးနတ်သားအပေါင်းတို့ စည်ပင်ပြန့်ပွားကြသဖြင့် အပြည့်အနှက်ဖြစ်လေ၏။ ငရဲသို့လားရသော သတ္တဝါနည်းသဖြင့် မရှိသကဲ့သို့ဖြစ်၍ ငရဲပြည်အလုံး တိတ်ဆိတ်လေ၏။ ထိုအခါ တာဝတိံသာနတ်ပြည်၌ နတ်အပေါင်းတို့သည် သုဓမ္မာသဘင်ဝယ် အစည်းအဝေးပြုကြ၍ “မိထိလာပြည်ကြီးသခင် ဖြစ်တော်မူသော နေမိမင်းကြီးသည် ငါတို့၏ဆရာပေတည်း။ ထိုနေမိမင်းကြီးကိုမီ၍ ဘုရားဉာဏ်ဖြင့်ပင်သော်လည်း မပိုင်းခြားနိုင်ကောင်းသော ဤနတ်ပြည်၏စည်းစိမ်ကို ငါတို့ ခံစားရပေသည်။ ဤနေမိမင်းကြီး၏ ကျေးဇူးတော်ကား အလွန်အံ့ဖွယ် ရှိပေစွ”ဟု ဘုရားလောင်းနေမိမင်းကြီး၏ ဂုဏ်တော်ကိုသာလျှင် အညီအညွတ် အဖန်တလဲလဲ ချီးမွမ်းပြောဆိုကြကုန်၏။

ဤလူ့ပြည်၌လည်း နေမိမင်းကြီး၏ ကျေးဇူးသတင်း ကျော်စောခြင်းသည် မဟာသမုဒ္ဒရာရေအပြင်၌ လောင်းသွန်လိုက်သော ဆီပေါက်ကဲ့သို့ နှစ်မြုပ်ခြင်းမရှိ အရပ်ထက်ဝန်းကျင်၌ ပျံ့နှံ့လေ၏။