နေမိဇာတ်တော်ကြီး/အခန်း-၀၁

From Wikisource
Jump to navigation Jump to search
သုဝဏ္ဏသာမဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁။ မဃဒေဝမင်း တောထွက်တော်မူခန်း

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ မဃဒေဝမင်းကား မိမိလက်ထက်တွင်သာ ဘုန်းလက်ရုံး အာဏာတောက်ပ၍ မင်းဖြစ်သည်မဟုတ်။ ဗုဒ္ဓါဘိသေက မင်းမျိုးမင်းနွယ်သားဖြစ်၍ မင်းသားငယ်၏ စံပယ်ခြင်းဖြင့် အနှစ် ၈-သောင်း ၄-ထောင်, အိမ်ရှေ့မင်း၏စံပယ်ခြင်းဖြင့်လည်း အနှစ် ၈-သောင်း ၄-ထောင် စံပယ်ပြီးမှ ခမည်းတော်ဘုရား နန်းရိပ်လွှဲသဖြင့် ထီးနန်းကိုရ၍၊ အနှစ် ၈-သောင်း ၄-ထောင်တိုင်တိုင် ပြည်စည်းစိမ်၌ မင်း၏အဖြစ်ဖြင့် စိုးစံ၏။ ထိုအခါ မဃဒေဝမင်းသည် နိက္ခမပါရမီကိုတောင့်တခြင်း အာသယရှိသူဖြစ်၍ ဆံမုတ်ဆိတ်တို့ကို ပြင်ဆင်စေမြဲဖြစ်သော ဆတ္တာသည်အား “အချင်းဆတ္တာသည်။ ငါ၏ဦးခေါင်း၌ မုတ်ဆိတ်ဆံဖြူမြင်လျှင် ကြားလျှောက်လော့”ဟု မှာထား၏။

မင်းစည်းစိမ် အနှစ် ၈-သောင်း ၄-ထောင် တိုင်လတ်သော် အာယုကပ်ကို ၄-စုပြု၍ တတိယတစ်စု ကုန်ခါနီးခြင်းကြောင့် အရွယ်၏ရွေ့ပါးခြင်းဖြစ်သဖြင့်၊ တစ်နေ့သောနေ့၌ ဆံမုတ်ဆိတ်တို့ကိုပြင်ဆင်လျှင် ဦးခေါင်း၌ တစ်ချောင်းသောဆံဖြူကိုမြင်လျှင် မင်းကြီးအား လျှောက်ကြား၏။ မင်းကြီးလည်း ထိုဆံမုတ်ဆိတ်ကို ရွှေမွေးညှပ်ဖြင့် နုတ်စေ၍ လက်ဝါးပြင်၌ တင်ထားပြီးလျှင် ဆံဖြူကိုကြည့်လျက် သေမင်းဘေးကိုရှုလတ်သော် အလွန်ကြမ်းလှစွာသော ဝသဝတ္တီနတ်မင်းတို့ကိုသော်လည်း ပါရမီတော်ဖြင့် နှိမ်နင်းနိုင်သော လောက ၃-ပါးတို့၏အထွတ် ဓမ္မရာဇ်ဖြစ်တော်မူသော မြတ်စွာဘုရားမှာတုံလျက်လည်း အစိုးမပိုင် မလွန်ဆန်နိုင်သောကြောင့် ပရိနိဗ္ဗာန်ပြုရချေသည်ဖြစ်၍ နတ်မင်းတို့ထက် အရှိန်အတောက်ကြီးသော သေမင်း၏ ဗျာဓိ, ဇရာ, အစရှိသော စစ်သည် ၅-ယောက်တို့တွင် အရွယ်၏ဖောက်ပြန်ခြင်းတည်းဟူသော ဇရာစစ်သည်ကျရောက်သဖြင့် ငါတို့သေမင်းစာရင်းဝင် လူဖြစ်သည်ဟု မှတ်ချက်တံဆိပ်သည် နဖူး၌ထိုးခတ်လာဘိသကဲ့သို့ ထိတ်လန့်ခြင်းသံဝေဂဖြစ်လျက် အကြိမ်များစွာ မရဏမင်းနှိပ်စက်သောနိုင်ငံမှ အလွန်ကြောက်သည်ဖြစ်၍ ရဟန်းအဖြစ်သို့ ညွတ်သောနှလုံးရှိသဖြင့် “ငါကား ရဟန်းပြုချိန် အရွယ်ရောက်ပြီ”ဟု ကြံပြီးလျှင် ဆတ္တာသည်အား ကျေးစားရွာတစ်ရွာ ဆုပေး၍၊ သားကြီးအိမ်ရှေ့မင်းကိုလည်း ခေါ်စေပြီးလျှင် “ချစ်သား။ ငါ ရဟန်းပြုချိန် အရွယ်သို့ရောက်ပြီဖြစ်၍ ရဟန်းပြုတော်မူမည်။ ဤထီးနန်းစည်းစိမ်ကို အရွယ်ရှိစဉ်ကာလပတ်လုံး သင်ဆက်ခံ၍ စိုးစံရစ်လေတော့။ ရဟန်းပြုချိန် အရွယ်ရောက်လျှင်လည်း ငါကဲ့သို့ရဟန်းပြုလေ”ဟု မှာထား၍ ပြည်စည်းစိမ်ကို သားတော်အိမ်ရှေ့မင်းအား အပ်နှင်း၏။ အိမ်ရှေ့မင်းလည်း “အရှင်မင်းကြီး အဘယ်အကြောင်းကိုအစွဲပြု၍ ရဟန်းပြုတော်မူမည် ကြံသနည်း”ဟု မေးလျှောက်လျှင်၊ မဃဒေဝမင်းကြီးသည် “ဥတ္တမင်္ဂရုဟာမယှံ” အစရှိသော ဂါထာဖြင့် အကြောင်းကို အကုန်အစင် ပြန်ပြောတော်မူလေ၏။

အဓိပ္ပာယ်ကား- “ငါ၏ချစ်သား။ ငါ၏ မြတ်သောအင်္ဂါဟု သမုတ်အပ်သော ဦးခေါင်း၌ ပျိုနုသော အရောင်အသွေးတို့ကိုဖျက်၍၊ “ဆံဖြူခြင်း အိုမူအိုသွေးတည်းဟူသော မရဏမင်းတမန်တို့သည် ယခု ငါတို့၌ ထင်ရှားဖြစ်ချေပြီ”ဟူ၍ ရဟန်းပြုချိန် အရွယ်ရောက်ပြီ။ သင်လည်း နောက်အခါ ငါကဲ့သို့ ဦးခေါင်း၌ ဆံဖြူကိုမြင်လျှင် ရဟန်းပြုရစ်”ဟု ပြောဆိုမှာထား၍၊ အိမ်ရှေ့မင်းအား ထီးနန်းစည်းစိမ်၌ မင်း၏အဖြစ်ဖြင့် အဘိသိက်သွန်းတော်မူပြီးလျှင် သရက်ဥယျာဉ်သို့ထွက်၍ ရဟန်းပြုလျက် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတည်းဟူသော ဗြဟ္မဝိဟာရတရား ၄-ပါးတို့ကို ပွားစေသဖြင့် ဈာန်အဘိညာဉ်နှင့်ပြည့်စုံစွာ အနှစ် ၈-သောင်း ၄-ထောင်ပတ်လုံး ဈာန်၏စံပယ်ခြင်းဖြင့် မွေ့လျော်စံပယ်တော်မူ၍၊ အသက်အဆုံး၌ မပျက်သောဈာန်ရှိခြင်းကြောင့် ဗြဟ္မာ့ပြည်သို့ ပြောင်းလဲစံပယ်တော်မူ၏။

မဃဒေဝမင်း၏သားတော်သည်လည်း ခမည်းတော်မင်းကြီး နည်းဥပဒေသ ပေးတော်မူခဲ့သည့်အတိုင်း ဦးခေါင်း၌ ဆံဖြူရောက်သည်ကိုမြင်လျှင် သားတော်အိမ်ရှေ့မင်းအား ပြည်စည်းစိမ်ကိုအပ်နှင်း၍ ထိုသရက်ဥယျာဉ်၌ပင်လျှင် ရဟန်းပြုလျက် ဗြဟ္မဝိဟာရ ဘာဝနာတရားဖြင့် သမာပတ်နှင့်ပြည့်စုံစွာ ဈာနကီဠနကိုပြု၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်မှာ ဖြစ်လေ၏။ နောက်နောင်သော သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့သည်လည်း ၎င်းနည်းတူလျှင် ရဟန်းပြုကြ၍ ဈာန်၏အစွမ်းဖြင့် ဗြဟ္မာပြည်မှာချည်း ဖြစ်ကြကုန်၏။