နိုင်ငံတော်ယာယီသမ္မတ၏ ရာထူးသိမ်းပိုက်ကြောင်း ကြေညာချက်

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်ယာယီသမ္မတ၏ ရာထူးသိမ်းပိုက်ကြောင်း ကြေညာချက်  (1948) 
by စဝ်ရွှေသိုက်

ပြည်ထောင်စုမြန်မာနိုင်ငံ
သမတအိမ်တော်၊ ရန်ကုန်မြို့။
နိုင်ငံတော်ယာယီသမတ၏ရာထူးသိမ်းပိုက်ကြောင်းကျေညာချက်။
၁၃၀၉ ခု၊ ပြာသိုလဆုတ် ၉ ရက်။
(၁၉၄၈ ခု၊ ဇန္နာဝါရီလ ၄ ရက်။)

နိုင်ငံတော် ယာယီသမတသည်၊ တိုင်းပြည်ပြုလွှတ်တော် အမတ်များ၏ ရှေ့မှောက်တွင် ၁၃၀၉ ခု၊ ပြာသိုလဆုတ် ၉ ရက်(၁၉၄၈ ခု၊ဇန္နာဝါရီလ ၄ ရက်) နေ့တွင် အောက်ပါအတိုင်း လူသိရှင်ကြား သစ္စာဆို၍ လက်မှတ်ထိုးပြီးလျှင်၊ နိုင်ငံတော်ယာယီသမတရာထူးကို၊ ထိုနေ့တွင် သိမ်းပိုက်ထမ်းရွက်သည်-

“ကျွန်ုပ် စဝ်ရွှေသိုက်သည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တည်မြဲအောင် ထိန်းသိမ်း၍၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ တရားဥပဒေများကို စောင့်ရှောက်ပါမည်။ ကျွန်ုပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်တကွ တရားဥပဒေတို့နှင့်လျော်ညီစွာ မိမိ၏တာဝန် ဝတ်တရားများကို ယုံကြည်လေးမြတ် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ပါမည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဘေးရန်အန္တရာယ်အပေါင်းတို့ကို တွန်းလှန် ဖယ်ရှားရန်ကြီးစွာသော သတိဝီရိယဖြင့် အားထုတ်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးငှါ၊ ပြည်ထောင်စု မြန်မာနိုင်ငံအား၊ ကျွန်ုပ်၏အသက် နှင့်ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာကျေညာ၍ ကတိသစ္စာပြုသည်။
စဝ်ရွှေသိုက်။”

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၁။]