နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် ၁/၉၀

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဥပဒေပြုမှုအာဏာ၊ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးကြောင်းကြေညာချက်  (1990) 

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကြေညာချက်
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဥပဒေပြုမှုအာဏာ၊ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးကြောင်းကြေညာချက်)
ကြေညာချက်အမှတ် ၁/၉၀
ရန်ကုန်မြို့၊ ၁၃၅၂ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်
(၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်)


၁။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်နိုင်ငံဖြစ်ခဲ့သည်။

၂။ ၁၉၈၈ ခုနှစ်အတွင်း အရေးအခင်းများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် အခြေအနေအရပ်ရပ် ယိုယွင်းပျက်ပြားခဲ့သည်။ ထိုသို့ ယိုယွင်းပျက်ပြားခဲ့သည့် အခြေအနေအရပ်ရပ်ကို အချိန်မီထိန်းသိမ်းနိုင် ရန်အတွက် ပြည်သူပြည်သားအားလုံး အကျိုးငှာ တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူခဲ့သည်။ ပြည်သူ့လွှတ်တော်အပါအဝင် နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများကို ဖျက်သိမ်းလျက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ တာဝန်ကြီး ၄ ရပ်ကို ဆောင်ရွက် မည်ဖြစ်ကြောင်း ကြေညာပြီး နိုင်ငံတော်၏ အရေးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ခဲ့သည်။

၃။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ထိရောက်စွာထိန်းသိမ်းနိုင်ရန် လိုအပ်သော ဥပဒေ၊ အမိန့်၊ ကြေညာချက်၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များကို ထုတ်ပြန်ခဲ့သည်။

၄။ ပြည်သူများ၏ စားဝတ်နေရေးချောင်လည်စေရန် ပုဂ္ဂလိက၊ သမဝါယမနှင့် ဖက်စပ်လုပ်ငန်းများ လုပ် ကိုင်နိုင်စေရန်အတွက် အဟန့်အတားဖြစ်စေသော ဥပဒေများကို ပယ်ဖျက်ပြီး လိုအပ်သော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များကိုလည်း ထုတ်ပြန်လျက် လက်တွေ့အကောင် အထည်ဖော်ဆောင်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားကို မျှော်မှန်း၍ လုပ်ဆောင် သင့်သည်များကိုလည်း လုပ်ဆောင်လျက်ရှိသည်။

၅။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်းလုံးတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန်နှင့် တိုးတက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်သင့်သည်များကိုလည်း ဆောင် ရွက်လျက်ရှိသည်။

၆။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (တပ်မတော်) သည် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပ ဒေကိုမျှ လိုက်နာကျင့်သုံးသော အဖွဲ့အစည်းမဟုတ်ဘဲ နိုင်ငံတော်ကို မာရှယ်လော (Martial Law) ဖြင့် အုပ်ချုပ်နေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရသည် စစ်အစိုးရအဖြစ် အုပ်ချုပ်လျက်ရှိကြောင်းနှင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်ခံထား သည့် အစိုးရဖြစ်ကြောင်း အားလုံးအသိပင်ဖြစ်သည်။

၇။ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် လွတ် လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံအသီးသီးနှင့် ချစ်ကြည်စွာဆက်ဆံလျက်ရှိသည်။ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံရှိ မည်သည့်သံရုံးကိုမျှ ယခုအချိန်ထိ ပိတ်ပင်ခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်ထားရှိခွင့်ပြုပြီး ပုံမှန်ဆက်ဆံနေသည့်နည်းတူ နိုင်ငံခြားတိုင်းပြည်များတွင် မြန်မာသံရုံးများကိုလည်း ရုပ်သိမ်းခြင်းမပြု ဘဲ ဆက်လက်ဖွင့်လှစ်ထားရှိကာ ပုံမှန်ဆက်ဆံလျက်ရှိသည့်အပြင် ယခင်က သံရုံးမရှိခဲ့သော နိုင်ငံတစ် နိုင်ငံတွင် သံရုံးအသစ်တစ်ရုံး တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

၈။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့နိုင်ငံရေးကိစ္စရပ်များနှင့် ကုလသ မဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝါဒကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူနှင့်အညီ လိုက်နာကျင့်သုံးလျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသည် မိမိ၏ လွတ်လပ်မှုကို ထိန်းသိမ်းကာကွယ် လျက် မိမိ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းများကိုလည်း ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အညီ လိုက်နာကျင့်သုံးလျက် ရှိသည်။

၉။ နိုင်ငံအချင်းချင်း ဆက်ဆံရေးပျက်ပြားစေမှုကို ရှောင်ရှားရန် သံတမန်အချို့၏ သံတမန်ကျင့်ဝတ် ဖောက်ဖျက်မှုများကိုလည်း သဘောထားကြီးစွာဖြင့် သံတမန်အမည်နှင့် နိုင်ငံအမည်များဖော်ထုတ်ခြင်း မပြုဘဲ မိမိတို့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အကြိမ်ကြိမ်ပြောကြားခဲ့သည်။ ထို့ပြင် သံတမန်နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာသံရုံးများသို့လည်း အကြောင်းကြားခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအချင်းချင်း၊ အစိုးရအချင်းချင်း ဆက်ဆံရေးပျက်ပြားစေမည့် ကိစ္စရပ်များကို ရှောင်ရှားနိုင်ခဲ့သောကြောင့် ယနေ့ထိ မည်သည့်ပြဿနာမျှ ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါ။ သံတမန်အချို့၏ လုပ်ရပ်ကြောင့် မိမိတို့အစိုးရအပေါ် အထင်အမြင်လွဲမှားမှုများကိုလည်း သဘောထားကြီးစွာထား၍ သံတမန်နည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့သည်။

၁၀။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (တပ်မတော်) သည် နိုင်ငံတော်၏တာဝန်ကို ယူခဲ့ သည့်အချိန်မှစ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို စွဲမြဲစွာ ကိုင်စွဲဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း လက်နက်စွဲ ကိုင်ဆူပူသောင်းကျန်းသူမျိုးစုံကို တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေးမြောက်မြားစွာ ပေးလှူ လျက် ထိုးစစ်ကြီးများဖြင့် ချေမှုန်းခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံရေးအဖွဲ့ အစည်းမဟုတ်သဖြင့် ဆူပူသောင်းကျန်းသူများနှင့် နိုင်ငံရေးနည်းအရ စေ့စပ်ဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ ခြင်းမရှိပါ။ သို့ရာတွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အလင်းဝင်လာသူများကိုမူ ကောင်းမွန်စွာ လက်ခံကြိုဆို၍ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အဖွဲ့အစည်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံရေးအစိုးရ မဟုတ်သဖြင့် မည်သည့်လက်နက် ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းနှင့်မျှ နိုင်ငံရေးနည်းအရ စေ့စပ်ဆွေးနွေးခြင်းပြုရန် အကြောင်းမရှိပေ။

၁၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (တပ်မတော်) သည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေ ကို ပြဋ္ဌာန်းလျက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ သည်။ ရွေးကောက်ပွဲ ဝင်လိုသောနိုင်ငံရေးပါတီများ မှတ်ပုံတင်နိုင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရန် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့သည်။

၁၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့် အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟူ၍ ပြ ဋ္ဌာန်းပါရှိသည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်။ ထိုသို့ လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ပါတီစုံဒီမိုကရေ စီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အရွေးခံရသည့် ပါတီများနှင့် ရွေးကောက်ပွဲတွင် အရွေးခံရသည့်ပုဂ္ဂိုလ်များက ဆောင်ရွက် ရန်ကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားကြရန် အခါအားလျော် စွာ သတင်း ထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းခဲ့ပြီးဖြစ်သည်။

၁၃။ ယနေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်ပိုင်းတွင် လွှတ်တော်ခေါ် ယူရေး၊ အာဏာလွှဲပြောင်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ စာစောင်များ ထုတ်ဝေနေခြင်း၊ ဆွေးနွေးငြင်း ခုံခြင်း၊ ပြည်ပအသံလွှင့် ဌာနများမှ ရှေ့ဆောင်လမ်းပြလုပ်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ တရားမဝင်စာ ရွက်စာတမ်းများ ထုတ်ဝေခြင်းများ ပြုလုပ်နေကြသည်။

၁၄။ လွှတ်တော်ခေါ်ယူရေးနှင့် ပတ်သက်၍ အထက်တွင် ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သည်။ အာဏာလွှဲ ပြောင်းရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌက တိုင်းမှူးများ၊ တပ်မမှူးများ၊ ပြည်နယ်နှင့်တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌများအား အခါအားလျော် စွာ ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် ညွှန်ပြခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အ ဖွဲ့၊ အတွင်းရေးမှူး (၁) အနေဖြင့်လည်း ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပသည့် အကြိမ် (၁၀၀) မြောက် သတင်းစာရှင်းလင်းပွဲ၌ တိတိလင်းလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

၁၅။ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်သည် ပြည်သူ့လွှတ်တော်တစ်ရပ် ပေါ်ပေါက်ရုံဖြင့် ဥပဒေပြုမှုအာဏာ၊ စီမံခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာသုံးရပ်ကို အလိုအလျောက်မရ ရှိဘဲ အခြေခံဥပဒေတစ်ရပ်အပေါ် အခြေပြု၍သာ ရယူနိုင်ကြောင်း အထူးရှင်းလင်းရန်လိုမည် မဟုတ်ပါ။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်ကလက်ခံ၍ ဥပဒေအဖြစ်အတည်ပြုခဲ့သည်။ သို့သော် ထိုအခြေခံဥပဒေ အာဏာတည်ပြီး အမှန်တကယ် အကျိုးသက်ရောက်သည်မှာ မြန်မာနိုင်ငံ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်နိုင်ငံတော်ဖြစ်ကြောင်း ကြေညာသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်မှ ဖြစ်သည်ကို ဥပဒေကြောင်းအရ ထင်ရှားတွေ့နိုင်သည်။ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်သည် လွတ်လပ်ရေးမရမီ ရေးသားသည့် ဥပဒေနှင့် လွတ်လပ်ရေး ရရှိပြီးနောက်မှရေးသားသည့် ဥပဒေဟူ၍ နှစ်မျိုးရှိသည်။ လွတ်လပ်ရေးရရှိခဲ့ကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အချုပ်အခြာ အာဏာကို လက်ဆုပ်လက်ကိုင် ရပြီးမှသာ တိုင်းပြည်ပြု လွှတ်တော်ခေါ်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြသည့် အစဉ်အလာရှိသည်။ မြန်မာနိုင်ငံတွင်မူ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲပြီးမှ လွတ်လပ်ရေးကြေညာခဲ့ရသည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် ထိုအချိန်က နိုင်ငံခေါင်းဆောင်များ အနေဖြင့် ဗြိတိသျှတို့ထံမှ ငြိမ်းချမ်းသောနည်းဖြင့် လွတ်လပ်ရေးကို အမြန်ရယူလိုသောဆန္ဒကြောင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းမှာ ထင်ရှားသည်။

၁၆။ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေကို လေ့လာပါက လွတ်လပ်ရေးရရှိပြီးနောက် ရေးဆွဲခြင်းဖြစ်ပြီး၊ ပြည် သူ့ဆန္ဒခံယူပွဲဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည်ကို မည်သူမျှ ငြင်းဆိုခြင်း ပြုနိုင်မည်မဟုတ်ပါ။

၁၇။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လွတ်လပ်ရေးမရမီ ရေးဆွဲသည့် ဥပဒေဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်ရေးရပြီးမှ ရေးဆွဲသည့်ဥပဒေဖြစ်ကြောင်း ကွာခြား ချက်ကို အထူးသတိပြုကြရန် လိုသည်။

၁၈။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီအများ စု၏ဆန္ဒမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး ဖြစ်ကြောင်း ယင်းတို့၏ သဘောထားကြေညာချက် များအရ သိရှိနိုင်သည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲစဉ်က တိုင်းရင်းသားများအ ရေးနှင့်ပတ်သက်၍ ပင်လုံညီလာခံတွင် ရှမ်း၊ ကချင်၊ ချင်းလူမျိုးစုများနှင့်သာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး မွန်၊ ရခိုင် စသော လူမျိုးစုများနှင့် ဆွေးနွေးညှိနှိုင်းမှုမရှိကြောင်း တွေ့ကြရမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ တွင် နိုင်ငံရေးအရနိုးကြားလာသော တိုင်းရင်းသားလူမျိုးများ အများအပြားရှိရာ ၎င်းတို့၏ ဆန္ဒသ ဘောထားများကို ညှိနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်နေကြောင်း ထင်ရှားနေသည်။

၁၉။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် စစ်အစိုးရတစ်ရပ်ဖြစ်သည်နှင့်အညီ မာရှယ် လော (Martial Law) ဥပဒေကို ကိုင်စွဲကျင့်သုံးနေသည့် အစိုးရဖြစ်သည်။ ထိုသို့ဖြစ်သည်နှင့်အညီ မြန် မာနိုင်ငံအား အောက်ပါအတိုင်း အာဏာသုံးရပ်ဖြင့် ကျင့်သုံးလျက်ရှိသည်-

(က) ဥပဒေပြုမှုအာဏာ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကသာ ကျင့်သုံးပိုင်ခွင့်ရှိ သည်၊
(ခ) စီမံခန့်ခွဲမှုအာဏာ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကျင့်သုံးပိုင်ခွင့်ရှိသည်။ သို့ ရာတွင် ယင်းအာဏာကို အစိုးရအဖွဲ့နှင့်တကွ ပြည်နယ်၊ တိုင်း၊ မြို့နယ်စု၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အဆင့်ဆင့်အား ခွဲဝေပေးလျက် စီမံခန့်ခွဲရေးကိစ္စရပ်များကို စုပေါင်းခေါင်းဆောင်မှုဖြင့် တာဝန်ပေးဆောင်ရွက် စေလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်စေခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် အစိုးရလက်ထက်တွင် ဝန်ထမ်းများသည် ဌာနဆိုင် ရာ လုပ်ငန်းများကို နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် လေ့ကျင့်ဆောင်ရွက်ပေး နေခြင်းဖြစ်သည်၊
(ဂ) တရားစီရင်မှုအာဏာ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကျင့်သုံးပိုင်ခွင့်ရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာသည့် အချိန်တွင် အလေ့အကျင့်ရစေရန် သာမန်ရာဇဝတ် မှုနှင့် တရားမမှု စသည်များကို တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပြီး စစ်ဆေးစီရင်စေလျက်ရှိသည်။

၂၀။ ထို့ကြောင့် ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စား လှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။

၂၁။ နိုင်ငံတော်အာဏာကို ရယူရေးအတွက် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်း ကို မည်သည့်နည်းနှင့်မျှ လက်ခံမည်မဟုတ်သည့်ပြင် ထိုသို့ ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက် စွာအရေးယူမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အညီ ခိုင်မာသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပေါ် ပေါက်လာမည့် အစိုးရတစ်ရပ် မဖွဲ့စည်းမီ ကြားကာလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (တပ်မတော်) အနေဖြင့်-

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် အရေး ၃ ပါး၊
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် ၁/၈၈ တွင် ပါရှိသော တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူ များ၏ စားဝတ်နေရေး ချောင်လည်စေရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးစသည့် လုပ်ငန်းတာဝန်ကြီး ၄ ရပ် အနက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးတာဝန်မှအပဖြစ်သော လုပ်ငန်းတာဝန်ကြီး ၃ ရပ်နှင့်
(ဂ) မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များကို အလေးဂရုပြု ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အမိန့်အရ
(ပုံ) ခင်ညွန့်
ဗိုလ်ချုပ်
အတွင်းရေးမှူး(၁)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့