Jump to content

ဓမ္မပါလပျို့/အခန်း-၄

From Wikisource
ဓမ္မပါလပျို့
by ရှင်သီလဝံသ
ဇာတ်ပေါင်းခန်း
262660ဓမ္မပါလပျို့ — ဇာတ်ပေါင်းခန်းရှင်သီလဝံသ
ဓမ္မပါလဿဝစနံ သုတွာ အာစရိယော အာဟ ။
ဓမ္မပါလဿ၊ ဓမ္မပါလပုဏ္ဏား၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ အာစရိယော၊ တက္ကသိုလ်ဆရာသည်၊ အာဟ၊ ဆို၏။

မဟာသမုဒ္ဒ သာဂရသို့ ဓမ္မပါဠိ နည်းကျယ်သိသား ကဝိပီလှ ဝဒန္တဟု ညာဏပြည့်လျှမ်း ဂုဏ်တော်စွမ်းဖြင့် စူးစမ်းမေးမြူ သုအယူကို လွယ်ကူဥပဒေ မေးတိုင်းဖြေသည် အဆွေဓမ္မပါလ ဗြဟ္မဏ ။ အလှပျိုထွား အရှင်သားကား လေးပါးဗေဒင် ငါ့တွင်သင်သော် မြင်မြင်ရာရာ တတ်လျင်စွာ၏ တို့ရွာရပ်ဝယ် အံ့ဘွယ်သရဲ လွန်ကဲကျေးဇူး ကြားတိုင်းမူး၏ ထူးထူးပြားပြား လုလင်များထက် ပညာမြက်၍ မိန့်ပွက်တို့ကို မှတ်စေလိုဟု ဆိုပေလျက်ပင် သို့မထင်၍ အလျင်တဆော လာသည်ဩဟု ချောချောတဖန် ဟုတ်တိုင်းပြန်မှ မှန်ကန်လှစွာ ရွှေပေစာဖြင့် အက္ခရာနည်းမှီး ရေးလေပြီးသော် ခရီးလမ်းလျှောက် စခန်းထောက်လျက် တယောက်ကျွန်ငယ် မျိုးဆန်လွယ်၍ နောက်ဝယ်ပါမြဲ ထီးယပ်စွဲနှင့် ဝမ်းထဲသံပ ပြန်ခဲ့ကလျှင် ပြည်မနဂိုရ် တက္ကသိုလ်သို့ ထိုဆရာမွန် ရောက်လေတွန်၏ မကျန်စေ့ရေ ပြန်ဆင့်ပေမှ ရိုသေဦးတိုက် တရားနှိုက်ကို စိုက်စိုက်မှတ်ငြား ပြည်လုံးသားတို့ ကြိုးစားသိတင်း စောင့်ကုန်လျှင်းက ခပင်းဗိုလ်ပါ ထိုပြည်မှာလျှင် ခန္ဓာရှည်ထွေ အိုအောင်နေသည် မျိုးဆွေ ကုံကုံကြွယ်ကြွယ်တည်း ။

ဤသို့ကြောင်းလျား ထိုပုဏ္ဏားကား တရားစောင့်ကျိုး ရှေးထက်တိုး၍ အမျိုးအနွှယ် ကုံကြွယ်ပြည့်ဝ အိုမင်းကြ၏ ပြည်မနဂိုရ် တက္ကသိုလ်နှိုက် မှီခိုပဏ္ဍိတ် ပရောဟိတ်လည်း အတိတ်နာဂတ် ဗောဓိသတ်အား ဆုံးဖြတ်ဗေဒင် ကုန်အောင်သင်၍ သွင်သွင်လေ့လ တတ်ဆုံးမလျှင် မိဘနေရာ ချက်မြှုပ်ရွာသို့ ပို့လှာရှေးဦး သို့ဖြစ်ဖူး၏ ကျေးဇူးခေါင်ထိ ယခုပြိကား ပြည်ကြီးသခင် ငါ့ကိုစင်တည့် နတ်ရှင်သုဒ္ဓေါ် ခမည်းတော်အား မင်းမြတ်သားသည် ဘုရားမဖြစ် ခန္ဓာပစ်ဟု မာရ်ညစ်မိစ္ဆာ ဆိုလှည့်ရာကို ဘယ်မှာနှစ်သိမ့် ယုံကောင်းပိမ့်နည်း ဖွါးစတည်းက စနည်းနိမိတ် ဟိတ်တိထင်မြင် ထက်ကောင်းကင်က မိုးပြင်ရှူရှူ သုံးစွဲယူဟု ရေပူရေချမ်း ချောင်းကမ်းပြည့်မျှ နှစ်ဖြာကျ၏ နင်းချရပ်တမ်း ခုနစ်လှမ်းဖြင့် ကိုယ်စွမ်းကြွားကြွား မြောက်သို့သွား၍ ကြုံးဝါးသံပ မိန့်ပွက်ဟ၏ ဆွဆွထီးဖြူ ဆောင်းပစ္စူဖြင့့် ကာထူအုပ်လှာ ကြွလေရာသို့ ဗြဟ္မာသိကြား လက်ဦးဖျားက အောင်းသားမြီးယပ် ဆက်ကာကပ်၏ နှံ့စပ်မြေတာ ရှစ်မျက်နှာလည်း များစွာစုံစီ လူနတ်ညီလျက် ပန်းသီပန်းခိုင် ပန်းကုံးကိုင်၍ ပျံ့ကြိုင်ဖျော်ပေါင်း နံ့သာပျောင်းဖြင့် သောင်းသောင်းရိုညွတ် ပူဇော်လတ်၍ ဘုန်းထွတ်ပွင့်စာ ဖဝါးမှာလည်း စကြာသနင်း အခေါင်းချင်းသည် မင်းနှင့်တကွ ရုပ်ဟန်ပြ၏ ဟောကြသည်ချည်း အပည်းပည်းတွင် ကောဏ္ဍည်းပုဏ္ဏား ဧကန်ကြား၏ ထင်ရှားကျော်ထ ဒေဝီလလည်း နှစ်ခွမဲ့ထွေ မိန့်ခဲ့ပေ၏ တထွေတုံလည်း ပွဲပုံဆင်ယင် သပြေပင်အောက် ဆောင်လေမြောက်၍ စောင့်ရှောက်ဝန်းလျား ငါ့ကိုထားသော် များလားရွက်စိပ် သပြေရိပ်လည်း အထိပ်မလှဲ နေသာလွဲ၏ အံ့အဲအလွန် ဖြစ်သောဟန်ကို လယ်ထွန်မင်္ဂလာ ပြုသောခါက ရှေးနှောင်းစ၍ သိလှသော့အား သုစကားကို မင်းဖျားပရမေ ပစ်ပယ်လေသည် မြတ်ပေစွာထ ကောင်းမောစွဟု စေ့မျှထွေပြား အကျယ်ကြားသည် တရား ဆန်းဆန်းကြယ်ကြယ်တည်း ။

သတ္ထာ ဣမံဓမ္မဒေသနံ အာဟရိတွာ။ သစ္စာနိ ပကာသေတွာ။ ဇာတကံ သမောဓာနေသိ။ တဒါ ဓမ္မပါလကုမာရဿ အာစရိယော သာရိပုတ္တော အဟောသိ။ တဒါ ဓမ္မပါလကုမာရဿ ပိတာသုဒ္ဓေါ ဒနော အဟောသိ။ တဒါ မဟာဇနော ဗုဒ္ဓပရိသာ အဟေသုံ။ တဒါ ဓမ္မပါလကုမာရောပန အဟမေဝ သမ္မာသမ္ဗုဒ္ဓေါ လောကေ ဥဒပါဒိ။
သတ္ထာ၊ မြတ်စွာဘုရားသခင်သည်။ ဣမံ ဓမ္မဒေသနံ၊ ဤတရားဒေသနာကို။ အာဟရိတွာ၊ ဆောင်တော်မူ၍။ သစ္စာနိ၊ သစ္စာလေးပါးတို့ကို။ ပကာသေတွာ၊ ပြတော်မူ၍။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ပေါင်းတော်မူ၏။ တဒါ၊ ထိုဓမ္မပါလဇာတ် ဖြစ်တော်မူသောအခါနှိုက်။ ဓမ္မပါလကုမာရဿ၊ ဓမ္မပါလသတို့သား၏။ အာစရိယော၊ တက္ကသိုလ်ဆရာသည်။ သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ နှိုက်။ ဓမ္မပါလကုမာရဿ၊ ၏။ ပီတာ၊ အဘပုဏ္ဏားကြီးသည်။ သုဒ္ဓေါဓနော၊ သုဒ္ဓေါဓနမင်းကြီးသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ နှိုက်။ မဟာဇနော၊ ရွာသူရွာသား လူအများတို့သည်။ ဗုဒ္ဓပရိသာ၊ ငါဘုရား၏ ပရိသတ်တို့သည်။ အဟေသုံ၊ ဖြစ်ကြကုန်ပြီ။ တဒါ၊ နှိုက်။ ဓမ္မပါလကုမာရောပန၊ ဓမ္မပါလသတို့သားသည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသောတရားကို မဖေါံမပြန် သယမ္ဘူဉာဏ်ဖြင့် သိမြင်တော်မူတတ်သော။ အဟမေဝ၊ ငါဘုရားသည်သာလျှင်။ လောကေ၊ လောကနှိုက်။ ဥဒပါဒိ၊ ထင်ရှားဖြစ်တော်မူ၏။

အနာဂတံသင် ညာဏ်စက်ရှင်ဖြင့် ရောင်ထင်ရွှန်းရွှန်း ယုဂန်စွန်းက ထွန်းသောနေဟန် တန်ခိုးဝှန်သည် မြတ်မွန်ဘုန်းခေါင် ငါးမာရ်အောင်ကား ရွှေတောင်သနင်း မွေးဘမင်းအား ဤတရားကို ဟောကြားကုံအောင် အတိတ်ဆောင်မှ နောက်နောင်လွယ်ကူ နတ်အတူလျှင် ထီးဖြူအုပ်ကာ မြိုက်ချမ်းသာကို ခံပါစေချင် အသင့်ရင်၍ သံထင်ရှစ်ဖြာ ဒေသနာဖြင့် သစ္စာလေးချက် နှုတ်တော်နက်ကို ချိုမိန့်ပွက်မြ ဤသို့ဟ၏ ဒုက္ခသစ္စာ မည်ကုန်ရာသား သင်္ခါရဟတ် တေဘုံဝဋ်လည်း တပ်တတ်ကြထွန် ရာဂကျွန်ကား မျက်ဆန်ဖုံးပိတ် သံကိလိဌ်ဟု ဇောစိတ်ညစ်ညူး အထူးထူးကို ဆယ်ဦးနှင့်သာ ပြန်သင်္ချာသော် တရာ့ငါးဆယ် အံ့ဘွယ်များစွာ ထိုတဏှာကား ယုတ်မာအပြစ် သမုဒယစ် သစ္စာဖြစ်၏ နှစ်ဆစ်မလာ ကိလေသာအား လေးသမားသည် စည်းသွားထက်ခေါင် တောမျောက်ကောင်ကို ကျော်ခေါင်လေးတတ် မြားဖြင့်သတ်သို့ ပယ်ဖြတ်ဘိငြား ထိုတရားလျှင် ထင်ရှားစင်စစ် မဂ္ဂသစ်တည့် တံထစ်မှန်လှ ဧကန္တဟု ဘဝဆုံးတုံ မဂ်အာရုံကား ချက်ကုံချမ်းသာ နိဗ္ဗူတာဖြင့် မဟာရမ္မ နိဗ္ဗာနသည် သုခအဖြစ် နိရောသစ်တည့် မင်းစစ်မွေးဘ ရွှေနားဝလော တင်ပြဘုန်းသန် ဟောကြားညွန်က သုံးတန်ဓမ္မံ အနာဂံကို ပွဲထံနှင်းအပ် ကျေးဇူးဆပ်မှ ပညပ်ထုတ်ဖေါ် ဇာတကော်ဟု သမော်ဒါနေ ဇာတ်ပေါင်းပေသည် စေ့ရေ ရွေးရွေးချယ်ချယ်တည်း ။

ထိုရောအခါ ဂန္ဓာလရာဇ် ဖြစ်သည်တိုင်းစင် တုတ်ခွန်ဝင်သည် ပြည်ထင်နဂိုရ် တက္ကသိုလ်နှိုက် မျိုးဗိုလ်လေးဦး အထူးထူးတို့ ကျေးဇူးမှီရာ သူတကာ၏ ဣစ္ဆာသယ သူဆန္ဒကို ဆန္ဒအလိုက် နှလုံးပိုက်မှ အထိုက်အတန် ဤနှင့်ရန်ဟု စီဖန်တတ်ငြား အထွတ်ထား၍ လေးပါးဗေဒင် ကျမ်းဂန်သင်သား လုလင်ဆရာ ဒိသာပါမုတ် အဟုတ်ထင်ရှား ထိုပုဏ္ဏားကား ကြိုးစားလုံ့လ ဝါယာမဖြင့် ဒါနသီလ စသောဂုဏ်ဆီ ပါရမီကို အညီဖြည့်များ ဘုရားတွေ့တိုင်း ကြိုက်လေတိုင်းသော် အလှိုင်းကြီးအောင် လက်ယာတောင်က ဘုန်းခေါင်တပည့် ကျေးဇူးပြည့်တို့ နှိုင်းရှည့်မရှိ အသီတိတွင် ပညာရှင်လျှင် ဖြစ်ချင်ပါလို ငါသည်ကိုယ်ဟု ပြွက်ဆိုပဋ္ဌနာ အခါခါပင် ပန်ထွာခဲ့ပေ တသင်္ချေနှင့် လွန်လေများစွာ ထပ်ကာကာတည့် ကမ္ဘာဆယ်သောင်း ဆုတောင်းပန်လျက် အဆက်ဆက်သော် ရေစက်သွန်းဘူး ရှေးကျေးဇူးကြောင့် အမှူးဖြစ်တန် အပြန်ပြန်လျှင် အလွန်အကျူး ဆည်းပူးသောအား သင်္ဃာများထက် လွှန်ကားပညာ ထန်ပြင်းစွာသား သင်္ချာဂဏန်း စွန်းစွန်းလျင်လျား သိတတ်အား၍ တရားခက်စွာ ဘိဓမ္မာကို ကျယ်ရာဝယ်ချည်း အာဂုံကြည်း၍ ကျည်းရာဝယ်ချဲ့ ငါဟောကဲ့သို့ ပြဲ့ပြဲ့သုနား ဟောပေကြားသည် ချစ်သားသာရိပုတ္တရာ မဟာထေရ်ပျံ အရဟံဟု ပွဲထံညာတင် ဖြစ်လှာကျင်သည် ငါ့တွင် လက်ယာအစွယ်တည်း ။

ကာသိကရဌ် တိုင်းမြတ်အမည် ကျော်ပတ်လည်သား ပြည်ကားဗာရာ ထိုအခါဝယ် အာဏာလက်ဝင် ထိုရပ်ခွင်နှိုက် ရွာထင်ဓမ္မပါလ မြတ်ဌာနဟု ခေါ်ကြကုန်ထွေ ထိုတွင်နေသော် ကြက်သရေထွန်းပ လုလင်ဘကား ဝေငှအလှူ အကြီးမူ၏ ဆုယူသဒ္ဓါ မဆွစွာက ကမ္ဘာဆယ်ထောင် ဆယ်ပြန်ဆောင်၍ ဘုန်းခေါင်ခမည်း ဖြစ်စိမ့်တည်းဟု ဆည်းဆည်းပူးပူး သုံးလူမှူးကို ကြည်နူးဖရဏာ အခါခါလျှင် ပန်ထွာဘူးပေ ကျေးဇူးထွေကြောင့် တွက်ရေများစွာ သင်္သရာတွင် ဦချာရင်နှစ် ချစ်သားဖြစ်သည် ဇစ်လည်းများလွန် ချည်း၍ပြန်အံ့ နှောင်းစွန်ဆုံးမူ ထိန့်ထိန့်ဆူမျှ ဆင်ဖြူသခင် နတ်ရှင်မင်းမွန် ဝေသန်ခမည်း သိန်းစည်းမင်းခေါင် မနောဆောင်သား ရွှေတောင်သေဉ်နင်း ဖြစ်တုံလျှင်း၍ သားရင်းမြေးလှ ချစ်ချွေးမတို့ တောကရောက်လျှင် ပြည်သို့ဝင်မှ မြေပြင်အလုံး ရပ်ပတ်ကုံးကို ဖုံးဘိသော့ဟန် အမျက်မွန်တိ ကြဲသွန်ရတနာ မိုးကြီးရွာ၍ ဗိုလ်ပါရှိမျှ ကုံကြွယ်ဝ၏ ထိုမှတထွေ ယခုပေလည်း သပြေသခင် သာကီဝင်ဟု စင်သားမင်းပေါင်း မျိုးရှစ်သောင်းထက် ဥက္ခောင်းသင်းကျစ် ငါ့ဘဖြစ်၏ မင်းစစ်သုဒ္ဓေါ် ခမည်းတော်ဟု လွှံ့ကျော်ဟိုးဟိုး ကျွန်းလုံးနိုးသည် မင်းမျိုး မပြိုင်မဆွယ်တည်း ။

ထိုရောအခါ များစွာခြွေရွေ အိုအောင်နေသား ချစ်ဆွေချစ်မျိုး အိုမင်းရိုးဟု ချစ်ဘိုးချစ်ဘွား သူခစားနှင့် မြေးသားနှစ်လို့ ပုဏ္ဏားတို့ကား အောင်ဖို့မင်္ဂလာ အညီရှာ၍ သစ္စာပွင့်ကြောင်း တချောင်းချောင်းလျှင် ဆုတောင်းဆုယူ သဘောတူလျက် အလှူပေးလျှင်း စောင့်စည်းပြင်းသော် သိတင်းသုံးဘော် တော်ခြင်းတော်၏ ဆော်လှော်ညီညွတ် နိစ္စဘတ်ဖြင့် မပြတ်ပြည့်လှ ဝါယာမဖြင့် ကိုယ်ငကိုယ်စီ ပါရမီကို ဂုဏ်ဆီသိုမှီး ဆည်းပူးပြီးသော် ကြီးလည်းကြီးလိုက် တရားနှိုက်ကို အထိုက်အတန် စောင့်ဘန်များကြ ရှေးမဆွက တောင့်တပဋ္ဌနာ နှီးရင်းပါ၍ သမ္ဘာဆောက်အူ ကံကျွေးဟူသား ဆယ်ဆူပါရမီ အမှီထောက်ခု ရှေးကပြုသည် ကောင်းမှုအလျောက် ကောင်းကျိုးရောက်၍ မျက်မှောက်ထင်ရှား ငါဘုရား၏ ဆွေဝါးမွမ်းဖြင် ငါ့သဘင်တွင် လူရှင်ဝန်းပတ် ပရိသတ်တိ သူမြတ်သူကောင်း ဖြစ်လှာရှောင်းသည် မျိုးပေါင်း ကြီးကြီးငယ်ငယ်တည်း ။

ဓမ္မပါလ ကုမာရဟု ပေါက်ပြထိုရော် ကျွန်းလုံးကျော်သည် သူတော်လုလင် ပုဏ္ဏားထင်ကား သုံးခွင်လူမှူး ခြောက်ရောင်မြူးသား မီးရှူးသမား ဖြစ်စေသားဟု မနားမနေ ကြိုးလေလေလျှင် ဖြည့်ထွေပါရမီ သုံးဆယ်စီတည့် ဗာဟီအဇ္ဈတ္တ တွင်းပသဏ္ဌာန် အပြန်ပြန်လျှင် မျက်ဆန်လက်ရုံး ဦးခေါင်းဆုံး၍ နှလုံးသည်းပွတ် လွှတိုက်ဖြတ်၍ လွတ်လွတ်ထုတ်ယူ တောင်းတိုင်းလှူ၏ ကိုယ်တူမယား စွန့်ရက်ငြားသည် သားကမကျန် ဥစ္စာဝန်ကို ဖွင့်သွန်သစ်သစ် တိုက်ကြလှစ်လျက် မုန်းချစ်မဟူ သဘောတူ၍ ထီးဖြူခပင်း ပြည်လုံးနှင်းမှ ဝမ်းတွင်းရွှင်ပ ပေးသမျှကို အားရအင်ပြည့် သူလိုဖြည့်လျက် ငါ၏ကျေးဇူး ကိုယ်စွမ်းထူးဖြင့် သွယ်ကူးလွယ်ကာ သတ္တဝါကို ဩဃာလေးတန် အယဉ်လွှန်၍ နိဗ္ဗာန်တိုင်တိုင် မြိုက်ဘုန်းခိုင်သို့ ပို့ပိုင်ချင်မော ပွင့်ချင်သောဟု ရှင်စောဘုရား နောင်တော်များဝယ် လျှောက်ကြားကျိုးနွံ ဗျာဒိတ်ခံမှ သူဇံနတ်ဟန် နှောင်းဆုံးစွန်ဝယ် ဝေသန်ကသည် လေးထပ်မည်သော နတ်ပြည်နေရာ ညီမူလာ၍ စကြဝဠာ တိုက်ရွာသောင်းသား ဝပ်ဝပ်တွားမျှ သိကြားဗြဟ္မာ သဲသဲငြာ၍ ပန်ထွာကုန်လစ် လူမင်းဖြစ်မှ စွန့်ပစ်အိမ်ရာ နိမိတ်လာက ရှောင်ခွါခဲ့မြောက် ဗောဓိအောက်တွင် ရွှေပလ္လင်နှိုက် အောင်မြင်ချေပြီး ဘမင်းကြီးအား ဖူးစိမ့်သားဟု များပြားရံပေါင်း ထေရ်နှစ်သောင်းနှင့် ရပ်ဟောင်းတဖန် မြန်းလာပြန်၍ နိဗ္ဗာန်တရား ငါလျှင်ကြားသည် ဘုရားဟောရိုး ကျင့်နွှယ်တည်း ။