ဓမ္မပါလပျို့/နိဂုံး

From Wikisource
Jump to navigation Jump to search
ဓမ္မပါလပျို့ by ရှင်သီလဝံသ
နိဂုံး

ကြားပိမ့်နတ်လူ အောင်ဆုယူလော့ ပြောထူစကြဝဠာ ဤကမ္ဘာထက် အာဏာဖြန့်ချိ ငါဗောဓိကို ဇာတိဝိသယ အနန္တဖြင့် လောကသုံးကွင်း တန်းခိုးဝင်းသား အောင်ခြင်းငါးပါး တို့ဘုရားကား ကြွလားနိဗ္ဗာန် လွန်တော်မူလစ် အနှစ်တရာ စေ့သောခါတွင် သာသနာတန်းဆောင် ဒွတ္တပေါင်သည် ကြည်းတောင်တိုင်းခြေ လှံပျံစေ၍ ဆူဝေဟိုးဟိုး ရေမြေစိုးက မင်းရိုးဆက်ရှည် နန်းခုံတည်သည် ရွှေပြည်အထိပ် ဗိမာန်ရိပ်နှိုက် နှစ်ကျိပ်ငါးယောက် ထီးဖြူဆောက်၍ စောင့်ရှောက်သစ်သစ် တုတ်ခွန်စစ်၏ အနှစ်ခုနစ်ရာ ပြည့်သောခါတုံ မြစ်ညာကယ်ဆန် သိုက်ကျမ်းဂန်ကြောင့် ငှက်ရန်ဝက်ကြီး ပယ်လိုက်ပြီးသော် စောထီးပြူထွတ် ပြည်သူနတ်တို့ ဝန်းပတ်ပြဲ့ပြဲ့ နိုင်ငံချဲ့၍ ဘက်မဲ့အမြော် ကျွန်းလုံးကျော်သည် ဘုန်းတော် မန္ဓာတ်သိကြားတည်း ။

သာကိဝင်မင်းသား တို့ထွတ်ထားသည် ဘုရားမြတ်မွန် မြိုက်နိဗ္ဗာန်သို့ လွန်တော်မူလစ် ထိုကစစ်သော် အနှစ်ခုနစ်ရာ ပြည့်လတ်ခါနှိုက် အညာတတန် ဗျာဒိတ်ဝန်ကြောင့် ယဉ်ထန်မြစ်စက် လက်ယာဘက်မှ အုတ်ကျက်ဗိုလ်လှိုင်း တမ္ပတိုင်းဟု သမိုင်းညီဘိ မြတ်ခေါင်ထိသား အရိမဒ္ဒနာ သာလှပြောစည် ပုဂံပြည်ကို ထောင်သည်သမိုက် နန်းခုံစိုက်လျက် သိမ်းပိုက်အုပ်စိုး ကျွန်းလုံးနိုးမှ မင်းမျိုးပြည်ရွာ ဆက်ကာကာတိ ဗိုလ်ပါခိုင်ဖြီး စည်ပင်ပြီးမှ ဘုန်းမီးတောက်ထွန်း တုတ်ခွန်မြန်း၍ ကြငှန်းမှန်ကင်း တန်းခိုးပြင်းသား သေဌ်နင်းဓမ္မရာဇာ နော်ရထာလျှင် ဆရာထေရ်ပျံ အရဟံကို ကျိုးနွံတိုင်ပင် နတ်မြင်းလျင်နှင့် ဝန်းကျင်တိုင်းခြေ လှည့်ပတ်စေ၍ စာပေပိဋကတ် သရေဓါတ်တိ စွယ်မြတ်နဖူး အထူးထူးဖြင့် ထိပ်ဦးသင်းကျပ် ရှိရာရပ်မှာ ချဉ်းကပ်ဆောင်ချေ ယူရလေမှ ရိုသေသဒ္ဓါ ကြည်လှစွာ၍ သာသနာခြီးမြှောက် မြဲစောင့်ရှောက်လျက် လေးယောက်ရန်နည် နတ်စစ်သည်နှင့် စိတ်ကြည်ယုံကျုံ တည်ခဲ့တုံသည် စည်းခုံစေတီ ဓါတ်သရီတည့် စုံစီအံ့ဘွယ် မိုးထက်ကြယ်သို့ ပြည်လယ်ပြည့်ပြင် ပတ်ဝန်းကျင်လုံး မြင်မြင်ရာရာ ရှစ်မျက်နှာနှိုက် မြေတာမလပ် မီးတားစပ်မျှ အရပ်သိန်းသောင်း ပြည့်ကုန်ရှောင်းသည် ဂူကျောင်း အခြားအခြားတည်း ။

ရာဇာသမုဒ္ဒရာဇ် စောမွန်နစ်ဟု ဖြစ်သောရှေးနှောင်း ထိုမင်းပေါင်းတို့ နန်းညောင်းရွှေတောင် နိုင်ငံဆောင်သည် တထောင်တရာ နှစ်ဆယ်ပါနှင့် သင်္ချာအလွန် အစွန်ရှစ်နှစ် ဥက္ကရာဇ်တို့ ဆက်လစ်ကာကာ ထီးစကြာနှင့် ပြည်ရွာစိုးနှိပ် ရန်မာန်သိပ်သား ငါးကျိပ်ငါးယောက် ရှေ့နောက်လွန်ပြီး တို့ဘုန်းကြီးက မှီးလစ်သိုက်တိုင်း တောင်ယံခိုင်းသား မြင်စိုင်းပင်းယ စကိုင်းမလျှင် အဝရွှေပြည် ကျွန်းချက်မည်ကို ထောင်တည်စည်ထွန် အဖန်ဖန်လျှင် မြတ်မွန်သာသနာ စည်ပင်စွာ၍ ရောင်ဝါထွန်းပ ပြည့်သောလဟန် မြန်မာ့တိုင်းခွင် ကျယ်တွင်သောကျိုက် စကြာတိုက်သို့ သိမ်းပိုက်ပြောထူ ခွန်တော်ယူသော် ဇမ္ဗူသခင် နတ်ရှင်မင်းခေါင် မင်းဝံတောင်ထက် ထီးကနက်နှင့် အောင်ချက်ကြငှန်း နိုင်ငံမြန်းလျက် ဦးစွန်းဓမ္မရာဇာ ဒါယကာသည် ဆရာမှတ်မှတ် ဗောဓိသတ်အား ရိုညွတ်လှစွာ လွှန်သဒ္ဓါ၍ မဟာသီလဝံသ ကျော်ပေါက်ပြသား ထေရ်မျာ့းတမ်းခွန် ပုဂ္ဂိုလ်မွန်တို့ နိဗ္ဗာန်တံခါး ဖွင့်စိမ့်သားဟု ဘုရားအတူ ကြည့်တော်မူသည် ပုံတူ မိုးနတ်အလားတည်း ။

ဇမ္ဗူမြရိပ် မင်းဝံထိပ်က စိုးနှိပ်သောခါ စောသဒ္ဓါသည် ဆရာတော်အား တွေ့တော်ငြား၍ တရားဓမ္မပါလ ဇာတ်ချင်းတကို ပွက်ဟဒေသနာ မိန့်တော်ပါ၍ ပန်ထွာတုံတုံ လက်ကြာငုံဖြင့် ပွဲပုံမင်းပေါင်း ခွင့်လမ်းတောင်း၏ အလောင်းထေရ်မြတ် ကဝိထွတ်လည်း နှုတ်လွှတ်ရွရွ ထိုခဏပင် မြမြသံညင်း ဟောပေလျှင်း၏ သည်းတွင်းငြိမ့်ငြိမ့် ကိုယ်လုံးစိမ့်မျှ နှစ်သိမ့်ရွှင်ဖြိုး ပိတိတိုး၏ နေမျိုးရာဇာ ဒါယကာသည် သာသနာဆောင်မှု နောင်ကျိုးရှု၍ ကျမ်းပြုစေလို မိန့်ပြန်ဆိုမှ ထိုထိုပိဋကတ် ပါဠိပါဌ်နှင့် ညီညွတ်စွာအောင် နည်းနာဆောင်မှ စာစောင်လက်ငင်း ကျမ်းပြုလျှင်း၍ အကြွင်းထားပေ စကားနေသော် ကြားလေသသူ သူတော်လူတို့ ကြည်ဖြူနှစ်လို့ သက်ရှည်ဖို့ဟု မှတ်တို့ကုန်ကြ ဤဓမ္မကို ဆုံးဆတိုင်အောင် ထွတ်ဘုန်းခေါင်လျှင် စာစောင်ပြီးမိ အံ့ရာတိကို ပြီးမိစေချင် လျှောက်ပြန်ကျင်၍ ချိန်ခွင်ပမာ ဤငါ့စာကို နောင်ခါလတ်သော် ပညာကျော်တို့ သိမြော်ကြံသိုင်း ဂုဏ်ချင်းနှိုင်း၍ ပြိုင်ခိုင်းရစ်စေ မျှကြလေက ရှာဖွေကျမ်းပုံ ကိုယ်ပင်ယုံတို့ ချက်ကုံလင်္ကာ ကြံဆယ်ပါလိမ့် မှာခဲ့သောလား စ၍ထားသော် တရားဓမ္မ ဝိတ္ထာရကို ပွက်ဟလုံးခြုံ မျိုးလေးပုံတို့ စေ့စုံသံချို နာကြလို၍ ထိုထိုရည်မှန် ဂုဏဝန်တို့ ဆက်ပြန်စေချင် တောင်းပန်ကျင်သည် ကျော်ထင်ပုဂ္ဂိုလ် ကိုယ်စားတည်း ။

မဟာသီလဝံသ ကျော်ပေါက်ပြသား ညာဏခေါင်ထိ ထွတ်ကဝိ၏ ဘုန်းရှိကိုယ်စား အမတ်များတို့ တရားစာစောင် မြိုက်လက်ဆောင်ကို ပြီးအောင်ဆက်ပါ တောင်းပန်ထွာသည် ပညာမဖေါ် ပဏ္ဍိတ်ကျော်တို့ နေတော်မူဘိ မကြားသိတည့် နေတ္တိကျမ်းခက် မင်းခြောက်ဆက်စင် အနက်မရ ရှိလှည့်ထသို့ မှတ်ကြကုန်စွာ တောင့်တခါဝယ် သာသနာထွန်းတောက် ပွင့်ဘို့ရောက်၍ ပွဲမှောက်သဘင် ပုဂံတွင်တည့် မွမ်းဖြင်သောင်းသောင်း ပန်ထွာတောင်းလျက် မင်းပေါင်းညီညာ အခါခါနှိုက် များစွာပူဇော် ကော်ရော်ညွတ်တွား ပြည်လုံးသားတို့ ကြိုးစားသဒ္ဓါ ဒါယကာသည် မဟာဓမ္မပါလ ဇာတ်ဘာဝလျှင် ကျမ်းစတင်းလင်း ရှိသောခြင်းကို အကြွင်းမထား ဆက်စိမ့်သားဟု ငါ့အားကြည်မှု ဆရာပြု၍ ဆယ်စုကောင်းကျိုး ကုသိုလ်ပျိုးသည် လှူမျိုးပစ္စည်း လေးပါးတည်း ။

ရတနာသုံးစုံ ကာမဘုံနှိုက် အပုံပြောစည် ဘုရားပြည်ဟု အမည်ကိုးပါး အစဉ်အားဖြင့် ထားခဲ့ဝေါဟာ ဆက်ကာကာပင် ရှည်တာပျော်စံ ပြည်ပုဂံနှိုက် လှူခံလှူပေး စည်းဝေးများပြား မင်းသားလေးမည် အမြဲတည်သော ပြည်ကြီးအချုပ် အစဉ်အုပ်တို့ လက်ရုပ်ကော်ရော် သာဓုဘော်ဖြင့် ပူဇော်ကုန်လှာ အရိယာဘုန်းရှိ ခေါင်ထိနှစ်ပါး အထွတ်ထားနှင့် နှစ်ပါးလည်းကောင်း သင်္ဃာပေါင်းဝယ် ဥက္ခောင်းအတူ မှန်ကင်းထူသို့ ဆင်ဖြူသခင် ငါးစီးရှင်ဘ တစီးရသော သီဟတွင်ခေါ် မင်းကျော်ဆရာ ထေရ်မြတ်စွာနှင့် ရတနာရွှေကျောင်း ရွှေလောင်းစီးမှတ် ရဟန်းနတ်က ရံပတ်သောင်းသောင်း ထီးဆောင်းဆယ်စင်း သင်္ဃာမင်းနှင့် ခင်းကျင်းညီညာ အခါခါပင် ပဏ္ဏာအများ ပန်ထွာငြားသော် ငါ့အားယခု တောင်းသည်ဆုကြောင့် ကျမ်းပြုအထွေ ဖြစ်ကောင်းချေဟု စိတ္တေကဂ္ဂတာ သည်းပွတ်ချာနှိုက် သာသနာပါဠိ ကျမ်းနှင့်ညှိလျက် ရှိသည်ကိုမျှော် မြမ္မာဖေါ်၍ သူတော်တကာ တရားနာတို့ ချမ်းသာရထွေ သက်ရှည်စေဟု ရည်ပေတုံသော အကျယ်ဟော၏ သဘောမှန်လှ ပြီးနေကြဟု ဓမ္မ နိဗ္ဗာန်တံခါးတည်း ။

ဒေသနာတရား အပြီးထားသော ဘုရားသာသနာ သင်္ချာတွက်ဆောင် နှစ်ထောင်ကိုးဆယ် သုံးနှစ်ဝယ်လျှင် ဓိပ္ပါယ်အနက် အကျယ်ဆက်၍ ဖိုလ်မဂ်တံခါး ဤတရားကို လေးပါးမျိုးပေါင်း သူတော်ကောင်းတို့ ဆုတောင်းပြည့်ရေး သက်ရှည်ဆေးဟု မြတ်လေးသဒ္ဓါ နေ့တိုင်းနာလော့ ချမ်းသာကြီးခေါင် ကြံတိုင်းအောင်စိမ့် ရာထောင်နှစ်ကျော် ထိုလောင်းတော်သို့ နေပျော်တူကွ အိုမင်းရလိမ့် သုခဖြစ်စွာ စီးပွါးရှာသည် ခန္ဓာမြဲကြောင်း တရားတည်း ။