ဒီပင်္ကရာဘုရားရှင်

From Wikisource
Jump to navigation Jump to search
364906နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၄) ဒီပင်္ကရာဘုရားရှင် -ဒီပင်္ကရာဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၄။ ဒီပင်္ကရာ ဗုဒ္ဓဝင်

[edit]

သရဏင်္ကရာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားလေးဆူ ပွင့်တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း၊ အနှစ်ကိုး သောင်းတမ်းမှ တဖြည်းဖြည်းဆုတ်ယုတ်၍ ဆယ်နှစ် သက်တမ်း၊ ထိုမှတစ်ဖန် တိုးတက် ပြန်ရာ အသင်္ချေယျတမ်း၊ ထိုအသင်္ချေယျတမ်းမှ တစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်တစ်သိန်းတမ်းသို့ ရောက်လေလျှင် ဒီပင်္ကရာ ဘုရားရှင် ပွင့်တော်မူခဲ့သည်။

ဒီပင်္ကရာဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

ဒီပင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော် မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံတော်မူပြီးနောက် တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် ရမ္မာဝတီမြို့တော်၊ သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုမေဓာ မိဖုရား ခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ တည်နေတော်မူခဲ့သည်။ ဆယ်လပြည့်မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးမှ သားတော် အလောင်းမင်းသား ကို ဖွားမြင်တော် မူခဲ့၏။ အလောင်းတော် မင်းသားကို “ဒီပင်္ကရာမင်းသား”ဟု အမည်မှည့်ခေါ်ခဲ့ ကြကုန်၏။ ဒီပင်္ကရာ အလောင်းတော် မင်းသား ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

ဒီပင်္ကရာ အလောင်းမင်းသားသည် အရွယ်တော်ရောက်သောအခါ ပဒုမာမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ နှစ်ပေါင်းတစ်သောင်းတို့ ပတ်လုံး ဟံသ ဟင်္သာ ရွှေနန်းဆောင်၊ ကောဉ္စကြိုးကြာ ရွှေနန်းဆောင်၊ မယူရဥဒေါင်း ရွှေနန်းဆောင်၊ နန်းပြာသာဒ် သုံးဆောင်တို့မှ မောင်းမမိဿံ သုံးသိန်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် မင်းစည်းစိမ်ကို ခံစားတော် မူခဲ့သည်။ အလောင်းမင်းသား၏ သားတော်မှာ ဥသဘက္ခန္ဓမင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်ဒီပင်္ကရာမင်းသားသည် အခြွေအရံတို့နှင့်တကွ ရွှေနန်း သုံးဆောင်တွင် မင်းစည်းစိမ်ကို ခံစားနေစဉ် ဥယျာဉ်ကစားရန် ထွက်တော် မူသောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း-ဟူသော နတ်တမန်နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူ၍ သံဝေဂဖြစ်ခဲ့ပြီး ရမ္မာဝတီ မြို့တော်သို့ ပြန်ဝင်တော်မူခဲ့သည်။ တစ်ဖန် အလောင်းတော်မင်းသားသည် ဥယျာဉ် ကစားရန် ထွက်တော်မူလိုပြန်သည်။ ဝိသကြုံနတ်သားသည် ဒီပင်္ကရာ အလောင်းတော်မင်းသားအား အဝတ် တန်ဆာများကို လာရောက်ဆင်ယင် ပေးခဲ့သည်။ အလောင်းတော်မင်းသားသည် ဆင်ပေါင်း ရှစ်သောင်းလေးထောင် ခြံရံလျက် စီးတော်ဆင်၌ တက်စီး၍ များစွားသော စစ်သည်ဗိုလ်ပါ အခြံအရံ နှင့်ဥယျာဉ်တော်သို့ ထွက်ခဲ့ပြန်သည်။ ဥယျာဉ်တော်သို့ ရောက်သောအခါ စီးတော်ဆင်မှ ဆင်းသက် ၍ ဥယျာဉ်တော်အတွင်း လှည့်လည်ရှုစားပြီးနောက် အေးမြနှစ်သက်ဖွယ်ကောင်းသော ကျောက်ဖျာ ထက်၌ ထိုင်တော်မူခဲ့သည်။ အလောင်းတော်မင်းသားသည် ကျောက်ဖျာ ထက်၌ ထိုင်နေစဉ် ရဟန်းပြုရန် စိတ်အကြံဖြစ်ခဲ့၏။

ဘုရားဖြစ်တော်မူခြင်း

[edit]

ထိုအခါ သုဒ္ဓါဝါသဘုံမှ ရဟန္တာဗြဟ္မာကြီးသည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူခဲ့၍ အလောင်းတော်၏ မျက်မှောက် မြင်လောက်ရာအရပ်၌ ထားလေလျှင် ရဟန်း၏ အသုံး အဆောင်များဖြစ်ကြောင်းသိခဲ့ ရ၏။ ပရိက္ခရာရှစ်ပါးကို ယူ လျက် မင်းဝတ်တန်ဆာတို့ကို ချွတ်ကာ လက်သုံးတော် သန်လျက်ဖြင့် ဆံတော်ကိုပယ်ပြီး ရဟန်းပြုခဲ့လေသည်။ အလောင်းတော်မင်းသား ရဟန်းပြုတော် မူကြောင်း သတင်းစကား ကြားသိကုန်သော လူအပေါင်းတို့သည် အလောင်း တော်မင်းသားကို အတုလိုက်ကာ ရဟန်းပြုခဲ့ကြကုန်၏။ အလောင်းတော်သည် ထိုရဟန်း များနှင့်အတူ တောတွင်း၌ ဆယ်လတို့ပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသော အကျင့်တော် မြတ်ကို ကျင့်တော်မူ၍ ညောင်ကြတ် ပင်ရင်း၌ ငါးဆယ့်သုံး တောင်ပမာဏရှိသော အပရာဇိတ ပလ္လင်တော်ဝယ် လောက သုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သိူ့ ရောက်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ဒီပင်္ကရာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိ ညောင်ကြတ်ပင်အနီးမှာပင် သတ္တ သတ္တာဟ လေးဆယ့်ကိုးရက် စံနေတော် မူခဲ့သည်။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ တရား ဟောရန် ဗြဟ္မာမင်း၏ တောင်းပန်မှုကို ဝန်ခံတော်မူပြီး၍ သုနန္ဒာရာမအရပ် အသရေရှိသော ကျောင်း တော်၌ ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့သည်။ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခဲ့ကြကုန်၏။

ဒေသစာရီ လှည့်လည်တော်မူခြင်း

[edit]

ဒီပင်္ကရာ ဘုရားရှင်သည် ဓမ္မစကြာတရားဦး ဟောတော်မူပြီးနောက် သတ္တဝါတို့၏အကျိုးငှာ ဒေသစာရီ လှည့်လည် တော်မူလျက် ရမ္မာဝတီပြည်သို့ ရောက်ကာ သုဒဿနကျောင်းတော်၌ သီတင်းသုံးနေတော်မူခဲ့၏။ ရမ္မာဝတီ ပြည်သူ ပြည်သားတို့က နောက်ပါသံဃာများနှင့်တကွသော ဘုရားရှင်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာ ဘုရားရှင်အား ကိုးကွယ်ရာဟု ဆည်းကပ် ခဲ့ကြကုန်၏။ ဘုရားရှင်သည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌ တည်စေခဲ့၏။ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌ မြဲစေခဲ့၏။ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ ဆောက်တည်စေခဲ့၏။ အချို့သော ပုဂ္ဂိုလ်အား အရိယမဂ် လေးပါး၊ ဖိုလ်လေးပါးတို့ကို ပေးတော်မူခဲ့၏။ အချို့သော ပုဂ္ဂိုလ်တို့အား အတုမရှိသော ပဋိသမ္ဘိဒါတရား လေးပါးတို့ကိုလည်းကောင်း၊ မြတ်သော သမာပတ် ရှစ်ပါးတို့ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ ကိုလည်းကောင်း ပေးတော်မူကာ လူအပေါင်းကို ချီးမြှောက်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုနည်း အစီအစဉ်အားဖြင့် လူအပေါင်းကို ဆုံးမတော်မူကာ ဘုရားရှင်၏ အဆုံးအမကြောင့် ဘုရားရှင်၏ သာသနာ တော်သည် ပွင့်လင်း ထွန်းကား လာခဲ့သည်။ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလား ဥသဘ၏ ပခုံးနှင့် တူသော ပခုံးရှိတော်မူသော ဒီပင်္ကရာဘုရားရှင်သည် များစွာသော သတ္တဝါ တို့ကို ကယ်တင် တော်မူကာ ဒုဂ္ဂတိဘုံဘဝမှ လွတ်မြောက်စေတော်မူခဲ့သည်။ ဘုရားရှင်သည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါကို ရွှေဉာဏ်တော် ကွန်ရက်တွင် ထင်တော်မူလာက ယူဇနာတစ်သိန်း ကွာဝေးသောအရပ်၌ တည်သော ထိုသတ္တဝါထံသို့ တစ်ခဏချင်းဖြင့် ချဉ်းကပ်၍ ကယ်မစောင့် ရှောက် တော်မူခဲ့သည်။

ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံခြင်း

[edit]

တစ်နေ့တွင် ဒီပင်္ကရာ ဘုရားရှင်သည် နောက်ပါရဟန္တာ လေးသိန်း ခြံရံလျက် ရမ္မာဝတီပြည်သို့ ကြွတော်မူလာခဲ့ရာ လမ်းခရီးတွင် ဂေါတမဘုရားအလောင်း သုမေဓာ ရှင်ရသေ့အား “နောက်လာမည့် ဘဒ္ဒကမ္ဘာတွင် ဂေါတမမည်သော ဘုရားဖြစ်လတံ့”ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူခဲ့သည်။ ဒီပင်္ကရာဘုရာရှင်သည် ဗျာဒိတ်စကား မြွက်ကြား တော်မူပြီးနောက် ဆွမ်းပင့်ရာ ဌာနသို့ ကြွတော်မူပြီးလျှင် ရမ္မာဝတီပြည်သူတို့၏ ဆွမ်းကို ဘုဉ်းပေးသုံးဆောင် တော်မူနေသောအခါ သုမေဓာရှင်ရသေ့သည် ပါရမီတော်တို့ကို ဆင်ခြင်တော်မူခဲ့သဖြင့် တရား၏တန်ခိုး အာနုဘော် အားဖြင့် မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ခဲ့လေသည်။ ထိုသို့မြေလှုပ်သဖြင့် ဆွမ်းကျွေး မွေးနေသူ လူအပေါင်း တို့သည် ကြောက်ရွံ့ကြ၍ ဒီပင်္ကရာဘုရားရှင်အား လျှောက်ထား ကြရာ “ကြောက်ရွံ့ဖွယ်မရှိ၊ သုမေဓာရှင်ရသေ့၏ တရားတော်ကို ဆင်ခြင်ခြင်းအတွက် မြေလှုပ်ခြင်း ဖြစ်သည်”ဟု ဟောတော်မူခဲ့၏။ လူအများ တို့သည် သုမေဓာရှင် ရသေ့ထံသို့ သွားကာ ကောင်းချီး ပေးကြကုန်၏။

ဒီပင်္ကရာဘုရားရှင်၏ တပည့်သာဝကများ

[edit]

ဒီပင်္ကရာမြတ်စွာဘုရား၏ (အဂ္ဂသာဝက) မြတ်သောတပည့် အစုံတို့ကား အရှင်သုမင်္ဂလမထေရ်နှင့် အရှင်တိဿ မထေရ်တို့ ဖြစ်ကြကုန်ပြီး အရှင်သာဂတ မထေရ်ကား ဘုရားရှင်၏ အလုပ်အကျွေး ပင်ဖြစ်ခဲ့သည်။ အရှင်မ နန္ဒာ ထေရီနှင့် အရှင်မ သုနန္ဒာထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့ဖြစ်ကြကုန်၍ ဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကား ညောင်ကြတ် ပင်ဖြစ်ခဲ့၏။ အလုပ်အကျွေးဒါယကာ (အဂ္ဂဥပဋ္ဌာက)တို့ကား တပုဿနှင့် ဘလ္လိကတို့ဖြစ်ကုန်၍ အလုပ်အကျွေး ဒါယိကာမ(အဂ္ဂဥပဋ္ဌိကာ)တို့သည် သိရိမာနှင့် ကောဏာတို့ ဖြစ်ခဲ့ကြသည်။ ဒီပင်္ကရာ ဘုရားရှင်၏ အရပ်တော်မှာ အတောင်ရှစ်ဆယ် မြင့်တော်မူ၍ အလျှံတဝင်းဝင်း ထွန်းလင်း တောက်ပသော ဆီမီးတိုင်ကြီးကဲ့သို့ လည်းကောင်း၊ ပင်လုံး ကျွတ်ပွင့်သော အင်ကြင်းပင် ကြီးကဲ့သို့လည်းကောင်း တင့်တယ်တော်မူလှဘိ၏။ ဒီပင်္ကရာ မြတ်စွာ ဘုရား၏ ရောင်ခြည်တော် သည် ထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာ တိုင်အောင် ပကတိ အလိုလိုပျံ့နှံ့၍ ထွန်း လင်း၏။ ထိုရောင်ခြည်တော်ကို တန်ခိုးတော်ဖြင့် အထူးဖန်ဆင်းရခြင်း မရှိခဲ့ပေ။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ဒီပင်္ကရာ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် သုနန္ဒာရာမအရပ် မြတ်သောကျောင်းတော်၌ ဓမ္မစကြာ တရားဦး ကို ဟောတော်မူသော တရားပွဲ သည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ တစ်ဖန် ဒီပင်္ကရာဘုရားရှင်သည် သားတော် ဥသဘက္ခန္ဓ မင်းသား၏ ဉာဏ်ရင့်ကျက်ချိန်ကို သိတော်မူ၍ သားတော် ကိုအမှူး ထားကာ တရားနာရန် ရောက် လာကြကုန်သော သတ္တဝါတို့အား ဆုံးမဟောကြားတော်မူခဲ့သော တရားပွဲသည် ဒုတိယ အကြိမ် မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော လူနတ် ဗြဟ္မာ သတ္တဝါတို့ သစ္စာ လေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။ ထို့နောက် တစ်ဖန် ဒီပင်္ကရာ ဘုရားရှင် သည် အမရဝတီမြို့တော် တံခါးဝ၌ ပေါက်ရောက်နေသော ကုက္ကိုပင် ကြီးအရင်း၌ ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာ တို့ကို ပြတော်မူကာ တိတ္ထိတို့ကို နှိမ်နှင်း တော်မူပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွသွားတော် မူခဲ့၏။ တာဝတိံသာ နတ်ပြည် ပင်လယ် ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ ထက်၌ သီတင်းသုံး တော် မူကာ မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို အမှူးထား၍ အဘိဓမ္မာတရား ဟောကြားတော်မူသော တရားပွဲသည် တတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ဒီပင်္ကရာ ဘုရားရှင် လက်ထက်တော်၌ တပည့်သာဝက အစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ သုနန္ဒာရာမအရပ်၌ အရပ်ထက်ဝန်းကျင်မှ ကုဋေ တစ်သိန်းသော ရဟန္တာအရှင်မြတ်ကြီးများ အထူးလာရောက် စည်းဝေးခဲ့ကြသည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော တပည့်သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့သည်။ ဒီပင်္ကရာ ဘုရားရှင်သည် လေးသိန်းသော ရဟန်းတို့ ခြံရံလျက် ဒေသစာရီ လှည့်လည်တော်မူခဲ့ရာ နှလုံးမွေ့လျော် ပျော်ဖွယ် ရာရှိသော နာရဒကူဋ တောင်သို့ ရောက်တော်မူခဲ့၏။ ထိုတောင်ကို နရဒေဝနတ်ဘီလူးသည် အပိုင်စား ရထား၍ ထိုတောင်၌နေ၏။ ထိုတောင်ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ဗလိနတ်စာအလို့ငှာ လူကိုပင်ဆောင်ယူ၍ ထိုနတ်ဘီလူးကို နှစ်စဉ် မပြတ် ပူဇော်ခဲ့ကြရ၏။ ဒီပင်္ကရာဘုရားရှင်သည် ထိုလူအပေါင်းတို့၏ ရှေးကောင်းမှုကို မြင်တော်မူ၍ ကယ်တင် စောင့်ရှောက် ရန်အတွက် ရဟန်းသံဃာတို့ကို ခေါ်ဆောင်တော်မမူဘဲ တစ်ပါးတည်းသာ နာရဒကူဋတောင်ထိပ်သို့ တက်တော် မူခဲ့၏။ ထိုအခါ ဘီလူးသည် ပြင်းစွာအမျက်ထွက်၍ တောင်ကြီးကို တုန်လှုပ်စေ ကာ ဘုရားရှင်ကို ခြောက်လှန့် ထွက်ပြေးစေခဲ့သည်။ သို့သော် ဘုရားရှင်က လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ ပကတိ ကြည်လင်စွာ သီတင်းသုံး နေတော်မူသည်ကို ဘီလူးကြီးမြင်ရသည်ရှိသော် “ဤရဟန်းကြီး ကား အံ့ဩဖွယ်ရှိပေစွ။

တန်ခိုးအာနုဘော် ကြီးပေစွ။ ငါပြုခဲ့သောအမှုသည် ငါ့အပေါ်သာ ကျရောက်ခဲ့ပေပြီ။ ဤရဟန်းကြီး မှတစ်ပါး ငါ့အား ကိုးကွယ်ရာ မရှိပြီ။ ဤရဟန်းကြီးကိုပင် ကိုးကွယ် ဆည်းကပ်တော့အံ့”ဟု အကြံဖြစ်ခဲ့ လေသည်။ နရဒေဝ နတ်ဘီလူး သည် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် တန်ဆာဆင် တင့်တယ်တော်မူသော ဘုရားရှင်၏ ခြေတော်အစုံ၌ ဦးတိုက်ကာ လွန်ကျူးခဲ့သော အပြစ်ကို ဝန်ချတောင်းပန်၍ ဘုရားရှင်အား ဆည်းကပ် ကိုးကွယ်ခဲ့လေသည်။ ဒီပင်္ကရာဘုရားရှင်သည် နတ်ဘီလူးအား တရားဟောတော်မူခဲ့ရာ တရားတော်၏အဆုံး၌ အခြံအရံ နတ်ဘီလူး တစ်သောင်းနှင့်တကွ နတ်ဘီလူး ကြီးသည် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ ထိုနရဒေဝနတ်ဘီလူး သောတာပန် တည်သော နေ့၌ကား ဇမ္ဗူဒိပ်ကျွန်းအလုံး၌ နေကုန်သော လူတို့သည် နရဒေဝနတ်ဘီလူးအား ပူဇော်ပွဲပြုလုပ်ရန် တစ်ရွာ တစ်ရွာမှ တစ်ယောက် တစ်ယောက် သော လူကိုလည်းကောင်း၊ ပူဇော်ဖွယ်ပစ္စည်း ဝတ္ထုတို့ကို လည်းကောင်း ဆောင်ယူခဲ့ ကြကုန်၏။ နရဒေဝနတ်ဘီလူးသည် ထိုလူတို့ု ယူဆောင်ခဲ့သော ပူဇော်ဖွယ် ဝတ္ထုပစ္စည်းတို့ကို လူတို့အား ပြန်ပေးကာ ဗလိနတ်စာပြုရန် ဆောင်ယူခဲ့သော လူတို့ကိုကား ဘုရားရှင်အား အပ်နှင်း တော်မူခဲ့လေသည်။ ဘုရားရှင် သည် ထိုလူတို့ကို ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန်းပြုပေးခဲ့၏။ ထိုရဟန်းတို့ကား ခုနစ်ရက်အတွင်း၌ပင် အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက် ခဲ့ကြကုန်၏။ ဒီပင်္ကရာ ဘုရားရှင်သည် နာရဒကူဋတောင်၌ပင် ရဟန္တာ ကုဋေတစ်ရာတို့၏ အလယ်၌ နေတော်မူကာ တပို့တွဲလပြည့်နေ့၌ အင်္ဂါလေးပါး နှင့်ပြည့်စုံသော သာဝက အစည်းအဝေးကြီးတွင် ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေး ကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ နှစ်ကြိမ်မြောက် သာဝက (သန္နိပါတ)အစည်းအဝေးပင် ဖြစ်ခဲ့သည်။

အခါတစ်ပါး၌ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုဒဿနတောင်ထိပ်၌ ဝါကပ်တော်မူခဲ့၏။ ထိုအခါ ဇမ္ဗူဒိပ်ကျွန်းနေ ကုန်သော လူတို့သည် နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လ၌ တောင်ထိပ်ပွဲသဘင် ဆင်ယင်ကျင်းပမြဲဖြစ်ရာ သုဒဿန တောင်ထိပ်သို့ ရောက်လာခဲ့ကြကုန်၏။ ထိုလူတို့ကို တရားဟော တော်မူခဲ့၏။ ထိုလူတို့သည် ဘုရားရှင်၏ တရား တော်ကိုနာရ၍ ရဟန်းပြုခဲ့ကြလေသည်။ ဘုရားရှင် သည် (မဟာပဝါရဏာနေ့) သီတင်းကျွတ် လပြည့်နေ့၌ ထိုရဟန်း တို့အား တရားဟောပြန်ရာ တရားတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် ခဲ့ကြလေသည်။ ထိုအခါ ဒီပင်္ကရာ ဘုရားရှင်သည် ကုဋေကိုးသောင်း သော ရဟန္တာတို့နှင့်အတူ ပဝါရဏာ ပြုတော်မူခဲ့၏။ ထိုအစည်း အဝေးကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့သည်။ ဒီပင်္ကရာ ဘုရားရှင် သည် (ဓမ္မာဘိသမယ) တရားပွဲကြီး သုံးကြိမ်၊ သာဝက (သန္နိပါတ)အစည်းအဝေးကြီး သုံးကြိမ်တို့မှတစ်ပါး ရိုးရိုး တရား ဟောတော်မူရာ တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါတို့ သစ္စာလေးပါး တရားကိုသိကာ ကျွတ် တမ်းဝင်ခဲ့ကြသည့် အပြင် တစ်ဦးစီ နှစ်ဦးစီသော ကျွတ်တမ်းဝင်ခဲ့ကြသည့် သတ္တဝါတို့ကား အမှန်းအဆ ဂဏန်း ပြ၍ မရနိုင်အောင်ပင် ဖြစ်ခဲ့လေသည်။ ဒီပင်္ကရာ ဘုရားရှင်၏ သန့်ရှင်း စင်ကြယ်သော သာသနာတော် သည် ပျံ့နှံ့၏။ လူသိများ၏။ ပြည့်စုံ၏။ စည်ကား၏။ ကောင်းစွာပွင့်လင်းသော သာသနာတော် သည် တာဒိဂုဏ်နှင့် ပြည့်စုံကာ အာသဝေါကင်းကုန်၍ ကိလေသာအညစ်အကြေး မရှိကုန်သော ရဟန္တာတို့ဖြင့် အခါခပ်သိမ်း အလွန်တင့်တယ် လျက် ရှိခဲ့လေသည်။

ပရိနိဗ္ဗာန် စံတော်မူခြင်း

[edit]

ဒီပင်္ကရာဘုရားရှင်သည် အနှစ်တစ်သိန်းသော ကာလပတ်လုံး တည်နေလျက် များစွာသော သတ္တဝါအပေါင်းတို့ကို ကယ်တင်တော်မူခဲ့၏။ မီးပုံကြီးသည် အလျှံတပြောင်ပြောင် ထွန်းပပြီး ငြိမ်းသွား သကဲ့သို့ တပည့် သာဝကများနှင့် အတူ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။ “ဒီပင်္ကရာ ဘုရားရှင်၏ တန်ခိုးတော်သည်လည်းကောင်း၊ တပည့်သာဝက လေးသိန်း စသော အခြံအရံအပေါင်း တို့သည် လည်းကောင်း၊ ခြေတော် အစုံတို့၌ပါရှိသော စက်လက္ခဏာ တို့သည် လည်း ကောင်း ချုပ်ဆုံး ကွယ်ပျောက် သွားခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတရား တို့သည် ခိုင်မြဲသော အနှစ်မရှိကုန်။ အချည်းအနှီးသာ ဖြစ်ကုန်စွ တကား”

စေတီတော် တည်ထားကိုးကွယ်ခြင်း

[edit]

မာရ်ငါးပါးကို အောင်မြင်တော်မူသော ဒီပင်္ကရာဘုရားရှင်သည် နန္ဒာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ထိုကျောင်းတိုက်အတွင်း၌ပင် ဘုရားရှင်၏ စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြရာ စေတီတော်၏ အမြင့်သည် သုံးဆယ့်ခြောက်ယူဇနာ ရှိခဲ့သည်။ သက်တော်ရှည် ကြာသော မြတ်စွာဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်း တည်ရှိသော (အသမ္ဘိန္န)ဓာတ်တော်ကို ထိုစေတီတော်ကြီးအတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်း နေကုန်သော လူတို့သည် အညီအညွတ် လာကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီ တော်ကြီးကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။

အမှာစာ ။ ။ ကျွန်ုပ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ဂေါတမဗုဒ္ဓ ရှင်တော် မြတ်ဘုရားသည် ဤဘုရားရှင်၏ ထံတော်ပါးတွင် သုမေဓာ ရှင်ရသေ့ဘဝဖြင့် နိယတဗျာဒိတ်ခံယူ ရရှိခဲ့သည်။ ဂေါတမဗုဒ္ဓဝင် အကျယ်ကို ဆက်လက် တင်ပြထားပါသည်။ နိယတဗျာဒိတ် ခံယူပြီးနောက်မှ ပွင့်တော်မူ ကြကုန်သည့် ဘုရားရှင်တို့၏ ဗုဒ္ဓဝင်ကိုလည်း အဆက်မပြတ် ကြည်ညိုသဒ္ဓါ ပွားစေနိုင်ရန် ဤအခန်း၌ပင် တစ်ဆက်တည်း ဖော်ပြထား ပါသည်။ ထိုထို ဘုရားရှင် တို့၏ ထံပါး ဝယ် ဂေါတမဗုဒ္ဓလောင်းလျာ နိယတဗျာဒိတ် ဆက်လက်ခံယူပုံကိုလည်း တွဲဖက်၍ ဖော်ပြထား ပါသည်။