ကောဏ္ဍညဘုရားရှင်

From Wikisource
Jump to navigation Jump to search
364907နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၅) ကောဏ္ဍညဘုရားရှင် -ကောဏ္ဍညဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၅။ ကောဏ္ဍညဗုဒ္ဓဝင်

[edit]

ဒီပင်္ကရာဘုရားရှင် ပွင့်တော်မူသော ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ကမ္ဘာ တစ်သင်္ချေလွန်ခဲ့ပြီ။ ဤဘဒ္ဒ ကမ္ဘာမှ ပြန်၍ရေ သော် သုံးအသင်္ချေနှင့်ကမ္ဘာ တစ်သိန်းအထက်၌ ဘုရားတစ်ဆူသာ ပွင့်တော်မူသည့် သာရကမ္ဘာ တစ်ခု ပေါ်ပေါက်ခဲ့ သည်။ ထိုသာရကမ္ဘာ၏ဆုတ်ကပ် လူတို့၏ အသက်တစ်သိန်း တမ်း၌ ကောဏ္ဍညဘုရားရှင် ပွင့်တော်မူခဲ့သည်။

ကောဏ္ဍညဘုရားအလောင်း ဖွားမြင်တော်မူခြင်း

[edit]

ကောဏ္ဍညဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သား အား ဘုံသုံးပါး၌ ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေနေတော်မူရန် တောင်း ပန်ခဲ့ကြကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ တုသိတာ နတ်ပြည်မှ စုတေကာ လူ့ပြည် ရမ္မာဝတီ နေပြည်တော် သုနန္ဒမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုဇာတာ မိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လ စေ့မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးမှ သားတော်အလောင်းတော် မင်းသားကို မီးရှူးသန့်စင် ဖွားမြင်တော် မူခဲ့၏။ အလောင်းတော်မင်းသားအား ကောဏ္ဍည အနွယ်ကို အစွဲပြု၍ “ကောဏ္ဍညမင်းသား”ဟု အမည် မှည့်ခေါ်ခဲ့ကြ သည်။ အလောင်းတော် ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါတို့၌ ပုဗ္ဗနိမိတ် ကြီးများ ထင်ခဲ့ သည့်အပြင် အလောင်း တော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် ဓမ္မတာ အတိုင်း အထူးအံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် ကောဏ္ဍညမင်းသားသည် အရွယ်ရောက်သောအခါ နှစ်သက်ဖွယ် အရောင်အဆင်း တင့်တယ်ခြင်း ရှိသော ရုစိဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ နှစ်ပေါင်းတစ်သောင်းတို့ ပတ်လုံး လွန်စွာ မွေ့လျော်ဖွယ်ကောင်းသော သုစိ ရွှေနန်းဆောင်၊ သုရုစိရွှေ နန်းဆောင်၊ သုဘ ရွှေနန်းဆောင် နန်းပြာသာဒ် သုံးဆောင်ဝယ် မောင်းမမိဿံ သုံးသိန်းတို့၏ ပြုစုယုယမှုကို ခံယူလျက် ဥတုသုံးလီ ရာသီအလိုက် လှည့်လည် စံနေတော်မူခဲ့သည်။ အလောင်းမင်းသား၏ သားတော်မှာ ဝိဇိတသေန မင်းသားဖြစ်၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်သည် ထိုသို့ ထီးနန်းစိုးစံတော်မူခဲ့ရာ ရုစိဒေဝီ မိဖုရာကြီးမှ ဝိဇိတသေန သားတော်ကို ဖွားမြင်သော အခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နတ်တမန်၊ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး ဖြစ်၍ အာဇာနည် မြင်းကသော ရထားကိုစီးလျက် တောထွက်ကာ ရဟန်းပြုတော်မူ ခဲ့သည်။ အလောင်းတော် ကောဏ္ဍည မင်းသား တောထွက်၍ ရဟန်းပြုတော်မူသည်ကို ဆယ်ကုဋေသော လူတို့သည် အတုလိုက်၍ ရဟန်းပြုတော်မူခဲ့ ကြ၏။ အလောင်းတော်သည် ဆယ်လတို့ပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသော အကျင့်ကို ကျင့်တော်မူခဲ့၏။ ဆယ်လ ပြည့်သောအခါ ကဆုန်လပြည့် ဘုရားဖြစ်အံ့သောနေ့တွင် သုနန္ဒရွာသူ ယသောဓရာ သူဌေးသမီး လှူဒါန်းသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီး ထိုအရပ်ရှိ အင်ကြင်းတော အတွင်းမှာပင် နေ့သန့်စင်တော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် အင်ကြင်းတောတွင် နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သော အခါ အခြွေအရံ ရဟန်းအပေါင်းကို စွန့်ခွာ ခဲ့သည်။ တစ်ပါးတည်း မဟာဗောဓိပင်ရှိရာ အရပ်သို့ ကြွတော်မူခဲ့၏။ လမ်းခရီးအကြား၌ သုနန္ဒာအမည်ရှိသော တက္ကတွန်းသည် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ခံယူတော်မူခဲ့ပြီး ကြောင်လျှာဗောဓိပင်သို့ ရောက်လျှင် သုံးကြိမ် လက်ယာရစ်လှည့်၍ အရှေ့အရပ်သို့ မျက်နှာမူကာ ကြောင်လျှာဗောဓိပင်ကို နောက်ကျောပြု ရပ်နေ တော်မူခဲ့သည်။ လမ်းတွင် အလှူခံခဲ့သော မြက်ရှစ်ဆုပ်ကို ကြောင်လျှာဗောဓိပင်ရင်း၌ အဓိဋ္ဌာန်ပြု ကြဲဖြန့်လေ လျှင် ငါးဆယ့်ခုနစ်တောင်မြင့်သော အပရာဇိတပလ္လင်တော် ပေါ်ပေါက်ခဲ့၏။ ထိုအပရာဇိတ ပလ္လင်တော် ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည် အားထုတ်တော်မူခဲ့၍ ထိုနေ့ နေမဝင်မီ မာရ်စစ်သည် ဗိုလ်ပါတို့ကို အောင်မြင် တော်မူခဲ့သည်။ အလောင်းတော်သည် တစ်ဆက်တည်းပင် ညဉ့်ဦး ယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခု ဉာဏ်တို့ကို ရတော်မူခဲ့သည်။ မိုးသောက်ယံ၌ ပဋိစ္စသမုပ္ပါဒ် တရားကို အနုလုံပဋိလုံ အစုန်အဆန်အားဖြင့် သုံးသပ်တော်မူပြီး အာနာပါန စတုတ္ထဈာန်ကို ဝင်စား တော်မူခဲ့၏။ ထိုဈာန်မှ ထပြီးလျှင် ခန္ဓာ ငါးပါးတို့ကို ဆင်ခြင်တော်မူလျှင် ထိုခန္ဓာငါးပါး၏ ဖြစ်ခြင်းပျက်ခြင်းနှင့် စပ်သော ငါးဆယ်သော လက္ခဏာတို့ကို အမြင်ရကာ ဂေါတြဘူဉာဏ်တိုင်အောင် ဝိပဿနာကို ပွားများ တော်မူခဲ့၏။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အရဟတ္တမဂ်ဉာဏ်နှင့်တကွ အသာဓာရဏ ဉာဏ်စသော အလုံးစုံသော ဘုရားဂုဏ်တော် တို့ကို ထိုးထွင်းသိမြင်တော်မူကာ လောက သုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော် မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ကောဏ္ဍညဘုရားရှင်သည် ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီးမှာပင် ခုနစ်ပါးသောဌာနတို့၌ ခုနစ်ရက်စီ ဖလသမာပတ် ချမ်းသာဖြင့် စံနေတော်မူခဲ့သည်။ ရှစ်ခုမြောက် သတ္တာဟ၌ တရားဟောရန် ဗြဟ္မာမင်း တောင်းပန်ခြင်းကို ဝန်ခံတော်မူပြီးလျှင် “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါမည်နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူခဲ့သည်။ ကိုယ်တော်မြတ်ကို အတုလိုက်၍ ရဟန်းပြုကြကုန်သော ဆယ်ကုဋေသော ရဟန်းတို့ကို မြင်တော် မူခဲ့၏။ “ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှုပြန်သော် ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ ကွာဝေးသော အရုန္ဓဝတီမြို့ ဒေဝဝနခေါ် နတ်သစ်ပင်တော၌ နေတော်မူ ကြသည်ကို မြင်တော် မူခဲ့၏။ ထိုအခါ ဘုရားရှင်သည် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ တန်ခိုးတော်ဖြင့် ခဏချင်းပင် ထိုတောသို့ ကြွတော် မူလေသည်။ ရဟန်းတို့သည် ဘုရားရှင် ကြွလာသည်ကို အဝေးမှပင် မြင်ခဲ့ကြကုန်၍ ကြည်ညိုလှစွာသော စိတ်ဖြင့် ဘုရားရှင်ကို ခရီးဦးကြိုဆိုခြင်း၊ သပိတ်သင်္ကန်း လှမ်းယူခြင်း၊ နေရာတော် ခင်းကျင်း ခြင်း၊ အရိုအသေ ပြုခြင်းတို့ကို ပြုလုပ် ကြပြီး ဘုရားရှင်ကို ခြံရံလျက် သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်နေခဲ့ကြကုန်၏။ ထိုအခါ ဘုရားရှင်သည် ဆယ်ကုဋေသော ရဟန်း တို့အား ရှေးဘုရားရှင်တို့ ဟောတော်မူ မြဲဖြစ်သော ဓမ္မစက္က ပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူခဲ့လေသည်။ ဓမ္မစကြာဒေသနာတော်၏ အဆုံး၌ ရဟန်းတော် ဆယ်ကုဋေအမှူးရှိသော နတ်လူကုဋေတစ်သိန်းတို့ သစ္စာလေးပါး တရားကို သိကာ ကျွတ်တမ်းဝင်ခဲ့ကြလေသည်။

ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံယူခြင်း

[edit]

ဂေါတမဘုရား အလောင်းတော်သည် ထိုအချိန်က ဝိဇိတာဝီမည်သော စကြာမင်း ဖြစ်ခဲ့၍ စန္ဒဝတီပြည်၌ အုပ်စိုး၍နေခဲ့ ၏။ ထိုစကြာမင်းသည် များသော အခြံအရံရှိကာ တိုင်းသူပြည်သား တို့အား အပြစ်ဒါဏ်ပေးခြင်း၊ လက်နက်ဖြင့် ဖိနှိပ်ခြင်း အလျဉ်းမရှိဘဲ တရားနှင့်ညီစွာ သမုဒ္ဒရာလေး စင်းတို့၏ အဆုံးအထိ စကြဝဠာတိုက် တစ်ခုလုံးကို အုပ်စိုး တော် မူခဲ့၏။ ထိုအခါ ကောဏ္ဍည ဘုရားရှင်သည် ရဟန္တာကုဋေတစ်သိန်း ခြံရံလျက် ဒေသစာရီ ကြွချီတော်မူခဲ့ရာ စန္ဒဝတီပြည်သို့ ရောက်တော်မူလာခဲ့သည်။ အလောင်းတော်သည် အခြံအရံ သံဃာတော် များနှင့်တကွ ကောဏ္ဍည ဘုရားရှင်အား ပင့်ဖိတ်၍ ဆွမ်းကပ်လှူခဲ့၏။ လောက၏ရှေ့သွား ကောဏ္ဍည ဘုရားရှင်သည် အလောင်းတော် ဝိဇိတာဝီစကြာမင်းကို “ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာလွန်ပြီးနောက် ဘဒ္ဒကမ္ဘာ၌ ဂေါတမမည်သော ဘုရား ဖြစ်လတံ့။ ညောင်ဗုဒ္ဓဟေ ပင်ရင်း၌ ပွင့်လတံ့”ဟူ၍ ဗျာဒိတ်စကား >မက်ကြားတော် မူခဲ့သည်။ အလောင်းတော် သည် ဗျာဒိတ်စကား ကြားရသောအခါ လွန်စွာဝမ်းမြောက်လှသဖြင့် ကြီးစွာသော ထီးနန်းစည်းစိမ်တို့ကို ကောဏ္ဍည ဘုရားရှင်အား လှူဒါန်း၍ ရဟန်းပြုကာ သမာပတ်ရှစ်ပါး၊ အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေလျက် အသက်အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားရောက်ခဲ့လေသည်။

ကောဏ္ဍညဘုရားရှင်၏ တပည့်သာဝကများ

[edit]

ကောဏ္ဍညဘုရားရှင်၏(အဂ္ဂသာဝက) မြတ်သော တပည့်အစုံတို့ကား အရှင်ဘဒ္ဒမထေရ်နှင့် အရှင် သုဘဒ္ဒမထေရ်တို့ ဖြစ်ကြကုန်ပြီး အလုပ်အကျွေး ရဟန်းကား အရှင်အနုရုဒ္ဓမထေရ် ဖြစ်ခဲ့သည်။ အရှင်မ တိဿာထေရီနှင့် အရှင်မ ဥပတိဿာထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံတို့ ဖြစ်ခဲ့ကြသည်။ ဘုရားရှင် ပွင့်တော်မူရာ ဗောဓိပင်သည် ကြောင်လျှာပင် ဖြစ်ခဲ့၏။ အလုပ်အကျွေး ဒါယကာ (အဂ္ဂဥပဋ္ဌာက)တို့ကား သောဏနှင့် ဥပသောဏတို့ ဖြစ်ကုန်၍ အလုပ်အကျွေးဒါယိကာမ (အဂ္ဂဥပဋ္ဌိကာ) တို့သည် နန္ဒာနှင့် သိရိမာတို့ ဖြစ်ခဲ့ကြလေသည်။ ကောဏ္ဍညဘုရားရှင်၏ အရပ်တော်မှာ ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူ၍ လမင်းကဲ့သို့လည်း ကောင်း၊ နေမင်းကဲ့သို့လည်းကောင်း တင့်တယ်တော်မူပါပေ၏။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ကောဏ္ဍညဘုရားရှင်သည် အရုန္ဓဝတီမြို့ ဒေဝဝနခေါ် နတ်သစ်ပင် တော၌ ကိုယ်တော်မြတ် တောထွက်တော်မူစဉ်က အတုလိုက်၍ ရဟန်းပြု ခဲ့ကြသော ရဟန်းတော် ဆယ်ကုဋေတို့ကို အမှူးထား၍ နတ်လူကုဋေ တစ်သိန်းတို့အား ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောတော်မူ သည့် တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရား ပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ ရဟန်းတော်ဆယ်ကုဋေ အမှူးရှိသော နတ်လူကုဋေတစ်သိန်းတို့ သစ္စာလေးပါး တရားကိုသိကာ ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက် အခါတစ်ပါးဝယ် မင်္ဂလသုတ္တန် ဒေသနာတရားပွဲကြီး၌ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် ဤစကြဝဠာမှာပင် စည်းဝေးခဲ့ကြကုန်၏။ ထိုအစည်းအဝေးကြီး၌ အမျိုးအမည် မထင်ရှားသော နတ်သား တစ်ယောက်သည် ကောဏ္ဍည ဘုရားရှင်အား “ဤလောက၌ သတ္တဝါများ ကြီးပွား ကြောင်းခေါ် မင်္ဂလာတရားတော်သည် အဘယ် တရားများ ပါနည်း”ဟု မင်္ဂလာပြဿနာကို မေးလျှောက် ခဲ့သည်။ ထိုနတ်သားကို တရားထောက်ပြု၍ မင်္ဂလာတရား ဟောကြားခဲ့သော တရားပွဲကား ဒုတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ ကုဋေကိုးသောင်းသော နတ်လူဗြဟ္မာတို့ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ကြ ကုန်၏။ အောက်မဂ်၊ အောက်ဖိုလ်ကို မျက်မှောက်ပြုကြသော ပုဂ္ဂိုလ်တို့ကား အပိုင်းအခြားမရှိအောင် များပြားခဲ့သည်။ ကောဏ္ဍညဘုရားရှင် ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကိုပြ၍ တိတ္ထိတို့ကို ဆုံးမတော်မူစဉ် ကောင်းကင်၌ တည်တော်မူလျက် ဟောတော်မူသော တရားပွဲသည် တတိယသုံးကြိမ် မြောက်(ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ လူနတ်ဗြဟ္မာ ကုဋေ ရှစ်သောင်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၍ အောက်မဂ်အောက်ဖိုလ်တို့ကို မျက်မှောက်ပြုခဲ့ကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့ အရေအတွက်ကား မရေမတွက် နိုင်အောင်ပင် ဖြစ်ခဲ့သည်။

သာဝက (သန္နိပါတ) အစည်းအဝေးများ

[edit]

ကောဏ္ဍညဘုရားရှင် လက်ထက်တော်တွင် တပည့်သာဝက အစည်းအဝေး သုံးကြိမ်ဖြစ်ခဲ့သည်။ ဘုရားရှင်သည် ဘုရား အဖြစ်သို့ ရောက်တော်မူပြီးနောက် စန္ဒဝတီမြို့ကို အမှီပြု၍ စန္ဒာရာမ ကျောင်းတိုက်၌ ပထမဝါကပ်တော်မူခဲ့၏။ ထိုစန္ဒဝတီမြို့၌ သုစိန္ဓရပုဏ္ဏား၏သား ဘဒ္ဒလုလင်နှင့် ယသောဓရာပုဏ္ဏား၏သား သုဘဒ္ဒလုလင် နှစ်ယောက်တို့သည် ဘုရားရှင်၏ မျက်မှောက်တော်၌ တရားတော်ကို နာကြားခဲ့ရ၍ ကြည်ညိုလှသဖြင့် လုလင်အပေါင်း တစ်သောင်း တို့နှင့် တကွ ဘုရားရှင်ထံ၌ ရဟန်းပြုခဲ့ကြသည်။ ထိုရဟန်း တို့သည် မကြာမတင် ရဟန္တာများ ဖြစ်ခဲ့ကြ၏။ ကောဏ္ဍည ဘုရားရှင်သည် နယုန်လပြည့်နေ့၌ သုဘဒ္ဒမထေရ်အမှူးရှိသော ရဟန္တာပေါင်း ကုဋေ တစ်သိန်း ခြံရံလျက် ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့၏။ ထိုအစည်း အဝေးကား ရှေးဦးစွာသော သာဝက အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

အခါတစ်ပါး၌ ကောဏ္ဍညဘုရားရှင်သည် သားတော် ဝိဇိတသေနမင်းသား ရဟန်းပြုပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်သည့်နေ့တွင် ထိုဝိဇိတသေန မထေရ်အမှူးရှိသော ရဟန္တာကုဋေတစ်သောင်းတို့ အလယ်၌ သီတင်းသုံးကာ၊ ဩဝါဒပါတိမောက် ကို ပြတော်မူခဲ့ပြန်သည်။ ထိုအစည်းအဝေးကား ဒုတိယအကြိမ်မြောက် သာဝက အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ အခါတစ်ပါး၌ ကောဏ္ဍညဘုရားရှင်သည် ဇနပုဒ်များသို့ ဒေသစာရီလှည့်လည် တော်မူခဲ့ရာတွင် ကုဋေကိုးဆယ် အခြံအရံရှိသော ဥဒေနမင်းကို အခြံအရံပရိသတ်နှင့်တကွ ရဟန်းပြုပေးတော်မူခဲ့၏။ ထိုရဟန်းတော် များ အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ကောဏ္ဍည ဘုရားရှင်သည် ဥဒေန ရဟန်းအမှူးရှိသော ရဟန္တာပေါင်း ကုဋေကိုးဆယ်တို့၏ အလယ်၌ သီတင်းသုံးတော်မူလျက် ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့၏။ ထိုအစည်းအဝေးကား တတိယ အကြိမ်မြောက် တပည့်သာဝက အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ ကောဏ္ဍည ဘုရားရှင်သည် (ဓမ္မာဘိသမယ) တရားပွဲကြီး သုံးကြိမ် သာဝက (သန္နိပါတ) အစည်းအဝေးကြီး သုံးကြိမ် တို့မှ တစ် ပါး အကြောင်း အတ္ထုပ္ပတ်အား လျော်စွာ တရားဟောတော်မူရာ၌ ကျွတ်တမ်းဝင်ခဲ့သော လူနတ်ဗြဟ္မာ သတ္တဝါတို့ကား မရေမတွက်နိုင် အောင်ပင် များပြားခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ဘုရားပွင့်တော်မူရာ မဟာပထဝီမြေကြီးသည် ကိလေသာအညစ်အကြေး ကင်းသော ရဟန္တာတို့ဖြင့် လှပ၏။ ဆန်းကြယ်၏။ မိုးကောင်းကင်သည် နက္ခတ်တာရာတို့ဖြင့် တင့်တယ်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားရှင်သည်လည်း ကိလေသာကင်းကွာ ရဟန္တာအခြံအရံတို့ဖြင့် တင့်တယ်တော်မူပါပေ၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ဂုဏ်အားဖြင့် နှိုင်းယှဉ်ဖွယ်ရာကင်း၏။ များသောအကျော်အစောရှိသော ရဟန္တာပုဂ္ဂိုလ်တို့သည် လျှပ်စစ်ပြက် သကဲ့သို့ တန်ခိုးတော်ကိုပြပြီးလျှင် ပရိနိဗ္ဗာန်ပြုတော် မူကြလေကုန်၏။ ကောဏ္ဍညဘုရားရှင်ကား ပရိနိဗ္ဗာန်ပြုခဲ့လေပြီ။ ဘုရားရှင်၏ အတုမရှိသော တန်ခိုးတော် ဉာဏ်ဖြင့် ပွားစေအပ်သော သမာဓိတော်တို့သည် ကွယ်ပျောက် ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတရားတို့သည် အနှစ်မရှိကုန်။ မတည်မြဲကြဘဲ အချည်းနှီးတို့သာ ဖြစ်ကြလေကုန်ပြီ။

စေတီတည်ထားကိုးကွယ်ခြင်း

[edit]

သစ္စာလေးပါးတရားကို သိတော်မူသော ကောဏ္ဍညဘုရားရှင်သည် စန္ဒာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ထိုကျောင်းတိုက် အတွင်း၌ပင် ဘုရားရှင်၏ စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြရာ စေတီတော်၏ အမြင့်သည် ခုနစ်ယူဇနာရှိခဲ့သည်။ သက်တော် ရှည်ကြာသော မြတ်စွာဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံး တစ်ခဲ တည်း တည်ရှိသော (အသမ္ဘိန္န) ဓါတ်တော်သည် ရွှေဆင်းတုကဲ့သို့ တည်တော်မူခဲ့၏။ ထို(အသမ္ဘိန္န) ဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သော လူတို့သည် အညီအညွတ် လာကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကြီးကို ပြီးဆုံးစေခဲ့ ကြကုန်သ တည်း။