တေမိယဇာတ်တော်ကြီး/အခန်း-၁၀

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၀။ မင်းမြှောက်ရန် မယ်တော် တောင်းပန်ခန်း

ထိုအခါ မင်းပုဏ္ဏားတို့ တိုင်ပင်ပြောဆိုသံစကားကို နန်းသူအများပျံ့နှံ့သဖြင့် စန္ဒာဒေဝီမိဖုရားကြီးကြားလေသော် ရွေဖော်အခြံအရံမပါဘဲ တောင်ညာနန်းမမှ တစ်ကိုယ်ချင်း ပြင်းပြပူပန် လျင်မြန်စွာ မင်းကြီးစံရာနန်းရင်ပြင်သို့ ထွက်လာလတ်၍ တုပ်ဝပ်ရိုသေစွာရှိခိုးလျက် အနီးသို့ကပ်ပြီးလျှင်--

“အရှင်မင်းတရား။ အကျွန်ုပ်အား ရှေးဖျားမဆွက ကိုယ်တော်ပေးအပ် ချီးမြှောက်တော်မူသည့် ဆုအပေါင်းတွင် အကြောင်းသင့်ရာ ထိုက်တန်သမျှဆုကိုသာ အကျွန်ုပ်သိမ်းခံ၍ ကျန်သမျှဆုကို တစ်စုတည်း အရှင်မင်းကြီးထံ အပ်နှံ ဆက်သထားပါသည်။ အလိုရှိရာ အခါနှင့်လျော်စွာ ကိုယ်တော်ထံချန်ထားခဲ့သော အထက်ကပေးဟောင်း တောင်းဆုများကို ယခုအကျွန်ုပ်အား သနားတော်မူပါ”ဟု လျှောက်တောင်းလေ၏။

ကာသိကရာဇ်မင်းကြီးလည်း မိဖုရားအား သနားကြင်နာခြင်းဖြင့်--

“အဘယ်။ သင်သည် အဘယ်ဆုကို အလိုရှိသနည်း။ ယူတော့”ဟု ဆို၏။

ထိုအခါ စန္ဒာဒေဝီမိဖုရားကြီးသည် မိမိစကားတောင်း ချောင်း၍အဝင်ကို အတင်ခံမှန်းသိလျှင်--

“အရှင်မင်းတရား။ သားတော်အား ယခု ထီးနန်းအပ်နှင်းချိန် အရွယ်ရောက်ပြီဖြစ်၍ ပြည်၏စည်းစိမ်ကို အပ်နှင်းတော်မူပါ။ အကျွန်ုပ်တို့ ၂-ပါးစုံ ထင်ရှားရှိစဉ် ထီးနန်းကျက်သရေဖြင့် သား၏တင့်တယ်ခြင်းကို မျက်မှောက်ထင်ထင် မြင်ရပါစေ။ မတုန်မလှုပ်နေခြင်း၌ အလိုစမ်းသည်လည်း မည်ပါတော့သည်”ဟု လျှောက်တောင်းပန်လေ၏။

မိဖုရားကြီးစကားကိုကြားတော်မူလျှင် ကာသိကရာဇ်မင်းကြီးသည် “မိဖုရားကြီး၊ သင့်သားအား အဘယ်မှာ ထီးနန်းနှင့် တန်သနည်း၊ ငါ နှလုံးမသာရှိရာမှ ဤစကားကို မဆိုသ

ထိုအခါ မင်းပုဏ္ဏားတို့ တိုင်ပင်ပြောဆိုသံစကားကို နန်းသူအများပျံ့နှံ့သဖြင့် စန္ဒာဒေဝီမိဖုရားကြီးကြားလေသော် ရွေဖော်အခြံအရံမပါဘဲ တောင်ညာနန်းမမှ တစ်ကိုယ်ချင်း ပြင်းပြပူပန် လျင်မြန်စွာ မင်းကြီးစံရာနန်းရင်ပြင်သို့ ထွက်လာလတ်၍ တုပ်ဝပ်ရိုသေစွာရှိခိုးလျက် အနီးသို့ကပ်ပြီးလျှင်--

“အရှင်မင်းတရား။ အကျွန်ုပ်အား ရှေးဖျားမဆွက ကိုယ်တော်ပေးအပ် ချီးမြှောက်တော်မူသည့် ဆုအပေါင်းတွင် အကြောင်းသင့်ရာ ထိုက်တန်သမျှဆုကိုသာ အကျွန်ုပ်သိမ်းခံ၍ ကျန်သမျှဆုကို တစ်စုတည်း အရှင်မင်းကြီးထံ အပ်နှံ ဆက်သထားပါသည်။ အလိုရှိရာ အခါနှင့်လျော်စွာ ကိုယ်တော်ထံချန်ထားခဲ့သော အထက်ကပေးဟောင်း တောင်းဆုများကို ယခုအကျွန်ုပ်အား သနားတော်မူပါ”ဟု လျှောက်တောင်းလေ၏။

ကာသိကရာဇ်မင်းကြီးလည်း မိဖုရားအား သနားကြင်နာခြင်းဖြင့်--

“အဘယ်။ သင်သည် အဘယ်ဆုကို အလိုရှိသနည်း။ ယူတော့”ဟု ဆို၏။

ထိုအခါ စန္ဒာဒေဝီမိဖုရားကြီးသည် မိမိစကားတောင်း ချောင်း၍အဝင်ကို အတင်ခံမှန်းသိလျှင်--

“အရှင်မင်းတရား။ သားတော်အား ယခု ထီးနန်းအပ်နှင်းချိန် အရွယ်ရောက်ပြီဖြစ်၍ ပြည်၏စည်းစိမ်ကို အပ်နှင်းတော်မူပါ။ အကျွန်ုပ်တို့ ၂-ပါးစုံ ထင်ရှားရှိစဉ် ထီးနန်းကျက်သရေဖြင့် သား၏တင့်တယ်ခြင်းကို မျက်မှောက်ထင်ထင် မြင်ရပါစေ။ မတုန်မလှုပ်နေခြင်း၌ အလိုစမ်းသည်လည်း မည်ပါတော့သည်”ဟု လျှောက်တောင်းပန်လေ၏။

မိဖုရားကြီးစကားကိုကြားတော်မူလျှင် ကာသိကရာဇ်မင်းကြီးသည် “မိဖုရားကြီး၊ သင့်သားအား အဘယ်မှာ ထီးနန်းနှင့် တန်သနည်း၊ ငါ နှလုံးမသာရှိရာမှ ဤစကားကို မဆိုသာနှင့်”ဟု မာန်ဖီလျက်ဆို၏။

စန္ဒာဒေဝီ မိဖုရားကြီးလည်း လင်၏အလိုသို့လိုက်၍ နားချမ်းမြေ့အောင် ပြောတတ်သူဖြစ်သောကြောင့် “အရှင်မင်းကြီး။ အကျွန်ုပ်တည်း အလျှောက်မသင့်၍ အမျက်တော်ဝင်သလော။ အဘယ့်ကြောင့် ရင်သွေးတော်ကိုစင်လျက် ဤမျှလောက် ခါထွက်တော်မူဘိသနည်း”ဟု စကားပူးကပ်၍ လျှောက်ပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ထီးနန်းစည်းစိမ်နှင့် မထိုက်မတန်ကြောင်းကို သင် ယခုတိုင်အောင်မှ မသိဘဲရှိရာသလော။ သင့်သား သူယုတ်မာ အင်္ဂါ မစုံမလင်တကား”ဟု ဆိုလျှင်၊ စန္ဒာဒေဝီမိဖုရားကြီးသည်--

“အရှင်မင်းကြီး။ ထိုသို့တပြီးကား ထီးနန်းနှင့်မတန်ဆိုသည်ကို တစ်သက်ပန် စံစေသင့်တော့သည်ဟု လျှောက်ဝံ့သောအကြောင်း မရှိပါ။ အကျွန်ုပ်တို့သား ဖြစ်လာသည်ကိုပါလျက် အချည်းအနှီး မရှိစေသင့်သည်ကိုသာ နှလုံးတော်မြတ်ထားသဖြင့် ၇-နှစ်မျှလည်ရုံ ပိုင်းခြားပေးတော်မူပါ”ဟု လျှောက်တောင်းပန်လေ၏။

ကာသိကရာဇ်မင်းကြီးလည်း “နန်းထက်တွင် ဤသူရှိချေက ကိုယ်,အသက်,ထီးနန်းမခံနိုင် အန္တရာယ်ဖြစ်ချေ၏”ဟူသော အယူဖေါက်ပြန်ခြင်းရှိသောကြောင့် သား၏ချစ်ခြင်းကင်းသဖြင့် “မိဖုရားကြီး။ သင့်သား သူယုတ်မာအား မင်းစည်းစိမ်ကို ၇-နှစ်မျှသော်လည်း ငါ မပေးဝံ့”ဆိုလျှင်၊ စန္ဒာဒေဝီမိဖုရားကြီးသည် “အရှင်မင်းကြီး။ ထိုသို့တပြီးကား ၆-နှစ်တိုင်ရုံ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း မိဖုရားအား သနားခြင်း၊ သားအား ချစ်ခြင်းကို ရှင်းရှင်းလွတ်လွတ်လည်း မဖြတ်ရက်၍ တစ်ချက်ကောင်းတန်လှန် ပြန်မရမဆိုဘဲ မလွှဲသာသံစကားဖြင့် “မိဖုရားကြီး။ ထိုရွေ့မျှလည်း ငါ မပေးထိုက်”ဟု ပယ်ပြန်လျှင်၊ မိဖုရားကြီးသည် တင်ရာသမျှ တင်စေတော့ဟု အလျှော့ခံ၍ တစ်ဖန် “အရှင်မင်းကြီး။ ထိုမျှလောက်ကို များလွန်းအံ့ထင်တော်မူလျှင် ၅-နှစ်တိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။ ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ သင့်သားနှင့် ထီးနန်းမတန်ပေ”ဟု ပယ်ပြန်၏။

မိဖုရားကြီးသည် “တောင်းဖန်များက မရနိုင်မည်မဟုတ်”ဟူသော အချက်ကို ယုံခြင်းဖြင့် “အရှင်မင်းကြီး။ ၅ နှစ်ရွေ့မျှကို များလွန်းအံ့ထင်တော်မူလျှင် ၄-နှစ်တိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။ ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ဤတေမိယကုမာရကား သင့်သားသာဟုတ်၍ ငါ့သားမဟုတ်ပါသလော၊ ထီးနန်းနှင့် မထိုက်သောသူ ဖြစ်သောကြောင့်သာ ငါ မပေး”ဟု ဆိုလျှင်၊ မိဖုရားကြီးသည် “အရှင်မင်းကြီး။ ရင်သားရင်သွေးကို အပုပ်,အမွှေးရွေး၍ ပစ်ပယ်သင့်သည် မဟုတ်။ ယုတ်သော်လည်း ကိုယ်တော်မြတ်လျှင် မြတ်ပါလိမ့်မည်။ ၄-နှစ်မျှကို များလွန်းအံ့ထင်လျှင် ၃-နှစ်လည်ရုံ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ပြည်ရေးတိုင်းရေးကား ဆွေသားမျိုးပုံ ဂုဏ်ယုတ်အောင်ပြုသောသားကို ဂုဏ်ပွားအောင်ပြုသကဲ့သို့ အပူအဆာ အဘယ့်ကြောင့် သင်ပြုသနည်း။ ငါ မပေး”ဟု ဆိုလျှင်၊ မိဖုရားကြီးသည် “အရှင်မင်းကြီး။ သားတော်၏ ခြေ, လက်, မျက်စိ, နား, ခံတွင်း, ကိုယ်အင်္ဂါ တစ်စုံတစ်ရာမျှ ချို့တဲ့သည်မရှိ၊ မြင်သူတို့တွေးကြံ၍ အမှန်မကျတုန်း သူ့ဘုန်းသူ့ကံ နောက်အခါချီးမြှောက်သဖြင့် ပွင့်လန်းတောက်ပလျက် မိဘမျိုးဆွေ တိုင်းနေပြည်သားတို့ စီးပွားကိုဆောင်နိုင်လတ္တံ့သည်ကိုလည်း မည်သူမျှ မသိမမြင်နိုင်ပါသေး။ ဝေးလွန်းသည် ထင်တော်မူပါလျှင် ၂-နှစ်တိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး သင့်သားအား အခြားခြားအစုစု အနုအကြမ်း အစမ်းမျိုးကုန်ပြီ။ တစ်စုံတစ်ရာမျှ နှစ်လိုဖွယ်မမြင်။ စင်စစ် နားခံတွင်းရှိသူ လူလိမ္မာမှန်လျှင် သည်းခံနိုင်ငြားသော်လည်း, အားနာသမှု ပြု၍ပင် ကိုယ့်အလိုကို ပြောဆိုကောင်းလှပြီ။ တီတီမခိုင်း ထားတိုင်းသောကျောက်ရုပ်ကဲ့သို့ မတုန်မလှုပ်နေသောသူကို ထီးဖြူပေး၍ ဘယ်အရေး ကောင်းနိုင်ပါအံ့နည်း။ ငါ မပေးထိုက်” ဟုဆို၏။

မိဖုရားကြီးသည်“အရှင်မင်းကြီး။ နေရောင်ခြည်ကို တောင့်တသောပန်းကို လရောင်အချမ်းခိုက်သော်လည်း အဆိုက်မသင့်၍ မလန်း၊ အချမ်းအမြ လရောင်နှင့်မိတ်သင့်သောပန်းကို နေရောင်ခြည်ဖျန်းသော်လည်း လန်းချိန်မဟုတ်၍ မပွင့်။ သူ့အလိုနှင့်ကိုယ့်အစမ်းကို ပန်းမှာကဲ့သို့ သီးသီးခြားခြား ထင်ရှားအောင် ဘယ်သူမျှ မမြင်နိုင်ပါ။ ဆိုင်ရာမသင့်၍ မပွင့်သေးသော်လည်း မသိ။ ပြည်ကြီးစည်းစိမ်နေအရုဏ်နှင့် သူ့အလိုကြာပဒုံ အမုံရင့်ဖြစ်ခဲ့သော် တော်လျော်လိမ့်မည် ထင်ပါသည်။ ရှည်လွန်းမည်ထင်လျှင် ရှေးစီရင်ခန်းကဲ့သို့ အလိုစမ်းဖြစ်အောင် ၁-နှစ်မျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်လေ၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ထီးဖြူ၏ကျက်သရေဟူသည် လူတို့ စည်းစိမ်တွင် အထွတ်ဖြစ်၍ မြတ်သောကြန်လက္ခဏာရှင် ဘုန်းအင်တေဇာ ပညာမယုတ် ကိုယ်နှုတ်နှလုံး ၃-ပါးသောကံဖြင့် ၃-တန်သောဝတ်ကို မလွတ်စေရပိုက်ကျုံးလျက် လုံ့လကောင်းရှေ့ဆောင်မှ အောင်မြင်ပြီးစီး ပြည်ကြီးချမ်းသာရာ ဖြစ်သည်။ လုံ့လ,ပညာ လက္ခဏာမလန်း ဘုန်းတန်းကျက်သရေ မတောက်ပလျှင် ၁-လ ၁-နှစ် ဖြစ်သည်ဟူ၍ မမှတ်သား၊ များစွာအပြစ်ရောက် မြှောက်သူလည်းမတင့် မြင့်သူလည်း မချမ်းသာ, ပြည်ရွာလည်းမလုံခြုံ အလုံးစုံပင် ကောင်းဖို့မထင်သောကြောင့် ၁-နှစ်မျှပင်ဖြစ်သော်လည်း ငါ မပေး”ဟု ဆို၏။

စန္ဒာဒေဝီမိဖုရားသည်လည်း “အရှင်မင်းကြီး။ အချိုအခါး အရသာကိုလည်း လျှာသို့ရောက်မှ၊ မွှေး,မမွှေး နံ့သာကိုလည်း နှာခေါင်းသို့ရောက်မှ စမ်းသပ်ရိုး ဆုံးပါသည်။ သားတော်၏လက္ခဏာ ဘုန်းတန်းကိုလည်း ထီးနန်း စည်းစိမ်သို့ရောက်မှ စမ်းသပ်ရိုး ဆုံးမည်ထင်ပါသည်။ ရှေ့တွင် အသင့်စမ်းခွင့် အကြောင်းရှိသေးလျက် အဆေးမစင်၍ အသွေးမရွှင်သည်ကို မလေးမကြင်ပြုလွယ်လျှင် နောက်ဝယ်နောင်တ ရှိတတ်လှပါသောကြောင့် နှောင့်နှေး နောင်တမဖြစ်ရအောင် ၁-နှစ်မျှ များလွန်းအံ့ထင်လျှင် ၇ လမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ထီးဖြူ ငါမအပ်နှင်းသော်လည်း အပ်နှင်းသည်နှင့်အတူတူပင်။ ဤပြည်ကြီးရှင်စံနန်း၌ မင်းခမ်းမင်းနားအလုံးစုံ ကာမဂုဏ်မှာ အပျော်အပိုက် နှစ်ခြိုက်ရာစည်းစိမ်ကိုလည်း အချိန်အရွယ်နှင့်ချင့်၍ အခွင့်ကုန်စမ်းလေပြီ၊ မစွမ်းမသန် ကြန်အင်္ဂါချို့ယုတ်သော်လည်း ထိုအာရုံ အတို့အလှုပ်တို့ကို ချုပ်နိုင်ခဲသော အရာသာတကား။ သင့်သားကဲ့သို့ ဘယ်သူ့သားရှိ၍ ဘယ်မိဘ ငါကဲ့သို့ ပြုဘူးသနည်း။ အထူးထူး အစမ်းမျိုးကုန်တော့သည်။ အရှည်ထားသဖြင့် ငါတို့အန္တရာယ်သာဖြစ်ရအံ့သည်။ ၇-လမျှလည်း ငါမပေး”ဟု ဆို၏။

မိဖုရားကြီးလည်း “အရှင်မင်းကြီး။ သားတော်လည်း မငယ်ပြီ။ တကယ်နှင့်အစမ်းကို ခွဲခြမ်း၍မသိနိုင်သူဖြစ်ချေလျှင် နှစ်သက်ဖွယ်ပင်။ ဆိုင်ရသော်လည်း ပိုင်သမျှသာ ကိုယ့်လိုအင်ကို ထင်ရှားစေမြဲဖြစ်ပါသည်။ မချစ်သာမပစ်သာ ကိုယ်တော်မှာယခု အမှုမကုန်ခန်း စမ်းရုံနှင့်သာနေလျှင် ချစ်ကြင်လေသမျှအလုံးကို အဆုံးသတ်တစ်ခုဆိုး၍ အကျိုးနပ်ဖွယ်မထင်။ ဤသို့စင် အပူအချမ်း စမ်းလေသမျှဒဏ်ကို ဘယ်သူ ခံဝံ့သည်မရှိဘဲ မြဲမြဲစွဲစွဲ ရဲစွမ်းသည်ကိုထောက်လျှင်လည်း ယောက်ျားမြတ်ဟူ၍ ယူရာသောအကြောင်း ရှိပါသည်။ သူယုတ်မာ ဧကန်မှန်၍ အန္တရာယ်ပြုအံ့သူဖြစ်လျှင် ၁၇-နှစ်အရွယ်ရောက်ပါပြီ။ ဘယ်ဆီတွင် ဘယ်အန္တရာယ် ဤမင်းသားကြောင့် ရောက်ဖူးသည်မရှိပါ။ ဤအရာများကို ထောက်ထားတော်မူ၍ ၇-လမျှ မပေးသော်လည်း ၆-လတိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ဤမျှလောက် အလိုစမ်း၍မျှ အခွင့်မရရှိပြီးသည်ကို ထီးနန်းပင်အပ်နှင်းငြားသော်လည်း သင့်သားအမူအရာ ထူးနိုင်တော့မည် မဟုတ်။ အားထုတ်၍ ထီးနန်းကို သင်တောင်းသော်လည်း အကြောင်းမတော်ဖြစ်သည်။ ငါ မပေး”ဟုဆို၏။

မိဖုရားကြီးလည်း “အရှင်မင်းကြီး၊ ရှေးသောအခါ မဟာပနာဒမင်းသားကို ရွှင်ပြုံးစေခြင်းငှာ မျက်လှည့်တို့ဖြင့် အလှည့်လှည့်အသွယ်သွယ် ရယ်ဖွယ်ပြု၍စမ်းကြသော်လည်း မင်းသား၏ပြုံးရုံမျှကို ပြည်သူပြည်သားတို့ မရကြလတ်သောအခါ နတ်ကချေသည်လာ၍ ကိုယ်တစ်ခြမ်းငြိမ် ကိုယ်တစ်ခြမ်းလှုပ်ပြုလျက် က,သည်ကို မြင်ရာတွင်မှ မင်းသား ပြုံးသောဟူသကဲ့သို့၊ ယခု သားတော်မှာလည်း များစွာ အလိုစမ်းကြီး အလိုစမ်းငယ်တို့ဖြင့်စမ်း၍ အခွင့်မရသော်လည်း မင်းစည်းစိမ်တော်ဖြင့် ချီးမြှောက်ပါလျှင် လိုအင်သင့်၍ အခွင့်ရမည်ကိုလည်း မသိနိုင်ပါဟူသော စကားအလိုဖြင့် ထို ၆-လကို များလွန်းအံ့ထင်လျှင် ၅-လတိုင်ရုံမျှ ပေးတော်မူပါဟု” လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ သင့်သားကား သူတစ်ပါးသားကဲ့သို့ တစ်ခုခုအင်္ဂါသာ ချို့ယုတ်သည်မဟုတ်။ အင်္ဂါချို့ယုတ်ခြင်းပင် စုံညီလှသည်။ အသက်မရှိသကဲ့သို့နေသော သင့်သားကို စကြာမင်းစည်းစိမ်၌ပင် ထားသော်လည်း ထူးခြားဖွယ်မရှိဘဲလျက် ငါ အဘယ်ကဲ့သို့ ထီးနန်း အပ်နှင်းရပါအံ့နည်း။ သူခပ်သိမ်းတို့ အပြစ်တင်ဖွယ် မဖြစ်ပြီလောဟူသော စကားအလိုဖြင့် ၅-လမျှလည်း ငါ မပေး”ဟုဆို၏။

မိဖုရားကြီးသည် “အရှင်မင်းကြီး။ ကိုယ့်တော့်သားတော်သည်ကား စကားမပြောရုံ ကိုယ်လက် မတုန်မလှုပ်နေရုံမျှသာ, ကြန်လက္ခဏာ ချို့တဲ့ခြင်းမထင်။ သူခပ်သိမ်းတို့မြင်၍ ကြင်ဖွယ်ချစ်ဖွယ် သနားဖွယ်ရှိသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံပါသေး၏။ ရှေးသောအခါ ရာမမင်းသားသည် တော၌နေလျက်ပင် မိမိစီးသောခြေနင်းကိုသာ ဗာရာဏသီပြည်ဝယ် ရာဇပလ္လင် ဥကင်ထီးဖြူအောက် ချီးမြှောက်တင်ထား၍ ကိုယ်စားမင်းပြုစေသော် မှူးတော်မတ်တော်အများ မင်းသားကိုခံ့ညားခြင်းဖြင့် ခြေနင်းစင်မျှ သခင်လုပ်လျက် လက်အုပ်မြတ်နိုး ကိုးကွယ်ကြကုန်၏ဟူသကဲ့သို့၊ ဘုန်းတေဇာ အာဏာသတင်းဖြင့် မင်းတကာတို့ထက်မြတ်သော ကိုယ်တော်စင်ထင်ရှားရှိလျက် သားတော်တေမိကုမာရကို ထီးနန်းအပ်နှင်းသည်ဟူ၍ ဘယ်သူ မလေးမလောက် ပြုဝံ့ပါအံ့နည်း။ ယခုကဲ့သို့ မတုန်မလှုပ် အသက်ထက်ဆုံးပင် နေသော်လည်း တောင့်တ၍ရအပ်သောသားကို တစ်ပါးသူ မထီမဲ့မြင် မပြုကောင်းရာပါပြီ ဟူသောစကားအလိုဖြင့် ထို ၅-လကို များလွန်းအံ့ထင်လျှင် ၄-လတိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ပုရောဟိတ်ပညာရှိတို့က သင့်သား ထီးနန်းနှင့်တန်မည်ကို မဆိုလင့်ဦး။ နန်းတွင်းမျှ မထားထိုက်။ မိဘတို့ထီးနန်း မခံနိုင်မှု အန္တရာယ်ရောက်မည်ဟူ၍ မြင်သိတိုင်း ညွှန်ကြားလျှောက်ထားကြသည်ကို လွန်၍ငါပြုလျှင် နောင်ပညာရှိတို့ ဆိုတိုင်းဖြစ်ခဲ့သော် ထိုအပြစ်ကို သင် အသို့ ဆီးတားနိုင်ပါအံ့နည်း ဟူသောစကားအလိုဖြင့် ၄-လမျှလည်း ငါမပေး”ဟု ဆို၏။

မိဖုရားကြီးသည် “အရှင်မင်းကြီး။ လောကီပညာရှိဟူသည်၌ အရာတိုင်းမှာ သဘောကျနိုင်မည် မဟုတ်ပါ။ ကိုယ်လိုရာ အားကြီးတတ်ပါသည်။ သဘောလက္ခဏာ ရာ,မရာကို ဆင်ခြင်ခြင်းသာလျှင် မူလ ဆွံ့အ,နားပင်း အင်္ဂါချို့ယုတ် တိုင်းရွာပြည်မြို့ပြ မခံနိုင်ဟူ၍ အယူတော်မထား သူတစ်ပါးကိုမျှ သနားကရုဏာ မေတ္တာတော်ရေ ပို့ဝေဖျန်းဆွတ်တော်မူသော ကိုယ်တော်ဖြစ်ပါလျက် ချစ်လှစွာသော ရင်သွေးရင်သားကိုကား သနားခြင်းကင်းသဖြင့် မင်းတို့ကျင့်ဝတ်တရားကို ပုဏ္ဏားလိမ္မာတို့မှောက်လှန်၍ ဖောက်ပြန်သင့်သည် မဟုတ်ပါ ဟူသောစကားအလိုဖြင့် ထို၄-လမျှကိုလည်း များလွန်းအံ့ထင်လျှင် ၃-လတိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ သင်အသို့ဆိုရသနည်း။ “သားကောင်းလျှင်လည်း မိဘမှာသာအကျိုး တက်မြောက်ရာသည်။ သားဆိုးလျှင်လည်း မိဘမှာသာ တန်ခိုးပျက်ပျောက်ရာသည်။ ဆရာပုရောဟိတ်တို့မှာ သင့်သား ဆိုးသည်ဟူ၍ အဘယ်အကျိုး ရှိအံ့နည်း။ ကိုယ်အဖို့ဆိုသည်ကို မနာလို မရှိသင့်။ မိဘတန်ခိုးကို ရှုတ်၍ အကျိုးယုတ်သောသားကို မြှောက်စားသဖြင့် ပြည်တိုင်းကားသိမ်ဖျင်း၍ သတင်းသာ ပုပ်တော့မည်ဟူသော စကားအလိုဖြင့် ထို ၃-လကိုမျှလည်း ငါမပေး”ဟုဆို၏။

မိဖုရားကြီးသည် “အရှင်မင်းကြီး၊ လိမ္မာသောသူညစ်ဆိုလျှင် သူ့အကျိုးကိုမလို၊ ကိုယ့်အလိုပြည့်အောင်သာ လှည့်ဖြား၍ အမှားကို အမှန် ဖန်ဆင်းတတ်ပါသည်။ ကျွန်ုပ်တို့အကျိုးကို ထိုပုဏ္ဏားတို့လို၍ လျှောက်သည်မဟုတ်ပါ။ သားတော်၏လက္ခဏာကို ဖွားစကပင် အကောင်းအမြတ်ဖြစ်ကြောင်းနှင့် ထိုပုဏ္ဏားတို့ဖတ်ကြား၍ရှိပြီးလျက် နိမိတ်ကျမ်း၏တစ်ဘက်ကမ်းသို့ ရွယ်လှမ်းမြောက်နိုင်သော ပညာမရှိသဖြင့် မသိတတ်လျှင် ရာဇဝတ်တော် အနီးချဉ်းသောကြောင့် လှည့်ဖြားကာစကားသိမ်းနှင့် တိမ်းရှောင်ပလူး၍ အထူးနောက်ယခု ဒုစရိုက်အတိုင်အပင် အသစ်ပြင်စကားကိုသာ အမှန်ကြိုးစားသဖြင့် သားတော်အား ထီးနန်းမြှောက်၍ နောက်ကောင်းမြတ်စွာ ဘုန်းတန်းပွင့်လန်းဘိသော် မိမိတို့ဖတ်ဆိုလေသမျှ စကားပျက်၍ ရှက်ကြောက်မတန် ရာဇဝတ်ဒဏ်ကြီး ပျက်စီးအင်ချို့ မိမိတို့သို့ အန္တရာယ်ဖြစ်မည်ကို အလွန်စိုးသောကြောင့် အဆိုလိမ္မာ ကိုယ့်ကိုသာ အနွမ်းမခံ လျှောက်ပါသည်။ ထောက်စရာအရေးမှာ ကျေးဇူးတော်ကိုဆောင်လို၍ သားတော်ကို ဖျောက်ဖျက်စေသည်ဟူ၍ ပုဏ္ဏားတို့စကား အကျအရ ရှိသည်မဟုတ်ပါလော ဟူသောစကားအလိုဖြင့် ထို ၃-လကိုမျှ များလွန်းအံ့ထင်လျှင် ၂-လတိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ သင်ကား သားကိုချစ်ခြင်း တစ်စိတ်တည်းနှင့်သာ သူတစ်ပါးကိုမာန်ဖီ၍ အလီလီ ယခုလျှောက်၏။ နောက်နောင် ပြည်ရေးတိုင်းမှု လူ့ကိစ္စကို သင် မြင်နိုင်သလော။ တစ်ပါးအကြောင်းကြောင့်ပင် တစိုးတစိ အန္တ ရာယ်ရှိခဲ့သော် နန်းတော်တွင် ဤမင်းသားကိုထားသောကြောင့် ဤသို့ အန္တရာယ်ဖြစ်လေသည်ဟု ထုံးသက်သေအစဉ်အဆက်လည်း မပျက်မပျောက် မျက်မှောက်လည်း သူခပ်သိမ်းကဲ့ရဲ့ဖွယ် အသွယ်သွယ် ဤအပြစ်များကိုမျှ မထောက်ထားဘဲ သားတစ်ယောက် ပျက်စီးအံ့သည်ကိုသာ အဘယ့်ကြောင့် ရေတွက်ရသနည်း ဟူသောစကားအလိုဖြင့် ထို ၂-လမျှကိုလည်း ငါမပေး”ဟုဆို၏။

မိဖုရားကြီးသည် “အရှင်မင်းကြီး။ ယခု ကိုယ်တော် တရား ၁၀-ပါးစောင့်၍ ပြည်ကြီးစည်းစိမ် စံတော်မူသည်မှာ သံသရာနောင်အဆင့်ဆင့် မြင့်သည်ထက်မြင့် ဘုန်းပွင့်တော်မူမည့်အကြောင်းကို တောင့်တတော်မူသည် မဟုတ်ပါလော။ ယခုဘဝ တင့်တယ်ရုံမျှသာဖြစ်လျှင် ဤသို့သောကိုယ်တော် ဘုန်းလက်ရုံးဖြင့် ဟုံးစုံးလိုသမျှ တရားအလွတ်ဟုံးစုံးသော်လည်း မုန်းသမျှသူသာ ကြုံဆွေးရမည်။ သည်ကိုလျက် မျက်မှောက်အကျိုးထက် သံသရာတန်ခိုးကို အလိုရှိတော်ငြား၍ သနားခြင်းကရုဏာဖြင့် ကျင့်ရာမှန်သမျှ မင်းကျင့်ဝတ်ကို မချွတ်စေရအောင် ကျင့်တော်မူပါသည်တကား။ သားကြီးငါးကြီး တိရစ္ဆာန်ကိုမျှ အန္တရာယ်မဖြစ်စေရဟု တားမြစ်သောကိုယ်တော်သည် သားတော်ကိုကား သနားခြင်းဖြတ်၍ မြှုပ်သတ်မှ လောကဝတ်ပြေမည် ထင်တော်မူခဲ့သော် အယူတော်ဖောက်ပြန်သဖြင့် ဝတ် ၃-တန်လုံးပင် အမှားချည်းဖြစ်မည် ထင်ပါသည်။ ပညာတော်ရှိတိုင်း သတိမလွတ် သင့်မြတ်အောင် ဆင်ခြင်တော်မူပါ ဟူသောစကားအလိုဖြင့် ထို ၂-လကိုမျှ များလွန်းအံ့ထင်တော်မူပါလျှင် ၁-လတိုင်ရုံမျှ ပေးတော်ပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးလည်း “မိဖုရားကြီး။ ဂုဏ်မရှိသောသူကို ချီးမြှောက်လျှင် ချီးမြှောက်သူလည်း မတင့်၊ မြင့်သူလည်း မမြတ် ရှိတတ်သည်။ အပြစ်ရှိသူကိုသနားလျှင် သနားသူ အပြစ်ရောက်တတ်သည်။ ရှေးသောအခါ လှည်းကုန်သည် ၅၀၀တို့သည် ပညာမရှိသောသူကို လှည်းမှူးမြှောက်သဖြင့် အချင့်အတွေး ပညာရေးမဝေဖန်နိုင်သောကြောင့် စဉ်းလဲသောအဆိပ်သီးကို သရက်သီးမှတ်၍ ဆွတ်ချူစားစေရာတွင် ၅၀၀စလုံး အသက်ဆုံးဖူးသည်။ အန္တရာယ်ပြုတတ်သော မြွေ,ဆင်တို့ကိုသနားသဖြင့် မွေးမြူပြုစု၍ မြွေ့ခမည်း, ဆင့်ခမည်းဖြစ်သော ရှင်ရသေ့တို့သည်လည်း အသက်ဆုံးခြင်း၊ ကျောင်းပရိက္ခရာပြုန်းခြင်းသို့ ရောက်ဖူးကြလေသည်။ ဤ သင့်သား တေမိယကုမာရမှာလည်း ချီးမြှောက်ဖွယ်ဂုဏ် တစ်စုံတစ်ခုမျှ မရှိ။ မိဘတို့ကို အန္တရာယ်ပြုမည့်သား စင်စစ်မှန်သောကြောင့် သနား၍မထားသာ လွတ်ရာတစ်ပါး တိုင်းခြားနိုင်ငံခြားသို့ ပို့ထုတ်ရမည်လည်း သင့်သားမတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့ ထိုထိုတိုင်းသား သူတစ်ပါးတို့မြင်၍ ကဲ့ရဲ့ပြစ်တင် ပြုချင်သမျှသောဒဏ် ခံရသောစကားကို ငါတို့ ကြားရတော့မည်သာ။ မြန်စွာဖျောက်ဖျက်မှ မျက်စိလွှဲ,နားလွှဲ စိတ်နှလုံး ချမ်းသာလွယ်မည် ဟူသောစကားအလိုဖြင့် ထို ၁-လမျှကိုလည်း ငါ မပေး”ဟုဆို၏။

မိဖုရားကြီးသည် “အရှင်မင်းကြီး။ ရှေးသောအခါ တေလပတ္တမင်းသားသည် ဗာရာဏသီပြည်မှ တက္ကသိုလ်ပြည်အကြား ဝါဠယက္ခ ကန္တာရခရီးခဲ၌ကြိမ်သောအခါ ဘီလူးမတစ်ယောက်သည် ကြောက်မက်ဖွယ် ဆင်အဟန်, မြွေအဟန် စသည်ပြု၍ ခြောက်လှန့်ခြင်း၊ နတ်ကညာကဲ့သို့ ရှုချင်ဖွယ်အသွင်အပြင်ဖန်ဆင်း၍ ဖြားယောင်းခြင်း၊ မင်းသားနှင့် စုံဖက်စရာဖြစ်သော မင်းသမီးအသွင်အဟန် ဖန်ဆင်း၍ဖြားယောင်းခြင်း၊ မင်းသားကိုစွဲ၍ဖြစ်သော သန္ဓေဆောင် မင်းသမီးအဟန်ဖန်ဆင်းလျက် နောက်က အစဉ်တစိုက်လိုက်ခြင်း၊ နို့စို့သားငယ်ကိုပိုက်ချီလျက် မမှီမကမ်း မင်းသားနောက်က မြောက်သားတော်သမီးအသွင်အဟန် ဖန်ဆင်း၍လိုက်ခြင်းတို့ဖြင့် များစွာ တစ်ခုမကြိုက်တစ်ခုကြိုက် လိုက်၍ လိုက်၍ ဖြားယောင်းသော်လည်း သွားမြဲလမ်းကိုသာ ရှေးရှုလျက် မတုန်မလှုပ်သောမင်းသားကို လမ်းနားအနီးရှိ လူသူလယ်လုပ်သား, လယ်လုပ်သမီးတို့မြင်သဖြင့် ကိုယ်ချင်းစာ၍ များစွာအပြစ်တင်ကာ အယုတ်အဆိုး ကဲ့ရဲ့စကား နားမခံချိအောင်ဆိုကြလျက် နှစ်သက်ခြင်း, အမျက်ထွက်ခြင်းမရှိ သမာဓိဖြင့်သာသည်းခံ၍ ထိုကန္တာရကိုလွန်မြောက်သဖြင့် ပြည်စည်းစိမ်ကိုရသောအခါ ဘုန်းပညာပွင့်ချိန်ရောက်၍ ချီးမြှောက်သူလည်းတင့် မြင့်သူမင်းသားလည်း အမြတ်အထွတ်တိုင်ဘူးသကဲ့သို့ သားတော်တေမိယကုမာရမှာလည်း ကိုယ်လိုရာ မတွေ့သေးသောကြောင့် ဘုန်းပညာကိုမဖော်ပြ အနုအကြမ်း စမ်းသမျှကို မတုန်မလှုပ်သည်းခံလျက် အချိန်တန်၍ နိုင်ငံကိုအစိုးရသောအခါ ဘုန်းအာဏာ ပညာ ပွင့်လန်းအံ့သည်ကိုလည်း သူမျှ မသိနိုင်ပါ။ အမင်္ဂလာ သူယုတ်မာစင်စစ် အပြစ်ရှိသူသာမှန်လျှင် သန္ဓေယူစ, ဖွားဦးစကပင် ဆုတ်သောလကဲ့သို့ တရွေ့တရွေ့ တစ်နေ့တခြား စီးပွားတော်ယုတ်လျော့ခြင်းကိုပြုသဖြင့် ယခု ၁၇-နှစ် မင်းသားအရွယ် ကျော်တော့မည်။ ပြည့်စည်းစိမ်တော်အလုံး ပြုန်း၍ကုန်သင့်လှပါပြီ။ ထိုသို့လျက် ကိုယ်တော်၏စည်းစိမ်တော်သည် ယခုပွင့်စသောပန်း, ဆန်းသစ်သောလကဲ့သို့ တစ်နေ့တခြား ပြန့်ပွားတက်ဖြိုးခြင်းသာ ဖြစ်ပါသည်။ ဤကိုထောက်ထားသဖြင့် သားတော်၌ အပြစ်မရှိယူတော်မမူဘဲ ထီးဖြူအပ်နှင်း၍ မင်း၏စည်းစိမ်ဖြင့် စံတော်မူပါစေ ဟူသောစကားအလိုဖြင့် ထို ၁-လကို များလွန်းအံ့ထင်တော်မူလျှင် လခွဲ၁၅-ရက်မျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ကာသိကရာဇ်မင်းကြီးမှာလည်း “မိဖုရားကြီး တစ်ပါးသောမင်းသားများမှာ အလားအလာကိုဆင်ခြင်၍ ထင်မြင်သာသည်။ သင့်သားမှာ အဘယ်ကိုဆင်ခြင်၍ ထင်မြင်စရာ မရှိ။ ရှက်လိုကြောက်ဖွယ် မင်းနွယ်မင်းမျိုး ထီးရိုးနန်းစဉ် သားမြေးမဟုတ်သကဲ့သို့ သူယုတ်၏အမူအရာကို ငါမြင်ရာတွင် နှလုံးတုန်ပြန်လှသည်။ သည်းခံနိုင်ခဲ ဟူသောစကားအလိုဖြင့် ထိုလခွဲမျှလည်း ငါမပေး”ဟုဆို၏။

မိဖုရားကြီးသည် “အရှင်မင်းကြီး။ မင်းဟူသည်၌ အပြစ်ကိုမှီ၍ဖြစ်သော ဒေါသ, အချစ်ကိုမှီ၍ဖြစ်သော ဒေါသ ၂-ပါးစလုံးပင် သုံးမြဲသောဉာဏ်တော်လက်ဖြင့် သိမ်း၍ ငြိမ်းဆေးကရုဏာ မေတ္တာရေဆွတ်ဖျန်းပါမှ သတ္တဝါအပေါင်း လဲလျောင်းမှီခိုရာ ဖြစ်ပါမည်။ ရှေးသောအခါ ဗာရာဏသီမင်းကြီး၌ သားသမီးတစ်ယောက်မျှ မရတတ်သဖြင့် တောင့်တအပ်သော ပတ္ထနာနှင့်လျော်စွာ နောက်အခါမှ မိဖုရားကြီးတွင် သမီးတစ်ယောက်ဖွားမြင်လေသော် အကျွန်ုပ်တို့ကဲ့သို့ သားရှား,သမီးရှားဖြစ်၍ သမီးကိုချစ်သောအားဖြင့် မိဖုရားကြီးအားလည်း လိုအပ်သမျှဆုကို အကုန်ပေးလျက် မင်းသမီးအားလည်း များစွာအခြံအရံ အထိန်းအကြီးတို့နှင့် ချီးမြှောက်ထား၍ မင်းသမီးအရွယ်ရောက်လျှင် ရမ္မက်စရိုက်ထူသောကြောင့် ပူပန်ခြင်းဖြင့် မအီမသာ ဖျားနာယောင်ဆောင်လေသည်နှင့် ဆေးသင့်ရာ အနာ၏အကြောင်းကိုသိလို၍ အမိမိဖုရားကြီးမေးလျှင် မိဘအမြှောက်အတင်ဖြင့် ကြင်ရခင်ရမည့် မင်းသား ယောက်ျားဖြစ်သော်လည်းမကြိုက်၊ အလျောက်အလိုက် နှစ်ခြိုက်ရာစံရွေး၍ စိတ်နှင့်တွေ့သမျှကို နေရမှ ဤဝေဒနာ အထမြောက်မည်ဆိုသော် အမျိုးတော်တကာရှက်စုတွင် အမှုကုန်ရှက်ဖွယ်ဖြစ်လျက် သမီး၌ချစ်သောအားဖြင့် မိဖုရားကြီးသည် ထိုစကားကို မင်းကြီးအား လျှောက်ထားသော် “မတော်မတူ လူမိန်းမယုတ်မျှမက ဘီလူး,ပြိတ္တာမတကား”ဟု ရှက်အားကြောက်အားနှင့် စိတ်ထားအယူ မဖြူမကြည် မင်းကြီးရှိလျက်ပင် ဆင်ခြင်နှိုင်းညှိ နိသမ္မကာရီစုံညီလှစွာသော ဓမ္မရာဇ်မင်းဖြစ်သည်နှင့်လျော်စွာ “ငါ၏သမီးကို ဖွားမြင်စက မိဖုရားကြီးအား အလိုရှိတိုင်းသော ဆုကို ယူဟု အကုန်အပ်နှင်းမိသော ကတိစကားရင်း ရှိပေသည်။

“ထိုသစ္စာကတိကို ငါဖျက်ချေလျှင် မျက်မှောက်လည်း ပြည်ထဲရေး, ကိုယ်ရေး မချမ်းသာ၊ နောင်သံသရာလည်း အပါယ်၌ ငါမလွတ်၊ ကတိဝတ်ချွတ်သော စီရင်ထုံးကို ဘုန်းရှိသော ငါဓမ္မရာဇ်မင်းမှ ကြိုက်ချေလျှင် နောက်လိုက်သောမင်းဆက် နန်းရိုးတို့သည် ထုံးဆိုးကို ထုံးကောင်းလုပ်၍ အဟုတ်အဟတ် သုံးပြန်ကြလေတော့မည်။ လခွဲ ၇-ရက် တစ်သက်လျာပင်ဖြစ်စေဦး။ ဤမျှခန့်အရှက်ကို ရေတွက်၍ ကတိသစ္စာကို ငါမဖျက်သာချေ”ဟု သစ္စာကတိဖျက်၍ အပြစ်ရောက်ဖူးသောထုံး, သစ္စာကတိတည်၍ အကျိုးရောက်ဖူးသောထုံးတို့ကို သုံးလေ့လိုက်လေ့ ရှိသည်နှင့်လျော်စွာ ကတိသစ္စာကိုမဖျက်ပဲ မိဖုရားကြီးအား တောင်းတိုင်းသောဆုကိုပေးလျက် သမီး၏အလိုကို ပြည့်စေသဖြင့် တက္ကသိုလ်ပြည်မှ အတတ်သင်၍အပြီး ရောက်လာသော ဘဏ္ဍုရာဇ်မင်းကြီးသား အဇ္ဇုနအစရှိသော မင်းညီနောင် ၅ ယောက်လုံးကိုပင် မင်းသမီး ပန်းကုံးဖြင့်ပစ်သည်နှင့် မင်းကြီးမနှစ်လိုခြင်း ပြင်းစွာရှိသော်လည်း ကတိချွတ်မည်ကိုကြောက်သောကြောင့် လောကဝတ်အရှက်အကြောက်ကို အနိုင်အထက်ဖျောက်၍ ၅-ယောက်လုံးမင်းသားတို့နှင့်ပင် ယောက်ျားမတန် အလွန်တရာ ယုတ်မာသောသမီးကို အိမ်သီးထောင်စေသဖြင့် ပဉ္စပတိကာဟူသောအမည်ကို ထိုမင်းသမီးလည်းရ၍ ထင်ရှားစွာပင် ဓမ္မရာဇ်မင်းတို့ကတိ၌ တည်ဖူးကြောင်း ထုံးဟောင်းနှင့်တကွ ရှိပါသည်။

“ကိုယ်တော်မှာလည်း ထိုရှေးရှေးမင်းတို့ကဲ့သို့ တရား ၁၀-ပါးကို ကျင့်တော်မူလေ့ရှိသည်နှင့်လျော်စွာ သားတော် တေမိယကုမာရ ဖွားစကပင် အကျွန်ုပ်အား အလုံးစုံသောဆုကို ပေးတော်မူ၍ ရှိပြီးဖြစ်ပါလျက် ထွက်ပြီးသောဆင်စွယ် မဝင်သကဲ့သို့ ထွက်ပြီးသောအမိန့်တော်လည်း မချော်မတွန့်သင့်ပါ။ သားတော်မှာလည်း ခြေလက်အင်္ဂါ တစ်စုံတရာမျှ ချို့တဲ့ခြင်းမရှိဖြစ်၍ အမျိုး၏အဆင်းသဏ္ဌာန် ကြန်လက္ခဏာကို ဖျက်သည်လည်းမဆိုရ၊ ရိုင်းပျဆိုးသွမ်း ကြမ်းကြုတ်ခက်ချော် လျှပ်ပေါ်ခြင်းဖြင့် မင်းတို့၏အကျင့်ကို ဖျက်ဆီးသည်လည်း မရှိ၊ သမာဓိကြီးခြင်းဖြင့်သာလျှင် ပျင်းရိမှုန်စီ လူမထီဖြစ်၍ ချစ်သူခင်သား အားမရနိုင်ရှိသည့်အပြစ်မျှသာ အပြစ်ကိုဆိုရပါသည်။ သစ္စာတော်မပျက်အောင် ဆောင်နှင်းသင့်ပါသည် ဟူသောစကားအလိုဖြင့် ထို ၁၅-ရက်မျှကို များလွန်းအံ့ထင်လျှင် ၇-ရက်တိုင်ရုံမျှ ပေးတော်မူပါ”ဟု လျှောက်တောင်းပြန်၏။

ထိုအခါ ကာသိကရာဇ်မင်းကြီးသည် သားတော်တေမိမင်းသား၌ ချစ်သနားခြင်းကရုဏာကြောင့် ဒေါသရောက်၍ အခါမပြတ် နှလုံးမသာရှိစဉ် ပုဏ္ဏားတို့က အပြစ်ဖို့စကား လျှောက်ထားပြန်သည်နှင့် အယူမမှန်ဝင်လျက် အသက်အန္တ ရာယ်, စည်းစိမ်အန္တရာယ် ဖြစ်အံ့သည်မှကြောက်သောကြောင့် လျင်မြန်စွာ ဖျောက်ဖျက်လိုသောနှလုံးရှိသော်လည်း တရား ၁၀-ပါး စောင့်တော်မူသည်နှင့်လျော်စွာ ကတိသစ္စာကို အလေးအမြတ်ပြုလေ့ရှိသော မင်းဖြစ်၍ မိဖုရားကြီး နားပူနားကြပ် ပျပ်ဝပ်ကျိုးနွံစွာ အခါခါလျှောက်သဖြင့် ထောက်သင့်ပြီဟု အယူရှိမှ ကတိကဝတ် မချွတ်စေခြင်းငှာ ဤမတုန်လှုပ်သောအမူအရာမှ ထူးလျှင်လည်း တစ်သက်၊ မထူးလျှင်လည်း ၇-ရက်ဟု နှလုံးထား၍၊ မိဖုရားကြီးအား “သင့်သား၏အမူအရာကို တစ်ခါထူး၍ဖြစ်မည် ငါ မထင်သောကြောင့် ထီးနန်း မပေးလို။ ပယ်သည်ကို သနားဖွယ်ပြု၍ အမှုရှာလာပြန်သည်မှာ ငါ၏ကတိလည်း ရှိပေသည်။ ၇-ရက်သာဖြစ်လျှင် ကောင်းပြီ။ ယူလေတော့”ဟု ဆုပေးတော်မူလေ၏။

(ဤကား “တေနဟိ ဒေဝ ဒေထ”ဟူသော မိဖုရားစကား၊ “န သက္ကာ ဒေဝိ”ဟူသောမင်းကြီးစကား၊ ဤမျှသောပါဠိတို့ကို ပညာနုသေးကုန်သောသူတို့အား ထုံးဥပဒေသ ရစိမ့်မှီစိမ့်သောငှာ မိဖုရားကြီး၏အလို, မင်းကြီး၏အလိုနှင့်တကွ စကားတန်ဆာဆင်၍ ဆိုလိုက်သည်။)