တေမိယဇာတ်တော်ကြီး/အခန်း-၀၉

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၉။ ပုရောဟိတ်တို့ကို မေးခန်း

ထိုသို့ မုန့်ခဲဖွယ်အစ မိန်းမလှအဆုံးသတ် ၁၇-ရပ်သော အလိုစမ်းခြင်းတို့ကို အစွမ်းကုန်ကြံ၍ အမှန်မသိနိုင်လျှင် မနေသာမကြံတတ်၊ အမတ်အပေါင်းရှိလျက် ကာသိကရာဇ်မင်းတရားသည် သား၏ချစ်ခြင်းပြင်းစွာနှင့်ပင် မခင်သာမပစ်ရက် မျက်နှာတော်မရွှင် နှလုံးမသာ ကြံရာမသိရှိလေသော် ဘုရားလောင်းမင်းသားအား ဖွားဦးစကဖတ်ကြသော လက္ခဏာဖတ်ပုရောဟိတ်တို့ကို ခေါ်စေ၍ ရောက်လျှင်--

“ဆရာ ပုရောဟိတ်တို့။ ဤမင်းသား ဖွားစအခါက ဆရာတို့ကို ငါ သုခမိန်ထင်သည်နှင့်အညီ ဤမင်းသားတွင် မြင်တိုင်းလက္ခဏာကို မှန်ရာသိလို၍မေးလျှင် “သခင့်သားတော်တွင် အတွင်း,အပအန္တရာယ် အနှောင့်အယှက် တစ်စုံတစ်ခုမျှ မရှိ”ဟု ဖတ်ကြားကြသည်မဟုတ်လော။ ယခု ဆရာတို့အန္တရာယ်မရှိဆိုသော မင်းသားသည် မေးမထူး ခေါ်မကြား စကားလည်းမပြောဆို ကိုယ်ဣန္ဒြေ ခြေ,လက်လည်းမလှုပ်ရှား နားပင်း,ဆွံ့အ ဖြစ်ခဲ့သည်တကား။ သင်တို့စကားနှင့် ယခု မညီ”ဟု ဆို၏။

ထိုအခါ ရာဇဝတ်ရေး၌ လိမ္မာလှကုန်သော လက္ခဏာဖတ်ပုဏ္ဏားတို့သည် မင်းရေး၌ ကျွမ်းကျင်လိမ္မာ ပညာအခွင့်ကို သိသည်နှင့်လျော်စွာ ကိုယ်၏ဂုဏ်တေဇာကိုလည်း မယုတ်မနွမ်းစေရ ရှေ့နောက်စကားမခွ မုသာဝါဒလည်းအရာမကျ မင်းကြီးနားလည်းချမ်းမြအောင် ခဏချင်းကြံ၍ မာန်သံပေးလျက်မေးသော မင်းကြီးစကား၏ အခြားမဲ့၌ပင်--

“အရှင်မင်းမြတ်။ နိမိတ်ဖတ်လက္ခဏာကျမ်း၌ အစွမ်းဉာဏ်ထွင်းဖေါက်၍ တတ်မြောက်ပြီးသော ဆရာတို့မည်သည် ဇာတာလက္ခဏာပါရှိတိုင်း အကျိုး,အပြစ် ဖြစ်လတ္တံ့သောအနာဂတ်ကို အတပ်ထင်ထင် မမြင်သည်မရှိပါ။ စင်စစ်သော်ကား ဤအရှင့်သားတော်သည် အပေါ်အပို အလိုတမာ သာမညရသည့်သားမဟုတ်။ ရွှေနန်းရှင်အပေါင်း ဆုတောင်းခြင်းပတ္ထနာ အာသာချင်ခြင်း ပြင်းစွာနှင့်ရပါသော သားတော်ဖြစ်ပေလျက် သူယုတ်လက္ခဏာ ပါသောဟူ၍ဖတ်လျှင် ရွှေနန်းရှင်အပေါင်းလည်း နှလုံးမသာ နှုတ်မင်္ဂလာတွန့်ဆွံ့သဖြင့်လည်း အညွန့်ကိုဆိတ်သကဲ့သို့ ဘိသိက်မရွှင် ရှိမည်တစ်ကြောင်း၊ ကောင်းမြတ်၏ဟုဆိုလျက် ဆိုးယုတ်ခဲ့သော်လည်း ရာဇဝတ်တော် အပန်းမကြီးဖြစ်၍ ဘုန်းကျက်သရေဝင်အောင်သာ ဖတ်ကြားရပါသည်”ဟု လျှောက်ထားကြကုန်၏။

(ဤအရာ၌ ထိုပုဏ္ဏားပညာရှိတို့သည် ပညာပွားရာသောအမှု၌ အချင်းချင်း ဆွေးနွေးမေးမြန်းလေ့ရှိခြင်း, မင်းပွဲစိုးဝင် သန့်စင်သောအဝတ်တို့ကို အသုံးရှိခြင်း, နက်နဲသော ခက်ဆစ်, ပုဒ်ဆစ်တို့၌ ကြံစည်လေ့ရှိခြင်း, တတ်ရာမှတ်ရာ ပညာမှု၌သာ အခါခါ နှလုံးညွတ်ဝင်ခြင်း အစရှိသော အကြောင်းနှင့်ပြည့်စုံသည်ဖြစ်၍ ပညာ၏ပွားခြင်းကြောင့် လောကဝတ်, ဓမ္မဝတ်, ရာဇဝတ်တို့၌ အရာအခွင့် သင့်မသင့်ကို သိ၏။ သိသည်နှင့်လျော်စွာ အခါမပြတ် အလေ့အကျက် အတွေ့အမြင်များသောကြောင့်လည်း ထိုဝတ်တို့၌ ကျွမ်းကျင်လိမ္မာသည်ဖြစ်၍ သနားနှစ်မြို့ ကိုယ်ဖို့ပါအောင် နာသာဖွယ်ပရိယာယ် အရှောင်အရှားဖြင့် စကားတတ်မြောက်ရာရောက်လေ၏။ ထို့ကြောင့် “ပညာရှိမှ အခွင့်သိသည်။ လိမ္မာမှ စကားတတ်သည်”ဟူ၍ ရှေးသူဟောင်းတို့ စကားရှိသည်။ လိမ္မာ၍ စကားတတ်ပါသော်လည်း ပညာကိုမမီလျှင် ဝစီဒုစရိုက် ထိုက်သင့်ရာပါသဖြင့် သမ္မာဝါစာဖြစ်ခဲသည်။ ပုရောဟိတ်တို့သည် တေမိမင်းသား မတုန်မလှုပ် နေလတ္တံ့သည်ကို မိမိတို့မမြင်ဘဲလျက် ကိုယ့်ဂုဏ်ကို အနွမ်းမခံလို၍ ဆရာအများနှင့် ဆက်ဆံသောစကားဖြင့်သာ မုဒါဝါဒလွတ်အောင် “မဟာရာဇ အာစရိယေဟိ အဒိဋ္ဌကံနာမ နတ္ထိ “အရှင်မင်းမြတ်။ ဆရာတို့ မမြင်သောမည်သည် မရှိ”ဟူ၍ ဆိုလေသည်။

အခွင့်မကျွမ်းသူ ဖြစ်ချေသော် “အရှင်မင်းမြတ်။ ဤမင်းသား ဖွားစကပင် သူယုတ်လက္ခဏာပါသည်ကို အကျွန်ုပ်တို့ မြင်ကြ၏။ တောင့်တ၍ရအပ်သော သားဖြစ်သောကြောင့် နှလုံးမသာ ရှိတော်မူမည်စိုးသဖြင့်သာ နှုတ်မင်္ဂလာဖြစ်စေကြောင်း ကောင်းစွာချီးမြှောက်စကား ဖတ်ကြားရပါသည်”ဟု မုသာဝါဒမလွတ်အောင် ရာဇဝတ်မှု လောကဝတ်ကို ကြောက်သောအလိုက် တိုက်ရိုက်လှည့်စားသံ ပါလေရာ၏။ ထို့ကြောင့် စကားအရာဟူသည်၌ ထုတ်နုတ် အုပ်သိမ်း တိမ်းရှောင်လှောင်ဆို့ ကြိုးဝင်တင်စီး ဆီးကန့်ဖာထေး အသွေးအငင် အပြင်အပယ် အသွယ်သွယ် အပြားပြားကို တရားမယုတ်မလျှံ သံသရာမျက်မှောက် ၂-ယောက်အကျိုးရှိအောင် အသိဉာဏ်ရှေ့သွားမှ တရားလမ်းအကျဉ်းအခဲမှာ မလွဲမတိမ်း ဖြောင့်မတ်နိုင်ရာချေသည်။ ဤသို့ထောက်၍ ပညာကို အလိုရှိကုန်သော သူတို့သည်-

၁။ ပရိပုစ္ဆကထာ = တရားစကား အကျိုးအကြောင်းနှင့် စပ်သောစကားတို့ကို အချင်းချင်း ဆွေးနွေးမေးမြန်း ပြောဟောလေ့ရှိခြင်း။

၂။ ဝတ္ထုဝိသဒကြိယာ = ကိုယ်နှင့်စပ်သော အဝတ်ဆံပင်, ကိုယ်, လက်, အိပ်ရာနေရာ, အသုံးအဆောင်တို့ကို မညစ်ညူးစေရ။ သန့်သန့်ရှင်းရှင်းပြုခြင်း။

၃။ ဣန္ဒြိယသမတာပဋိပါဒနာ = သဒ္ဓါနှင့် ပညာ, သမာဓိနှင့် ဝီရိယ စသော ဣန္ဒြေတို့ကို မျှစေ, ညီစေခြင်း။

၄။ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ = ပညာမရှိသောသူကို ပညာအရာ၌ မမှီဝဲမူ၍ကြဉ်ခြင်း။

၅။ ပညဝန္တပုဂ္ဂလသေဝနာ = ပညာရှိသောသူကိုသာ အခါမပြတ် မှီဝဲဆည်းကပ်ခြင်း။

၆။ ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ = နက်နဲသောအနက် လျှို့ဝှက်သိမ်မွေ့ရာ ခက်ဆစ်တို့၌ ဉာဏ်ဖြင့် အလေ့အလာ ပြု၍ ကြံလေ့ သုံးသပ်ဆင်ခြင်လေ့ရှိခြင်း။

၇။ တဒဓိမုတ္တတာ = ပညာပွားရာသည်၌သာ ခင်ခင်မင်မင် သက်ဝင်သောနှလုံးရှိခြင်း။

ဤသို့ ပညာပွားရာသည့် အကြောင်း ၇ ပါးတို့ကို မှတ်သားသတိ ရှိကုန်ရာ၏။

ထိုပုဏ္ဏားတို့ကား မင်းသား၏ ပဝတ္တိပယောဂကို တွေးဆမမြင် ကြံအင်မရရှိလျှင် ဘုရားလောင်း၏ ဇာတိလက္ခဏာမြတ်ကိုကား ရှုတ်ချသံ, မိမိတို့ဂုဏ်ကိုကား ချီးမြှင့်သံ ကြံ၍၊ ပရိယာယ်ဖြင့် ၃-သွယ်သောဝတ်၌လိမ္မာတိုင်း မုသာဝါဒလွတ်အောင်ပင် ဆိုနိုင်လေသော်လည်း ထိုပရဝမ္ဘနသည် ဆဲရေးခြင်းအရာဝင်သောကြောင့် သမ္မာဝါစာမဖြစ်။ စကားအကျွံအလွန်ကို အဖျက်အနုတ် အဆုတ်အသိမ်း အယိမ်းအဖွဲ့ အလွှဲအရှောင် စကားအရာ၌ တတ်ပေ၏ဟူ၍ကား ဆိုရ၏ဟု သိအပ်၏။)

ထိုသို့ ပုရောဟိတ်ပုဏ္ဏားတို့ လျှောက်ကြသောအခါ ကာသိကရာဇ်မင်းကြီးသည် “ဆရာတို့။ ယင်းသို့တပြီးကား ဤမင်းသားကို ယခု အသို့ပြုရသော် ကောင်းမည်နည်း”ဟု မေးတော်မူ၏။ မင်းကြီးစကားကြားလျှင် ထိုပညာရှိခံကုန်သော ပုဏ္ဏားတို့သည် မိမိမိတို့ အယုတ်သဖြင့် စီရင်ထုံးဖြစ်သော သင်္ကေတပညတ် လောကဝတ်ကိုသာ ငဲ့ခြင်းရှိသည်ဖြစ်၍၊ ဓမ္မဝတ်ချွတ်ယွင်းအံ့သည်ကို မငဲ့ကွက်ဘဲ-

“အရှင်မင်းမြတ်။ မင်္ဂလာမရှိရာအရပ်၌ မြတ်သောကျက်သရေ မဝင်မနေရာ။ အကြာအရှည် ဤနန်းတော်၌ ဤမင်းသားရှိသဖြင့် အရှင်မင်းမြတ်အားလည်းကောင်း၊ အရှင်မိဖုရားကြီးအားလည်းကောင်း အဖျားအနာ အနှောင့်အယှက် အသက်၏အန္တရာယ် တစ်စုံတစ်ခုတော်လည်း ရှိ၏။ တိုင်းနိုင်ငံချောက်ချား၍ ခိုးသားဓားပြ လှုပ်ကြွရန်မီး ထီးနန်းစည်းစိမ်တော်၏ အန္တရာယ်တော်လည်း ဖြစ်ရာ၏။ ထို့ကြောင့် ဤမင်းသားကို နန်းတော်တွင် အရှည်အကြာမရှိစေရဘဲ အမင်္ဂလာ အင်္ဂါချို့ယုတ်သော မြင်းရထား၌တင်လျက် အမင်္ဂလာပြုရာ အနောက်တံခါးဖြင့်ထုတ်စေ၍ သုသာန်တစပြင်မှာ အများလွင်ပြင် မထင်စေရဘဲ မြေနှံသဖြင့် ဖျောက်ရန်သင့်မည်ထင်ပါသည်”ဟု လျှောက်ကြားကုန်၏။

(ဤအရာ၌ ထိုပုဏ္ဏားတို့ကား သူ့ကိုသနားခြင်းလည်း မရှိ။ မိမိတို့ သီလဝတ် အမျိုးဇာတ်ပျက်အံ့သည်ကိုလည်း မရေတွက်။ အသက်,စည်းစိမ်ရှင်၏ သားတော်ဖြစ်ပေသည်ဟူ၍ ကျေးဇူးကိုလည်း ဆင်ခြင်ခြင်းမရှိ။ ဇာတိအားဖြင့် ကြီးမြတ်၍ မဖျက်ဆီးအပ်သောသူ ဖြစ်သည်ကိုလည်း မထောက်။ သံသရာဘေးကိုလည်း မကြောက်။ လောကဝတ်ရေး၌သာ အလေးပြု၍ ဒုစရိုက်ကြီးစွာသောစကားကို ပြောဆိုသောကြောင့် အကျင့်သီလနှင့် အညမညယောဂီဖြစ်သော ပညာသည် ထိုပုဏ္ဏားတို့၌ မရှိ။ ထိုပညာမရှိသဖြင့် သံသရာ, ပစ္စုန်ပ္ပန် ၂-တန်သော အကျိုးအပြစ်ကို မမြင်မမြော်၍ သူတော်ကောင်းမဆိုသာ။ ပညာရှိ မမည်။ လောကီကျမ်း, ရာဇဝတ်, လောကဝတ်, သုတ၌သာ လေ့ကျွမ်းတတ်သိလိမ္မာသော ဉာဏ်သာမည ရှိသောကြောင့်သာ ပညာရှိ ခေါ်ရလေသည်ဟု သိအပ်၏။

သင်္ကေတပညတ် လောကဝတ်ကို ငဲ့သည်ဟူရာ၌ လူတို့မှာ-

နှလုံးပျော်ဖွယ်, နှစ်လိုဖွယ် မြင်ရခြင်းအဆင်းကို “ဒိဋ္ဌမင်္ဂလာ”၊ နှလုံးပျော်ဖွယ် နှစ်လိုဖွယ် ကြားရခြင်းအသံကို “သုတမင်္ဂလာ”၊ နှလုံးပျော်ဖွယ် နှစ်လိုဖွယ် နမ်းရခြင်း, စားသောက်ရခြင်း, တွေ့ထိရခြင်း, ဂန္ဓ ရသ ဖောဋ္ဌဗ္ဗကို “မုတမင်္ဂလာ”ဟူ၍ ပညတ်၏။

မြတ်စွာဘုရားတို့ကား အကုသိုလ်ဒုစရိုက်နှင့် ပြည့်စုံသောသူမိုက်သို့ မဆည်းကပ်ခြင်း၊ ကုသိုလ်သုစရိုက်နှင့်ပြည့်စုံသော ပညာရှိသို့ ဆည်းကပ်ခြင်း၊ ဝယ, ဇာတိ, ပညာ, သီလာ, ဒိဂုဏ ဤ၄-ပါးသောကျေးဇူး တစ်ဦးဦးကြီးမြတ်သူကို ပူဇော်ချီးမြှောက်ခြင်း စသော ၃၈-ပါးသော တရားသည်သာလျှင် များစွာစီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သောကြောင့် မင်္ဂလာမည်သည်ဟူ၍ ဟောတော်မူကုန်၏။

မနှစ်လိုဖွယ်သော အဆင်းသဏ္ဌာန်, အသံ, အနံ့၊ အတွေ့ စသည်ကို လူတို့မှာ အမင်္ဂလာ၊ လူမိုက်ကိုမှီဝဲခြင်း ပညာရှိကိုကဲ့ရဲ့ခြင်း ပူဇော်အပ်သောသူတို့ကို ရှုတ်ချပြစ်မှားခြင်း စသည်ကို မြတ်စွာဘုရားတို့မှာ အမင်္ဂလာဟူ၍ ပညတ်တော်မူ၏။ ဓမ္မဝတ်အားဖြင့် မင်းသား၌ တစ်စုံတစ်ခုသော အမင်္ဂလာမရှိဘဲလျက် မတုန်မလှုပ်နေတော်မူသည်ကိုသာ ဆွံ့အ,နားပင်း အမင်္ဂလာလူ ဖြစ်သည်ဟု ယူဆသောကြောင့် လောကဝတ် သင်္ကေတကိုသာ ငဲ့သည်မည်၏။

ဘုရားလောင်းမင်းသားကား ကောင်းစွာဆောက်တည်အပ်သော သုစရိုက်တရားနှင့်ပြည့်စုံခြင်းကြောင့် စင်စစ်အားဖြင့် မင်္ဂလာရှိသောသူ မည်၏။ ထိုပုဏ္ဏားတို့ကား မိမိတို့သီလ ပျက်အံ့သည်ကို သိလျက်ပင်လည်း ဓမ္မဝတ်ကိုမငဲ့မူ၍ ဒုစရိုက်စကားကိုဆိုသောကြောင့် စင်စစ်အားဖြင့် မင်္ဂလာမရှိသောသူ မည်ကုန်၏။

ထို့ကြောင့် ပညာရှိကုန်သော သူတော်ကောင်းတို့သည် သုတ, သိပ္ပတို့ကိုမှီ၍ တတ်သိလိမ္မာသည်နှင့်လျော်စွာ သင်္ကေတပညတ် လောကဝတ်ကိုပင်လိုက်သော်လည်း အပါယ် ၄-ပါးလားကြောင်း မကောင်းမှုဒုစရိုက်လွတ်မလွတ်ကို ဆင်ခြင်ထောက်ထား၍ တရားယွင်းချွတ်သော လောကဝတ်သို့ မလိုက်အပ်။ ဓမ္မဝတ်၌သာ လုံခြုံစွာစောင့်ရှောက်အပ်၏။ ဒုစရိုက်ကင်းသော လောကဝတ်ကိုသော်ကား ဓမ္မဝတ်နှင့်ညှိ၍ ဟိတ်၂-တန်ကို သံသရာနောင်ခါလည်း အပြစ်မရောက် မျက်မှောက်၌လည်း သုခ, လာဘ, ကိတ္တိ, ယသစသော အကျိုးငှာ သင့်ရာသမျှလိုက်အပ်၏။

ဓမ္မဝတ် စရိုက်သာရှိ၍ လောကဝတ် အလိုက်မရှိလျှင် မိမိ၌ရောက်သမျှ မျက်မှောက်ကြောင်း ဂုဏ်ပေါင်းမကြွယ်သဖြင့် ရောင်စွယ်တုံးတတ်သည်။ လောကဝတ်အလိုက်သာရှိ၍ ဓမ္မဝတ်စရိုက်မရှိလျှင် မိမိ၌ အောက်ဘဝထွက်မြောက်ကြောင်း ကုန်ကောင်းမသွယ်သဖြင့် နောင်ဝယ်ရှုံးတတ်သည်။ ထို့ကြောင့် “ရောင်စွယ်မတုံး နောင်ဝယ်လည်း မရှုံးအောင် အသုံးတတ်မှ ဝတ်ပြေသည်”ဟုမှတ်ရာ၏။)

ထိုသို့ မိမိတို့သာ အမင်္ဂလာတည်ရာဖြစ်လျက် မင်္ဂလာအပေါင်း ကောင်းမြတ်ခြင်းနှင့်ပြည့်စုံစွာသော ဘုရားလောင်းကိုမှ မကောင်းသဖြင့်နှလုံးဝင်၍ အမင်္ဂလာပညတ်လျက် မှားချွတ်သောထုံးဖြင့် အဆုံးအပြီး မင်းကြီးစိတ် လွတ်လွတ်စွန့်လွယ်အောင် ထိုပုဏ္ဏားတို့ အကြံပေးစကား လျှောက်ထားကြလေသော် ကာသိကရာဇ် မင်းကြီးသည် စည်းစိမ်ကြီးသူ လောကီသားတို့ဓလေ့ ချမ်းသာစည်းစိမ်၌မက်မော၍ ဇောဝီထိ အမွေ့အသိမ်း စိုးရိမ်လျက် အသက်စည်းစိမ်အန္တရာယ် ဖြစ်ဖွယ်လမ်း ဤရုန့်ကြမ်းသောစကားကို ကြားရသဖြင့် သား၏ချစ်ခြင်းကို ထိတ်လန့်ခြင်းဗျာပါဒ ဒေါသဖုံးလွှမ်း၍ ထီးနန်းအသက် ပျက်စီးအံ့သည်မှ ကြောက်သောကြောင့် ဖြောင့်ဖြောင့်နှလုံးမထား မှားရာသို့လိုက်၍ “ဆရာပုရောဟိတ်တို့။ ထိုသို့ အန္တရာယ် အကယ်၍ ပြုအံ့သည်သာမှန်လျှင် နိုင်ငံပြည်ထဲရေး၌လည်း ကျေးဇူးမရှိ။ မိဘမျိုးဆွေ ခြွေရွေများ နန်းသားနန်းသူတို့လည်း စိတ်ပူကိုယ်ပန်း မချမ်းသာနိုင် ဖြစ်ကြတော့မည်သာ။ ဆရာပုရောဟိတ်တို့ဆိုတိုင်း ကောင်းပြီ။ ယခု မမြင့်မကြာခင် မျက်နှာလွှဲ ပြုစေရတော့မည်”ဟု ဝန်ခံလေ၏။